Wednesday, 7 September 2011

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး ပါသည့် ဂျာနယ်အရေးယူခံရ

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များအားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။

The-Messenger-Journal
ပြည်သူ့ခေတ်ဂျာနယ်
Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို စိစစ်ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမိုပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ် လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်၊ အရင်က မလိုက်နာခဲ့တဲ့ ပြစ်ချက်ဟောင်းတွေရယ်ကို ပြန်ဖော်ပြီး ဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။ နောက်ဆက်တွဲ တင်ခွင့်မရတဲ့အတွက် နောက်ဆုံးသတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။

Messenger ဂျာနယ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်နှင့် ဓာတ်ပုံသတင်းများကို စာပေစိစစ်ရေး၏ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည့် Hot News ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲတင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။

Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူ့ခေတ် ဂျာနယ်က ကြိုတင် ကြော်ငြာထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အနားယူနေပုံကို မျက်နှာပြည့် မဖော်ပြ တော့ဘဲ စာပေစိစစ်ရေးက သတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။ 

ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ ဂျာနယ်တွေအားလုံးက အင်တာဗျူးရတယ်။ Messenger ဂျာနယ်မှာ အင်တာဗျူး ပါတော့ ကျန်တဲ့ဂျာနယ်တွေလည်း ရမယ်ထင်ပြီး စိစစ်ရေးတင်ကြတယ်။ ဒါပေမယ့် ဂျာနယ်တွေအားလုံး ဖော်ပြခွင့် မရတော့ ဘူး” ဟု စာပေစိစစ်ရေးထံ ဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးပါရှိသည့် Messenger ဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့် ဆောင်းပါးပါရှိသော ပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့်အတွက် မြန်မာစာပေလောကသား အများစုက စာပေစိစစ်ရေးနှင့် လက်ရှိအစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီတွင် ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

Tuesday, 6 September 2011

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

News_Sein_Kyaw_Hlaing_Sep_6_2011Yan_Pai
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏  အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA  သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

Source: ဧရာဝတီ

ထိုင်း​ရောက် မြန်မာလုပ်သား​ ၄၀၀ ​ကျော် အလုပ်ပြုတ်

ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​အနီး​ ဘန်​ဘော်မြို့နယ်က အဝတ်အထည်အလုပ်ရုံတရုံက မြန်မာအလုပ်သမား​ ၄၀၀ ​ကျော် အလုပ်ဖြုတ်ခံရပါတယ်။

အနိမ့် ​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ မဲဆွယ်ပြီး​ အနိုင်ရတဲ့​အစိုး​ရ တက်​နေပြီမို့​ လုပ်အား​ခ​တွေ တိုး​လာမယ်လို့​ ​မျှော်လင့်​နေချိန်မှာ မြန်မာအလုပ်သမား​ ရာချီ အလုပ်ပြုတ်သွား​တာပါ။

ထိုင်း ​အစိုး​ရ အ​ကောင်အထည်​ဖော်မယ့်​ အနိမ့်​ဆုံး​ လုပ်အား​ခ ဘတ် ၃၀၀ ကို မ​ပေး​နိုင်လို့​ အလုပ်ရှင်က ကြိုပြီး​အလုပ်ထုတ်တာလို့​ အလုပ်သမား​တွေကို ကူညီတဲ့​ ဘန်​ကောက်အ​ခြေစိုက် ထိုင်း​-မြန်မာအသင်း​က နိုင်ငံခြား​ဆက်ဆံ​ရေး​တာဝန်ခံ ဦး​မျိုး​နိုင်က ​ပြောပြပါတယ်။

“ဘန်​ ဘော်မှာ မြန်မာအလုပ်သမား​ အား​လုံး​ပေါင်း​ အ​ယောက် ၈၀၀ ​လောက် ရှိတဲ့​ အထည်ချုပ်စက်ရုံမှာ အလုပ်သမား​တွေက ကျ​နော့်​ကို လာ​ပြောတယ်။ အလုပ်ရှင်က တ​နေ့​ကို ၂၁၀ ​ပေး​ထား​တယ်။ အလုပ်ရှင်က ​နောက်ပိုင်း​ကို ၃၀၀ သတ်မှတ်လို့​ရှိရင် မ​ပေး​နိုင်​တော့​တဲ့​အတွက် ဒီ​နေ့​ကစပြီး​ အလုပ်မလုပ်ပါနဲ့​တော့​လို့​ ​ပြောလိုက်တယ်။ ၃၀၀ ရတာမရတာက တကဏ္ဍ၊​ ​လော​လောဆယ် ကိုယ့်​အလုပ်သမား​တွေ ထုတ်ခံလိုက်ရတယ်။”

တရက် ဘတ် ၃၀၀ အစီအစဉ်ဟာ ထိုင်း​အလုပ်သမား​တွေ​တောင် ရဖို့​မ​သေချာ ​သေး​ဘူး​လို့​လည်း​ ဦး​မျိုး​နိုင်က ​ပြောပါတယ်။



ထိုင်း ​-မြန်မာနယ်စပ် တပ်ခရိုင် မဲ​ဆောက်မြို့​မှာလည်း​ တရက်လုပ်အား​ခ ဘတ် ၃၀၀ ရဖို့​ဖြစ်နိုင်​ခြေမရှိဘူး​လို့​ အလုပ်သမား​အခွင့်​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ မြန်မာပြည်သား​များ​အ​ရေး​ ပူး​တွဲလှုပ်ရှား​ရေး​ကော်မတီ ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ဦး​မိုး​ကြိုးက ​ပြောပါတယ်။


“မဲ​ ဆောက်မှာတင် တပ်ခရိုင် ၆ မြို့နယ်မှာ ​နေ့​စား​ခ ၁၆၂ ဘတ် သတ်မှတ်ထား​ တယ်။ တကယ်တမ်း​ရတာက အား​လုံး​ သတ်မှတ်ချက်ထက် ​လျော့​နဲစွာရတာဖြစ်တဲ့​အ တွက် ဘတ် ၃၀၀ ဆိုတာ အလုပ်သမား​တွေအတွက် လုံး​ဝပုံပြင်ပဲ။”


မြန်မာအလုပ်သမား​တွေဟာ လစာပုံမှန်မရတာမျိုး​က​တော့​ ရိုး​နေပြီလို့​လည်း​ ဦး​မိုး​ကြိုး​က ​ပြောပါတယ်။


ရာဘာလုပ်ငန်း ​တွေများ​တဲ့​ ထိုင်း​တောင်ပိုင်း​ ဖန်ငါခရိုင်က ပညာ​ရေး​နှင့်​ဖွံ့​ဖြိုးတိုး​ တက်​ရေး​ဖောင်​ဒေး​ရှင်း​ တာဝန်ခံ ဦး​ထူး​ချစ်က​တော့​ အနိမ့်​ဆုံး​လစာ ဘတ် ၃၀၀ ဖြစ်နိုင်တယ်လို့​ အကဲဖြတ်ပြီး​ မရရင်လည်း​ အလုပ်သမား​တွေဘက်က အ​ရေး​ဆိုကြဖို့​လို တယ်လို့​ ​ပြောပါတယ်။


ထိုင်း​အစိုး​ရသစ်ဟာ ​ရွေး​ကောက်ပွဲမဲဆွယ်တုန်း​က အနိမ့်​ဆုံး​လုပ်အား​ခ တ​နေ့​ ဘတ် ၃၀၀ ​ပေး​မယ်လို့​ ကတိ​ပေး​ခဲ့​ပြီး​ အနိုင်ရခဲ့​ပါတယ်။ ဒီလုပ်အား​ခကိစ္စကို အလတ် စား​နဲ့​အငယ်စား​ လုပ်ငန်း​ရှင်​တွေက အဆက်မပြတ် ကန့်​ကွက်​နေတာ​ကြောင့်​ အနိမ့်​ဆုံး​ လုပ်အား​ခအစား​ အနိမ့်​ဆုံး​ဝင်​ငွေလို့​ပြောင်း​လဲ​ကြေညာထား​ပါတယ်။


အနိမ့် ​ဆုံး​ဝင်​ငွေဆိုတဲ့​သတ်မှတ်ချက်​ကြောင့်​ ဘတ် ၃၀၀ ကို အသား​တင် လုပ်အား​ခအဖြစ် မရ​တော့​ဘဲ အလုပ်ရှင်​တွေ ပံ့​ပိုး​ပေး​ထား​တဲ့​ တခြား​ကိစ္စ​တွေရဲ့​ တန်ဖိုး​ကို ထည့်​ပေါင်း​မှာဖြစ်ပါတယ်။


ထိုင်း​ ဝန်ကြီး​ချုပ်ရင့်​လတ်ရဲ့​ ဇူလိုင် ၁၁ ရက် ​ပြောဆိုချက်အရ ဘတ် ၃၀၀ လုပ်အား​ခမူဝါဒဟာ ထိုင်း​အလုပ်သမား​တွေအတွက်ပဲ အကျိုး​ရှိပြီး​ နိုင်ငံခြား​သား​အလုပ် သမား​တွေ ခံစား​ခွင့်​မရှိတဲ့​သ​ဘော သက်​ရောက်​နေပါတယ်။


ထိုင်း​နိုင်ငံရဲ့​ တည်ဆဲဥပ​ဒေအရ ထိုင်း​အလုပ်သမား​တွေသာမက ​ရွှေ့​ပြောင်း​အ လုပ်သမား​တွေအတွက်ပါ အနိမ့်​ဆုံး​လုပ်အား​ခ သတ်မှတ်ထား​ပြီး​ ခွဲခြား​ခြင်း​မရှိ​စေရလို့​ ပြဋ္ဌာန်း​ထား​ပါတယ်။

Source: DVB 

နေရပ်ပြန်လုပ်သားအချို့ ရွေးယူခံပြီးမှသာ ပြန်ခွင့်ရနေ


ထိုင်းငွေကြေး အကျိုးသက်ရောက်မှုကြောင့် ရွှေ့ပြောင်းလုပ်သား အချို့ နေရပ်ပြန်ကြရာ အကြောင်း အမျိုးမျိုးကြောင့် မြ၀တီသောင်ရင်း မြစ်ကမ်းတွင်ရွေးယူမှု ခံပြီးမှသာ ပြန်လာခွင့်ရနေကြောင်း  မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ ပြန်လည် ရောက်ရှိနေကြသော ရွှေ့ပြောင်းလုပ်သား အချို့ထံမှ သိရှိရသည်။

“စက်ရုံမှာ လခကနည်းသလို အလုပ်ကလည်း ပင်ပန်း၊ ငွေဈေးကလည်း ကျနေတော့ မော်လမြိုင်ပဲ ပြန်ကြရအောင်ဆိုပြီး သူငယ်ချင်းသုံးယောက် စုပြီး တာဝန်ခံကို ပြောပါတယ်။ ကျန်တဲ့လုပ်ခတွေကို ပြန်ဖို့လမ်းစရိတ် ငွေလိုလို့ရှင်းပေးဖို့ပြောပါတယ်။အခု ရှင်းမပေးနိုင်ဘူး။ လကုန်မှ ကြိုယူတာတွေ နှိမ်ပြီးရမယ်လို့ ဆိုပါတယ်၊ စကားအပြန်အလှန် များကြပြီး ထွက်လာခဲ့ကြတယ်။ မကြာပါဘူး။ ဘယ်သူ ဖုန်းဆက်လိုက်လည်း မသိ၊ ထိုင်းရဲတွေလာဖမ်းပါရော၊ ရှိတာတွေသိမ်း၊ တစ်ညသိပ်ပြီး သောင်ရင်းမြစ် ကမ်းမှာလာသွန်ပါတယ်။ သူတို့ တင်ပေးတဲ့ ပဲ့ချိတ်စက်လှေနဲ့ သောင်ရင်း မြစ်ကိုဖြတ်ပြီး မြ၀တီဘက်ဂိတ်ကို ရောက်ပါတယ်။ အဲဒီဂိတ်ဝင်းကနေ အပြင်လည်း ပေးမထွက်ဘူး။ ဘတ်တစ်ထောင်နဲ့ လာရွေးမှ ထွက်ရမယ်ဆိုလို့ မော်လမြိုင်အိမ်ကို ဖုန်းဆက်ရပါတယ်။ အဖေက မြ၀တီ အသိတစ်ယောက်ကို အကူအညီတောင်းပြီး ငွေသုံးသောင်းလာပေးမှ ထွက်ပြီးပြန်လာရတာပါ”ဟု နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားက ဆိုသည်။

“ထိုင်းကနေ ပြန်လာတဲ့သူ သုံးမျိုးလောက် ရှိပါတယ်။ ပထမ တစ်မျိုးက တရားဝင်သွား၊ တရားဝင် ပြန်တာပဲ၊ ဘန်ကောက်နဲ့ မဲဆောက်က ကားခဘတ်ငါးရာပဲ ဆိုတော့ ပြဿနာမရှိပါဘူး။ ဒုတိယ နှစ်မျိုးက တရားမ၀င်သွားတဲ့သူတွေပဲ၊  တရားမ၀င်သွားတဲ့ထဲ နှစ်မျိုးကွဲသွားတယ်။ ငွေစုလို့ရတဲ့ သူတွေက မော်လမြိုင်၊ ရန်ကုန် အရောက် ဘယ်လောက်ဆိုပြီး ကယ်ရီနဲ့ ပြန်သူတွေပဲ။ ကျန်တစ်မျိုးက ငွေစုလို့လည်းမရ၊ စက်ရုံကလည်း ညစ်ပတ်ခံရပြီး ဒုက္ခရောက်သူတွေပါပဲ။ သူတို့က ထိုင်းရဲအဖမ်းခံ၊ ရှိတာလေးတွေ အရှာခံ၊ အသိမ်းခံပြီး၊ နောက်နေ့ သောင်ရင်းမြစ်မှာ လာသွန်တာခံရတာပဲ။ ထိုင်းရဲတွေရဲ့ စားကွက်အတိုင်း ဒီဘက်က ပွဲစားတွေနဲ့ချိတ်ပြီး အရောင်းစားခံရပါတယ်၊၊ လာသွန်တဲ့ သူတွေမှာ မွန်၊ ကရင်၊ ဗမာ၊ ကုလားဆိုပြီး အုပ်စုခွဲ၊ ပဲ့ချိတ်လိုက်တင်ပေးပြီး မြ၀တီဘက် ပို့တာပါပဲ။ မြ၀တီကမ်းဆိုက်တာ နဲ့ ၀င်းခြံတွေထဲမှာ ထားတယ်။ ပြည်မ ကအိမ်တွေကို ဖုန်းဆက်ခိုင်းပြီး လာရွေးခိုင်းတာပါပဲ။ ထွက်ပြေးရင် လ၀ကဥပဒေနဲ့ အရေးယူ ထောင်ချနိုင်တယ်လို့ ခြိမ်းခြောက်ကြတယ်”ဟုလေ့လာသူက ဆိုပါသည်။


Monday, 5 September 2011

ထူးအိမ်သင်သို့ အလွမ်းပြေ

အသက်သည်  အိပ်မက်


အိပ်မက်သည်  သူ


သူသည် အသက်ဖြစ်စေ.......။


ဆောင်းနှောင်းလျှင်   နွေဦး၏....


နွေဦး၌   နှင်းကြွင်းသည်.......


နှင်းကြွင်းပြယ်သော်လည်း.....


သစ္စာကြွင်းစေ...............


မြတ်နိုးခြင်းကြွင်းစေ.......။       ။

(ထူးအိမ်သင်)

လုပ်ခ ဘတ် ၃၀၀ ပေးဖို့ ပညာရှင်တွေ သဘောတူ

ထိုင်းတနိုင်ငံလုံး အနိမ့်ဆုံးလုပ်ခိ ဘတ် ၃၀၀ ထိ တိုးမြှင့်ရေးဆိုတဲ့ စိတ်ကူးအယူအဆကို အပြည့်အ၀ထောက်ခံကြောင်း ထိုင်းနိုင်ငံဖွံ့ဖြိုးရေးသုတေသနအဖွဲ့အပါအ၀င် အဖွဲ့အစည်းအသီးသီးက ပညာရှင်တွေက တနေ့က ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။
“လက်ရှိလုပ်ခက ဆင်းရဲမွဲတေမှုကို ဖယ်ရှားပစ်ဖို့ အလုပ်သမားတွေအတွက် မလုံလောက်ဘူး” လို့ ထိုင်းနိုင်ငံဖွံ့ဖြိုးရေး သုတေသနအဖွဲ့ က အလုပ်သမားဖွံ့ဖြိုးရေးသုတေသန တွဲဖက်ပါမောက္ခ ဒေါက်တာ ယောင်ယုသ်ချလမ်ဝေါင်က တနေ့ က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာ နေထိုင်မှုစရိတ်က ၃.၂၅%ထိ တက်လာချိန်မှာ နေ့စဉ်အနိမ့်ဆုံး လုပ် ခက ၂.၈၄% ပဲ တိုးပါတယ်။ လို့ ယောင်ယုသ်က ပြောပါတယ်။ ပြီးခဲ့တဲ့၁၀နှစ်အတွင်း ထုတ်ကုန်ဈေးနှုန်းတွေက ၂၈.၂% တိုးလာချိန်မှာ နေ့စဉ်အနိမ့်ဆုံးလုပ်ခက ၂၅.၇% ပဲ တိုးတယ်။ လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အမြဲတန်း အတွင်းရေးမှူး ရုံး၊ အကြံပေး၊ အမ်မောန်ချာဗာလစ်က ထပ်လောင်းပြောဆိုပါတယ်။
“နေ့စဉ်လုပ်ခ ဘတ် ၃၀၀ နဲ့ပတ်သက်လို့ ခင်ဗျားတို့ ဘယ်လိုမြင်သလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုမှာ သူတို့ပြော ဆိုနေကြတာ ဖြစ်ပါတယ်။ နေ့စဉ်လုပ်ခသိသိသာသာ တိုးလိုက်တာကြောင့် အလုပ်ရှင်အများအပြားကို ကမ္ဗောဒီးယား နိုင်ငံလို အိမ်နီးခြင်းတိုင်းပြည်တွေကို သူတို့ကုန်ထုတ်လုပ်ငန်းအခြေစိုက်စခန်းတွေ ပြောင်းရွှေ့ဖို့ တွန်းဆော်တာတွေ ဖြစ် လာနိုင်တယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ကိုယ်စားလှယ် သာဝီးကစ်ခ်ျ ကျတုကျာရန်ခွန်း က  သတိပေးပြောကြား လိုက်ပါတယ်။ “အဲဒီမှာ အလုပ်သမားတွေအတွက် လစဉ်လုပ်ခက ဘတ် ၂၀၀၀ ကျော်ရုံလေးပဲ ရှိတယ်။” လို့ သူကပြော ပါတယ်။

နေ့စဉ်အနိမ့်ဆုံးလုပ်ခကို ရုတ်ချည်း တိုးလိုက်ရင် မှတ်ပုံတင်မထားတဲ့အလုပ်သမားတွေနဲ့ပတ်သက်ပြီး စဉ်းစားပေးဖို့ ဗဟိုလုပ်ခကော်မတီထဲက အလုပ်ရှင်ကိုယ်စားလှယ် ၀မ်လော့ကင်းချာဆင်းက အစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ထုတ်ကုန်ဈေးနှုန်းတွေကလည်း တိုးလာမှာဖြစ်တယ်။ နောက်ပြီး လုပ်ခတိုးရတဲ့ မှတ်ပုံတင်ထားတဲ့အလုပ်သမား ၁၀ သန်း ကျော်ကိုလည်း ဖြေရှင်းရမှာ ဖြစ်တယ်။ ဒီတော့ မှတ်ပုံမတင်ရတဲ့အလုပ်သမားကဏ္ဍအပြင်ဖက်မှာရှိတဲ့ လယ်သ မားတွေလို ၂၄ သန်း လောက်ရှိတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မလဲ” လို့ သူက မေးမြန်းခဲ့ပါတယ်။
စက်တင်ဘာ ၅၊ ၂၀၁၁ (The Nation)
Source: နေ့သစ်

ကွမ်းယာဆိုးကျိုး

အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင် 

ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှု ရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်စားသုံးပါက ကြီးထွားမှုနှုန်း ရပ်တန့်စေနိုင်  အမျိုးသားများသာမက ဆယ်ကျော်သက် အမျိုးသမီးငယ်များပါ ကွမ်းယာစားသုံးမှုရှိလာပြီး အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကို နေ့စဉ်အများအပြား စားသုံးပါက ကြီးထွားမှုနှုန်းရပ်တန့် စေနိုင်ကြောင်း သုတေသနပြုချက် များအရ သိရှိရပါသည်။ 
 သုတေသန ပြုချက်များအရ ကွမ်းသီး၌ တိုင်နင်ဟုခေါ်သည့် အဖန် ရည်၊ အဆီ၊ လစ်ဂ်နင်၊ ဖီနောလ် လစ်ပေါ်လီမာနှင့် အယ်လ်ကလွိုက်၊ ခါးသော အော်ဂင်းနစ်ဘေ့စ် ဒြပ်ပေါင်းများပါရှိကာ တိုင်နင်ဓာတ် အဖန်ရည်သည် ချုပ်စေသည့်အရာ ဖြစ်၍ သားရေလုပ်ငန်း၊ အရောင်ဆိုး လုပ်ငန်းများ၌ အသုံးပြုကြကြောင်း၊ တိုင်နင်ဓာတ်သည်နှင်းခူ၊ ယားနာ များကိုပျောက်စေသော်လည်း တိရစ္ဆာန် များတွင် လေ့လာချက်အရကြီးထွားမှုကို ဟန့်တားစေကြောင်း၊ သွေးဖြူဥတစ်မျိုးဖြစ်သည့် ခန္ဓာကိုယ်အတွက် ခုခံအားပေးသော လင်ဖိုဆိုဒ်တိုးပွား မှုကို ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းစေကြောင်း၊ လင်ဖိုဆိုဒ်တိုးပွားမှုကို ဟန့်တားခြင်းသည် ဆဲလ်အသက်နဲ့ ဆဲလ်လုပ်ငန်း၏ အခြေခံအကျဆုံးဖြစ်သော ဒီအင်အေထုတ်လုပ်မှုကို ကမောက်ကမ ဖြစ်စေကြောင်း သိရှိရပါသည်။ 
ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များ ကွမ်းယာကိုနေ့စဉ် အများအပြားစားသုံးပါက တိုင်နင် ဓာတ်သည်ကြီးထွားမှုကို ရပ်တန့်စေကြောင်း သုတေသနပြုချက်များအရ သိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာ သုတေသန အေဂျင်စီကကွမ်းသီးသည် ကင်ဆာဖြစ်စေသော အဓိကပစ္စည်းအဖြစ် ဆေးရွက်ကြီးနှင့် အလားတူကြောင်း သတ်မှတ်ထားသည်။ "ကျောင်းနေအရွယ် ကျောင်းသားတွေက ပါးစပ်တွေရဲနေအောင် ကွမ်းစားတာတွေ ရှိပါတယ်။ ကျောင်းသူတွေက ပါးစပ်ရဲလောက်အောင်တော့ စားတာမတွေ့ရပေမယ့် အပျော်သဘောနဲ့ စားလာတာတွေ့ရတယ်။ ကျောင်း ပရ၀ဏ်အတွင်းမှာလည်း ကွမ်းမစားဖို့ဆောင်ရွက်နေပါတယ်"​ဟု အထက်တန်းပြ ဆရာတစ်ဦးက ဆိုသည်။ ကွမ်းယာ ရောင်းချသူတစ်ဦးက "ဆယ်ကျော်သက် မိန်းကလေးတွေပါ ကွမ်းစားတာတွေ့ရတယ်။ နောက်ပြီးအိန္ဒိယက၀င်တဲ့ ကွမ်းယာထုပ်လေး တွေကိုလည်း မိန်းကလေးတွေ အစားများကြတယ်" ဟု ဆိုပါသည်။ ကွမ်းစားခြင်းကြောင့် ပါးစပ်၊ လျှာ၊ အစာမျိုပြွန်၊ လည်မျိုပြွန်ဝ (အသံအိုး)၊ ဆီးအိမ်များတွင် ကင်ဆာဖြစ်စေခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးသွေးရပ်ခြင်းနှင့် လေဖြတ်ခြင်းစသည်တို့ ဖြစ်စေတတ် ကြောင်း သိရသည်။ ကွမ်းဖြတ်မည်ဆိုပါက ဆောင်ရွက်ရမည့်အချက်များ- ရေသို့မဟုတ် ဖျော်ရည်များများ သောက်ခြင်း။ (သို့သော် ဂက်စ်ပါသည့် ဖျော်ရည်များ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဘီယာ၊ အရက်မသောက်ရပါ)- ကြာကြာဝါးရသော အစာများဖြင့် အစားထိုးပါ။ ဥပမာ- မြေပဲ၊ ပဲကြီးလှော်၊ နေကြာစေ့၊ ပီကေ များစားသုံးပါ။ (သို့သော် အချိုဓာတ်ပါသော သကြား၊ သကြားလုံး၊ ထန်းလျက်များ ရှောင်ကြဉ်ပါ)- အချို့သည် လျက်စား သို့မဟုတ် လျှာပွတ်ဆေးဖြင့် ဖြတ်နိုင်သည်။NOTE:ABOVE PARAGRAPH IS FROM alqari@todaytimes(copied that site )- နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ပေးခြင်း။- ကွမ်းဖြတ်နေစဉ် ကွမ်းစားသောမိတ်ဆွေများနှင့် မတွေ့အောင်ရှောင်ခြင်း။- မျှတသောအစားအစာ စားသုံးခြင်း။- အိပ်ရေး၀၀အိပ်ခြင်း။- စိတ်ဖိစီးမှုမဖြစ်စေရန်နှင့် စိတ်ညစ်စရာများမတွေးရန်။- ခိုင်မာသောဆုံးဖြတ်ချက်နှင့် တကယ်ဖြတ်နိုင်မည့် စိတ်ဓာတ်ရှိရမည်။- ကွမ်းဖြတ်လို၍ အခြားစွဲလန်းစရာတစ်ခုခုဖြင့် အစားထိုးပါက မသင့်လျော်ပါ။စာရေးသူ - သန်းထိုက်(ပြည်သားလေး)
Source: Forward Mail

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ အမျိုးသမီးတစ်ဦးက ပီကေကျွေးကာ အင်္ကျီချွတ်ပြီး ဝတ်လစ် စလစ်ပုံ ရိုက် ယူခြင်းဖြစ်ပြီး ၄င်းဓာတ်ပုံများကို အင်တာနက်ပေါ်တင်မည်ဟု ခြိမ်း ခြောက် ပြီးငွေအကြိမ်ကြိမ် တောင်းခံ ခဲ့ရာ စုစုပေါင်း ကျပ်သိန်း ၅ဝဝ ခန့် ပေးခဲ့ရကြောင်း တရား လိုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ”အစကတော့ မသိ ဘူးပေါ့၊ နောက်မှ သူက အဒေါ်ကို ဖွင့်ပြော လိုက်တော့ဖြစ်ရပ်အကုန်းလုံးသိကြ ရတယ်၊ဒါနဲ့ရဲစခန်းကို သြဂုတ်လ ၂၃ ရက်နေ့ က တိုင်ကြားလိုက် ရတယ်” ဟု ၄င်းက တယ်လီဖုန်း ဖြင့် ဆက်သွယ်ပြောသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ပြည်မြို့ ရှိ အမှတ် ၂ ရဲစခန်းသို့ ဆက် သွယ် မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက ”ဒီအမှုဖြစ်တာ ဟုတ်ပါတယ်၊ တရားခံလို့ ယူဆရတဲ့ သူကိုလည်း ဖမ်းမိထားပါတယ်၊ တရားရုံးကို အမြန်ဆုံးတင်ပို့နိုင်ဖို့အတွက် စီစဉ်နေပါ တယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရန်ကုန်မြို့ စမ်းချောင်းနေ တရားခံဟု ယူဆရသူ အမျိုးသမီး ငယ်က ခြိမ်းခြောက်၍ ရယူထား သော ငွေစုစုပေါင်း သိန်း ၅ဝ နှင့် ရန်ကုန်ရိုးမဘဏ်မှမထုတ်ရသေး သည့် ငွေကျပ် ၄၆ သိန်းတို့ အပါအဝင် ခြိမ်းခြောက်၍ ရထား သောငွေဖြင့် ပင်ဝယ်ယူထားသည့် လတ်ဝတ်ရတနာ ကျပ်သိန်း ၈ဝ ခန့်တို့ကိုတရား လို ကျောင်းသူ ၏ မှတ်ပုံတင်နှင့်အတူ သိမ်းဆည်း ရမိခဲ့ကြောင်းကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ စခန်းမှူးဦးဇော်လွင်နှင့် အမှုစစ်ရဲအုပ်ဦးဇော်လှိုင်ထွန်း တို့ထံမှ သိရသည်။”ပြည်မြို့က နွေဦးကံ့ကော် အဆောင်မှာ ဖမ်းမိတယ်။ သူနဲ့အ တူလက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းမိ ပါတယ်။ အဲဒီအထဲမှာ အခြားမိန်း ကလေးတွေရဲ့ ဝတ်လစ်စလစ်ပုံ တွေကိုပါ တွေ့ခဲ့ရပါတယ်” ဟု ပဲခူးတိုင်းဒေသကြီးမှ ရဲအုပ်ဦးစိုးမင်း ကပြောသည်။ တရားလို ကွန်ပျူတာတက္က သိုလ်ကျောင်းသူသည် ၂ဝ၁ဝ ပြည့် နှစ်သြဂုတ်လ ၁ဝ ရက်နေ့မှစ၍ ၂ဝ၁၁ ခုနှစ်အထိ စုစုပေါင်းငွေသိန်း ၅ဝဝ ခန့်ကို တရားခံဟုယူဆရသူ ထံအကြိမ် ကြိမ်ပေးအပ်ခဲ့ရကြောင်း ထိုငွေများကို ပြည်မြို့ရှိ ရိုးမဘဏ်မှ ရန်ကုန်သို့လွှဲပြောင်းခဲ့ရသည့်အပြင် မှတ်ပုံတင်ကိုပါ ပေးထားခဲ့ရကြောင်း အိမ်ရှိမီး ခံသေတ္တာအတွင်းမှ စိန်နှင့် ရွှေများအကုန်လုံးကို SURE ကား ဖြင့်ခိုးထုတ်ယူခဲ့ရန် အကြပ်ကိုင် ခြိမ်းခြောက်လာသဖြင့် ဖွင့်ပြောမှ အလုံးစုံသိခဲ့ရပြီး ရဲစခန်းသို့တိုင် ကြားခဲ့ရကြောင်း တရားလိုနှင့်နီးစပ် သူကပြော သည်။ တရားလိုနှင့် တရားခံဟုယူ ဆရသူ အမျိုးသမီးတို့သည် ၂ဝ၁ဝ မတ်လတွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ဇူလိုင်လတွင် တရားခံဟုယူ ဆရသူ အမျိုးသမီးသည် ပြည်မြို့သို့ ရောက်ရှိလာကာ အိမ်ငှားနေထိုင် ပြီးနောက် အဆိုပါ အိမ်၌တရားလို အားစိတ်ကိုမေ့မြောစေသော ပီကေ ကျွေးကာ အဝတ် များချွတ်၍ဓါတ်ပုံ ရိုက်ယူခဲ့သည်။ထို့နောက် ဓာတ်ပုံကို အင်တာနက်တင် မည်ဟုခြိမ်းခြောက် ကာငွေညှစ်ခဲ့သည်ဟု တရားလိုနှင့် နီးစပ်သူကပြောသည်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီမှ အဆိုပါအမှုဖြစ်စဉ်နှင့်ပတ် သက်၍ ”ဒါက မကောင်းတဲ့လုပ်ရပ် တစ်ခုပဲ။ ပိုဆိုးတာက ဓာတ်ပုံပြပြီး ငွေခြိမ်းခြောက်တာ ဆိုတော့ တော် တော်အောက်တန်းကျတယ် မိန်းကလေးတစ်ယောက် ဘဝလမ်း ဆုံးသွား နိုင်တဲ့အမှုတစ်ခုဖြစ်တဲ့အ တွက်နောက်လူတွေ ဆက်မ လုပ်နိုင်အောင် ထိရောက်တဲ့ ပြစ်ဒဏ်ချ မှတ်သင့်တယ်”ဟု ပြောသည်။

Source: Forward Mail

နိုင်ငံကူး လက်မှတ်များ စနစ်တကျ ထုတ်ပေးနေသော်လည်း ပွဲစားများ ရှိနေဆဲ


ကိုရီးယားနိုင်ငံသို့ နိုင်ငံတော် အစိုးရ၏ စီစဉ်ပေးမှုဖြင့် ကိုရီးယား ဘာသာစကား သင်တန်းတက်၍ စာမေးပွဲဖြေဆိုကာ သွားရောက် အလုပ် လုပ်ကိုင်ရန် စီစဉ်နေကြသူများ၏ ပြောဆိုချက်အရ နိုင်ငံကူး လက်မှတ်ပွဲစားများ လုပ်စားနေကြဆဲဟု သိရသည်။ ကိုရီးယား ဘာသာစကား သင်တန်းတက်နေသူ တစ်ဦးမှ “ကျွန်တော်တို့ သင်တန်းမှာ နယ်ကလာတဲ့သူတွေ များတယ်။ ကျွန်တော်တို့လည်း မုံရွာဘက်က လာတာပါ။ အခုသင်တန်းထဲမှာ ပြောနေကြတာက Passport စာအုပ်အတွက် အပြီးအစီး၊ လက်မှတ်တောင် ထိုးစရာမလိုဘူး ခုနစ်သောင်းလို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ စာအုပ်ရပြီပြီ။ ကိုယ်တိုင်ပဲ လုပ်ပါတယ်။ ကျွန်တော် ပုံစံ ၁၇ လုပ်တုန်းကလည်း ပိုက်ဆံမပေးရဘူး။ စာအုပ်ရပြီးတဲ့ အထိ စားစရိတ်၊ ခရီးစရိတ် အပါအဝင် ၄၅၀၀၀ ဝန်းကျင်ပဲ ကုန်တယ်”ဟု ပြောပြခဲ့သည်။

အေဂျင်စီတစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တစ်ယောက်က “၂၀၀၇-၂၀၀၈ လောက်မှာ Passport အတွက် ကျွန်တော်လုပ်ခဲ့တဲ့ ကုမ္ပဏီက တစ်သိန်းယူတယ်။ ကုန်တာက ငါးသောင်းလောက်ပဲ။ အဲဒီအချိန်တုန်းက ပွဲစားတွေ အရမ်းခြေရှုပ်တယ်။ အခုပြည်ထဲရေးရုံးကို ရောက်သွားတော့ ရုံးထဲလဲ ဝင်လို့မရကြဘူး။ တစ်ခါတလေ ပွဲစားတွေကို လိုက်ဖမ်းတယ်”။ “အမှန်တကယ်ကတော့ Passport လျှောက်ထားသူတွေရဲ့ အားနည်းချက်ပါ။ တချို့က မေးရမြန်းရမှာ ကြောက်ကြတယ်။ ရုံးထဲဝင်ရမှာ စကားပြောရမှာ မရဲကြဘူး။ အဲဒီတော့ ပွဲစားလုပ်တဲ့သူတွေက လူကြည့်ပြီး မနူးမနပ်တွေဆိုရင် ရိုက်စား လုပ်သွားတာပေါ့။ အခုက အရင်လို တစ်လလည်း စောင့်စရာမလိုဘူး။ အဲဒါကတောင် ပွဲစားအပ်ပြီး လုပ်နေကြသေးတယ်”ဟု ကိုရီးယား ဘာသာစကား သင်တန်းတက်နေသူမှ ပြောသည်။ ယခုအခါတွင် နိုင်ငံကူး လက်မှတ်များကို စနစ်တကျ ထုတ်ပေးနေရာ တိုင်းရင်းသား၊ ဒေသခံအချို့သည် ပွဲစားအပ်၍ အလိမ်ခံရမှုများ ရှိနေခြင်းသည် Passport လျှောက်ထားသူ ကာယကံရှင်များ၏ အားနည်းချက်သာ ဖြစ်ကြောင်း နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

Source: Forward Mail

Saturday, 3 September 2011

မြစ်ဆုံ အချက်အလက်မှန် ထုတ်ပြန်ဖို့ အစိုးရကို တရားစွဲရန် ပြင်ဆင်

 နယူးဒေလီ (မဇ္ဈိမ) ။      ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ မှန်ကန်သည့် သတင်း အချက် အလက်များ ထုတ်ပြန်ရန် ဖွဲ့စည်းပုံ အခြေခံပါ နိုင်ငံသား အခွင့်အရေးအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်
တွင် အစိုးရကို တရားစွဲဆို တောင်းဆိုသွားရန် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် တသီးပုဂ္ဂလနှင့် ပါတီ ကိုယ်စားလှယ်များက ပြင်ဆင်နေသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဒေါ်ဘောက်ဂျာနှင့် ဦးမင်းအောင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး
ပါတီမှ ဦးအောင်မျိုးဦး၊  ဦးစိုးကြည် နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဝင်းချိုတို့က တရားလိုအနေဖြင့် အစိုးရကို တရားစွဲဆိုမည် ဖြစ်သည်။

“အဲဒီမြစ်ဆုံဆည်ကြီးဟာ အကျိုးဖြစ်ထွန်းမှုမှာ ကျနော်တို့ နိုင်ငံသားတွေ ဘယ်လောက်ထိသက်ဆိုင်မှု ရှိသလဲ။ ဒီအတိုင်းပဲ အကျိုးရှိမှာဖြစ်သလို အပြစ်ရှိမှာဖြစ်တဲ့အတွက် အပြစ်နဲ့ပတ်သက်တဲ့ဒုက္ခတွေ၊ ဒီမြစ်ဆုံ ဆည်ကြီးနဲ့ပတ်သက်တဲ့ အပြစ်တွေကို ကျနော်တို့ ပြည်သူပြည်သားတွေ ဘယ်လောက်ထိခံရမလဲ” ဟု ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။ 



တသီးပုဂ္ဂလနှင့် ပါတီ ကိုယ်စားလှယ်များက မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ အစိုးရကို တရားစွဲဆိုရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တောင်းဆို (ဓါတ်ပုံ မဇ္ဈိမ)
သူက ဆက်ပြီး “အဲဒီဆည်တွေ အားလုံးရဲ့ဆိုးပြစ်တွေကို မြန်မာပြည်သူတွေ ခံရမှာ ကျိန်းသေတယ်။ ဒါပေမဲ့
ကောင်းကျိုး ဘယ်လောက်ခံစားရမလဲဆိုတဲ့ကိစ္စကိုကျတော့ ကျနော်တို့ကိုယ်တိုင် တိတိကျကျ မသိဘဲနဲ့ ပြည်ပ မီဒီယာတွေက နေပြီးတော့ ထုတ်လွှင့်သလောက်ကိုပဲ သိရတဲ့အခါမှာ ကျနော်တို့ ပြည့်ပြည့်စုံစုံ နားထောင်ချင်တာပါ။ သိချင်တာပါ” ဟု ဆိုသည်။
ဆည်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် မည်မျှအကျိုးရရှိမည်၊ ဆိုးကျိုးမည်မျှခံရမည်ကို တိကျစွာ ထုတ်ပြန်သေးခြင်းမရှိသည့်အပြင် ဆည်ကြောင့် ဧရာဝတီမြစ် ပျောက်ကွယ်မည့်အရေး စိုးရိမ်မှုများကြောင့် ယခုကဲ့သိုလုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက “နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” ကဏ္ဍအရ ပြည်သူ လူထု အနေဖြင့် မိမိ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်။

နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက စစ်ဆေးရန် အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှုခေါ် စာချွန်လွှာများကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာရှိကြောင်း ပြဋ္ဌာန်းထားသည်။

တရားစွဲဆိုမှုကို တားမြစ်စေနှင့် အာဏာပိုင်မေးစာချွန်တော်များအပေါ် အခြေခံ၍ လျှောက်ထားမည်ဖြစ်ကာ ယခုကျင်းပနေသည့် လွှတ်တော်အတွင်း ဆည်တည်ဆောက်မှုနှင့်ပတ်သက်၍ တစုံတရာ ဆွေးနွေးပြောဆိုခြင်း၊ တရားဝင်ထုတ်ပြန်ခြင်းမရှိပါက လွှတ်တော်ပြီးသည်နှင့် တင်သွင်းသွားမည် ဖြစ်သည်။

“လွှတ်တော်ပြီးဆုံးတဲ့အချိန်မှာမှ ဧရာဝတီမြစ်ရဲ့ မြစ်ကြီးပျောက်ပျက်သွားနိုင်တဲ့အကြောင်းအရာနဲ့ မြစ်ဆုံမှာ တည်ဆောက်နေတဲ့ စီမံကိန်းနဲ့ အကြောင်းအရာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မသိသေးဘူးဆိုရင် ကျနော်တို့ အဲဒီအခွင့်အရေးကို အသုံးချရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းချိုက ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် စစ်မတ်ဖြစ်ပွားချိန်၊ တိုင်းတပါးမှ ကျူးကျော် ဝင်ရောက်ချိန်နှင့် နိုင်ငံတွင် ဆူပူမှုဖြစ်နေချိန်တွင် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတပါး အခွင့်အရေး တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုဟုလည်း  ပြဋ္ဌာန်းထားသည်။ 

ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည် ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်များကို တရုတ်နိုင်ငံသို့ ရောင်းချသွားမည် ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြစ်ဆုံဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈ဝဝဝ ရှိကာ ဆည်အမြင့် ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက် ရေလှောင်ကန်အမြင့်မှာ ၂၉၉  မီတာ (ပေ ၉၈ဝ) ရှိသည်။

ဆည်နှင့် ရေလှောင်ကန်တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူ နိုင်ငံထက် ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်။

အလားတူ မြစ်ဆုံရေကာတာ ရပ်ဆိုင်းပေးရန် နာမည်ကြီးစာရေးဆရာများနှင့် အနုပညာရှင်များ အပါအဝင် ပြည်သူ ၁၆ဝဝ က သမ္မတဦးသိန်းစိန်ထံ လက်မှတ်ရေးထိုးတောင်းဆိုမှုကို စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

သမ္မတဦးသိန်းစိန်ထံလိပ်မူ၍ “ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်စေရေးနှင့်  မြန်မာနိုင်ငံ ပြည်သူပြည်သားများ မပျက်စီး မဆုံးရှုံးစေရေး အတွက် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း” အမည်ဖြင့် ဧရာဝတီ ထာဝရရှင်သန်လိုသူများက စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မြစ်ဆုံရေကာတာကြီး ဆောက်လိုက်လို့ ဧရာဝတီမြစ်ကြီး တိမ်ကောသွားရင် အမတို့ နောင် အနာဂတ် မျိုးဆက်သစ် အားလုံးအတွက် ကောင်းမွေတွေကို ထားခဲ့နိုင်မှာ မဟုတ်ဘဲနဲ့ ဆိုးမွေများသာ ဖြစ်သွားလိမ့်မယ်” ဟု လက်မှတ်ထိုးတောင်းဆိုမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသူ မနုနုက မဇ္ဈိမကို ပြောသည်။




ပြည်သူလူထု အနေဖြင့် မိမိ၏ အခွင့်အရေးနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိ (ဓါတ်ပုံ မဇ္ဈိမ)
သမ္မတအပါအဝင် ဒုသမ္မတနှစ်ဦးထံ့ ပေးပို့ခဲ့သည့် ပန်ကြားလွှာတွင် မြစ်ဆုံရေကာတာ အပါအဝင် မြစ်ချောင်းများ၊ ဆည်မြောင်းတာတမံ ဆိုင်ရာ ဆန်းစစ် သုသေနပြုချက်များကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ ပြန်လည် သုံးသပ်ရန်နှင့် ပြည်သူလူထုထံ မှန်ကန်ပွင့်လင်းစွာ ထုတ်ဖော်အသိပေးရန် တောင်းဆို ထားပြီး သုတသနပြုနေချိန်အတွင်း စီမံကိန်းများ ရပ်တန့်ထားရန်ပါ မေတ္တာရပ်ခံထားသည်။

လက်မှတ်ထိုးကောက်ခံမှုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တခုတွင်းသာကောက်ခံရသေးသည်။ လက်မှတ်ထိုး ကောက်ခံမှုကို အချိန် တလ သတ်မှတ်ထားသော်လည်း  လက်မှတ်များ ရရှိနေသည့် အတွက် ကြိုတင်ပေးပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ထပ်မံရရှိသည့် လက်မှတ်များကိုလည်း စက်တင်ဘာလလယ်ပိုင်းတွင် ထပ်မံပေးပို့သွားမည် ဖြစ်သည်။

“နဂိုအခြေအနေကိုတောင် ကျနော်တို့က ပြန်ပြုပြင်ရမယ့်အနေအထားရှိတယ်။ သောင်ထွန်းတာတို့ ဘာတို့ ဒါတွေက တော်တော်များနေတဲ့အချိန်မှာ ဒီလိုရေကာတာဆောက်တယ်ဆိုတော့ ဒါ အန္တရာယ် အလွန်များ တယ်။ နဂိုအနေအထားကိုက ကျနော်တို့ ပြန်ပြီးပြုပြင်ဖို့၊ ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်” ဟု တောင်းဆိုလက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သည့် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ဆိုသည်။ 
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီအတွက် ပန်ကြားခြင်း” အမည်ဖြင့် ပန်ကြားလွှာ တစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှု ဆိုင်ရာ ဥပဒေများ မလိုက်နာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းများကြောင့် ဧရာဝတီမြစ် ပျက်စီးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဧရာဝတီမြစ်က ကျနော်တို့မြန်မာပြည်ရဲ့ အသက်သွေးကြောလေ။ ဧရာဝတီမြစ်မရှိရင် မြန်မာလူမျိုးဆိုတာ လည်း ရှိမှာမဟုတ်ဘူး။ ပျောက်သွားလိမ့်မယ်။ ကျနော်တို့က မြန်မာလူမျိုးပီသရင်တော့ မြန်မာနိုင်ငံ မပျောက်ကွယ်ဖို့က တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာ လူမျိုးပီသစွာနဲ့ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ပြောဆိုသည်။
Source: VOA

ပွင့်လိုက် ပိတ်လိုက် မြန်မာ့အင်တာနက်




ဓာတ်ပုံ AP
မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက ပိတ်ပင်ထားတဲ့ ပြည်ပ သတင်းဌာနတချို့ရဲ့ ၀က်ဘ်ဆိုက် စာမျက်နှာတချို့ကို ပြီးခဲ့တဲ့တပတ်ကျော်လောက်က တိုက်ရိုက် ကြည့်ရှုလို့ ရနေခဲ့ပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီဝက်ဘ်ဆိုက်တွေ အားလုံး ကြည့်လို့မရတော့ဘဲ ပြန်ပိတ်သွားတယ်လို့ သိရပါတယ်။ သတင်းမီဒီယာရဲ့အခန်းကဏ္ဍကို မြင့်တင်မယ်လို့ အစိုးရကပြောပြီး ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေ ကြည့်ခွင့်ရလာတာက သတင်းအင်တာနက် ထိန်းချုပ်တာတွေ လျော့လာပြီလား ဆိုတဲ့ သုံးသပ်ချက်တွေကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်နေပြီလို့ ပြည်တွင်းသတင်းသမားတွေက ဆိုပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။
ပြည်တွင်းမှာ ကြည့်ခွင့်မပေးဘဲ ပိတ်ပင်ထားတဲ့ ပြည်ပသတင်းဌာနတွေရဲ့ သတင်းစာမျက်နှာ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ် တွေနဲ့အတူ Youtube လို အင်တာနက် ၀က်ဘ်ဆိုက်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းအတွင်းမှာ တိုက်ရိုက်ဝင်ပြီးကြည့်လို့ ရနေတာကြောင့် သတင်းသမားတွေနဲ့အတူ အင်တာနက်သုံးကြတဲ့ လူငယ်အများအပြား အတော် ၀မ်းသာခဲ့ကြတာပါ။ ဒါပေမဲ့ အခု အဲဒီကြည့်လို့ရနေတဲ့ ၀က်ဘ်ဆိုက်တွေအားလုံး ပြန်ပိတ်သွားပြီးတော့ ဘယ်လိုမှ ပြန်ဖွင့်လို့ကို မရတော့ဘူးလို့ အင်တာနက်သုံးတဲ့ လူငယ်တဦးက ပြောပါတယ်။

“ပထမတရက်ကဖွင့်တော့ Youtube ပွင့်တယ်ပေါ့နော်။ နောက် ဧရာဝတီ ဆိုက်ပွင့်တယ်ပေါ့နော်။ မဇ္ဈိမ တို့ဘာတို့ ပွင့်တယ်။ နောက် တရက် နှစ်ရက်နေတော့ Youtube တခုပဲရပြီး ကျန်တာအကုန်လုံး ပြန်ပိတ်သွားတယ်။”
ရန်ကုန်မြို့ခံ လူငယ်တဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရလက်ထက် တလျှောက်လုံး သတင်းထိန်းချုပ်မှု ရှိခဲ့သလို အင်တာနက်ပြင် ဆက်သွယ်မှုဆိုင်ရာ လုပ်ငန်းတွေအားလုံးမှာ ကန့်သတ်ချက်တွေ များတာကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံအဖြစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အဖွဲ့ကြီးတွေက သတ်မှတ်ထားတာပါ။
ဒါပေမဲ့ အခုအရပ်သားအစိုးရ တက်လာပြီး နိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍကို မြင့်တင်မယ်လို့ သမ္မတရဲ့ ပထမဦးဆုံး နိုင်ငံတော် မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အရင်ကခွင့်မပြုတဲ့ သတင်းတချို့ ဖော်ပြခွင့် ပေးလာတာ၊ အစိုးရအခမ်းအနားတွေမှာ သတင်းတချို့ ယူခွင့်ရေးခွင့် ရလာတာတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း အင်တာနက်တွေကိုပါ ကြည့်ရှုခွင့် ရလာပြီဆိုတော့ သတင်းထိန်းချုပ်မှုတွေ လျော့ကျလာပြီ၊ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအတွက် ခြေလှမ်းကောင်း အစ ဖြစ်တယ်လို့ ခန့်မှန်းချက်တွေအားလုံး အခုတော့ ပျက်ကုန်ပြီလို့ ပြည်တွင်းသတင်းအယ်ဒီတာ တဦးက ပြောပါတယ်။
“သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်ကို ဦးစားပေးပြောသွားတဲ့အခါကျတော့ အားလုံးကတော့ အရင်ထက်ပိုပြီး လွတ်လပ်ခွင့် ရတော့မယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ အဲဒီလိုလေးတွေ ဖွင့်ပေးလိုက်တော့ အများစုကတော့ ဒါဟာ အကောင်းဘက်ကို ရောက်သွားပြီလို့ အကုန်လုံးက မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ အခုလို ပိတ်လိုက်တဲ့အခါကျတော့ ဒုံရင်းဒုံရင်း ပါပဲ။ ဟန်ပြလုပ်နေတာပဲ ဆိုတဲ့ အမြင်မျိုးတွေ လူတွေမှာ ပိုပြီး ခိုင်မာသွားပါတယ်။”
ဒီလိုမျိုး အင်တာနက်တွေကို လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတာဟာ သတင်းလုပ်ငန်းတွေမှာ အတော်ထိခိုက်သလို ကမ္ဘာကြီးအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးအတွက် သူတို့ဟာ အမှောင်ချသလို ခံစားရတယ်လို့လည်း ဆိုပါတယ်။
“နောက်ဆုံးအခြေအနေတွေကို သူ့ထက်ငါ အပြိုင်အဆိုင် စာဖတ်ပရိဿတ်၊ ဒီ့ထက်ပြောရရင်တော့ ပြည်သူလူထုကို အသိပေးဖို့ကြိုးစားနေတဲ့အချိန်မှာ ခုနကလို ကန့်သတ်ခြင်းခံရတယ်၊ ကွန်နက်ရှင်မကောင်းဘူး၊ အပိတ်ခံရတယ် ဆိုလို့ရှိရင် သူတို့က နောက်ဆုံးအခြေအနေတွေကို စာဖတ်ပရိဿတ်ကို ပြနိုင်မှာမဟုတ်ဘူး။ ဒါဟာ အများကြီး ထိခိုက်ပါတယ်။ သတင်းဆိုတာက အချိန်နဲ့ တပြေးညီ ပြောင်းလဲနေတာလေ။ အဲဒီတော့ နောက်ဆုံး အနေအထားတွေကို တင်ပြနိုင်မှ ဖော်ပြနိုင်မှ ဒါက တာဝန်လည်းကျေရာရောက်မယ်။ ပြည်သူလူထုကလည်း ပိုပြီးတော့ စိတ်ဝင်စားမှု ရှိမယ်လေ။”
ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အင်တာနက် အဓိက၀န်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေကတော့ အစိုးရကထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ Yadanabon Teleport ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပသတင်းဌာနတချို့ရဲ့ သတင်းစာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြားသတင်းစာတွေကို အင်တာနက်ကျွမ်းကျင်တဲ့လူငယ်တွေက ပရောက်ဆီ ဆာဘာတွေ ခံပြီးတော့မှ တဆင့်ကျော်ပြီး ၀င်ရောက်ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။

Source: VOA

Friday, 2 September 2011

စက်သုံးဆီ စမတ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်လလျှင် အရေအတွက် ၁,၀၀၀ နှုန်းဖြင့် ရောင်းချသွားမည်





Smart Card to Replace Petrol Book Starting This September
Smart Card to Replace Petrol Book Starting This September
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များ အားလုံးတွင် ဆီစာအုပ်အစား ပြောင်းလဲ့အသုံးပြုရသည့် စက်သုံးဆီ စမတ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့ မှ စတင်ကာ တစ်လလျှင် အရေအတွက် ၁,၀၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဟု အဆိုပါ စမတ်ကတ် နည်းပညာပိုင်း ဆိုင်ရာများကို ရေးဆွဲခဲ့သည့် အင်ဖိုစစ် မြန်မာတက်က နော်လော်ဂျီ ၊ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းအေးက ပြောသည်။

“စက်တင်ဘာလ ၁ ရက်နေ့ကနေ စပြီးတော့ တစ်လကို ကားအစီးရေ ၁,၀၀၀ နှုန်း စီမံကိန်းနဲ့ ရောင်းသွားဖို့ရှိပါတယ်။ စည်ပင်သာယာရေး နယ်နမိတ် အတွင်းမှာ ရှိတဲ့ ၃၂ ဆိုင် မှာ အသုံးပြုလို့ရမှာပါ။ ဒီလိုလုပ်လိုက်တော့ ဒီကားက ဒီနေ့ ဆီထုတ်ဖို့ ရှိလားဆိုတာကိုသိရမယ်။ ဆီ တကယ်ထုတ်ချင်တဲ့ သူတွေ အတွက် ကောင်းတယ်။ ယာဉ်ပိုင်ရှင် ဟုတ် မဟုတ် စစ်လို့ရမယ်။ ဘယ်နေ့ ဘယ်နေရာမှာ ထုတ်ခဲ့လည်းဆိုတာကို သိရမယ်။ ၈ ဂါလံ ထုတ်ထားရင် နောက် ၃၊၄ ရက်လောက် ထုတ်လို့မရတော့ဘူး။ ကတ်တွေကိုတော့ ကျပ် ၁,၅၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 ရောင်းချပေးမယ့် နေရတွေကို မကြာခင် သက်ဆိုင်ရာက ထုတ်ပြန်ပေးသွားမှာပါ” ဟု ဦးဇော်မင်းအေး က ပြောသည်။

အဆိုပါ ဆီစာအုပ်များအား စမတ်ကတ် ပြောင်းလဲလိုသူများသည် စာအုပ်အသစ် ပြုလုပ်စဉ်ပုံစံအတိုင်း သက်ဆိုင်ရာ စာရွက်စာတမ်းများ နှင့် ပြောင်းလဲနိုင်မည်ဖြစ်သည်။
အဆိုပါ နိုင်ငံခြားမှ မှာယူထားသည့် စမတ်ကတ်များတွင် 1kb chipset ပါဝင်ကာ ယင်းကတ်ထဲ၌ ပိုင်ရှင်အမည်၊ ကားနံပါတ် အစရှိသော ယာဉ်နှင့် ပတ်သက်သော အချက်အလက် အသေးစိတ်ကို ရိုက်ထည့်ပေးထားသည်။

ထို့အပြင် ကတ်များ၏ အချက်အလက် လုံခြုံရေးပိုင်ဆိုင်ရာများကိုလည်း ဆင့်ပွားလို့မရအောင် နည်းပညာ အဆင့် ၁၆ ဆင့်ဖြင့် တားဆီးထားကာ သာမန်နည်းမျိုးဖြင့် ကတ်များ မကျိုးပျက်နိုင်အောင် ပြုလုပ်ထားသည်ဟု သိရသည်။

“ဒီကတ်တွေကို သုံးပြီးတော့ ဆီထုတ်မယ် ဆိုရင်တောင် ဆိုင်ကရောင်းချပေးတဲ့သူ လက်ဗွေနဲ့မှ ထုတ်လို့ရမှာပါ။ ကတ် တွေကိုပွားလို့ရခဲ့ရင်တောင်မှ အချက်အလက်တွေကို encrypt လုပ်လို့ရမှာမဟုတ်ပါဘူး။ သက်မှတ်ထားတဲ့ ဂါလံ ၇၀ ပြည့်ပြီဆိုတာနဲ့ ထုတ်လို့ရမှာမဟုတ်တော့ပါဘူး။ တကယ်လို့ ပိုထုတ်ထားတာတွေ့ရင် ဒါသူ အတုလုပ်ထားတာပဲ။ ဌာနတွေကလည်း အချိန်ပြည့် auto-check လုပ်လို့ရမှာပါ။ ကတ်တွေက ရေစိုလည်းခံတယ်၊ နောက် သာမန်နည်းနဲ့ ဘယ်လိုမှ ကျိုးသွားဖို့မရှိပါဘူး။ ကတ်ပျောက်၊ ပျက်စီးတာတွေရှိလာခဲ့ရင်လည်း စိစစ်မှုတွေ ပြုလုပ်ပြီးသွားရင် နေ့ချင်းပြီး ပြန်ထုတ်ပေးသွားလို့ရမှာပါ။ တာဝန်ရှိသူတွေက ဈေးနှုန်းတွေ နဲ့ ထုတ်ယူရမဲ့ နေရာကို သက်မှတ်ပေးပါလိမ့်မယ်။ နှစ်နာမှု တွေ မရှိအောင် ကတ်အဟောင်းက ကျန်ရှိနေသေးတဲ့ ပမဏကို ကတ်အသစ်မှာ ထပ်ပေါင်းထည့်ပေးသွားမှာပါ” ဟု ဦးဇော်မင်းအေး ကပြောသည်။

အင်ဖိုစစ် မြန်မာတက်ကနော်လော်ဂျီ မှ ပြီးခဲ့သည့် နှစ် ၂၀၁၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့ မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စက်သုံးဆီဆိုင်များကို ပုဂ0x081ဂလိကသို့ လွှဲပြောင်းခဲ့ပြီး နောက် အဆိုပါ ဖုန်းလိုင်းဖြင့် ချိတ်ဆက် ကာ အချိန်ပြည့် စောင့်ကြည့်မှု ပြုလုပ်နိုင်သည့် စက်ဆိုင်သုံး Software များကို စတင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ကတ်များကို စက်သုံးဆီဝယ်ယူရန် ယခုလ ၂၂ ရက်မှ စတင်ကာ ၃၁ ရက်နေ့အထိ စမ်းသပ်ကာလ အဖြစ် ယာဉ်စီးရေ ၅၀၀ ကို စတင်ပြောင်းလဲပေးခဲ့သည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီ လက်လီဝယ်ယူသုံးစွဲရသည့် နှုန်းမြင့်မားမှုမှာ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။
Source: Form Share Mail

ဧရာဝတီ ကယ်တင်ရေး စာပေအနုပညာနဲ့ လူမှုရေး ပညာရှင်တွေ တောင်းဆို

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောနိုင်တဲ့ ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ ကချင်ပြည်နယ် အတွင်းမှာ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ရွှေတူးဖော်ရေး စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ပျက်သွားမယ့် အန္တရာယ်ကနေ ၀ိုင်းဝန်း ကာကွယ်ကြဖို့ မြန်မာနိုင်ငံထဲက ထင်ရှားတဲ့ စာပေ အနုပညာရှင်တွေ အပါအ၀င် လူမှုရေး တက်ကြွ လှုပ်ရှားသူတွေက ဒီကနေ့ပဲ သမ္မတဆီ လိပ်မူပြီး တောင်းဆိုစာတွေ ပေးပို့လိုက်ပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထားတွေကို လိုက်လျော ဆောင်ရွက်ပေးမယ်လို့လည်း သူတို့ မျှော်လင့်ထားတဲ့အကြောင်း လက်မှတ်ရေးထိုး တောင်းဆိုသူတွေက ပြောပြကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ဧရာဝတီမြစ်မကြီးရဲ့ မြစ်ရေစီးကြောင်းတွေ ပုံမှန် မဟုတ်တော့တာ၊ နေရာ တော်တော်များများမှာ သဲသောင်ထွန်းတာတွေ အပါအ၀င် မြစ်ကမ်းပါးတွေ ပြိုလာတာတွေဟာ အရေးတကြီး အဆင့်မှာ တွေ့နေရတဲ့ ဆိုးကျိုးတွေ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက အဓိက ထောက်ပြကြပါတယ်။ ဧရာဝတီ မြစ်ဖျားခံရာ ကချင်ပြည်နယ်အတွင်း မြစ်ဆုံရေကာတာ စီမံကိန်းတွေနဲ့အတူ ရွှေတူးဖော်ရေး လုပ်ငန်းတွေကြောင့်လည်း တွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ ဧရာဝတီမြစ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အတွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုဆိုးလာနေတာမို့ ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီမြစ် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ လကတည်းက စတင်ခဲ့ကြတာပါ။ ဒါကြောင့် နိုင်ငံရဲ့ အစိုးရကလည်း ဧရာဝတီမြစ်ကြီးအတွက် ပူးပေါင်းကာကွယ်ဖို့ အစီအစဉ်မှာ ပါဝင်ဖို့ ဆိုပြီးတော့ ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ၊ လူမှုရေး လုပ်ငန်းတွေမှာ ဦးဆောင် လှုပ်ရှားနေသူတွေက သူတို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ လက်မှတ်ပေါင်း ၁,၆၀၀ ကျော်ကို ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ပါတယ်။
အခုလိုမျိုး လူထုရဲ့ ဆန္ဒနဲ့ အသံတွေကို နားထောင်ကာ နိုင်ငံရဲ့ အစိုးရက လိုက်လျော ဆောင်ရွက်ပေးမယ် ဆိုတာကို ယုံကြည်တဲ့အတွက် တောင်းဆိုမှုတွေမှာ ပါဝင် လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ မန္တလေးမြို့က စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။
“ဧရာဝတီမြစ်ကြီးပေါ်မှာ ဆည်ကြီးလည်း မဆောက်ရသေးဘူးပေါ့၊ အချိန်မရွေး ဒီဆည်ကြီးကို မဆောက်ဘဲနဲ့ အဲဒီစီမံကိန်းကို ရပ်တန့်လိုက်လို့ ရပါတယ်။ ဒါကြောင့် ဧရာဝတီကို ကယ်တင်မယ့် လှုပ်ရှားမှုဟာ အချိန်မီ လှုပ်ရှားမှုလို့ ကျနော် မြင်ပါတယ်။ တခုပဲရှိတယ်၊ ဆုံးဖြတ်ရမယ့် နိုင်ငံရဲ့ အကြီးအကဲပိုင်းပေါ့၊ တာဝန်ရှိသူပိုင်းကတော့ အချိန်မီ ဆုံးဖြတ်ဖို့တော့ လိုပါတယ်။
“ဒီနေ့ နိုင်ငံကို စီမံခန့်ခွဲနေတဲ့ အစိုးရကလည်း ပြည်သူလူထု သဘောထားကို အလေးအနက် ထားပြီးတော့ နားထောင်လိမ့်မယ်လို့ မျှော်လင့်လို့ အဲဒီ လှုပ်ရှားမှုမှာ ကျနော် ပါဝင်တာပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ အဲဒီဆန္ဒကို သူတို့ လေးလေးစားစားနဲ့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်လို့ ကျနော် လက်မှတ်ထိုးတာပါ။”
စာရေးဆရာ ကျော်ရင်မြင့် ပြောပြသွားတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဟာ ဘိုးဘွားဘီဘင်တွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်တာမို့ အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ဒီ ရှေးအမွေအနှစ်ကို ကိုယ့်လက်ထက်မှ ပျက်စီးမယ် ဆိုရင်တော့ သမိုင်းမှာ အလွန်ညံ့ရာ ကျနေပြီလို့ စာရေးဆရာ ဦးအောင်သင်းက ဆိုပါတယ်။ ဆရာ ဦးအောင်သင်းဟာလည်း ဒီတောင်းဆိုမှုထဲမှာ လက်မှတ်ရေးထိုး ပါဝင်သူတဦး ဖြစ်ပါတယ်။
“ဘ၀ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာ အလွန် လုံလောက်ရမှာဗျ။ ဧရာဝတီမှာ ပါဝင်ခဲ့တာပဲ။ ဒီ့ပြင်တိုင်းပြည်မှာ ဒီမြစ်မျိုး ရှိတာမဟုတ်ဘူး။ အလွန် ရှိဖို့ခက်တယ်။ တကယ်တန်ဖိုးရှိတဲ့ ပစ္စည်းကြီးပါ။ အဲဒါကို မထိန်းသိမ်းတတ်ရင် ကျနော်တို့ ညံ့လို့ပေါ့။ ဟိုးအရင်တုန်းကဆိုရင် မြစ်ရေတင်တဲ့ စိုက်ပျိုးရေး မလုပ်ရဘူးဆိုတာ မြစ်ကို ထိခိုက်မှာစိုးလို့။ နောက်တခုက တံတားတွေဘာတွေ ဆောက်ချင်တိုင်း ဆောက်လို့ မရဘူး။ တံတားရဲ့ တိုင်တွေဘာတွေက သဲတွေကို သောင်တွေဘာတွေ ထွန်းစေတဲ့အတွက် အဲဒါကြောင့် တံတားကို ထိုးချင်တိုင်းထိုးလို့ မရပါဘူး။
“ဒီဘက်မှာတော့ ထိုးချင်တိုင်းထိုး၊ အဲဒီတော့ အားလုံး ပတ်ဝန်းကျင်ကလည်း ၀ိုင်းပြီး ပြောကြ ပြုကြ ဘယ်လိုဖြစ်ကုန်မှန်း မသိဘူး။ ကျနော် ဧရာဝတီမြစ်ကို သိပ်တန်ဖိုးထားပါတယ်။ ကျနော့်အသက်ပဲ၊ ကျနော့်သားသမီးတွေရဲ့ အသက်ပဲ၊ ကျနော့် ဘိုးဘွားတွေရဲ့ အသက်ပဲ။ အများကြီး လုပ်ရလိမ့်မယ်။ နောက်ကျတယ်လို့ထင်တယ်။”
စာရေးဆရာ ဦးအောင်သင်း ဧရာဝတီနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီကို ထာဝရ ရှင်သန်လိုသူများဆိုတဲ့ လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားတွေက ဦးဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းပေါ်က စီမံကိန်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်က အချိန်မီ ပြန်လည် စဉ်းစားရေးအတွက် ဆိုပြီးတော့လည်း ပြီးခဲ့တဲ့လက သမ္မတဆီကို စာရေးသား ပေးပို့ထားပါတယ်။
အခုလိုမျိုး စာရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတင် မကဘဲ ဧရာဝတီမြစ် ၀န်းကျင်မှာ နေထိုင်ကြသူတွေအတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေး ပညာပေး သင်တန်းတွေနဲ့ပါ သူတို့ရဲ့ လှုပ်ရှားမှုကို စတင်နေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုမြတ်သူက ပြောပါတယ်။
“လောလောဆယ်တော့ အစိုးရဘက်က တုံ့ပြန်တာ တစုံတရာ မတွေ့ရသေးပါဘူး။ လက်မှတ်တွေ တင်တာတင် မဟုတ်ဘဲနဲ့ ပြည်သူလူထုကလည်း ဒီမြစ်ကြီးပေါ်မှာ အာရုံစိုက်မှု ပိုများလာအောင်၊ နောက် ဒီမြစ်ကြီးရဲ့ Effect က ပြည်သူလူထုအပေါ်မှာ ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိအောင် ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ပြည်သူလူထုကို ပိုပြီးတော့ အသိပညာပေးတဲ့ လုပ်ငန်းတွေ၊ ကျနော်တို့ လူငယ်တွေနဲ့ ထိတွေ့တာတွေ၊ ပြောဆို စည်းရုံးတာတွေ၊ ဒါမျိုးတွေ ရှိပါတယ်။”
ဧရာဝတီ ထာဝရ ရှင်သန်လိုသူများ လှုပ်ရှားမှုကို ဦးဆောင်သူထဲက တဦးဖြစ်တဲ့ ကိုမြတ်သူ ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရဘက်ကတော့ ဒီမြစ်ဆုံ စီမံကိန်းတွေကနေ နိုင်ငံတ၀န်း လျှပ်စစ်ဓာတ်အားတွေ ပေးနိုင်မှာ ဖြစ်သလို ဒီစီမံကိန်းတွေကနေ မြစ်ကို အမှီပြုနေတဲ့ လုပ်ငန်းတွေ မထိခိုက်တဲ့အကြောင်း အစိုးရ သတင်းစာတွေကနေ ရေးသားပါတယ်။
မကြာသေးခင်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း နိုင်ငံတော် အစိုးရဟာ ဧရာဝတီမြစ်ကို ချစ်သလို တန်ဖိုးထားပါတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဧရာဝတီမြစ်မှာ စနစ်တကျ စီမံကိန်းတွေ ရှိဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက် လိုက်နာမှုတွေနဲ့အတူ ဒီမြစ်ကြောင်းကြီးကို အားလုံး ပူးပေါင်း ကာကွယ်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လက ပန်ကြားချက်တစောင် ထုတ်ပြန်ထားပါတယ်။

Source: VOA

မြန်မာလူငယ်တွေ တရားဝင် လူကုန်ကူး ခံနေရပြီ




20110829a
မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်းမြို့ ဆိပ်ကမ်း
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ကျပ်ငွေ ငါးသိန်းနဲ့အထက် အကုန်အကျခံပြီးတော့ တရားဝင် လာခဲ့ကြပါလျှက် ရန်ကုန်၊ ကော့သောင်းမှာရှိတဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ပွဲစား ကုမ္ပဏီတွေ၊ ထိုင်း-မြန်မာ နယ်စပ်က မြန်မာနိုင်ငံကူး စာအုပ် ထုတ်ပေးရေး အစိုးရ ၀န်ထမ်းတွေနဲ့ ထိုင်းက ပွဲစားကုမ္ပဏီတွေ ပူးပေါင်းပြီးတော့  တရားဝင် လူကုန်ကူး နေကြတာကို ကိုယ်တိုင် ခံနေကြရတဲ့ မြန်မာ အလုပ်သမားတွေက ပြောပြကြပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် လက်မှတ်တွေ မရှိတဲ့ မြန်မာအလုပ်သမားတွေ လုံခြုံ စိတ်ချမှု မရှိတာကို ကြားဖူးနားဝ ရှိနေပြီ ဖြစ်ကြတဲ့ မြန်မာ အတော်များများဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အစိုးရတရားဝင် ပို့ဆောင်နေတဲ့ နေရာနဲ့ ပုဂ္ဂလိက ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေက လာနေကြပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ကနောင်လမ်း အိမ်အမှတ် (၃၃၀)မှာ ဖွင့်လှစ်ထားတဲ့ ရွှေပင်လယ် ကုမ္ပဏီက ဦးသန်းတင်ကို  အလုပ်သမားတွေက တစ်ဦးလျှင် ကျပ်ငွေ သုံးသိန်းမှ လေးသိန်းခွဲ ပေးချေခဲ့ကြပြီး ဖြစ်ပါတယ်။ အလုပ်သမား (၅၇)ယောက်ကို ဒီကုမ္ပဏီက တစ်ဆင့် ကော့သောင်း နိုင်ငံကူးလက် မှတ်ထုတ် ပေးရေးရုံးသို့ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်နေ့က ကော့သောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ၀န်ထမ်းတွေ ဖြစ်ကြတဲ့ လူဝင်မှု ကြီးကြပ်ရေး (လ၀က)မှ အရာရှိ ဦးနေမျိုးဝင်း၊ အလုပ်သမား ၀န်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေးနဲ့ ရဲအုပ် တစ်ဦးတို့က အဲဒီ အလုပ်သမားတွေကို ထိုင်းက နေရပ်လိပ်စာ မသိတဲ့ PMP  sup construction ထိပ်တန်း ပန်းရံ လုပ်ငန်းဆိုတဲ့ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အလုပ်သမားတွေထဲက မအူပင်က အလုပ်သမား တစ်ဦးဖြစ်တဲ့ ကိုမျိုးသီဟထွန်းက “ကျနော်တို့ကို ကော့သောင်း အလုပ်သမား ၀န်ကြီးဌာန ဦးစီးမှူး ဒေါ်ခင်အေးက ထိုင်းဘက်က PMP ကုမ္ပဏီပိုင်ရှင် စံစူဝံ ဆိုသူရှေ့မှာ လိုက်နာရမယ့် စည်းကမ်းတွေ ကျနော်တို့ ပေးဆပ်ရမယ့်ငွေနဲ့ ကျနော်တို့ ရရှိမယ့် လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေးတွေကို ဖတ်ပြတယ်။ ဒါပေမယ့် ဒီဘက်ကို ရောက်တဲ့အခါ တခြားစီဖြစ်နေတယ်’’လို့ ပြောပြပါတယ်။
ဦးစီးမှူး ဒေါ်ခင်အေး ဖတ်ပြစဉ်က ထိုင်းဘက်အခြမ်း ၀န်ဆောင်ခ ဘတ်ငွေတစ်သောင်း ပေးရမယ်လို့ ပြောခဲ့ပေမယ့် လုပ်ငန်းခွင်ကို ရောက်တဲ့အခါ ဘတ်ငွေ (၁၈၅၈၀)ဘတ် ပေးဆပ်ရမယ်လို့ ထိုင်းသူဌေးက ပြောနေပြီး တစ်လကို ဘတ်တစ်ထောင်စီ ဖြတ်မယ်လို့ မူလက ပြောခဲ့ပေမယ့် အခုကျတော့ တစ်ယောက်ကို ဘတ်ငွေ (၂၀၀၀)စီ ဖြတ်တောက် ခံနေရတယ်။ တစ်နေ့ လုပ်အားခ ဘတ် (၃၀၀)ရရှိမယ်လို့  ပြောခဲ့ပေမယ့် လက်တွေ့မှာ (၂၁၅)ဘတ်ပဲ ရပါတယ်။ စားစရိတ်နဲ့ အနိုင်နိုင် ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ပြီးတော့ တစ်ပတ်ကို တစ်ရက် နားရမယ်ဆိုတာ လက်တွေ့မှာ နှစ်ပတ်မှ တစ်ရက် နားခွင့်ရတယ်။ ပတ်စ်ပို့ တွေကိုလည်း သိမ်းထားတာမို့ အပြင်ကိုလည်း ထွက်လို့မရပဲ အချိန်ပြည့် အလုပ်လုပ်နေ ကြရတယ်လို့ ဆိုပါတယ်။
ကော့သောင်းရုံးက မြန်မာအစိုးရ တာဝန်ရှိသူတွေက တရားဝင်သလို လုပ်ပေးခဲ့ပေမယ့် ထိုင်းဘက်ကို ရောက်တဲ့အခါ ကော့သောင်း ရုံးမှာ စာချုပ် ချုပ်ဆိုခဲ့တဲ့ PMP ကုမ္ပဏီက လူဆိုတာကို လုံးဝ မတွေ့ရတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမား (၅၇)ဦး အနက် (၂၅)ဦးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့ karon (ကရွန်) လမ်းမကြီး ဘေးမှာရှိတဲ့ katanoi က တနွိုင် All Star ကုမ္ပဏီ ပန်းရံဆိုဒ်မှာ လုပ်ကိုင် နေကြရပါတယ်။
ဒီလို အနေအထားကို သဘောပေါက်လာတဲ့ ကိုမျိုးသီဟထွန်းက “ရွှေပင်လယ် ကုမ္ပဏီနဲ့ ကော့သောင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးက ၀န်ထမ်းတွေနဲ့ PMP ကုမ္ပဏီတို့ ပေါင်းပြီးတော့ ထိုင်းဘက်ကို လူကုန်ကူး လိုက်တာ ဖြစ်တယ်။ PMP ကုမ္ပဏီကတစ်ခါ ထပ်ပြီးတော့ ALL Star ပန်းရံ ကုမ္ပဏီကို ရောင်းစား လိုက်တာ ဖြစ်တယ်’’လို့ ရင်ထုမနာ ပြောပြပါတယ်။
ဒီလူငယ်ဟာ ခေတ်ပညာတတ်သူ တစ်ယောက် ဖြစ်တာကြောင့် ထိုင်းအခြေစိုက် UNIAP အပါအ၀င် အဖွဲ့အစည်း အတော် များများကို ဆက်သွယ် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နောက်ဖြစ်စဉ် တစ်ခုက ရန်ကုန်မြို့ အမှတ် (၁၃၀) ဆူးလေး ဘုရားလမ်း၊ ကျောက်တံတား မြို့နယ်က မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်နိုင်နဲ့ ဒေါ်စန်းစန်းအေး (နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး ရဲဝံ့နဂါး ကုမ္ပဏီ)က ထိုင်း-မလေးရှား  နယ်စပ် တရံမြိ့ မှာရှိတဲ့ ရာဘာ ထုတ်လုပ်တဲ့ အလုပ်ရုံသို့ မေလ (၂၇)ရက်နေ့က အလုပ်သမား (၃၈)ဦးကို ပို့ဆောင်ခဲ့ပါတယ်။
ရန်ကုန်မြို့၊ ရဲဝံ့နဂါးကုမ္ပဏီမှာ ပြောဆိုခဲ့တဲ့ အလုပ်နဲ့ လုပ်အားခတို့ မဟုတ်ပဲ အနံ့အသက် ဆိုးဝါးပြီး အန္တရာယ်များတဲ့ ရာဘာကြိုတဲ့ အလုပ်၊ ရာဘာထုတ် ထုတ်တဲ့အလုပ် ဖြစ်နေတာကြောင့် အလုပ်သမားတွေက မလုပ်နိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ဇွန်လ (၂)ရက်နေ့မှာ အလုပ်သမားတွေရဲ့ ပတ်စ်ပို့တွေကို အလုပ်ရုံက သိမ်းထားလိုက်ပြီး အလုပ်သမားတွေကို မောင်းထုတ်လိုက်ပါတယ်။
ဒီအလုပ်သမားတွေဟာ မလေးရှားကို သွားဖို့အတွက် ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းမှာရှိတဲ့ အစိုးရ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး အနီးမှာရှိတဲ့ “သုခစုစံ” ဆိုတဲ့ ကုမ္ပဏီမှာ ကျပ်တစ်သိန်း ပေးပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ကတည်းက ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် တင်ထားခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မေလ ရောက်လာသည့် တိုင်အောင် အဆင်မပြေတာကြောင့် ကျပ်တစ်သောင်းစီ အဆုံးရှုံးခံကာ ကျန်ငွေကိုပြန်လည် တောင်းခံခဲ့ကြပြီး ရဲဝံ့နဂါး ကုမ္ပဏီသို့ ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအလုပ်သမားတွေဟာ လပေါင်းများစွာ ရန်ကုန်နဲ့ ကော့သောင်းမှာ ပြည်ပ ထွက်ခွာ အလုပ်လုပ်ရဖို့အတွက် စောင့်ခဲ့ ကြရတာကြောင့် ကျပ်ငွေ ဆယ်သိန်းထက် မနည်း ကုန်ကျခဲ့ကြပြီလို့ ပြောကြပါတယ်။ ဒီငွေကြေးတွေ ရဖို့အတွက် မိဘတွေမှာ ရှိတဲ့ ရွှေနဲ့ လယ်မြေတွေကို ရောင်းချ ပေါင်နှံ ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပြည်ပမှာ တရားဝင် အလုပ်လုပ်ရရင် အဆင်ပြေမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာခဲ့ကြတဲ့ မြန်မာ အလုပ်သမားတွေ အခုတော့ ထိုင်းနိုင်ငံထဲမှာ တရားမ၀င် အလုပ်သမားအဖြစ်နဲ့ ခိုးချောင် ခိုးဝှက်ဘ၀နဲ့ ရရာအလုပ်ကို လုပ်ကိုင် နေကြရတယ်။ အချို့များဆို ငါးဖမ်းလှေပေါ်သို့ ရောင်းစား ခံလိုက်ရသေးတယ်လို့ ကြားသိရတယ်။
မိသားစုမှာ ရှိတာတွေကို ထုခွဲရောင်းချ အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်ပြီး လာခဲ့ကြရတဲ့ မြန်မာ အလုပ်သမားတွေ ဒီလို မတရားသဖြင့် ခံနေကြရတာကို ဘယ်သူတွေများ ကယ်တင် ကူညီနိုင်ကြမလဲ။
မြန်မာပြည်မှာ အလုပ်လက်မဲ့ ဘ၀နဲ့ မြန်မာလူငယ်တွေ ဘယ်လောက်ကြာကြာ နေကြရအုံးမလဲ။ နေ့စဉ် နေ့တိုင်း မြန်မာ နယ်စပ်တွေမှာ ဘယ်လောက်အထိ လူကုန်ကူး ခံနေကြရသလဲ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်နေပြီလဲ။ ဒီလို လူကုန်ကူး ခံရတဲ့ သံသရာက ဘယ်တော့ လွတ်မြောက် နိုင်မလဲ။ ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာတွေ လူကုန်ကူး ခံနေကြတာကို ထိုင်းနဲ့ မြန်မာအစိုးရ၊ ဒါ့အပြင် ကုလသမဂ္ဂတို့က ဘယ်လောက်အထိ ဆက်လက်ပြီး မသိချင်ယောင် ဆောင်နေ ကြဦးမလဲ။ ဒီအဖွဲ့တွေ ထုတ်ပြန်ထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ဆိုတာကော ဘယ်လို ဟာမျိုး ပါလိမ့် ဆိုပြီး အလုပ်သမားတွေ သိချင် နေကြပါတယ်။
ပြည်ပကို ထွက်ပြီး အလုပ်လုပ်ချင် သူတွေဆီက အကျိုးအမြတ်ကို ရယူထားလိုက်ပြီးတော့ ထိုင်းဘက်ကို ရောင်းကုန်ပစ္စည်း တစ်ခုလို ဖြစ်ချင်ရာဖြစ် ကိုယ်သားသမီး မိသားစု မဟုတ်ဘူး ဆိုတဲ့ စိတ်ထားတွေနဲ့ လုပ်နေကြတဲ့ မြန်မာပြည်က တရားဝင် ကုမ္ပဏီတွေနဲ့ ထိုင်း-မြန်မာ နယ်စပ်က နိုင်ငံဝန်ထမ်းတွေ ပူးပေါင်းပြီး လူကုန်ကူး နေကြတဲ့ လူကုန်ကူးမှု ကွန်ယက်တွေကို မြန်မြန်ဆန်ဆန် ဖော်ထုတ် အရေးယူ နိုင်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ကျော်သောင်း
၂၀၁၁ သြဂုတ်လ (၂၉)ရက်
Source: Grassroots Human Right

မသမာသော အေဂျင်စီ အမည်နှင့် ဝန်ထမ်းများကိုပါ နာမည်ပျက်အဖြစ် တရားဝင် ကြေညာသွားရန် မလေးရှားသံရုံး စီစဉ်နေ

မသမာသောနည်းလမ်းများ အသုံးပြု၍ ဗီဇာလျှောက်ထားခြင်း နှင့် အခြား အလွဲသုံးစားမှုများ ပြုလုပ်ပါက ကုမ္ပဏီနာမည်သာမက ဝန်ထမ်းအားလုံးကိုပါ နာမည်ပျက် စာရင်းသွင်းကာ တရားဝင်ထုတ်ဖော် ကြေညာရန် မလေးရှားသံရုံးမှ စီစဉ်နေကြောင်း ကျောက်တံတား မြို့နယ်ရှိ အေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မလေးရှားသံရုံး၌ Black List သတ်မှတ်ထားသော ကုမ္ပဏီ ၃ခုရှိနေပြီး တရားဝင်ထုတ်ဖော် ကြေညာရန် ပြင်ဆင်နေကြောင်း ၄င်းကပြောသည်။ ”အရင်ကလည်း ဒီလို Black Listလုပ်ထားတဲ့ ကုမ္ပဏီတွေသံရုံးမှာပဲ အသိပေးကပ်ထားတတ်တယ်။ အခုက မရတော့ဘူး။ မရိုးမဖြောင့် လုပ်တဲ့ကုမ္ပဏီဆိုရင် MD ကအစရှိသမျှ ဝန်ထမ်းအားလုံးကို အမည်ပျက် စာရင်းသွင်းမယ်။ သံရုံးမှာလည်း ကပ်ထားမယ်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကိုလည်း အကြောင်းကြားမယ်။ အဲဒါအပြင် မလေးရှားအစိုးရနဲ့ အေဂျင်စီတွေကိုလည်း စာရင်းပို့မယ်လို့ ပြောတယ်။ ဘာမှဆက်လုပ်ခွင့် မရှိတော့ဘူးပေါ့” ဟု ၄င်းကဆိုသည်။ မလေးရှားသံရုံး အနေဖြင့် ၂ဝ၁၁ ခု၊ သြဂုတ်လ ၂၆ ရက်တွင် လိုင်စင်ရအေဂျင်စီများအား ဖိတ်ကြား၍ အပြောင်းအလဲ လုပ်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်း လင်းရာ၌ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ မလေးရှား အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အချို့မှာ ၂ဝ၁၁ ခု၊ မတ်လအတွင်း KDM အတုများဖြင့် ဗီဇာရယူကာ မလေးရှားသို့ လုပ်သားစေလွှတ်သည့် အမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း မလေးရှား သံရုံးအနေဖြင့် စည်းမျဉ်းများ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ယခုအခါ ပိုမို တင်းကြပ်လာခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။ ၄င်းအပြင် သံရုံးရှိ ဝန်ထမ်းဦးရေကို တိုးမြှင့်သွားမည်ဖြစ်ပြီး အေဂျင်စီများ၏ မသမာမှုများနှင့် အခက်အခဲ များကို မည်သူမဆိုတိုင်ကြားနိုင်ကာ သံရုံးနှင့်ပတ်သက်၍ သိလိုသည် များကိုလည်း တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း သိရသည်။ ”သူတို့က အခု ဗီဇာလျှောက်တဲ့အခါမှာလည်း မမှန်မကန်လုပ်စားလာကြတော့ အားလုံးကိုစနစ်တကျ စိစစ်ကိုင်တွယ်သွားဖို့ အစီအစဉ်ချလာတယ်။ နောက်တစ်ခုက လာဘ်ပေးလာဘ်ယူ မှုတွေကိုလည်း ခွင့်မပြုဘူး။ လာဘ်ထိုးတာတွေ၊ လက်ဆောင်ပစ္စည်း ပေးတာတွေကိုလည်း လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သော အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ၄င်းအပြင် အေဂျင်စီများနှင့် အပတ်စဉ်တွေ့ဆုံရန် စီစဉ်ထားပြီး မလေးရှား သံရုံးအနေဖြင့် လက်ခံ ရရှိသည့် တိုင်ကြားမှုများကို စီအိုင်ဒီ အဖွဲ့နှင့်ပုံမှန်တွေ့ဆုံကာ စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခွန်းဆက်
Popular News

ငြိမ်းကော်မတီကို တိုင်းရင်းသားများ ကြိုဆို




တိုက်ပွဲကြောင့် အိုးအိမ်ပစ် တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် တွေ့ရပုံ။ ပြည်တွင်း၌ တိမ်းရှောင်နေသူများ ရှိသကဲ့သို့ နယ်စပ်ဒေသ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးရသူများလည်း အများအပြား ရှိနေသည် (ဓာတ်ပုံ - FBR)

ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းရေးအတွက် အမျိုးသားလွှတ်တော်က အတည်ပြုခြင်းကို တိုင်းရင်းသားခေါင်းဆောင်များက ကြိုဆိုလိုက်ပြီး လက်တွေ့ အကောင်အထည် ဖော်ရန် တိုက်တွန်းလိုက်ကြသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးထွန်းလွင်က “မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အမြဲတမ်း ကော်မတီတရပ် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတရပ် တင်သွင်းခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်မည် ဆိုလျှင် အစိုးရက တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တရားဝင်ကြေညာပေးခြင်း၊ ဆွေးနွေးရာ၌ ပြည်နယ်အဆင့် မဟုတ်ဘဲ  လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိသော ပြည်ထောင်စုအဆင့်အစိုးရနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့်များ အတိုင်းအတာ တခုအထိ ရရှိမှသာ ငြိမ်းချမ်းရေးဖော်ဆောင်မှု  အောင်မြင်နိုင်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

“တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူး၊ အစိုးရက ဖွဲ့စည်းပုံကို ဘယ်လောက်အထိ ကျော်ပြီးလုပ်နိုင်မလဲ၊ အစိုးရက ဖွဲ့စည်းပုံအတိုင်း ဆွေးနွေးမယ် ဆိုတော့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး၊ ၁၉၆၉ ခုနှစ်ကလည်းပဲ ဆွေးနွေးခဲ့ပေမယ့် ဖွဲ့စည်းပုံကို အစိုးရက ပြင်မပေးနိုင်လို့ ငြိမ်းချမ်းရေး ပျက်ခဲ့ရတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်းမည့် အစီအစဉ်ကို  သံသယဖြင့် ကြိုဆိုလိုက်သည်။

“မြန်မာအစိုးရက စေတနာအမှန်နဲ့ လုပ်မယ် ဆိုရင် ကြိုဆိုပါတယ်၊ ဒါပေမယ့် ဘယ်လိုစည်းမျဉ်း၊ စည်ကမ်းတွေနဲ့ လုပ်မယ် ဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်ဖိုးရာစိန်က ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး  ဦးလနန်က ကော်မတီဖွဲ့စည်းခြင်းကိစ္စသည် အစိုးရ၏ လုပ်ရပ်သာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှသာ ငြိမ်းချမ်းရေး ဖော်ဆောင်မည် ဆိုပါက ထူးခြားမှု တစုံတရာ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ပြောဆိုသည်။

“ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တာ၊ မနိုင်တာက ဗဟိုအစိုးရရဲ့ ဘယ်အတိုင်းအတာထိ လိုက်လျောပေးမယ် ဆိုတဲ့အပေါ် မူတည်တယ်၊ မျှော်လင့်ချက်တော့ သိပ်မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

ငြိမ်းချမ်းရေးကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော သမ္မတဦးသိန်းစိန်အစိုးရက ပြောဆိုခြင်းဖြစ်၍ ဦးသိန်းစိန် အနေဖြင့် စစ်တပ်အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံမှု ရမှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မည်သည့် အချိန်၌ ကော်မတီ ဖွဲ့စည်းပြီး၊ မည်သည့် ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရမည် ဆိုသည်ကို မသိရသေးပေ။

ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးအဆိုအား အရပ်သား ကိုယ်စားလှယ်များအပြင် စစ်တပ်ကိုယ်စားလှယ်ကပါ ထောက်ခံခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း၌ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးသဖြင့် နိုင်ငံတိုးတက်မှု မရှိကြောင်း စစ်တပ်ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်ကြီးက လွှတ်တော်တွင် ထောက်ခံဆွေးနွေးခဲ့သည်။

ကော်မတီ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အများပြည်သူ လေးစားသော ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ် စားလှယ်များ ပါဝင်ရေးကို စစ်တွေ မဲဆန္ဒနယ်အမှတ်(၁) မှ ဒေါက်တာ အေးမောင်က ဆွေးနွေးခဲ့သည်။

အစိုးရက ဦးဆောင်မည့် ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရနိုင်ချေ နည်းပါးကြောင်း ယူဆသူများလည်း ရှိသည်။

“ဘယ်သူတွေပါတယ် ဆိုတာထက် ငြိမ်းချမ်းရေး ဖော်ဆောင်တာကို လက်တွေ့ လုပ်ပြဖို့၊ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ဖို့က အဓိက ကျပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို မကြာခဏ တောင်းဆိုနေသော စာရေးဆရာကြီး ဒဂုန်တာရာ၊ ၀ါရင့်နိုင်ငံရေးသမားနှင့် သံတမန်ဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းတို့ကိုလည်း ကော်မတီ၌ ထည့်သွင်းသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည်။

အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များ ပါဝင်ခွင့်ရမည်ဆိုပါက လက်ခံကြိုဆိုမည်ဖြစ်ကြောင်း၊ အကြံဉာဏ်တောင်းခံလျင်လည်း ပေးမည်ဖြစ်ကြောင်း သခင်ချန်ထွန်းက ပြောလိုက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အမြန်ဆုံး လုပ်ဆောင်သင့်ပြီဟု  တိုက်တွန်းလိုက်သည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်ဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာကတော့ လက်ရှိအာဏာ ရနေတဲ့ ဦးသိန်းစိန် အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟု ဦးချန်ထွန်းက ဆိုသည်။

ထာဝရ ငြိမ်းချမ်းရေး ကော်မတီ ပေါ်ပေါက်လာမည် ဆိုပါက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ လက်အောက်တွင် ဆောင်ရွက်ရမည်ဖြစ်သည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ၏ ဥက္ကဋ္ဌမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးသိန်းဇော် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစပြီး လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာပြီး ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင် အစိုးရက လက်နက်ကိုင်အဖွဲ့အများအပြားနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ခဲ့သော်လည်း ယနေ့အချိန်အထိ တည်ငြိမ်အေးချမ်းမှု မရှိသေးပေ။ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိသည်။

Source: ဧရာဝတီ

မြစ်ဆုံအရေး တရားလွှတ်တော်ချုပ်တွင် မေးမည်

ကချင်ပြည်နယ်တွင် တည်ဆောက်နေသော မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြသော နိုင်ငံရေးပါတီတချို့နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့က လက်ရှိ အခြေအနေမှန်သိရှိရေးအတွက်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အရေးဆိုရန် ပြင်ဆင်နေကြသည်။




MM-Irrawaddy-Dam
ဧရာဝတီတွင် တည်ဆောက်မည့် မြစ်ဆုံရေကာတာ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw TarGyi)
ဧရာဝတီမြစ် ကယ်တင်ရေးနှင့် မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ရေးအတွက် လှုံ့ဆော်နေကြသော်လည်း ယခုမှ ဥပဒေကြောင်းအရ စတင် လုပ်ဆောင်ခြင်း ဖြစ်သည်။

“မြစ်ဆုံဆည် စီမံကိန်း၊  ဧရာဝတီ မြစ်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဖြေကြား ပေးဖို့ တောင်းဆိုတဲ့ ရှေ့တော်သွင်း စာချွန်လွှာ လျှောက်ထားဖို့ လုပ်တာပါ” ဟု စီစဉ်နေသူတဦး ဖြစ်သည့် ဦးဝင်းချိုက ဧရာဝတီကို ယနေ့ ပြောပြသည်။

ရှေ့တော်သွင်းစာချွန်လွှာ တင်သွင်းတာဟာ တရားစွဲခြင်း မဟုတ်ကြောင်း၊ နိုင်ငံသားတဦးသိလိုသည့် အခြေအနေကို မေးမြန်း လျှောက်ထားခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့် ရှေ့နေကြီးဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  နိုင်ငံသားအခွင့်အရေး ကိစ္စများ ပါရှိရာ နိုင်ငံသားတဦး သိရှိလိုသည့် အကြောင်းအရာများကို  ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံတွင် စာချွန်လွှာ တောင်းခံ လျှောက်ထားပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ရှေ့တော်ပြေးစာချွန်လွှာ တင်သွင်းနိုင်ရေးအတွက် ဦးဝင်းချိုက လွှတ်တော် ကိုယ်စားလှယ်များထံ ယနေ့ အိတ်ဖွင့်ပေးစာ  ပေးပို့လိုက်သည်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခဲ့ကြသူများဖြစ်သည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးဝင်းချို၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ဒေါ်ဘောက်ဂျာ၊ သံလျင်မြို့နယ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မှ ဦးစိုးကြည်၊ ကြည့်မြင်တိုင်မြို့နယ်မှ ဦးအောင်မျိုးဦး၊ ဗိုလ်တထောင်မြို့နယ်မှ ဦးမင်းအောင် တို့က ပူးပေါင်း စီစဉ်နေခြင်း ဖြစ်သည်။

ဥပဒေရေးရာ အကြံပေးနိုင်ရန်အတွက် ရန်ကုန်မြို့မှ ရှေ့နေ ဦးဟန်ရှင်ဝင်းက တာဝန်ယူထားသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ က၊ခ၊ ဂ၊ ဃ တွင် ဖော်ပြထားသည့် နိုင်ငံသား အခွင့်အရေးအတိုင်း တရားဝင် ဆန္ဒဖော်ထုတ်ခွင့်ကို ၎င်းတို့က ဇွန်လ ၅ ရက်နေ့တွင် တောင်းဆိုထားသည်။ သို့သော် သက်ဆိုင်ရာက ပယ်ချလိုက်ပြီး ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် စာဖြင့် တရားဝင် အကြောင်းပြန်ခဲ့သည်။

စီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီး ပျောက်ကွယ်မည့် အန္တရာယ်မှ ၀ိုင်းဝန်း ကာကွယ်ကြရန် နိုင်ငံတ၀န်းလုံး  လက်မှတ်ထိုး ပူးပေါင်း တောင်းဆိုသည့် အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်ဟု ကိုမြတ်သူက ပြောသည်။

ယမန်နေ့ကလည်း “ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ” အနေဖြင့် ဆန္ဒဖော်ထုတ်သူ တထောင်ကျော်၏ လက်မှတ်များကို  သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်း ဦးဆောင်လှုပ်ရှားသူများထဲတွင် ပါဝင်သည့် ကိုမြတ်သူက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ မနေ့က လက်မှတ်ပေါင်း ၁၆၀၀ ကို ရန်ကုန်စာတိုက်ကြီးကနေ သမ္မတဆီကို ပို့လိုက်ပါတယ်။ ဒုတိယ သမ္မတ နဲ့ ကျန်တဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကိုလည်း မြစ်ဆုံ အန္တရာယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်ကြောင်း စာတွေကို မိတ္တူပို့ထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သည့် ကိုမြတ်သူက ရှင်းပြသည်။

လက်မှတ်ထိုးသူများတွင် ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ကိုကျော်သူ၊ ဒေါ်သန်းမြင့်အောင်၊ ဦးအောင်သင်း၊ ဇော်ဇော်အောင်၊  မောင်ဝံသ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော် စသည့် နိုင်ငံရေး၊ စာပေနှင့် အနုပညာနယ်ပယ်များမှ ထင်ရှားသူများလည်းပါဝင်ကြောင်း ကိုမြတ်သူက ဆက်ပြောသည်။

ထပ်မံ စုဆောင်းရရှိသည့် လက်မှတ်များကိုလည်း သမ္မတထံ ဆက်လက် တင်ပြသွားမည်ဟု ဆိုသည်။

Source: ဧရာဝတီ

ဒေါ်လာ ဝယ်ယူမှု များလာသောကြောင့် ဈေးတက်

အမေရိကန်ဒေါ်လာကို အစိုးရအာဏာပိုင် အသိုင်းအ၀န်းနှင့် စီးပွားရေးသမားများက ပြန်လည် ၀ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန်တက်လာကြောင်း သတင်းရရှိသည်။

စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရ၀န်ကြီးများနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင် အသိုင်းအ၀န်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ ကြား ထားရှိ သတ်မှတ်သင့်သည်ဟု မကြာခဏ ပြောဆိုခဲ့ပြီးနောက် အစိုးရ အာဏာပိုင် အသိုင်းအ၀န်းကြား ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ ထို့အပြင် အစိုးရ စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများနှင့် သားသမီးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးသမားများက ဈေးကွက်မှ ဒေါ်လာများကို ၀ယ်ယူကြသဖြင့် ဒေါ်လာဈေး ပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။




Myanmar_and_U.S._banknotes
(ဓာတ်ပုံ - AP)

“တဒေါ်လာ ၉၀၀ နဲ့ ၁၀၀၀ ကြား သတ်မှတ်လိုက်ရင် အခုအချိန် ဈေးအနိမ့်နဲ့ ဒေါ်လာဝယ်ထားတဲ့သူက အမြတ်ရဖို့ သေချာတယ်။ အစိုးရကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလိုပြောနေတာတွေကြောင့် ဒေါ်လာဝယ်လိုအား ပြန်တက်တာ” ဟု ရန်ကုန် ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။

ထို့အပြင် စက်မှု ၂ ၀န်ကြီးဌာနက လိုင်စင်မဲ့ Super Custom ကားများအား အမေရိကန် ဒေါ်လာ ၁၃၀၀၀၊ မော်ဒယ်မြင့် အံစာတုံးပုံစံ Hi-Aceတစီးလျှင် ဒေါ်လာ ၂၀၀၀၀ အသီးသီး လိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟုဆိုကာ စက်တင်ဘာ လဆန်းပိုင်းတွင် ဒဏ်ကြေး အပြီးသွင်းရန် ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာ ကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိနေကြောင်း၊ ၂ ပတ်အတွင်း ဒေါ်လာ ၁၂ သန်း ၀ယ်လိုအားကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။ အဲဒါကြောင့်လည်း ဒေါ်လာဈေး တက်လာတာ ဖြစ်မယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက ဆိုသည်။

အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် သြဂုတ်လကုန်ပိုင်းက တဒေါ်လာ ၆၇၆ ကျပ်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၇၅၀ ကျပ်အထိ ဈေးတက်ကာ ယနေ့ တဒေါ်လာလျှင် ၇၇၀ ကျပ် အထိ ဈေးမြင့်တက်သွားသည်။ ဒေါ်လာဈေး တက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း ၁ သောင်းကျော် အထိ ဈေးမြင့်ခဲ့သည်။

ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါးသွားပြီး ပြန်လည် ရောင်းချသူများသာ များပြားနေသည်ဟု သိရှိရသည်။

“တက်ဈေးမှာ ရောင်းတဲ့သူတွေချည်းပဲ။ ၀ယ်သူက မ၀ယ်နိုင်ဘူး။ ဈေးမြင့်လွန်းတော့ မ၀ယ်နိုင်ကြတာ။ ဒေါ်လာဈေးတက်လေ ရွှေဈေးတက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲ ဖြစ်နေမယ်” ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်သတ်မှတ်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းဆောင်ရွက် နေသည်ဟု ဆိုထားပြီး လာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

Source: ဧရာဝတီ

ခက်ခဲပြင်းထန်သော မြစ်ကြီးနားတိုက်ပွဲ




ဖြည့်စွက်ချက်။     ။ သီပေါမင်းမရှိတော့ အင်္ဂလိပ်ကျွန်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့ တစ်ရုပ်ကျွန်ဖြစ်တယ်။ အင်္ဂလိပ်ကတော့ ဒို့ဆီကို မပင့်ဘဲ ကြွလာတယ်၊ တရုပ်ကျတော့ ဒို့ဆီကခေါင်းဆောင်ကြီးဆိုသူတွေက သူတို့သဘောနဲ့သူတို့ သွားရောက်အသနားခံပင့်တဲ့အတွက် စွယ်တော်ကြွသလို ကြွလာတယ်။ အင်္ဂလိပ်နဲ့တစ်ရုပ် ချွတ်စွတ်တူတယ် ဖြူတာချင်းလဲတူတယ် ယူတာချင်းလဲတူတယ်။ တစ်ခုဘဲကွာတယ်  ပုတာနဲ့ ရှည်တာ.......။

Tuesday, 30 August 2011

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ကြားနာတော့မည်

ချင်းမိုင်(မဇ္ဈိမ) ။       ။ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား အငြင်းပွားနေသည့် ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာကို စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကြားနာတော့မည် ဖြစ်သည်။

စီးပွားရေး အလားအလာကောင်းသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များအတွက် နှစ်နိုင်ငံအကြား အငြင်းပွားနေသည်မှာ နှစ်ကြာရှည်ခဲ့ပြီဖြစ်ပြီး အငြင်းပွားမှုသည် မကြာသေးခင် နှစ်များအတွင်း ပိုမိုပြင်းထန်လာ
ခဲ့သည်။

ITLOS တရားရုံး၏ ကြားနာမှုကို ယင်းရုံးအခြေစိုက်ရာ ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်အစိုးရက မြန်မာနိုင်ငံအပေါ် "ကမ်းဦးရေတိမ်ပိုင်းနှင့် အခြေခံမျဉ်းတို့ သဘာဝအတိုင်း ကြာရှည်စွာ တည်ရှိနေခြင်း" ဟူသောအချက်ကို အခြေခံကာ စတင်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

အမှုဆိုင် နှစ်ဘက်နိုင်ငံများမှ အမှုကိုစစ်ဆေးမည့် တရားရုံး



Actinia
ထရန်အိုးရှင်း အင်တာနေရှင်နယ် ကုမ္ပဏီပိုင် ရေနံတွင်းတူးစင် Actinia၊ ယင်းရေနံတူးစင် ကို မြန်မာရေပိုင်နက်တွင် ရေနံတွင်းတူးရန် ယမန်နှစ်က ငှါးရမ်းအသုံးပြုခဲ့သည်။ (ဓါတ်ပုံ - မဇ္ဈိမ)



တရားသူကြီး တဦးစီကို ခန့်အပ်ခွင့်ရှိသည်။ ITLOS မှ
ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက ဂါနာနိုင်ငံသား တရားသူကြီး သောမတ်စ်မင်ဆာ (Thomas Mensah) ကို ရွေးချယ်ထားပြီး မြန်မာနိုင်ငံ
ကမူ အမေရိကန်လူမျိုး ဥပဒေပါမောက္ခ ဘဲနတ် အိပ်ခ်ျ အော့စ်မင် (Bernard H. Oxman) ကို ရွေးချယ် ထားသည်။

ဒါကာအခြေစိုက် ဒေးလီးစတား သတင်းစာ၏ ရေးသားချက် အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ကို
နိုင်ငံခြားရေး ဝန်ကြီး ဒီပူမိုနီ (Dipu Moni) က
ဦးဆောင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏
 နိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင် ဤကြားနာ
ပွဲသို့ တက်ရောက်မည် မတက်ရောက်မည် မရှင်းလင်းသေးပါ။

မြန်မာအစိုးရ၏ အဓိက ခေါင်းဆောင်များကို ဥရောပသမဂ္ဂက ဗီဇာ ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း
မြန်မာနိုင်ငံခြားရေး ဝန်ကြီးကိုမူ “အဓိက ပါဝင်ဆွေးနွေးသူ” အဖြစ် ကင်းလွတ်ခွင့်ပေးထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ဂျာမဏီရှိ ဤအမှုစစ်ဆေးရာသို့ သွားရောက်နိုင်မည် ဖြစ်သည်။

ဓါတ်ငွေ့ တူးဖော်မှု ကိစ္စ မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ၂ဝဝ၈ ခုနှစ်က တင်းမာမှုဖြစ်ပွားမှု

ရေနံတွင်းတူးသင်္ဘော ၄ စင်းနှင့် အရှည်မီတာ ၁ဝဝ ရှိ ထရန်အိုးရှင်းလီးဂျင်း ရေနံတွင်းတူးစင်ကို ဆွဲယူလာသည့် ဆွဲသင်္ဘောတစင်းတို့ကို စောင့်ရှောက် လိုက်ပါလာသည့် မြန်မာရေတပ် သင်္ဘောကို ဘင်္ဂလားဒေ့ရှ် အစိုးရ
ရေတပ်သင်္ဘော BNS Nirvoy မှ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရှိကြောင်း ကြေညာခဲ့သည်။ ဆွစ်ဇာလန် အမေရိကန် ကမ်းလွန် ရေနံတွင်းတူး ကုမ္ပဏီ ထရန်အိုးရှင်း ပိုင်ဆိုင်သည့် ဤရေနံတွင်းတူးစင်ကို
ရေနံအစမ်းတွင်းများ တူးဖော်ရန် ကိုရီးယားဒေဝူးကုမ္ပဏီက ငှားရမ်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပင်လယ်နယ်နိမိတ်ကို ဝင်ရောက် ကျူးကျော်ခဲ့ကြောင်း ဒါကာ၏ စွပ်စွဲချက်သည် နှစ်နိုင်ငံအကြား အရေးပါသော ပထမဆုံး သံတမန် အငြင်းပွားမှု လက္ခဏာတရပ် ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ ရေတပ်များ ရင်ဆိုင်ထားကြသည် အထိ ကမ္ဘာ့အဆင်းရဲဆုံး နှစ်နိုင်ငံအကြား ငွေကုန်များသည့် တင်းမာမှု ဖြစ်ပေါ်လာခဲ့သည်။

နောက်တနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်လွှာပေးခဲ့သည်။ မြန်မာအစိုးရက အငြင်းပွား နယ်မြေအတွင်းသို့ ရေတပ်သင်္ဘော ၄ စင်းကို
စေလွှတ်ခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ကျောထောက်နောက်ခံ ပြုပေးထားသည့် ကြားဖြတ်အစိုးရကို
ဒေါသအကြီးအကျယ် ထွက်စေခဲ့သည်။

မြန်မာနိုင်ငံက အေဒီ ၇ လုပ်ကွက်အဖြစ် သတ်မှတ်ထားသည့် ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက်အတွင်း ရှိနေသည့် ထရန်အိုးရှင်း ရေနံတွင်းတူးစင်နှင့် မြန်မာရေတပ်၏ အစောင့်သင်္ဘောများကို ဘင်္ဂလားဒေ့ရှ် ရေတပ်က ဖမ်းဆီး
ခဲ့သည်။ Transocean’s SEC ၏တင်ပြ ချက်အရ အဆိုပါ ရေနံတွင်းတူးစင်ကို ဒေဝူးကုမ္ပဏီက အစမ်းတွင်းများ တူးဖော်ရန် တရက်လျှင် အမေရိကန်ဒေါ်လာ ၄၂၄,ဝဝဝ ဖြင့် ငှားရမ်းအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့ရေပိုင်နက်အဖြစ် ကြေငြာထားသော်လည်း အဆိုပါ လုပ်ကွက်အမှတ် အေဒီ ၇ တွင် တွင်းတူးခွင့်ကို ဒေဝူးနှင့် တွဲဘက်ကုမ္ပဏီဖြစ်သည့် Kogas တို့မှ ဝယ်ယူခဲ့ကြသည်။

ထိုသို့အငြင်းပွားနေသည့် ရေပိုင်နက်အတွင်း မြန်မာအစိုးရနှင့် ထရန်အိုးရှင်းတို့ ဝင်ရောက် ကျူးကျော်ခြင်း မပြုမီ ၃ ပတ် အလိုက မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီက နှစ်နိုင်ငံအကြား “ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်း မပြီးမချင်း အငြင်းပွားနယ်မြေအတွင်း ဓါတ်ငွေ့အစမ်းတွင်း တူးဖော်မှုများ မပြုပါ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို အာမခံပြောကြားခဲ့သည် ဟု ဘင်္ဂလားဒေ့ရှ် နေ့စဉ်သတင်းစာ New Age က ဗိုလ်မှူးချုပ်လွန်းသီကို ကိုးကားရေးသားခဲ့သည်။

ဗိုလ်မှူးချုပ်လွန်းသီက ထိုသို့ကတိပေး ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်စွမ်းအား၊ စွမ်းအင်၊ သတ္တုအရင်းအမြစ် ဝန်ကြီးဌာန အကြံပေးအရာရှိချုပ် ဒေါက်တာ အမ်တာမင် (Dr. M. Tamim) နှင့် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဒါကာတွင် တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့လူသိရှင်ကြား ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နိုင်ငံတပ်ဖွဲ့များကို နယ်စပ် တလျှောက် တပ်လှန့် တပ်စွဲထားမှုများ ပြုလုပ်ခဲ့သည်။ မြန်မာ ရေတပ် အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားရာတွင် “ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် လိုအပ်လာရင် ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ အသင့်ရှိပါတယ်။ ချစ်ကြည်ရင်းနှီးမှုကိုလို လားပေမယ့် စော်ကားတာကိုတော့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့ရှာဖွေမှုတွေကို ဆက်လုပ်သွားမှာပါ” ဟုပြောကြားခဲ့သည်။

မြန်မာအစိုးရမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်းဆိုပြောကြားချက်များကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါး ရေးသားတုံ့ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြောကြားချက်များသည် “မှားယွင်းပြီး ဥပဒေနှင့်မညီသဖြင့်” အငြင်းပွါးနယ်မြေအတွင်း လုပ်ငန်းများဆက်လက် လုပ်ဆောင်သွားမည်ဟု ရေးသားထားသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထုတ် အဆိုပါသတင်းစာတွင် ဆောင်းပါးတစောင် ဖော်ပြခဲ့ရာ အဆိုပါ
ဆောင်းပါးက “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုများကို မြန်မာအစိုးရမှ ပယ်ချလိုက်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားရန်အတွက် အေဒီ ၇ လုပ်ကွက်အတွင်း လုပ်ဆောင်
ရန် ရှိသည့် လုပ်ငန်းများကို ပြီးဆုံးသည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ရေးသား ဖော်ပြထား ခဲ့သည်။ နိုင်ငံတကာဥပဒေတွင်မူ ပိုင်နက်အငြင်းပွားမှုများကို ငြိမ်းချမ်းသည့်နည်းဖြင့် အရင်ဖြေရှင်းရမည်ဖြစ်ကာ ပြီးမှသာ တွင်းတူးခြင်းကိစ္စများကို လုပ်ဆောင်ရမည်ဟု ဆိုထားသည်။

နှစ်ရက်အကြာတွင် ဒေဝူး၊ ထရန်အိုးရှင်းနှင့် မြန်မာအစိုးရတို့၏ သင်္ဘောများ အဆိုပါ နယ်မြေမှ ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။ အခြေအနေ တင်းမာမှုများ လျော့ပါးစေရန် ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ကြားဝင်ညှိနှိုင်း ဆောင်ရွက်
ပေးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ ဒေဝူးနှင့်
အတူ တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများတူးဖော်မည့် ဓါတ်ငွေ့အများစုမှာ တရုတ်နိုင်ငံသို့ တင်ပို့ရန် အတွက်ဖြစ်သည်။

အဆိုပါ တင်းမာမှုများ ဖြစ်ပွားအပြီး တလခန့်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရိုက်တာ သတင်းဌာန၏ သတင်းပေးပို့ချက်အရ အေဒီ ၇ လုပ်ကွက်မှ အစမ်းတွင်း တူးဖော်ရာတွင် ရရှိသောအဖြေများမှာ “အားရကျေနပ်ဖွယ် မရှိလှကြောင်း” မြန်မာစွမ်းအင်ဌာန အရာရှိကြီးတဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါ အမည်မဖော်လိုသူ အရာရှိက ဆက်လက်ပြောကြားရာတွင် “ဒီဓါတ်ငွေ့သိုက်က စီးပွါးဖြစ် ထုတ်လုပ်ဖို့ တွက်ခြေမကိုက်ဘူးဆိုတာ အတည်ပြုနိုင်ဖို့ နောက်ထပ် အစမ်းတွင်း ၄ တွင်း ၅ တွင်း လောက် ထပ်တူးရပါဦးမယ်” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ၂ဝ၁ဝ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ အဆိုပါအငြင်းပွား လုပ်ကွက်တွင် သူတို့နှင့်တွဲဖက်လုပ်ကိုင်နေသော ကုမ္ပဏီ ၃ ခုထွက်ခွာသွားပြီးနောက် သူတို့ပိုင် အစုရှယ်ယာများကို တိုးမြှင့်လာခဲ့သည်ဟု ဆိုသည်။ ၂ဝဝ၈ နိုဝင်ဘာလ တင်းမာမှုများအပြီး အဆိုပါအငြင်းပွား နယ်မြေအတွင်း
နောက်ထပ် ရေနံရှာဖွေမှု လုပ်ငန်းများ ဆက်လက်ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုမူ အဆိုပါ အစီရင်ခံစာတွင် ရေးသားဖော်ပြ
ထားခြင်းမရှိပါ။

Source: မဇ္ဈိမ

နေ့စဉ် အထိုင်များသူများ ဆင်ခြင် ကာကွယ်စရာ လိပ်ခေါင်းရောဂါ


သင် တစ်နေ့ကို ဘယ်နှနာရီလောက် အထိ အထိုင်များပါသလဲ။ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းပါး သူတွေဟာ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါတွေအပြင် သိပ်မကြာခင် ဖြစ်လာနိုင်တဲ့ ရောဂါတစ်ခု ရှိပါတယ်။ အဲဒါကတော့ လိပ်ခေါင်း ရောဂါပါပဲ။ သူငယ်ချင်း နှစ်ယောက် ဉာဏ်စမ်းမေးခွန်း မေးကြတဲ့ ဟာသတစ်ခု ဖတ်ဖူးပါတယ်။ ကိုယ့်ဟာကိုယ် ကြည့်လို့လည်း မရဘူး။ ကြည့်လည်း မကြည့်ချင်ဘူး။ သူများလည်း မပြချင်ဘူး။ အဲဒါ ဘာလဲတဲ့။ ကျန်တစ်ယောက်က မဖြေနိုင်တော့ သူက ပြောပြတယ်။ အဖြေကတော့ လိပ်ခေါင်းပါတဲ့။
တကယ်တမ်းကတော့ လိပ်ခေါင်း ရောဂါဟာ ဒီဟာသထဲမှာ နောက်ထားတာထက် အဆပေါင်းများစွာ ဆိုးပါတယ်။ ဝမ်းသွားခြင်း၊ ထိုင်ခြင်းတွေမှာ နာကျင်မှု ဒုက္ခ ခံစားရသလို နေ့စဉ် သွေးထွက် ဆုံးရှုံးမှုကလည်း ရှိလို့ ကြာလာရင် သွေးအားနည်း ရောဂါပါ ရလာ စေပါတယ်။ အလုပ်ပျက် အကိုင်ပျက်နဲ့ စိတ်မကြည်တော့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး အကုန် ထိခိုက်တာပါပဲ။ ကုသမှု ခံယူဖို့ ကျတော့လည်း ဟာသထဲက ပြောသလိုပဲ၊ ရှက်ကိုးရှက်ကန်း ဖြစ်ကာ တော်တော်နဲ့ မပြဖြစ်ကြပါဘူး။ အမျိုးသမီးတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့် အသက်အန္တရာယ်နဲ့ ဝေးသော်လည်း အမြစ်မတွယ်သင့်ဘဲ တွယ်သွားတတ်တဲ့ ဝေဒနာဆိုးတဲ့ ရောဂါ တစ်ခုဖြစ်လို့ သိရှိ ကာကွယ်စရာ ရေးသားဖော်ပြ ပေးလိုက်ပါတယ်။

လိပ်ခေါင်း ရောဂါဆိုတာ ဘာလဲ

လိပ်ခေါင်းရောဂါ (Hemorrhoid/Pile) ဆိုတာ အူမကြီး အဆုံးပိုင်း အစာဟောင်းအိမ်နဲ့ စအိုမှာ ဖြစ်ပေါ်နေတဲ့ ဖောင်းပွနေတဲ့ သွေးပြန်ကြောတွေရဲ့ အစုအဝေး ဖြစ်ပါတယ်။ သွေးပြန်ကြောတွေရဲ့ အတွင်းမှာ ဖိအားများလာလို့ အဲဒီလို ဖောင်းလာရတာ ဖြစ်ပါတယ်။ ဖိအားများလာစေတဲ့ အကြောင်းအရင်းတွေက ဝမ်းချုပ်သော အကျင့်ရှိခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကြီးထွားလာသော သားအိမ်ကြောင့် ဖြစ်ခြင်း၊ အထိုင်များခြင်း စသဖြင့် အမျိုးမျိုး ရှိပါတယ်။ စအို အတွင်းပိုင်းမှာ ရှိပြီး လက်နဲ့ စမ်းလို့မရတဲ့ လိပ်ခေါင်းကို အတွင်းလိပ် (Internal hemorrhoids) လို့ ခေါ်ကြပါတယ်။ နာကျင်တဲ့ ဝေဒနာ များသောအားဖြင့် မရှိလို့ ပုံမှန်နေရင်း မသိနိုင်ဘဲ ဝမ်းသွားတာ သွေးပါမှ သိနိုင်တာမျိုး ဖြစ်ပါတယ်။ မကုသဘဲနေရင် အရမ်းဆိုးလာပြီး ကျွံထွက် လာတတ်ပါတယ်။ အပြင်လိပ် (External Hemorrhoids) ဆိုတာက စအိုပတ်လည်နဲ့ အဝနားက သွေးကြောဖောင်းတွေကို ဆိုလိုပါတယ်။ ဖောင်းကြွနေတာကို လက်နဲ့ စမ်းကြည့်လို့ရပြီး ဝမ်းသွားရင် နာကျင် ယားယံပါတယ်။ မခံမရပ်နိုင်အောင် နာလာပြီ ဆိုရင်တော့ အပြင်လိပ်မှာ သွေးခဲပိတ်ပြီလို့ ယူဆရပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ


အဖြစ်အများဆုံး အကြောင်းရင်းက ခြောက်ချက်လောက် ရှိပါတယ်။ အဲဒါတွေကတော့ ...


(၁) အထိုင်များခြင်း- နေ့စဉ် နာရီပေါင်းများစွာ ထိုင်တဲ့သူဟာ လိပ်ခေါင်း ပြဿနာနဲ့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ရင်ဆိုင်ရလာ နိုင်ပါတယ်။ တောက်လျှောက် မနားတမ်း ထိုင်ရရင် ပိုနီးစပ်ပါတယ်။


(၂) ဝမ်းချုပ်တတ်သော အကျင့်ရှိခြင်း- ဝမ်းကို ညှစ်ပြီး သွားရပါများလို့ ကြုံလာရတဲ့ ပြဿနာ ဖြစ်ပါတယ်။


(၃) အသက်အရွယ် ရလာခြင်း- လိပ်ခေါင်းရောဂါဟာ အသက်အရွယ်နဲ့ အတိုင်းအတာ တစ်ခုအထိ တိုက်ရိုက် အချိုးကျပါတယ်။ အသက်ကြီးလာလေလေ ကြွက်သားတွေ၊ သွေးကြောတွေ ပုံမှန် မဟုတ်တော့တဲ့ အတွက် လိပ်ခေါင်း ဖြစ်လာနိုင်သလို အထိုင်များတဲ့ အကျင့်ပါရှိရင် အတော်လေး နီးစပ်ပါတယ်။ အသက် ၅၀ ကျော်ပြီးသား လူတိုင်းရဲ့ တစ်ဝက်ကျော်ဟာ လိပ်ခေါင်း ရှိနေတတ်တယ်လို့ တွေ့ရှိရပါတယ်။


(၄) ကိုယ်ဝန်ဆောင်ခြင်း- အမျိုးသမီးတွေမှာ ကိုယ်ဝန်ကြီးရင့် လာတာနဲ့အမျှ အစာဟောင်းအိမ် (Rectum) အပေါ်ကို ဖိအား သက်ရောက်မှု များလာစေပြီး သွေးကြောတွေ ပိတ်ကာ လိပ်ခေါင်း ဖြစ်လာတတ်ပါတယ်။


(၅) အလေးအပင် မရခြင်း- အလေးတစ်ခု မရတိုင်း စိုက်ထုတ်လိုက်တဲ့ အားရဲ့ဒဏ်ကို ခန္ဓာကိုယ်ကပဲ ပြန်ခံရပါတယ်။ မနိုင်ဝန် ထမ်းရင် ပိုဆိုးပါတယ်။ အလေးအပင် မရတဲ့ အလုပ် လုပ်သူတွေဟာ အချိန်ကြာလာရင် လိပ်ခေါင်းရောဂါနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်စွမ်းဟာ သူများတွေထက် များလာပါတယ်။


(၆) အသည်းရောဂါရှိခြင်း- အသည်းခြောက်ခြင်းလိုမျိုး နာတာရှည် အသည်းရောဂါ တစ်ခုခုရှိရင် သွေးပြန်ကြောများ အတွင်း ဖိအားကို တက်စေပြီး လိပ်ခေါင်း ဖြစ်လာစေပါတယ်။


ရောဂါလက္ခဏာများ


မနာကျင်ဘဲ ဝမ်းသွားရင် သွေးပါတာက အဖြစ်အများဆုံးပါပဲ။ ဒါကြောင့် အမှုမဲ့ အမှတ်မဲ့နေရင် အတော်လေး နောက်ကျမှ သတိထား မိပါတယ်။ ဝမ်းသွားရင်း သွေးစိမ်း ရှင်ရှင်ပဲပါပါ၊ သွေးမည်းမည်းပဲပါပါ ဒါဟာ အလွန် အရေးကြီးတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပြီး ဆရာဝန် ပြရပါမယ်။ လိပ်ခေါင်းကြောင့် သွေးထွက်ခြင်းဟာ သူ့အလိုလို ပျောက်ပျောက်သွားတဲ့ သဘာဝရှိလို့ ပြန်ကောင်းသွားပြီ ဆိုပြီး ပေါ့နေကာ လိပ်ခေါင်း အမြစ်တွယ်သွား တတ်ပါတယ်။ သွေးဆုံးရှုံးမှု ကာလ ကြာလာရင် သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ မူးဝေခြင်း၊ ဖြူဖျော့ခြင်း၊ အားအင်ကုန်ခန်းသလို ခံစားရခြင်း၊ ပင်ပန်းလွယ်ခြင်း စတာတွေ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေး ဂရုမစိုက်ရင် လိပ်ခေါင်းကို ပိုးဝင်ပြီး ရောင်ရမ်း ဖျားနာခြင်း ဖြစ်လာနိုင်ပါတယ်။


ဘယ်လို ကုသကာကွယ်မလဲ


သွေးတစ်စက်စက် ကျနေခြင်း အလွန်အမင်း နာကျင်ခြင်း၊ ရောင်ရမ်း ဖျားနာခြင်းတွေ မရှိဘူးဆိုရင်၊ စောစီးစွာ သတိထားမိတယ် ဆိုရင် နေထိုင်မှုပုံစံ ပြုပြင် ပြောင်းလဲခြင်း (Lifestyle Modification) တစ်ခုတည်းနဲ့ သက်သာ ပျောက်ကင်းသွားအောင် ကုသလို့ ရပါတယ်။ ရောဂါမရှိသေးတဲ့ သူတွေလည်း လိုက်နာရင် ကင်းဝေးနိုင်ပါတယ်။


(၁) ဝမ်းချုပ်ခြင်းကို ရှောင်ရှားနိုင်ဖို့ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးတို့ကို နေ့စဉ်စားပါ။ ရေလုံလောက်စွာ သောက်ပါ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ရှစ်ဖန်ခွက်စာ လိုပါတယ်။ မနက် မိုးလင်းလာရင် ရေသောက်ပြီး ဝမ်းသွားနေကျ အကျင့်ကို မွေးမြူခြင်းဟာ လိပ်ခေါင်းရောဂါ ကုသ ကာကွယ်နိုင်ရုံမက ကျန်းမာရေးကို အထူး အကျိုးပြုပါတယ်။ အချိန်မှန် ဝမ်းသွားတဲ့ အကျင့်ကို မွေးမြူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။


(၂) သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန် စုစုပေါင်း တစ်ပတ်လျှင် အနည်းဆုံး ၂ နာရီခွဲ ရှိပါစေ။


(၃) အထိုင်များတဲ့ အလုပ်ကို ရှောင်မရရင်လည်း နာရီဝက် တစ်ခါ ဟိုနားဒီနား လမ်းထလျှောက်တဲ့ အကျင့်ကို မွေးမြူပါ။ တောက်လျှောက် ထိုင်တဲ့သူတွေထက်စာရင် လိပ်ခေါင်း ပြဿနာ ကြုံရမှုကို ထိရောက်စွာ လျှော့ချနိုင်တာ တွေ့ရှိရပါတယ်။


(၄) အလေးအပင် မချိန်မှာ အသက်ကို ရှူထုတ်ပါ။ အလေးမလိုက်တဲ့ အချိန်မှာ အသက်ရှူသွင်းခြင်း၊ ရှူသွင်းပြီးသား အသက်ကို အောင့်ထားခြင်းတွေ မလုပ်ပါနဲ့။


(၅) ကိုယ်ဝန်ဆောင်များ ပက်လက်အိပ်ခြင်းကို ရှောင်ပါ။ ဘေးတစောင်း အိပ်ရာမှာ ညာဘက်စောင်း အိပ်ခြင်းက နှလုံးကို သက်သာစေလို့ အကောင်းဆုံးပါပဲ။


(၆) လိပ်ခေါင်းကို ခွဲစိတ်ဖြတ်တောက် ရတယ်ဆိုတာ အတော်လေး ရှားပါတယ်။ အထက်ပါ အချက်တွေကို မှန်မှန်လိုက်နာ သွားရုံနဲ့ တော်ရုံက ပြန်ကောင်းသွားပါတယ်။ ဝေဒနာ ပြင်းထန်ပြီး သွေးထွက်မှုက မရပ်တော့ဘူး ဆိုရင်တော့ ယနေ့ခေတ်မှာ ရရှိနိုင်တဲ့ ကုသမှုတွေအနက် တစ်ခုကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ရွေးချယ်ရပါမယ်။


(၇) အဲဒါတွေကတော့ Rubber Band Ligation ခေါ် သားရေပင်စည်းခြင်း၊ ခြောက်သွေ့ ကြွေသွားစေသော Coagulation Therapy၊ သွေးထွက် အရမ်းများနေခြင်း၊ အတွင်းလိပ်များ ရှိနေခြင်း ဆိုရင် လိပ်ခေါင်း ခွဲစိတ်ဖယ်ရှားမှု (Hemorrhoidectomy) လုပ်ရပါမယ်။ ဒါတွေမလုပ်ခင် သွေးပြန်ကြောအတွင်း ဖိအားနဲ့ နာကျင်မှုများ သက်သာအောင် လိမ်းဆေး၊ ထိုးဆေး၊ သောက်ဆေး၊ ဝမ်းပျော့ပျော့ သွားအောင် ဆေးတွေပေးပြီး ကုသပါတယ်။ မရတော့မှ လုပ်တာပါ။ ဒါကတော့ သက်ဆိုင်ရာ ခွဲစိတ် အထူးကုရဲ့ စမ်းသပ်စစ်ဆေး ဆုံးဖြတ်ချက် အရ ဖြစ်ပါတယ်။ သားရေပင်နည်း သို့မဟုတ် Coagulation Therapy နဲ့ ခွဲစိတ်မှုကို ပေါင်းပြီး လုပ်တာလည်း ရှိပါတယ်။ ဒါကပိုပြီး ရလဒ် ကောင်းတယ်လို့လည်း သိရပါတယ်။


ဘယ်အချိန်မှာ ဆရာဝန် မဖြစ်မနေ ပြရမလဲ


သွေးထွက်များရင်၊ တောက်လျှောက် ရက်ဆက် ထွက်နေရင်၊ သွေးအားနည်း လက္ခဏာတွေ ခံစားလာရရင်၊ ရုတ်တရက် နာကျင်မှု အရမ်း ဆိုးလာရင်၊ နာကျင်မှုနဲ့ ဖျားနာမှု တွဲဖြစ်ရင်၊ သွေးဝမ်းသွားရင် ကုသမှု ခံယူသင့်ပါပြီ။ 

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes