ရုပ်ရှင်ထဲတွေမှာတော့ အမေဟာ
သနားစရာ ပိုကောင်းလိုက် ချစ်စရာ ပိုကောင်းလိုက်
စိတ်ဝင်စားစရာ သိပ်လေးစားစရာ သိပ်လွမ်းစရာတွေ ဖြစ်လို့
အပြင်မှာ သေချာကြည့်တော့ အမေက လူတစ်ယောက်ပါပဲ
Over drama တွေ မပါဘူး၊ စကားလှလှတွေ မပြောဘူး။
သူမသိတာ သွာမေးမိရင် “လျှာမရှည်နဲ့”
စိတ်တိုတို ခပ်ပြတ်ပြတ် ပါပဲ။
ရုပ်ရှင်ထဲက အမေလို အကယ်ဒမီ မျှော်စရာ မရှိ
ကိုယ့်အသက်ကိုယ်စိုက်ပြီး ဒုက္ခခံ မွေးထားရတာ
နေ့တိုင်းမြင်နေတဲ့ ကိုယ့်သမီးမျက်နှာကို
မင်းသားမင်းသမီးအမေလောက် ဘယ်ပြုံးပြီး ကြည့်နိုင်ပါ့မလဲ။
အမေစစ်စစ်ဖြစ်ဖို့ Botox ထိုးစရာ မလိုဘူး
ပါးရေမတွန့် အောင် Make up ပြင်ဖို့ မလိုဘူး
စကားလုံးအတောင့်လိုက် ခေါင်းထဲသွင်း ပြန်ပြောစရာ မလိုဘူး
အမေက အမေနဲ့တူအောင် လုပ်ပြစရာ ဘာမှမရှိဘူး။
တကယ့်အမေက တကယ့်အမေပဲ
နှစ်နာရီလောက်နဲ့ ပြီးဆုံးမသွားတဲ့ ဘဝရဲ့ နေ့တိုင်းမှာ
အမေဟာ ရိုးသားစွာ သူချစ်တတ်သလိုပဲ ချစ်တယ်
မိခင်မေတ္တာဆိုတာ ဇာတ်ညွှန်းမလိုမှန်း ယုံပါရဲ့
စိတ်နဲ့မတွေ့တဲ့အခါ သူ့ဘာသာ ဆူချင်ဆူမှာပဲ
သူများကိုစိတ်ဆိုးပြီး ကိုယ့်လာမဲချင်လည်း မဲမှာပဲ
ရှေ့နောက်ရေးတွေ တွေးပူပြီး ချုပ်ချယ်မှုတွေ လွန်ချင်လွန်မယ်
သူ့ဘာသာ အားငယ်လို့ သားသမီးကို တွယ်ချင် တွယ်နေမယ်
ကိုယ့်ဆိုးကြောင်း သူချစ်ရကြောင်းတွေကို
သူကြွားချင်လည်း ကြွားနေမှာ ပါပဲ။
သဘာဝထဲက အမေက သဘာဝကျကျပဲ လှတယ်
အပိုတွေမပါလို့ ပိုချစ်ဖို့ တကယ်ကောင်းတာပါ
ဘာဆိုဘယ်လို ဆူဆူဆဲဆဲ ရင်ထဲကစကားတွေချိုတယ်
ပူပူလောင်လောင် ဆိုသံပွက်သံနဲ့ နှလုံးခုန်သံတွေ နွေးလို့ပေါ့။
ရေးသူ- ရွှန်းမီ
0 comments:
Post a Comment