မိမိ အတွေ့အကြုံ လွန်ခဲ့တဲ့ ၁၀ နှစ်တုံးက ထိုင်းနိုင်ငံမှာ နေခဲ့စဉ် မြန်မာကို နှာခေါင်းရှုံ့တယ် ဆိုတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘဲ၊ အခုမှ မြန်မာလို့ မပြောပါနဲ့ ဆိုပြီး၊ သတိပေးတဲ့ ထိုင်းက သူငယ်ချင်းကို ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ တကယ်ကို အံ့အားသင့်ပြီး သိချင်လွန်းလို့ သေသေချာချာ မေးခဲ့တာပါ…
ဘန်ကောက် ဂျပိုး ဖြစ်ခဲ့ခြင်း
ထိုင်းနိုင်ငံမှာ မိမိ ကျောင်းတက်ခဲ့စဉ် အချိန်က မိမိဟာ ဘန်ကောက်ရဲ့ ဂျပိုး တစ်ကောင်လို့ ပြောရလောက်အောင် ဘန်ကောက် တမြို့လုံး ပြဲပြဲစင်အောင် သူငယ်ချင်းတွေနဲ့ အလွန် သောင်းကျန်း ခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ အရွယ်အားဖြင့်လည်း အသက် ၁၈ နှစ်နဲ့ ၂၀ ပတ်ဝန်းကျင် အကြား အချိန် ဆိုတာက လူစဖြစ်တဲ့ အချိန်လို့ ပြောလို့ ရတာကြောင့် အဲဒီအချိန်ဟာ အဆင်အခြင်မဲ့ အရာရာကို စူးစမ်း လုပ်ခြင်တဲ့ စိတ်မျိုး ရှိသလို၊ တဖက်မှာလည်း ကိုယ့်ကိုယ်ကို ထိန်းထိန်း သိမ်းသိမ်း မထားနိုင်တဲ့ အရွယ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီလို အရွယ်မှာ နတ်သမီးတို့ရဲ့ မြို့တော်တွင် (ထိုင်းလူမျိုးများသည် ဘန်ကောက်မြို့ကို ထိုင်းဘာသာဖြင့် ခရုမ်ထ္တပ် ဟုခေါ်ပြီး အဓိပ္ပါယ်မှာ နတ်သမီး တို့၏ မြို့တော် ဖြစ်သည်) နေထိုင် ရတဲ့ မိမိ အနေနဲ့ ဂျပိုး တစ်ကောင် ဖြစ်ခဲ့ရတာ သိပ်တော့ အထူး အဆန်း မဟုတ်လောက်ဖူး ထင်ပါတယ်။
အလွှာပေါင်းစုံက ထိုင်းလူမျိုးများနဲ့ သိရခြင်း
အဲသည်လို ဂျပိုးကျတဲ့ အခါမှာ မိမိဟာ ထိုင်းလူမျိုး အလွှာပေါင်းစုံနဲ့ ရင်းနှီး သိကျွမ်း လာခဲ့ ရပါတယ်။ ပထမဦးစွာ မိမိတက်တဲ့ ကျောင်းဟာ အင်္ဂလိပ် ဘာသာနဲ့ သင်တဲ့ ကျောင်းဖြစ်ပြီး၊ အဲဒီ ကျောင်းကို တက်နိုင်ဖို့ ဆိုတာ ထိုအချိန်က Yes, No တောင် ကောင်းကောင်း မသိသေးတဲ့ ထိုင်းလူမျိုးများ အနေနဲ့ အခြေခံ ပညာကို အနည်းဆုံး နိုင်ငံခြားက ဖွင့်တဲ့ ကျောင်းတစ်ခုခုမှာ တက်ဖူးထားခဲ့မှသာ ဖြစ်မှာပါ။ အဲသည်လို ကျောင်းတွေကလည်း ထိုင်းက ဝင်ငွေနဲ့ နှိုင်းစာရင် ဈေးအတော်ကြီး တာကြောင့် တော်ရုံ တန်ရုံ အဲသည်လို ကျောင်းမျိုး တက်ဖို့ ဆိုတာ ထိုင်းနိုင်ငံရဲ့ လူ့မလိုင် အဆင့် ငွေချမ်းသာတဲ့ လူတန်းစားများ ကသာ တတ်နိုင်ကြတာ ဖြစ်လို့ ဒီလို လူတန်းစားများနဲ့ သိကျွမ်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ ကျောင်းရဲ့ ရှေ့မှာ – “လမ်က္ခမ်ဖန်း” ဆိုတဲ့ တက္ကသိုလ် တစ်ခုရှိပါတယ်။ အဲဒီ တက္ကသိုလ် ကတော့ ထိုင်းနိုင်ငံ အနယ်နယ်က ကျောင်းသားတွေနဲ့ ပြည့်နှက်နေပြီး၊ လူလတ် တန်းစားများ အများစု တက်နိုင်ကြတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။ အဲဒီ တက္ကသိုလ်မှာ တက်တဲ့ ကျောင်းသူ လေးများက အလွန်ချော ကြလို့ မိမိတို့ဟာ အဲဒီ တက္ကသိုလ်မှာ သွားသွားပြီး ငမ်းလေ့ ရှိတာကြောင့်၊ အဲဒီ တက္ကသိုလ်မှာ တက်နေတဲ့ ကျောင်းသား ကျောင်းသူ များနဲ့ သာမက၊ ဆရာများ နဲ့ပါ ရင်းနှီး လာပြီး လူလတ်တန်းစား ထိုင်း လူမျိုးများ နဲ့လည်း မိမိ ရင်းနှီး သိကျွမ်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။
တစ်ခါ မိမိတို့ သူငယ်ချင်း အပေါင်းအသင်း များဟာ ရှိသမျှ မုန့်ဖိုးများ စုဆောင်းပြီး၊ အပျော်အပါး ကျူးကြတဲ့ အခါ၊ တေတေ ပေပေ လမ်းပေါ်မှာ ချောင်ထိုးအိပ်၊ ဖြစ်သလို စားသောက် နေထိုင်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးရာ၊ ထိုသို့ နေထိုင်ရတဲ့ အချိန်တွေမှာ အခြေခံ လူတန်းစား ထိုင်းလူမျိုးများနဲ့ ရင်းနှီး သိကျွမ်းခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ထိုင်းလူမျိုးများရဲ့ စိတ်အရင်းခံ
မိမိ အနေနဲ့ အဲသည်လို ထိုင်းနိုင်ငံမှာ ဂျပိုး ကျပြီး၊ ထိုင်းလူမျိုး အလွှာ ပေါင်းစုံနဲ့ ရင်းရင်း နှီးနှီး သိကျွမ်း ခင်မင် ခွင့်ရခဲ့လို့၊ သူတို့ အားလုံးဟာ အလွန်အမင်း ဖော်ရွှေ ကူညီ လုပ်ကိုင် ပေးတတ်တဲ့ နေရာမှာ မိမိတို့ ဗမာ လူမျိုးများ ထက်ပင် ပိုတယ်လို့ တွေ့မြင်ခဲ့ ရပါတယ်။ မိမိ အနေနဲ့ သတိထား မိတာက၊ မြန်မာနိုင်ငံ၊ ရှမ်းပြည်က ရှမ်းလူမျိုးများရဲ့ ဖော်ရွှေမှု၊ ရိုးသားမှု၊ ခင်မင်တတ်မှုနဲ့ အတော် ဆင်တူခြင်း ဖြစ်ပါတယ်။ ထိုင်းလူမျိုး တို့ဟာ သူတို့ မစားရရင် နေပါစေ၊ ဧည့်သည်ကို ကျွေးချင် ကြတယ်၊ သူတို့မှာ တော်ရုံတန်ရုံ နစ်နာ ဆုံးရှုံးမှု ရှိပါစေ ဧည့်သည် စိတ်ချမ်းသာ ပျော်ရွှင်ဖို့ကို ဦးစားပေးတယ်၊ ဧည့်သည် မျက်နှာကို အရိပ် တကြည့်ကြည့် နေတတ်ပြီး၊ ဧည့်သည်ကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ပေးရမယ် ဆိုတာ အမြဲ ဂရုစိုက်နေ တတ်ကြတယ် ဆိုတာ၊ ဗမာ လူမျိုး တစ်ယောက် အနေနဲ့ မိမိ ကိုယ်တိုင် ထိုင်းနိုင်ငံမှာ နေထိုင် ခဲ့စဉ်က ကိုယ်တွေ့ သိရ၊ ကြုံခဲ့ရတဲ့ ထိုင်းလူမျိုးတွေရဲ့ စိတ်အရင်း ခံများ ဖြစ်ကြပါတယ်။ (ဤနေရာမှာ ဖော်ပြခဲ့တဲ့ ဧည့်သည် ဆိုတာ သူတို့နိုင်ငံကို ရေခြား မြေခြားကနေ လာရောက် ကြတဲ့ နိုင်ငံခြားသား ဧည့်သည် များကို အဓိက ဆိုတာ ဖြစ်ပါတယ်)
ပတ္တရာမြို့က “တီတီ”
ထိုင်းလူမျိုး တွေရဲ့ စိတ်အရင်းခံဟာ ဒီလို ဖြစ်ပြီး၊ မိမိ အနေနဲ့ အသေအချာ ကိုယ်တွေ့ သိမြင် ကြုံတွေ့ခဲ့ ရတယ် ဆိုတာမှာ ဒီနေရာမှာ ဒီလောက် ဖော်ပြရုံနဲ့ အဲသည် အချိန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မရောက်ဖူးသူ ဗမာ တစ်ယောက် အနေဖြင့် မှန်းဆ ကြည့်မြင် နိုင်ဖို့ ခက်မယ် ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောပြစရာ မိမိရဲ့ ကိုယ်တွေ့ အဖြစ်အပျက် များစွာတို့ အနက်မှာ အခုထက်ထိ အမှတ်ယ နေတဲ့ ပတ္တရာမြို့က “တီတီ” ဆိုတဲ့ မိန်းမကြီးနဲ့ တွေ့ခဲ့ရတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ဒီနေရာမှာ ပြောပြလိုပါတယ်။
အပျော်ကျူးဖို့ ပတ္တရာမြို့သို့
နောက်ဆုံးနှစ် ကျောင်းပထမပတ် ပိတ်တဲ့ အချိန်၊ တစ်ခါ မြန်မာသံရုံးက ၆လ တစ်ကြိမ်၊ ၂ခါထပ် တိုးပေး ထားတဲ့ ပါ့(စ်)ပို့ သက်တမ်း ကုန်တော့မှာ ဖြစ်လို့ မြန်မာပြည် ပြန်ပြီး ပါ့(စ်)ပို့ သက်တမ်း တိုးရတော့မယ့် အခြေအနေ၊ နောက်တစ်ခါ ပါ့(စ်)ပို့ ပြန်လျှောက်ရင် အနည်းဆုံး ၆လလောက် မြန်မာပြည်မှာ စောင့်ရဦးမှာမို့ နောက်ဆုံး အပိုင်း ကျောင်းတက်ဖို့ကို ခွင့်တင်ပြီး၊ နောက် တနှစ်ကို ရွှေ့ထားတဲ့ အချိန်၊ အိမ်က ပို့ပေးထားတဲ့ ငွေကလည်း လက်ထဲမှာ တော်တော် တန်တန် ရှိနေတဲ့ အချိန်၊ ဒီလို တိုက်ဆိုင် ဖြစ်နေတဲ့ အချိန်မှာ စိတ်ဟာ လွတ်လပ် ပေါ့ပါး အနား ရနေပြီး၊ မြန်မာပြည် မပြန်ခင် ဘန်ကောက်မြို့နဲ့ ၂နာရီလောက် ကားမောင်းရတဲ့ ပင်လယ် ကမ်းခြေ ပတ္တရာမြို့ကို အပျော်ကျူးဖို့ တစ်ယောက်ထဲ ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ခြင်း တည်းခိုဖို့ စတင် စီစဉ်ရ တာကြောင့် ပင်လယ် ကမ်းခြေနားမှာ ဖွင့်ထားတဲ့ “တီတီ ခရီးသွား လုပ်ငန်း” လို့ ဆိုင်းပုဒ် ဆွဲထားတဲ့ ကောင်တာလေး တစ်ခုမှာ ဝင်စုံစမ်း ပါတယ်။ အဲဒီမှာ “တီတီ” လို့ ခေါ်တဲ့ အသက် ၄၀ ကျော်ကျော် မိန်းမ ဝဝကြီး တစ်ယောက်က မိမိကို ဈေးအချိုသာဆုံး တည်းခိုခန်း တစ်ခု စီစဉ်ပေးခဲ့ပါတယ်။ ဒီမိန်းမကြီး ကလည်း အခြား ပတ္တရာမြို့မှာ လည်ပတ်စရာ၊ ကြည့်ရှု စရာများ၊ ကစား စရာများ နဲ့ ဈေးဝယ်တာ အဆုံး၊ အကုန်လုံး သူ့ဆီကနေ စီစဉ် ပေးနိုင်တာကြောင့် လိုအပ်တာများကို နောက်မှာ သူ့ဆီကို ထပ်လာ အားပေးဖို့ မှာလိုက်ပါတယ်။ ဒီလိုနဲ့ ခရီးရောက်တယ် ဆိုရင်ဘဲ၊ နောက်ရက်မှာ မြန်မာပြည် မပြန်ခင် ရှိသမျှ ကျန်သမျှ ပိုက်ဆံ အကုန်သုံးလို့ ပတ္တရာမြို့မှာ အပျော် ကျူးခဲ့ပါ တော့တယ်။
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ
အဲသည်လို အပျော်ကျူး ခဲ့တဲ့ မိမိဟာ အသက် ၂၀ ပတ်ဝန်းကျင် လောက်သာ ရှိခဲ့သေးတာမို့ ကိုယ့်ကိုယ်ကို မထိန်းမသိန်း နိုင်ဘဲ၊ မြန်မာပြည် အပြန် လေယာဉ် လက်မှတ် ဝယ်ဖို့ ချန်ထားတဲ့ ပိုက်ဆံပင် ကုန်အောင် သုံးလိုက် မိပါတော့တယ်။ အဲသည်မှာ အမေ့ဆီကို လေယာဉ် လက်မှတ်ဖိုး ထပ်တောင်းပြီး လက်မှတ်ဝယ် ပြန်မယ်လို့ အားကိုး ထားခဲ့တာ မှားသွား ပါတော့တယ်။ အမေ့ဆီ ဖုန်းဆက်တော့ အမေက “နင့်ကို ငါ ပိုက်ဆံ လောက်လောက် ဌဌ ပေးပြီးပြီ၊ နင့်ဖာသာနင် မလောက်ဘဲ သုံးဖြုံးပစ်တာ ငါထပ် မပေးနိုင်တော့ဖူး၊ နင့်ထိုက်နဲ့ နင့်ကံ ကိုယ့်ဖာသာ ကိုယ်ခံပေတော့၊ နင်ဟာ ယောက်ျားလေး၊ အသက်လဲ ၁၈ နှစ်ကျော်ပြီ၊ နိုင်ငံခြားမှာလည်း ပညာသင်နေတယ်၊ ဒီလောက်မှ အသိဥာဏ် မရှိရင် ငါမတတ်နိုင်ဖူး၊ ငါ့ဆီတော့ ပိုက်ဆံ ထပ်တောင်းဖို့ ဖုန်းလဲ မဆက်နဲ့တော့၊ ကိုယ့်ထိုက်နဲ့သာ ကိုယ်ခံပေတော့” ဆိုပြီး ဖုန်းချသွားပါတော့တယ်။
အဖြေမထွက်တဲ့ မေးခွန်းတစ်ခု
အဲဒီမှာ မိမိ အနေနဲ့ “ငါ ဘာဆက် လုပ်မလဲ” ဆိုတဲ့ မေးခွန်းကို အဖြေ မထွက်နိုင်ဘဲ အကြိမ် တစ်ထောင်မက ကိုယ့်ဖာကိုယ် မေးခဲ့ရပါပြီ။ ပတ္တရာမြို့ဟာ ပြူတင်းပေါက်က လှမ်းကြည့် လိုက်တဲ့ အခါ၊ လူတိုင်း ကိုယ်စီ အတွဲများနဲ့၊ မိသားစုများနဲ့ စားကြ၊ သောက်ကြ ပျော်ရွှင် နေကြချိန်မှာ မိမိဟာ တစ်ယောက်တည်း ဟိုတယ်ခန်းမှာ နောက်တရက် အတွက် ဟိုတယ်ခလည်း ပေးစရာ မရှိတော့၊ ထမင်း ဝယ်စားဖို့ပင် ၂ နပ်စာ အတိသာ ကျန်တော့သည့် အဖြစ် ရောက်နေပါတယ်။ မြန်မာပြည် ပြန်ရန် မဆိုထားနဲ့ ဘန်ကောက်မြို့သို့ ပြန်ရန်ပင် လမ်းစရိတ် မလောက်တော့ပေ။ ဒီလို အချိန်မျိုးမှာ မိမိ မြန်မာပြည် ပြန်ဦးမယ် ဆိုပြီး နှုတ်ဆက်ခဲ့တဲ့ သူငယ်ချင်းများဆီ ကိုယ်အပျော် ကျူးပြီး မှားခဲ့တဲ့ ကိစ္စ တစ်ခုအတွက် အကူအညီ လှမ်းတောင်း လို့လဲ ဘယ်လိုမှ ကောင်းမှာ မဟုတ်ပေ။ သူတို့က ကူညီသည် ထားဦး မိမိ မြန်မာပြည် ပြန်ဖို့ အထိ စရိတ်စက ရနိုင်ဖို့ ဆိုတာ လွယ်မှာ မဟုတ်ပါ။ ဒါကြောင့် ပထမ ပြဿနာ ပထမ အရင်ရှင်းဖို့ အတွက် နောက်တစ်ရက်မှာ ဟော်တယ်ခ မပေးနိုင်တော့တဲ့ အကြောင်း ပြောရန် “တီတီ” ကောင်တာ ရှိရာသို့ သွားပြီး၊ သူ့ကောင်တာ ဘေးက ထိုင်ခုံမှာ ထိုင်ကာ ဘယ်လိုက ဘယ်လို စပြောရမယ်ကို စဉ်းစားရင်း ပတ္တရာ ပင်လယ်ပြင်ကြီးကိုသာ ငေးကြည့် နေဖြစ်ခဲ့ တော့ပါတယ်။
ရေနစ်သူ ဆွဲရတော့မယ့် တုတ်တစ်ချောင်း
မိမိမှာ အတန်ကြာ မျက်နှာ မကောင်းဘဲ၊ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေတာကို တွေ့တဲ့အခါ၊ ကောင်တာမှာ အလုပ်လုပ်နေတဲ့ “တီတီ” က ရိပ်မိသွားဟန် တူပါတယ်။ ဒါနဲ့ မိမိကို ဘာများ ပြဿနာ ဖြစ်လို့လဲ လို့ စမေးပါတော့တယ်။ မိမိလည်း သူ့ကို မိမိ နောက်တရက် အခန်းခ မပေးနိုင်တော့ကြောင်း၊ မိမိမှာ ပိုက်ဆံ ကုန်သွားကြောင်း၊ မိမိရဲ့ အိမ်ကလည်း ထပ်မပေးတော့ဟု ပြောကြောင်း ပြောပြပါတယ်။ ဒါနဲ့ “တီတီ” က – “သားရယ်၊ တရက် တလေက ကိစ္စမရှိပါဖူး၊ မင်းမနက်ဖြန် ဟိုတယ်က နောက်ကျမှ ထွက်လို့ရပါတယ်၊ ပြီးတော့ မင်း ဘန်ကောက်ပြန်မှာ ဘဲမဟုတ်လား” ဆိုပြီး ပြောပါတယ်။ ရေနစ်နေတဲ့ လူဟာ တုတ်ချောင်း သေးသေးလေးကို တွေ့တာနဲ့ပင် အမိအရ ကိုင်ဆွဲ တတ်တယ် ဆိုတာ ဟုတ်မှာပါ။ နည်းနည်းလေး ကိုယ့်အပေါ်ကို လိုက်လျှော ကူညီတတ်သူ တစ်ယောက် ပေါ်လာတာနဲ့ သူ့ကို မိမိရဲ့ ပြဿနာတွေ အစအဆုံး ပြောပြ ဖြစ်ခဲ့ပါတော့တယ်။
နှလုံးသားထဲမှ စာနာသည့် အကြင်အနာ
ထိုင်းစကား တစ်ခွန်းရှိသည်၊ “ခရိမ်ချိုင်” ဟုခေါ်ပြီး၊ ထိုစကား၏ အဓိပ္ပါယ်မှာ နှလုံးသားထဲမှ စာနာမှု ထားခြင်း ဖြစ်သည်။ မြန်မာ အများကတော့ ထိုစကား အဓိပ္ပါယ်ကို “အားနာခြင်း” ဟု အဓိပ္ပါယ် ပြန်သော်လည်း အမှန်မှာ အားနာခြင်းထက် ပိုပြီး၊ တစ်ပါးသူကို သူ့ကိုယ်စား သူ့နှလုံးသားထဲက ခံစားရမှု အပေါ်တွင် စာနာခြင်း ဆိုသည့် အဓိပ္ပါယ်မျိုး သက်ရောက်သည်။ မိမိရဲ့ အကြောင်းကို ကြားသိလိုက် ရတဲ့ “တီတီ” က မိမိကို “ခရိမ်ချိုင်” ဖြစ်ရပါတယ် ဆိုပြီး၊ သူအဲဒီနေ့က ဆိုင်ကို စောစော သိမ်းကာ ညစာ ကြက်ဆီ ထမင်း သူနဲ့ အတူလိုက်စားဖို့ ခေါ်ပြီး၊ ကျွေးပါတယ်။
သူ့ဒုက္ခကို ကိုယ့်ဒုက္ခလို သဘောထား ကူညီခြင်း
ဒီ့နောက်မှာတော့ “တီတီ” ဟာ၊ မိမိကို ပတ္တရာမှာ နေစဉ် စိတ်မညစ်တော့ဖို့၊ ပျော်ပျော်ရွှင်ရွင် ဆက်နေဖို့၊ နောက် ၃ ရက် အကြာမှာ မြန်မာပြည်ကို ပြန်ဖို့ လေယာဉ် လက်မှတ်၊ ဘန်ကောက် လေယာဉ်ကွင်းကို တိုက်ရိုက် သွားဖို့ ဘတ်စ်ကား လက်မှတ်၊ အပြင် နေ့စဉ် သူနဲ့ မနက်၊ ညထမင်း အတူစားဖို့ ပြောပြီး၊ သူအကုန် အကျခံခဲ့ တာတွေကိုလည်း ပြန်ပေးဖို့ မလိုကြောင်း ပြောကာ၊ မိမိရဲ့ ဒုက္ခကို သူ့ရဲ့ ဒုက္ခလို သဘောထားပြီး ကူညီပေးခဲ့ ပါတော့တယ်။ ဒီ့အတွက် မိမိမှာ အလွန် ကြီးမားစွာ စိတ်မှာ သက်သာရာ ရခဲ့ပြီး၊ မိမိ အပေါ် အလွန် ကောင်းတဲ့ ဒီမိန်းမကြီးကို မိခင် တစ်ယောက်လိုပင် ချစ်ခင် သွားလို့၊ နောက် ပတ္တရာမှာ နေဖို့ ကျန်တဲ့ ၃ ရက် အချိန်အတွင်း သူ့ဆိုင်မှာ သွားထိုင် ကူညီပေးရန် သွားခဲ့ပါတော့တယ်။
ဝေသန္တရာလို လူစားမျိုးလား
သူ့ဆိုင်ကို သွားထိုင် ကူညီပေးတဲ့ အခါမှာ “တီတီ” က မိမိကို၊ ရေသွားကူးဖို့၊ လျှောက်လည်ပတ်ဖို့၊ ပျော်ပျော် ပါးပါး နေဖို့နဲ့ သူ့ဆိုင်မှာဘဲ ထိုင်မနေဖို့ ပြောပြီး မိမိကို ငွေအနည်းငယ် ထုတ်ပေး ပါသေးတယ်။ မိမိလည်း ထိုမျှလောက် အခွင့်အရေး ယူလျှင်ဖြင့် မကောင်းတော့ဟု ကိုယ့်ကိုယ်ကို သိကာ၊ သူထပ် ထုတ်ပေးသည့် ငွေများကို မယူဘဲ သူနဲ့သာ စကား စမြီပြော ဆိုပြီး သူ့ဆိုင်မှာ ဆက်လက် ကူညီ ပေးပါတယ်။ သို့ရာမှာ မိမိ အနေနဲ့ လွတ်လွတ် လပ်လပ် မပျော်နိုင်တာကို အရိပ်ကြည့် နားလည်တဲ့ “တီတီ”က ညနေစောင်း တဲ့အခါ ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ သူ့သမီးဆီ ဖုန်းဆက်ပြီး၊ ကျောင်းပိတ်ရက်တွေ ဖြစ်နေလို့၊ ပတ္တရာကို လာခဲ့ဖို့နဲ့ သူ့မိတ်ဆွေ (မိမိ)ကို လိုက်ဧည့်ခံ ပေးဖို့ လှမ်းခေါ်လိုက် ပါတော့တယ်။ ကားက ၂နာရီလောက်သာ စီးရတဲ့ အတွက် ညဦးပိုင်း “တီတီ” နဲ့ ထမင်းစားနေတဲ့ အချိန်မှာပင် သူ့သမီး ရောက်လာပါတော့တယ်။ သူ့သမီးက သူနဲ့ တစ်ခြားစီပါဘဲ။ အသားအရည် ကလည်း ဖြူစင်း၊ မျက်နှာကျ ကလဲ ချစ်စရာနဲ့၊ ကိုယ်လုံး ကိုယ်ပေါက် ကလည်း အနေတော်၊ စကားပြောပုံ ဆိုပုံကလည်း နုညံ့ သိမ်မွှေ့လှပြီး၊ မြင်မြင်ချင်းပင် ချစ်မိပါတယ် ဆိုတာမျိုး ဖြစ်ရ ပါတော့တယ်။ အဲဒီမှာ “တီတီ” ကသူ့သမီးကို မိမိမှာ ပိုက်ဆံမရှိတဲ့ အတွက် ညဖက် လျှောက်လည်ရာမှာ လိုက်ပို့ ပေးဖို့ မှာပြီး၊ သူ့သမီးကို ပိုက်ဆံ အနည်းငယ် ထုတ်ပေးကာ မိမိတို့ ၂ယောက်ကို ထားပြီး အိမ်ပြန်သွား ပါတော့တယ်။ ထိုင်းလူမျိုးများရဲ့ ကူညီ ရိုင်းပင်းမှုဟာဖြင့် ဝေသန္တရာလို လူစားမျိုး လို့တောင် ပြောရမလို ဖြစ်နေ ပါတော့တယ်။
စူဇကာ ပုဏ္ဍားတော့ မဟုတ်ပါ
ပေးတိုင်းယူ၊ ကျွေးတိုင်းစား၊ အလကားရ၊ အလကားယူ၊ သားရေပေါ်အိပ်၊ သားရေနားစား ဆိုတဲ့ စူဇကာ ပုဏ္ဍားလို၊ ခပ်ရိုင်းရိုင်း ဆိုရလျှင် ခွေးလို လူစားမျိုး ထဲမှာတော့ မိမိ အပါမခံနိုင်ပါ။ သို့သော် “ဒါအို” (မြန်မာလို ပန်းပွင့်လို့ အဓိပ္ပါယ်ရသည်) လို့ခေါ်တဲ့ နာမယ်နဲ့ လိုက်အောင် ပန်းပွင့်လေးလို နုညံ့လှပပြီး၊ စွဲမက်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက်နဲ့ အတူ တွဲသွားလာဖို့ ကိုတော့ မိမိ အနေနဲ့ ငြင်းပယ် နိုင်စွမ်း မရှိခဲ့ပါ။ ဒီလို မိန်းကလေးမျိုးနဲ့ ဆုံတွေ့ခွင့် ရအောင် ဖြစ်လာတဲ့ အကြောင်းတွေထဲမှာ ပိုက်ဆံ ထပ်မပို့ပေးတော့တဲ့ မိခင်ကိုပင် ပထမဆုံး ကျေးဇူးတင် ဖြစ်ရပါတော့တယ်။ ဒီကောင်မလေးနဲ့ ဒစ်စကို သွား ကကြ၊ ညဖက် ပင်လယ် ကမ်းခြေမှာ ပြေးလွှား ကစားကြနဲ့ ညနက်တဲ့ အထိပါဘဲ။ သို့သော် လတ်တလော ကျေးဇူးရှင် “တီတီ” ရဲ့ သမီးကိုတော့ သားရေ ပေါ်အိပ်၊ သားရေ နားစားတဲ့ ပုံစံမျိုး ဆက်ဆံဖို့ စိတ်ကူးမှာပင် မထည့်ခဲ့ပါဖူး။
ပြန်မဆပ်ရသေးတဲ့ ကျေးဇူးတွေ အပုံအပင်
နောက်နေ့ မနက်မှာ “တီတီ” နဲ့ တွေ့တဲ့ အခါကျတော့၊ “မင်းတို့ ညက အတော် ပျော်ခဲ့ကြလား၊ သမီးတောင် အိမ်ပြန် ရောက်တာ အတော်ကို နောက်ကျတယ်” ပြောတော့၊ မိမိလည်း သူ့သမီးဟာ အလွန်ကို လှပ ချစ်စရာ ကောင်းပြီး၊ နုညံ့ သိမ်မွေ့လွန်းကာ ဖော်ရွှေ တာကြောင့် မိမိ အနေနဲ့ အလွန်ကို ပျော်ရွှင် သွားရတဲ့ အကြောင်း ပြောပြပါတယ်။ နောက်တစ်ရက်မှာ မြန်မာပြည် ပြန်ရမှာပင် မပြန်ချင်တော့ တဲ့ အကြောင်းလဲ ပြောရာ၊ “တီတီ” မှာ မိမိကို ကြည့်ပြီး အားရပါးရ ရယ်မောကာ မိမိ ပျော်ရွှင်သလို သူလည်း စိတ်သက်သာ ပျှော်ရွှင် သွားပုံရပါတယ်။ နောက်တစ်ရက် မှာတော့ မြန်မာပြည်ကို ပြန်ရောက်ပြီး၊ အိမ်ရောက် ရောက်ခြင်း ထိုင်းကနေ ဖုန်းဆက်လာတယ် ဆိုတော့ “တီတီ” ဖြစ်နေပြီး၊ မိမိကို အစဉ်ပြေ ချောချော မောမော ပြန်ရောက်ရဲ့လား၊ မိခင်ကိုလည်း စိတ်မဆိုးနေဖို့ မှာပြီး၊ အဲဒီ အကြိမ်ဟာ မိမိနဲ့ “တီတီ” တို့ နောက်ဆုံး စကား ပြောဖြစ်ခဲ့ ခြင်းဖြစ် ပါတော့တယ်။ နောက်ပိုင်း ကျေးဇူးတွေ အပုံအပင် တင်ကျန်နေတဲ့ “တီတီ”ကို ကျေးဇူးဆပ် ချင်လို့ ပတ္တရာကို ရောက်တိုင်း၊ လိုက်ရှာခဲ့ ပေမဲ့ သူဘယ် ပြောင်းသွားတယ်၊ ဘယ်ရောက်နေတယ် ဆိုတာ ခုထက်ထိ မသိရတော့ပါ။
ဒီဇာတ်လမ်းဟာဖြင့် ထိုင်းလူမျိုး တွေရဲ့ စိတ်အရင်းခံကို မိမိ ကိုယ်တွေ့ ကြုံသိခဲ့ရတဲ့ အဖြစ်အပျက် များစွာ ထဲမှ တစ်ခုသာ ဖြစ်ပါတယ်။ ထိုမျှလောက်ပင် စိတ်အရင်းခံ ကောင်းလှတဲ့ ထိုင်းလူမျိုးများဟာ အခု တစ်ခေါက် နောက် ၁၀နှစ် အကြာ မှာတော့၊ မြန်မာဆိုလျှင် နှာခေါင်းကို ရှုံ့ပြီး၊ ရွံရွံရှာရှာ ဆက်ဆံတဲ့ ပုံစံမျိုးကို ကြုံခဲ့ရလို့ မိမိ အနေနဲ့ အလွန်အမင်း အံ့အားသင့်ခဲ့ ရတာ ဖြစ်ပါတော့တယ်။ ဒါကြောင့်လဲ မိမိသူငယ်ချင်းက မိမိကို ထိုင်းမှာ မေးလာရင် မြန်မာလူမျိုးလို့ မပြောဖို့ ဒီတစ်ခေါက် သတိပေးတဲ့ အပေါ်မှာ – မိမိ အနေနဲ့ သေသေချာချာ သိချင်လွန်းတဲ့ စိတ်နဲ့ “ဘယ်လို ဖြစ်လို့လဲ ပြောပြပါဦး သူငယ်ချင်းရေ” လို့ မေးခဲ့ ရတာ ဖြစ်ပါတော့တယ်။
0 comments:
Post a Comment