လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့ (၂၆-၉-၂၀၁၁) မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင်  ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား  ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး  လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။  “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။  အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။  ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့်  လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို  အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က  ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့  စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က  ပြောကြားခဲ့ပါသည်။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။  တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။  မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည်  ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising   ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။  ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင်  ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ  အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း  နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ  ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို  ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး  နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ်  ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO  ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ  တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့  သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။  ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့  ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့  ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု  အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။
ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့  ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို  မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု  ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း  သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို  လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊  ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့  တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။  ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့  ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို  လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ  စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊  လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့  အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို  အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး  ကြားရတာ ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခု  အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း  တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။  တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့  ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး  ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ  ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။  နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ  လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ  နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့  တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ  အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”
ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။  ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ်လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက်  လမ်းစဉ်ကို အနှောက်အယှက် မဖြစ်စေချင်ဘူး။ အခုချိန်က အမျိုးသား  ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကာလပါ။ ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့  ရည်ရွယ်ချက် မပျက်စေချင်ဘူး။”
“ဆူးလေဘက်မှာလည်း လူတွေစုကြတယ်လို့ ပြောတယ်။ သန်လျင်ကအဖွဲ့တွေ၊ BG Group  က လူတွေပါတယ်လို့လည်း ကြားတယ်။ BG Group ဆိုတာ ဗိုလ်ချုပ်သွေးလှူအဖွဲ့လို့  ပြောပါတယ်။ ဒဂုံဘက်ကလာတဲ့ ဒေါ်နော်အုန်းလှတို့ အဖွဲ့တွေလည်း သက်ဆိုင်ရာက  တားလို့ န၀ဒေး ရုပ်ရှင်ရုံနားကနေ လူစုခွဲပြန်သွားကြပြီလို့ သိရတယ်”ဟု  ဆူးလေဘုရားအနီးမှ စုဝေး၍ ရွှေဂုံတိုင်မီးပွိုင့် အနီးတွင် လူစုခွဲသွားသည့်  အဖွဲ့နှင့်လိုက်ပါခဲ့သူ တစ်ဦးက ပြန်ပြောပြပါသည်။
ဆူးလေစေတီတော် အနီးမှ စုဝေးထွက်ခွာခဲ့သူ အချို့၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခန့်
- ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးမှ စုဝေး၍
မွန်းလွဲ(၁)နာရီကျော်ခန့်
- ရွှေတိဂုံစေတီဘက်သို့ ဦးတည် ထွက်ခွာခဲ့။
- စတင်ထွက်ခွာစဉ်က (၅၀)ကျော်ခန့်ရှိပြီး အများစုသည် တီရှပ်အ၀ါရောင်များ ၀တ်ဆင်ထား။
မွန်းလွဲ(၂)နာရီခွဲခန့်
- ရွှေဂုံတိုင်မီးပွိုင့် အနီးမှစ၍ လူစုခွဲသွားကြကြောင်း သိရ။
ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေးထွက်ခွာခဲ့သူများ၏ အခြေအနေ
မွန်းလွဲ(၁၂)နာရီခွဲခန့်
- ဒဂုံမြို့သစ်မြောက်ပိုင်း စုရပ်မှ BM ကား(၃)စီးဖြင့် ထွက်ခွာ။
- ဆူးလေစေတီတော်သို့ ဦးတည်ထွက်ခွာခြင်း ဖြစ်ကြောင်း သိရ။
မွန်းလွဲ(၁)နာရီကျော်ခန့်
- သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းဝမှတ်တိုင်အနီးမှ နေ၍ ဆက်မသွားရန် တားမြစ်။
- ယင်းကဲ့သို့ တားမြစ်သောကြောင့် ကားပေါ်မှဆင်း၍ လမ်းလျှောက်ခဲ့ကြ။
- န၀ဒေးမှတ်တိုင် အနီးတွင် အတန်ကြာ စုဝေးပြီးနောက် ဆုတောင်းမှုများ ပြုလုပ်။
မွန်းလွဲ(၂)နာရီ(၁၀)မိနစ်ခန့်
- သက်ဆိုင်ရာ၏ တားမြစ်ချက်အရ လူစုခွဲကာ ပြန်လည်ထွက်ခွာ သွားခဲ့ကြ။
- န၀ဒေးမှတ်တိုင်အနီးတွင် စုဝေးခဲ့သူ လူဦးရေ(၂၀၀)ခန့်ရှိ။
“ကျွန်တော်တို့ဟာ လမ်းလျှောက်ဖို့ ဆန္ဒလုံးဝမရှိတဲ့ အတွက်ကြောင့်  မြောက်ဒဂုံ မကွေးကျောင်းတိုက် နားကနေပြီးတော့ BM ကား(၃)စီးငှား ပြီး  ဆူးလေဘုရားကို ထွက်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ကို  န၀ဒေးလမ်းဝမှတ်တိုင် အနားကနေပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက  ကားမောင်းသမားတွေကို သူတို့ရဲ့ယာဉ်လိုင်းချိန်ပြင်ပမှာ ပြေးဆွဲလို့ဆိုပြီး  ထပ်မံမောင်းနှင်ခွင့် မပြုတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က  လမ်းလျှောက်ပြီး သွားခဲ့ရတာပါ။ ကျွန်တော်တို့အဖွဲ့မှာ  လူအယောက်(၂၀၀)နီးပါးလောက် ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့က  ကျွန်တော်တို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်နိုင်ဖို့ အတွက်  ဒီမိုကရေစီနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ ပြည်သူတွေ ရှိနေတယ်။  ပြည်သူတွေနဲ့ အစိုးရဟာ ဟန်ချက် ညီညီဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့  အခြေအနေကို နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဖော်ဆောင်သွားဖို့  ကြိုးစားသွားမှာပါ။ ဒီအဖွဲ့ကို ဦးဆောင်တဲ့သူတွေက ကိုဝေဠု ၊ဒေါ်နော်အုန်းလှ၊  ဦးဝင်းချို တို့ ဖြစ်ပါတယ်။” ဒဂုံမြို့သစ်မြောက်ပိုင်းမှ စုဝေး၍ ကမ္ဘာအေး  ဘုရားလမ်း န၀ဒေးမှတ်တိုင် အနီးတွင် လူစုခွဲသွားသည့် အဖွဲ့နှင့်လိုက်ပါခဲ့သူ  တစ်ဦးက ပြန်ပြောပြပါသည်။
“အရမ်းကြီးကြီးထွားလာမယ့်  အဆင့် အထိဖြစ်လာမယ်လို့ မထင်ပါဘူး။  အခုလိုလုပ်တာကလည်း ဒီမိုကရေစီ အခွင့်အရေးနှင့် အညီ စမ်းသပ်လုပ်တယ်လို့  ထင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ထိပ်တိုက်တွေ့တဲ့နည်းကို  မသုံးဘဲ ပြေလည်အောင် ဆောင်ရွက်မယ်ဆိုရင် အဆင်ပြေပြေနဲ့ ပြီးသွားပါလိမ့်မယ်။  ဆန္ဒပြတဲ့သူတွေအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမယ်ဆိုရင်  မလိုလားအပ်တဲ့ အကြမ်းဖက်တာ တွေကိုလုပ်မလာဘူးဆိုရင် ကောင်းပါ တယ်။ နောက်ပြီး  ထိန်းမနိုင်သိမ်း မရ အခြေအနေတွေ ဖြစ်မလာအောင်လည်း သက်ဆိုင်ရာတာ  ၀န်ရှိသူတွေ က ကြိုးစားသွားရပါမယ်။ ပြည်သူ တွေအနေနဲ့လည်း  ပြည်သူ့အခွင့်အရေးကို အသုံးချတယ် လို့မြင်ပါတယ်။ လုံခြုံရေးပိုင်းက  တာဝန်ရှိသူ တွေအနေနဲ့လည်းခေတ်စနစ်  ပြောင်း သွားပြီဖြစ်တဲ့အတွက်  အရင်လိုမျိုး ထိပ်တိုက်တွေ့တာတွေမလုပ်ဘူး ဆိုရင်  ငြိမ်းငြိမ်းချမ်းပြီးသွားမှာပါ” ဟု သတင်းစာဆရာ မောင်ဝံသက ပြောပြပါသည်။
“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်လုပ်ကြတာပါ။  အဲဒီတုန်းက သေဆုံးခဲ့တဲ့သူတွေ၊ ထိခိုက်နစ်နာ တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့်  အ ကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူး ပြီး ကောင်းမှုကုသိုလ်လုပ်တာပါ။  အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲရည်ရွယ်ကိုယ်စား ပြုပြီး  ၀တ်ဆင်တာပါ။ ဒီအထိမ်း အမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက် ကြောင့်  အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်း သားတွေရဲ့  မိသား စုဝင်တွေ၊ အင်္ဂါဝတ်ပြုဆုတောင်းအ ဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်”ဟု  ပါဝင်ခဲ့သူတစ်ဦးက ပြောပြပါသည်။
“ကျွန်တော်တို့ ဆူးလေဘုရားဘက်ကို ထွက်မလာခင် ဒဂုံမြို့နယ်က  ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဆုတောင်းပွဲလုပ်ခဲ့ပါသေးတယ်။ ဆူးလေမှာလည်း  ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆုတောင်းဖို့ရည်ရွယ်ပြု လုပ်ခဲ့ကြတာပါ။  ကျွန်တော်တို့ကား ကို သက်ဆိုင်ရာက တားတဲ့အခါမှာလည်း  ကျွန်တော်တို့အဖွဲ့တွေဆင်းပြီး လမ်းလျှောက်ခဲ့ကြပါတယ်။  လမ်းလျှောက်တဲ့အခါမှာလည်း အော်တာ လက်ခုပ်တီးတာတွေ ဘာမှမလုပ်ခဲ့ ကြပါဘူး။  ပြီးတော့ လမ်းဘေးပလက်ဖောင်းပေါ် တက်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းထိုင်ပြီး  ဆုတောင်းတယ်။ ခဏနေတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်လာတယ်။  ပြန်ခိုင်းတယ်။ ကျွန်တော်တို့လည်း မိနစ်ပိုင်းအတွင်း  လူစုခွဲပြီးပြန်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို  ပျက်စီးစေလို့တဲ့ ရည်ရွယ်ချက်မရှိပါဘူး”ဟု အဖွဲ့တာဝန်ရှိသူ တစ်ဦးက  ပြောကြားခဲ့သည်။
“ဘာတွေပြောကြတယ်၊ဘာတွေဆုတောင်းကြတယ်တော့ သေချာ မသိပါဘူး။ ကမ္ဘာအေးဘုရား  လမ်းမှာ လမ်းတွေနည်းနည်းပိတ်သွားတယ်။ ဆူပူတွေ တွေမပြုလုပ်ကြဘဲ  ကိုယ်ဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြဖို့ လိုပါတယ်”ဟု ကမ္ဘာအေးဘုရား  လမ်းနေ အသက် ၄၀ ၀န်းကျင်အရွယ်ရှိ ဦးအေးသန်းကပြောကြားခဲ့ သည်။
ဆူးလေစေတီ၌ ဆုတောင်း အမျှဝေမှုများ ပြုလုပ်ခဲ့သူများသည် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြန်လည်လူစုခွဲခဲ့ကြကြောင်း သတင်းရ ရှိပါသည်။
“စကြားခါစကတော့ တစ်ယောက်စကား တစ်ယောက်နဲ့ တော်တော်ကြီးတယ် ထင်ခဲ့တာ။  သေချာသိရတော့မှ သိပ်မများဘူးဆိုတာ သိရတယ်။ ဒီဘက်မှာတော့  အေးအေးချမ်းချမ်းပါပဲ”ဟု တာမွေမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောပြသည်။
“ဖုန်းနဲ့လှမ်းပြောလို့ သိလိုက်ရတာပါ။ ညနေ လေးနာရီခွဲလောက်  မြို့ထဲရောက်တော့ အားလုံး ပုံမှန်အတိုင်းပါပဲ”ဟု  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပြပါသည်။
“သိလိုက်ရတဲ့အချိန် တုန်းက ကန်တော်ကြီးထဲ ရောက်နေတာ။ မသိလိုက်ကြပါဘူး။  ပြန်ထွက်မှပဲ သိလိုက်ရတယ်”ဟု မင်္ဂလာဒုံမြို့  နယ်မှလူငယ်တစ်ဦးကပြောပြခဲ့ပါသည်။
ယနေ့ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲကြောင့် မြောက်ဥက္ကလာ၊ န၀ဒေး၊  ဆူးလေနှင့် ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက် ရွှေဂုံတိုင်မီးပွိုင့်အထိ  လူအများလှုပ်လှုပ်ရှားရှား ဖြစ်ပေါ်ခဲ့ပြီး ညနေ ၃နာရီ မိနစ်၃၀ အချိန်တွင်  အားလုံးအေးအေးချမ်း ချမ်းဖြင့် ဆန္ဒထုတ်ဖော်မှုများပြီးဆုံးခဲ့ကြောင်း  သိရပါသည်။ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ရာ နေရာအချို့မှ လွဲ၍  ကျန်နေရာများတွင်မူ ပုံမှန်အနေအထားတိုင်း ရှိနေခဲ့ကြောင်း သိရှိ ရပါသည်။
“ နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊  ဆန္ဒပြလိုက်ဆိုတာ ထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။  လူအများစုရဲ့ဆန္ဒဆိုတာ လူအများစု ရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ ဆန္ဒပြတာ  မဟုတ်ဘူးဆိုပေမယ့် အများပြည်သူအကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော် သောင်း  နင်းဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact  ရှိတယ်။ ဆူးလေဘုရားမှာ  ဆန္ဒပြသူက(၇၀)ကျော်၊ သတင်းယူသူက (၁၀၀)ကျော်ရှိ တယ်။ တချို့သတင်းထောက် တွေက  သတင်းကြိုရထားကြတယ်။ အလုပ်ဆိုတာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ  နိုင်ငံရေးကို လုပ်ကိုင်နေတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့  သိသင့်ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ  ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ Bird eye view  ဆိုတာ နယ်ပယ်အသီးသီး  မှာရှိပါ တယ်။ တိုင်းပြည် ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစား နေရတဲ့  ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်ကို  လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO  ဒေါက်တာသန်းထွဋ်အောင်က  ပြောကြားခဲ့ပါသည်။
Source: Eleven Media Group  
လူရင်းတွေကို စိတ်ကုန်သွားတာအတွက် ဖြေရှင်းနည်း ၃ နည်း
12 hours ago



 18:12
18:12
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment