| ၂၀၁၀ မေလ ၁၀ ရက်နေ့က ရန်ကုန်တွင် တွေ့ရသော အမေရိကန် သံအရာရှိ လာရီဒင်ဂါ၊ ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (ဓာတ်ပုံ - AP) | 
မြန်မာပြည်တွင် အပြောင်းအလဲများ သိသိသာသာ မြင်လာရပြီဖြစ်ကြောင်း  မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၀ါရှင်တန်တွင်  မကြာမီတွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန်     အဆင့်မြင့် အရာရှိကြီးတဦးက ယနေ့ ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို  ထင်ထင်ရှားရှား မြင်နေရပြီလို့ ကျနော်ထင်ပါတယ်။ အခြေအနေကတော့ သဲကွဲမှု  မရှိသေးဘူးပေါ့လေ။ ဒါပေမယ့် မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့သူတွေကတော့  ပြောင်းလဲမှုတွေ ရှိနေပြီ ဆိုတာကို သတိထားမိကြပါတယ်” ဟု  အရှေ့အာရှနှင့်  ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။
မစ္စတာကာ့တ်ကမ်းဘဲလ်ကယခုတပတ်အတွင်းအမေရိကန်အရာရှိများနှင့် မြန်မာပြည်ရေးရာ  ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး  ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံမည့် အစီအစဉ် ရှိသည်ဟု ဆိုသည်။
မကြာသေးခင်က    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်  မြန်မာပြည်သွားရောက်စဉ် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အလွှာအသီးသီးမှ  ကိုယ်စားလှယ်တို့နှင့် “စိတ်ကျေနပ်ဖွယ်ကောင်းသည့် ဆွေးနွေးပွဲများ”  ပြုလုပ်နိုင်ခဲ့သည်ဟု  မစ္စတာ ကာ့တ်ကမ်းဘဲလ်က  ပြောသည်။
သို့သော်လည်း  အထူး စိုးရိမ်ဖွယ် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။
“နိုင်ငံရေးအကျဉ်းသားတွေ  အများအပြား ရှိနေတယ်။ ပြီးတော့ ဖိနှိပ်မှုတွေလည်း နေ့တိုင်း  ဆက်ဖြစ်နေတုန်းပဲ” ဟု   မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောလိုက်သည်။
“တချိန်တည်းမှာပဲ  ပြီးခဲ့တဲ့လတွေအတွင်း ကျနော်တို့ မြင်ရတာတွေဟာ ဟိုတုန်းက  စဉ်းစားမထားမိတာတွေပါ။ သမ္မတသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား  အဆင့်မြင့်ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပါတယ်” ဟု မစ္စတာ  ကာ့တ်ကမ်းဘဲလ်က  ပြောသည်။
ကနဦးဖြစ်ပေါ်လာသော ခြေလှမ်းများ  နောက်ပြန်ဆုတ်သွားနိုင်သဖြင့် ဂရုစိုက် ကိုင်တွယ်ရန် အရေးကြီးကြောင်း၊  ထိုဖြစ်ထွန်းမှုတို့ကို လျစ်လျူရှုခြင်းမပြုရန်လည်း အရေးကြီးကြောင်း သူက  ပြောသည်။
“အမေရိကန်ပြည်ထောင်စုက တခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်း  ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အရှေ့တောင်အာရှက မိတ်ဆွေတွေ၊ တရုတ်၊ အိန္ဒိယ၊  သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်တို့နဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေတာတွေ  ရှိပါတယ်” ဟု မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောသည်။
“ကျနော်တို့ရဲ့  ဆန္ဒကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ မြောက်ကိုရီးယားနဲ့  ပတ်သက်ပြီး တရားမ၀င်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်တဲ့  လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်၊ တခြားအင်အားစုတို့နဲ့   အစိုးရ ပြုလုပ်ခဲ့တဲ့ အရေးကြီးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ စတာတွေအတွက်  မြန်မာအစိုးရကို တိုက်တွန်းသွားမှာပါ” ဟုလည်း မစ္စတာ ကာ့တ်ကမ်းဘဲလ်က  ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များကို  ရှင်းရှင်းလင်းလင်း သိမြင်နိုင်ရန်၊ လက်တွေ့ဖြစ်ထွန်းတိုးတက်မှုများ  ထပ်မံပေါ်ပေါက်ရေး တွန်းအားပေးရန် အမေရိကန်အစိုးရက ဆောင်ရွက်သွားမည်ဟုလည်း  သူက ပြောသည်။
မစ္စတာ ကာ့တ်ကမ်းဘဲလ်သည်  အမေရိကန်အစိုးရကိုယ်စားလှယ်အဖြစ်၂၀၀၉ နိုဝင်ဘာလ၊ ၂၀၁၀ မေလတို့တွင်  မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးခဲ့ဖူးသည်။
Source: ဧရာဝတီ 



 16:21
16:21
 Unknown
Unknown
 
 Posted in:
 Posted in:   
0 comments:
Post a Comment