ကျနော်ဟာ ရုပ်ရှင်ဝါသနာအိုး မဟုတ်ပါ။ ရုပ်ရှင်လည်း ကြည့်လေ့မရှိပါ။ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ AVATAR ရုပ်ရှင်ကို ကြည့်မိတဲ့အခါမှာတော့ကြိုက်လွန်းလို့ အကြိမ်ကြိမ် ထပ်ကြည့်မိနေပါတော့တယ်။
သဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းတတ်တဲ့ ဒေသခံ ဂြိုဟ်သား အရိုင်းတွေက ကျူးကျော်သူ လောဘသား စစ်ဝါဒီ တစုကို တိုက်ခိုက် အောင်မြင်မှုအကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ကိုယ်တပိုင်း သေနေတဲ့ ဇာတ်လိုက်မင်းသား ဂျိမ်းဆူလီက သူ့အတွက်တည်ထွင်ထားတဲ့ Avatar ထဲကို ၀င်လိုက်တဲ့အခါ တမဟုတ်ချင်း ပြေးလွှား ခုန်ပေါက်နိုင်သွားပါတယ်။ ခန္ဓာကိုယ်အသစ်ကြောင့် စွမ်းရည် အထူး တိုးတက်သွားခြင်း ဖြစ်ပါတယ်။ မိမိရဲ့ချိနဲ့တဲ့ မူရင်း ခန္ဓာကိုယ်ကို စိတ်ပျက်နေသလို တီထွင်ထားတဲ့ စွမ်းအားနဲ့ ခန္ဓာကိုယ်အတုမှာပဲ ပျော်မွေ့နေသူ ဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော် ချိနဲ့ရှုံ့တွ နေခဲ့တဲ့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာလည်း ခုန်လွှား ပျံသန်းနိုင်တဲ့ ဒီမိုကရေစီ လူ့ဘောင်ကို စိတ်ကူးနဲ့ မှန်းဆ ကြည်နူးခဲ့ရတာ ဆယ်စုနှစ် အတန်ကြာခဲ့ပါပြီ။ ဒီနေ့ ခန္ဓာအဟောင်းကို စွန့်ခွာဖို့ အခွင့်အလမ်း ပေါ်လာတာနဲ့ တပြိုင်နက် ခုန်ပေါက် ကျော်လွှား လိုစိတ်တွေ ထိမ်းမနိုင်သိမ်းမရ ပေါ်ပေါက်လာကြမယ် ဆိုတာ အလွန်သဘာဝကျလှပါတယ်။
ဒါပေမယ့် ကျနော်တို့အတွက် Avatar ကတော့ တည်ဆောက်ပြီးအသင့် ရှိမနေခဲ့ပါဘူး။
ဒီမိုကရေစီ အရသာထူးကို အစွမ်းကုန် သုံးဆောင် ခံစားနိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံကြီးကိုလည်း ထပ်ခါတလဲလဲ ပြုပြင် ကြရပါဦးမယ်၊ အစိုးရ ယန္တယားနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အားလုံးကိုလည်း ပြန်လည်တည်ဆောက် ပြုပြင် မွန်းမံ စမ်းသတ် လည်ပတ် ကြည့်ရပါဦးမယ်၊ ပြည်သူတယောက်ချင်း စီကလည်း ပညာရေး၊ ကျန်းမာရေးကအစ ၀ိုင်းဝန်းမြှင့်တင်ကြရင်း စည်းကမ်းကျင့်ဝတ် တာဝန်တွေ သတ်သတ်မှတ်မှတ် လိုက်နာကျင့်သုံးနိုင်အောင် လေ့ကျင့်ကြရပါဦးမယ်။
ဒီကာလမှာ ကိုယ်လုပ်ချင်တိုင်း အစွမ်းကုန် ခုန်ပေါက် ပြေးလွှားနိုင်လို့ မရနိုင်သေးတာကို နားလည်လက်ခံ ကြဖို့ လိုပါတယ်။
အပြောင်းအလဲကာလမှာ ပြောင်းလဲပုံ နည်းလမ်း များစွာရှိတဲ့အနက် အသင့်တော်ဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံး နည်းလမ်းတွေကို ရွေးချယ်ရပါမယ်။
လူလတ်တန်းစား တရပ် ပေါ်ထွန်းလာအောင် ဦးစားပေးမလား၊ စီးပွားရေး တိုးတက်မှုက အဓိကလား၊ ဆင်းရဲမှု ပပျောက် ရေးကို ဦးစားပေးမလား စဉ်းစားကြရပါမယ်။ အဖြေမှန်က တခုမက အများကြီး ရှိနိုင်ပါတယ်။ လက်ငင်း ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းရင်း ဆန်စင်ရာ ကျည်ပွေ့လိုက် နေရုံနဲ့ မရနိုင်ပါဘူး။ မှန်ကန်တဲ့ မူဝါဒ ပေါ်လစီတွေ ချမှတ် နိုင်ဖို့ အရေးကြီးပါတယ်။
ကျနော့် အနေနဲ့ ပြောရရင် ပြည်တွင်းစစ်ရပ်စဲရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ဦးဆုံး အကောင်အထည် ဖေါ်လိုပါတယ်။ တခြားအရေးကြီးတဲ့ လုပ်ငန်းတွေ ရှိနေတာကို ကျနော်မငြင်းလိုပါ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့ ဆိုတာဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့လိုပဲ တန်းတူ အရေးကြီးပါတယ်။
ဦးသိန်းစိန်ရဲ့ လွှတ်တော်က ဒီကိစ္စတွေကို စွမ်းစွမ်းတမံ ကျိုးစား ဆောင်ရွက်နေတာကို တွေ့နေရပေမယ့် အရာရောက်မှု အပိုင်းမှာတော့ အလွန်နှေးကွေး နေပါသေးတယ်။ နှေးကွေးရခြင်း အကြောင်းတရပ် ကတော့ ပြည်သူလူထု ပါဝင်မှု အားနည်းလို့ပါပဲ။ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ နိုင်ငံရေး သမားတွေက ဒီနေ့အထိ စောင့်ကြည့်ဝေဖန်မှု အဆင့်မှာပဲ များပြားနေခြင်းဟာလည်း အကြာင်းတရပ် ဖြစ်ပါတယ်။
ပညာရှင်တို့မည်သည် တွေဝေတတ်တာဟာ သဘာဝပါပဲ။ စီးပွားရေးသမားများကလည်း အခွင့်သာမယ့် အချိန်ကို ထိုင်စောင့် တတ်ကြတာပေါ့။ နိုင်ငံရေး သမားများ ကတော့ လေ့လာရေးလည်း အားနည်းတယ်၊ ခေါင်းဆောင် လူစွမ်းကောင်းနောက်ကပဲ လိုက်ချင်ကြတယ်။ အတိတ်က အန္တရာယ်ဆိုး၊ အိမ်မက်ဆိုးတွေရဲ့ ချိမ်းခြောက်မှုကြောင့် ပြောင်းလဲလာတဲ့ အခြေအနေသစ်၊ အခွင့်အလန်းသစ်တွေကို မဆုပ်ကိုင်ရဲကြတာ ဖြစ်ပါတယ်။
မမျှော်လင့်တဲ့ အချိန်မှာပဲ ၀န်ကြီးဦးဇော်မင်းရဲ့ ကျေးဇူးကြောင့် ပရိသတ်ကို လှုပ်နှိုးသလိုဖြစ်ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး ကြီးကို ရပ်တန့်သွားအောင် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ ကြပါတယ်။ တက်ကြွလှုပ်ရှားသူများနဲ့ NGO တွေရဲ့ အရေးပါမှုကို ဘွားကနဲ ထင်ရှားစွာ တွေ့လာရပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့သူ တွေဟာ ပညာတတ် အများစု ပါဝင်တဲ့ NGO တွေဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံရဲ့ ပြောင်းလဲမှု တွေကို ကြည့်ရင်လည်း NGO တွေရဲ့ ဦးဆောင်မှုကို ထင်ထင်ရှား ရှား တွေ့ကြရပါတယ်။ ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ NGO အရေအတွက် ၄၀ ကနေ ၁၀၀ အထိ မြင့်တက်လာမှုဟာ ကောင်းမွန်တဲ့ အလားအလာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အာဏာ သိမ်းယူပြီးပြီးချင်း မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြား အသင်းအဖွဲ့တွေ အားလုံးကို ဖျက်သိမ်း နှင်ထုတ်ခဲ့ပါတယ်။ သမိုင်းရေးသူတွေဟာ မြန်မာနိုင်ငံရဲ့ ထင်ရာစိုင်း ပျက်စီးယိုယွင်းမှု အစကို ဒီမှာတင်ပဲ တွေ့ မြင်ခဲ့ကြရ ပါတယ်။
အခွင့်အလမ်းတွေ ပွင့်လင်းလာတာနဲ့ တပြိုင်နက် အထူးလိုအပ်နေတဲ့ နယ်စွန်နယ်ဖျား တိုင်းရင်းသား ဒေသတွေကို NGO တွေ အရောက်သွားပြီး လူမှု တိုးတက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြဖို့ လိုပါတယ်။
လက်နက်ကိုင် စစ်ဘုရင် အမျိုးမျိုး ကြီးစိုးခဲ့တဲ့ အဲဒီဒေသတွေမှာ လူနည်းစု တိုင်းရင်းသား ပြည်သူတွေဟာ ရုန်းမထွက် နိုင်တဲ့ ဒုက္ခနွံတောထဲမှာ လူစဉ်မမီ နေခဲ့ကြရတာ ရာစုနှစ် ထက်ဝက်ကျော်ခဲ့ပါပြီ။ ရုန်းမထွက် နိုင်ခြင်းရဲ့ အကြောင်းအချက် ကတော့ ပြဿနာရဲ့အဖြေဟာ အဲဒီဒေသမှာ ရှိမနေဘဲ နေပြည်တော်နဲ့ ပြည်မမှာ ရှိနေတာကြောင့်ပါပဲ။
မြန်မာနိုင်ငံသားချင်း အတူတူ ဗမာလူမျိုးနဲ့ တိုင်းရင်းသားဆိုပြီး ကွဲပြားနေသမျှ ဒီဒုက္ခငရဲကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ပါ။ ပြည်နယ်ပြည်မ (တိုင်းဒေသကြီး၊ ပြည်နယ်ဒေသကြီး) ခွဲခြားထားရင် ဒီပြဿနာကို မဖြေရှင်းနိုင်ပါ။
လူမျိုးကိုလိုက်ပြီး ပြည်နယ်ခွဲခြား ထားခဲ့တဲ့ ဆိုဗီယက် ရုရှားနဲ့ ယူဂိုဆလားဗီးယားတို့မှာ ပြည်နယ်တွေ များသလောက် နိုင်ငံလေးတွေ ခွဲထွက်သွားကြတာကို သင်္ခန်းစာ ယူနိုင်ကြပါတယ်။
လူမျိုးကိုအခြေမခံဘဲ ပထ၀ီပေါ် အခြေခံတဲ့ ဖက်ဒရယ် စနစ်တွေကသာ ခိုင်မာတဲ့ ပြည်ထာင်စုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီနေ့ နိုင်ငံရေး ခေါင်းဆောင်တွေက လူမျိုးကြီးဝါဒ၊ တိုင်းရင်းသားချင်း ခွဲခြား ဆက်ဆံတဲ့ စံနစ်တွေကို ထိထိရောက်ရောက် ပြောင်းလဲကြရပါမယ်။
ကိုးကွယ်တဲ့ဘာသာ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ ဘယ်လိုပဲ ကွဲပြားစေကာမူ၊ ဘယ်တိုင်းရင်းသားပင် ဖြစ်စေကာမူ မြန်မာနိုင်ငံသားဟာ မြန်မာနိုင်ငံသားသာ ဖြစ်ရပါမယ်။ အားလုံးအတူတူပဲ ဖြစ်ပါတယ်။ ဘာမှခွဲခြားစရာမလိုပါ။
ပထ၀ီ အနေအထားအရ တိုင်းဒေသတွေ သတ်မှတ်ပြီး နှစ် ၅၀ နောက်ကျ ကျန်ခဲ့တာကို အရှိန်အဟုန်နဲ့ ဦးစားပေး ဆောင်ရွက်မှသာလျင် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် ဖေါ်ဆောင်နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စီးပွားရေးနဲ့ တခြားကိစ္စ တွေမှာလည်း လျင်မြန်စွာ ခရီးရောက်ကြမှာ ဖြစ်ပါတယ်။
ဒီနေ့ ရှေ့တန်းကို တိုးထွက်လာကြတဲ့ မီဒီယာ သမားတွေကိုလည်း ဒီအချက်ကို စဉ်းစား ဝေဖန်ကြဖို့ ကျနော် ဖိတ်ခေါ်လိုပါတယ်။
အိုဟောင်းနေတဲ့ ဗျူရိုကရေစီ ယန္တယားအတွင်းက စစ်ဗိုလ်လူထွက် ညွှန်မှူးတွေကို လှုပ်နှိုးပြီး ပြည်သူကို အလုပ် အကျွေးပြုတဲ့ အစိုးရ၊ ပြည်သူကို ဦးစားပေးတဲ့ အစိုးရ၊ ပြည်သူကို အကာအကွယ်ပေးတဲ့ ပြည်သူ့ဝန်ထမ်း အစိုးရ ဖြစ်လာအောင် ၀ိုင်းဝန်း ကြပ်မတ် ဖိအားပေးကြရပါမယ်။
မြစ်ဆုံအရေးနဲ့ အလားတူ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုတွေကို လျစ်လျူရှု ထားတဲ့ စီမံကိန်းတွေကို ထင်သာမြင်သာ ရှိလာအောင် စိစစ်ကြိုးပန်း ကြရပါမယ်။ မုံရွာကြေးနီ စီမံကိန်း၊ ကျောက်ဖြူဓာတ်ငွေ့ စီမံကိန်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း၊ နိုင်ငံကို ကန့်လန့် ဖြတ်ထားတဲ့ ပိုက်လိုင်းစီမံကိန်း စတဲ့ စီမံကိန်းတွေရဲ့ အကျိုးနဲ့ အပြစ်ကို သေသေချာချာ လေ့လာကြဖို့ လိုအပ်ပါတယ်။
မှန်ကန်တဲ့ မူဝါဒတွေအပေါ် အခြေခံပြီး လိုအပ်တဲ့ ဥပဒေတွေကို အဆက်မပြတ် ပြဋ္ဌာန်းပြုပြင် ကျင့်သုံး နိုင်ရေးကို ပြည်သူ့ လွှတ်တော်က ဆောင်ရွက်နေချိန်မှာ တရားဥပဒေ စိုးမိုးရေး၊ ထင်သာမြင်သာ ရှိရေးနဲ့ စွမ်းရည်ပြည့် အစိုးရ ဖြစ်ပေါ် ပေါ်ပေါက်ရေး တို့ကို ပါတီတွေ၊ NGO တွေ၊ မီဒီယာသမားတွေက ၀ိုင်းဝန်းလုပ်ဆောင် ပေးသင့်တယ် ဆိုတဲ့အကြောင်း အကြံပြု တင်ပြအပ်ပါတယ်။
ကျနော်တို့ နိုင်ငံမှာ Avatar မလိုပါ၊ မျိုးချစ်စိတ်နဲ့ နိုင်ငံတိုးတက်စေလိုတဲ့ လူငယ် ပညာတတ်တွေ၊ သူတို့ကို ဦးဆောင် လမ်းညွှန် ပေးနိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင်ကောင်းတွေသာ လိုအပ်ပါတယ်။
Source: ဧရာဝတီ
0 comments:
Post a Comment