Thursday 12 January 2012

လွတ်ငြိမ်း ၆၅၁ ဦးထဲမှာ နိုင်/ကျဉ်း အများစု ပါမယ်လို့ မျှော်လင့်ကြ

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာမည့် အကျဉ်းသား/ အကျဉ်းသူ ၆၅၁ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား အများစု လွတ်မြောက်လာမည်ဟု
မျှော်လင့်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားများက ယူဆကြသည်။

“ကျနော့်ထင်မြင်ချက်ပြောရရင် အခုလွှတ်တာ နိုင်ငံရေးအကျဉ်းသား တော်တော်အများစုပါမယ်လို့ မျှော်လင့် ထားတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ဆိုတာကတော့ ပုဒ်မခွဲ ၁ နဲ့ ၂ ရှိတယ်။ ၁ ကတော့ အပြီးအပိုင် လွတ်ငြိမ်းခွင့် ပေးလိုက်တာ။ အဲလိုပြောတဲ့အတိုင်းဆို အဲလိုပဲ ယူဆတယ်။ (NLD ပြုစုစာရင်းနဲ့) တရာလောက်တော့ ကွာတာပေါ့။ နီးစပ်တယ်လို့ပြောရရင် ရပါတယ်” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်း က မဇ္ဈိမကို ပြောသည်။

ကြာသပတေး ညနေပိုင်းက အစိုးရပိုင် ရုပ်မြင်သံကြားဌာနမှ ထုတ်လွှင့်ကြေညာသွားသော “လွတ်ငြိမ်းချမ်းသာခွင့်” တွင် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်
ပြုခြင်း”ဟု ဖော်ပြ ပါရှိသည်။

သမ္မတ အနေဖြင့် အဆိုပါ အကျဉ်းသားများအနေဖြင့် “နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်
ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း” စသည့်ရည်ရွယ်ချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ကြောင့် ဤလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများလည်း ပြန်လည် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း ၈၈ မျိုးဆက်တဦးဖြစ်သည့် မနု က ယူဆသည်။ “ကျမတို့ သူငယ်ချင်းတွေ တော်တော်များများ ပါမယ် လို့တော့ ထင်တယ်။ စာရင်းက သေချာမထွက်လာသေးဘူး။ နိုင်ငံရေးအကျဉ်းသား အများစု လွတ်လာမယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများထဲတွင် ထောင်ဒဏ် အသက် ၃၂ နှစ်ရှိ ဘလော့ဂါ နေဘုန်းလတ်
နှင့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့လည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတ အနေဖြင့် “လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း” ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (အကလ)၏ သဘောတူညီချက်ဖြင့်သာ ပေးနိုင်သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့် ကြေညာစဉ်တွင် အကလ အဖွဲ့ဝင် ၁၁ ဦး အနက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်။

ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လျှော့ပေါ့ခြင်းကြောင့် လွတ်မြောက်လာသော အကျဉ်းသား ၁၄၀၀ ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၄ ဦး ပါဝင်ခဲ့သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes