| ၂၀၁၁ သြဂုတ်လက နေပြည်တော်တွင် တွေ့ရသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - AP) |
သမ္မတဦးသိန်းစိန်သည် ပြည်သူလူထု၏ အသံကို အလေးထားမည်ဟု ပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည့် အပြင် ဤဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှု၏ ရလဒ်တခု ဟုလည်း ယူဆနိုင်ကြောင်း ဧရာဝတီရှင်သန်ရေး အဖွဲ့ကို ဦးဆောင်သူတဦး ဖြစ်သော ကိုမြတ်သူက ဧရာဝတီသတင်းဌာနကို ပြောသည်။
စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်သွားမည်ဟု ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ထောက်ပြ ကန့်ကွက်နေကြပြီး လူထုလှုပ်ရှားမှု တချို့ပင် ဖြစ်ပေါ်ခဲ့သည်။
ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည့် မြစ်ဆုံစီမံကိန်းအား ၂၀၀၆ ခုနှစ်တွင် စာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နိုင်ငံက ဦးဆောင် တည်ဆောက်နေခြင်းဖြစ်သည်။ စီမံကိန်း ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ် ၆၀၀၀ ပမာဏ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထိုအထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် သဘောတူထားသည်။
ဒေသခံ ပြည်သူ ၁၂၀၀၀ ၀န်းကျင်အထိ ပြောင်းရွှေ့ပေးရသည့် စီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုခဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင် ယခုနှစ် ဇွန်လအတွင်းမှ စတင်၍ တိုက်ပွဲများ အဆက်မပြတ်နေသည်။
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ပြောဆိုချက်နှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ရပ်ဆိုင်းထားမယ် ဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် တနှစ် ရပ်တာလား၊ ဘယ်လောက် ရပ်ဆိုင်းတာလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော်တို့က အပြီးအပိုင် ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
“အလွှာအသီးသီးက ပြင်းပြင်းထန်ထန် ကန့်ကွက် ဖိအားပေးနေကြတဲ့အတွက် သမ္မတက အလျော့ပေးတာလဲ ဖြစ်နိုင်ပါတယ်” ဟု ဦးလနန်က ဆိုသည်။
မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်ရေး ဆောင်ရွက်နေသည့် သူများကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် သမ္မတ၏ ပြောဆိုချက်အား ကြိုဆိုကြောင်း ရေးသားထားကြရာ ထိုအထဲတွင် ကာတွန်းဆရာ အော်ပီကျယ်၊ ကချင် ခေါင်းဆောင်ဟောင်း ဒေါက်တာ မနန်တူးဂျာ၊ စာရေးဆရာ မောင်ဝံသ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။
Source: ဧရာဝတီ



21:54
Unknown
Posted in:
0 comments:
Post a Comment