Tuesday, 8 May 2012

ဦးတင်အောင်မြင့်ဦး သတင်း ဖော်ပြလျှင် အရေးယူမည်

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသော သတင်းများနှင့်ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ်များတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန်နှင့် မလိုက်နာပါက အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန စာပေစိစစ်ရေး က ပြောဆိုသည်။
၂၀၁၁ ခု မေလအတွင်း က နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI)နှစ်ပတ်လည် အစည်းအဝေးတွင် တွေ့ရသည့် ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - ဧရာဝတီ)

ပြည်တွင်း Venus News Weekly ဂျာနယ်က“ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကင်ဆာရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်းမာရေး မကောင်းဟု သတင်းများထွက်ပေါ်”ဆိုသော ခေါင်းစဉ်ဖြင့်ဖော်ပြရန် စာပေစိစစ်ရေးသို့တင်ပြခဲ့ရာ တားမြစ်ခံရကြောင်း ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုလှိုင်းသစ်ဇင်ဝေ က ပြောပြသည်။
“ဦးတင်အောင်မြင့်ဦး သတင်းက ပြည်တွင်းမှာ တော်တော်ကို သတင်းထွက်နေတဲ့အပြင် လူတွေကလည်း ဒါကို စိတ်ဝင်တစားနဲ့ သိချင်နေကြတယ်။ အဲဒီတော့ ကျနော်တို့ သတင်းဂျာနယ်ကလည်း ဒီသတင်းကို ဖော်ပြနိုင်ဖို့ စာပေစိစစ်ရေးကို တင်ပါတယ်။ ဒါပေ မယ့် စာပေစိစစ်ရေးက ဗိုလ်မှူးတင့်ဆွေ၊ ဗိုလ်မှူးမျိုးမြင့်မောင်တို့ နှစ်ဦးစလုံးက မဖော်ပြဖို့ တားပါတယ်”ဟု ၄င်းက ဧရာဝတီသို့ ပြော သည်။
မေလ ၇ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်သည်လည်း ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သတင်း ထည့်သွင်းဖော်ပြမှုနှင့် ပတ် သက်ပြီး စာပေစိစစ်ရေးတွင် ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရကြောင်း သိရှိရသည်။
“သူတို့ကတော့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ပါမယ်ဆိုတာ ခံဝန်ထိုးခိုင်းပါတယ်။ ဂျာနယ် အနေနဲ့ တာဝန်ယူပါတယ်။ ဖြစ်လာ မယ့်အရာကိုလည်း ရင်ဆိုင်ဖြေရှင်းပေးပါမယ် ဆိုတာ ၀န်ခံကတိပြုပါတယ် ဆိုတဲ့ စာသား လက်မှတ်ထိုးခဲ့ရတာပါ”ဟု မြန်မာပို့စ် တာဝန်ခံ အယ်ဒီတာ ကိုခိုင်လင်းကျော် က ပြောသည်။
တနင်္ဂနွေနေ့က ထွက်ပေါ်လာသည့် ဦးတင်အောင်မြင့်ဦး သတင်းကို ဂျာနယ်ထွက်ရက် တနင်္လာနေ့အမီ ပုံနှိပ်ဖော်ပြရသောကြောင့်စာပေစိစစ်ရေးသို့ တင်ပြရန် အချိန်မမီသည့်အတွက် မတင်ပြဖြစ်သည့် ကိစ္စလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ကိုလှိုင်းသစ်ဇင်ဝေကလည်း ဆက်လက်ပြီး“ခွင့်မပြုတဲ့ကြားထဲက သတင်းထည့်ရင်တော့ အရေးယူမယ်ပေါ့။ လောလောဆယ်ကြား ထားတာက မြန်မာပို့စ်ဂျာနယ် တာဝန်ရှိသူတွေကို စာပေစိစစ်ရေးက ခေါ်ထားတယ်လို့ သိရတယ်။ ကျန်းမာရေး မကောင်းလို့ မကောင်းဘူး ရေးတာပဲ။ သတင်းဂျာနယ်တွေကို ဘာအရေးယူစရာရှိလဲ။ သတင်း လွတ်လပ်ခွင့်ပေးပါမယ်လို့ ၀န်ကြီးကိုယ်တိုင် ခဏခဏ ပြောနေတာပဲ။ မကောင်းလို့ မကောင်းဘူးရေးတာ ပိတ်ပင်တယ် ဆိုတော့ စာပေလွတ်လပ်ခွင့် နဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ များလာပြီ”ဟု ပြောသည်။

ဦးတင်အောင်မြင့်ဦး သည် လည်ချောင်းကင်ဆာရောဂါ လက္ခဏာများတွေ့ရှိနေရပြီး စိတ်ကျ ဝေဒနာကိုပါ ခံစားနေရကြောင်း၊ ဒု သမ္မတ ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းထားကြောင်း အစိုးရ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း ပြောဆိုသည်။

ဦးတင်အောင်မြင့်ဦး၏ နေအိမ်တည်ရှိရာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက် အေးရိပ်ငြိမ်လမ်းနှင့် အောင်သိဒ္ဓိလမ်းများ တွင်လည်း မေ လဆန်းပိုင်းမှ စတင်ပြီး လုံခြုံရေး ရဲအစောင့်များ ထူထပ်စွာချထားကြောင်း ဒေသခံများက ပြောသည်။

ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ကာ အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူအများက သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။

 Ref: ဧရာဝတီ

ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား


ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး…. ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင် ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။

      မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊
ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့ လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့
ရင်းမြစ်ကြီးက သွားရည်ယိုလောက်တယ်လေ။

 ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာ အလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။

 တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမားတွေကို အယင်တုန်းက မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ်
သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီး လုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။ စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။

                                    “ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း”

အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင် ပတ်စပို့ နဲ့ တောင်မှ အကုန်အကျ များလွန်းလို့ စိတ်ညစ်နေကြရတဲ့ မြန်မာအလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာတဲ့ လုပ်ရပ်က ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီက လာရောက်ပြီး တော့ ခရမ်းရောင် အီလက် ထရွန်နစ် တ်စပို့စာအုပ်တစ်အုပ်ကို ဘတ်ငွေ ၅၅၀ နဲ့ ထုတ်ပေးနေတယ်။
 မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ကိုယ်တိုင်လာရောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။
၂နှစ်ပြည့်ပြီဖြစ်တဲ့ အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။ သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ်များများရောင်းရအောင် လုပ်ခြင်းဖြစ်တယ်လို့ စွတ်စွဲပြောဆိုကြတယ်။

 မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုးလို့ ရတဲ့ လုပ်ငန်းစဉ်ကိုယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင်ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမား
တွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့ စရိတ်စက လေးငါးထောင်အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့်အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါလားလို့  ပြောနေကြတယ်။

ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့ ဂုတ်သွေးစုတ်နေကြခြင်းသာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ
အလုပ်သမားတွေက ပြောကြပါတယ်။

ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့ အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။  မြန်မာအစိုးရအနေနဲ့ Trust Link ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင် ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။ စာအုပ်အရောင်းပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့  ပြောကြ ပါတယ်။

 မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့ ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာ လူကိုယ်တိုင်သွားရောက်ပြီးမှပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေ
မယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့ မြန်မာအလုပ်သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာမက ရေနစ်သူကို ၀ါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း……
                                                                                           
 ကျော်သောင်း

Ref: Myanmar News Now

ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း

တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - Tomohiro Ohsumi / Bloomberg)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားကြောင်း သမ္မတ ရုံး အသိုင်းအ၀ိုင်းမှ သတင်းရသည်။

ယခုကဲ့သို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ပြင်ဆင်၍ အသစ်ပြန်လည် ဖွဲ့စည်းခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှစ်ခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ထာဝရငြိမ်းချမ်း ရေးရတဲ့အထိ အစိုးရသက်တမ်းမကုန်ခင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု သမ္မတရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ပထမဆင့်အနေနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ သတ်မှတ် နေရာများအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော် သည့်နေရာများတွင် လက်နက်မပါဘဲ ထားရှိရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့်နေရာ ညှိုနှိုင်းရေးများကို လုပ်ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။

ယခင်က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသေးပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင်း ဦးအောင်သောင်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။

အစိုးရက ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည်ဖြင့် ၁၀ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

Ref: ဧရာဝတီ

ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် ပြစ်ဒဏ်အများအပြား ချမှတ်

၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထားသည့် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တခြားပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
သေဒဏ်နှင့် တခြားပြစ်ဒဏ် အများအပြား ချမှတ်ခံရသူ ကိုဖြိုးဝေအောင် (ဓာတ်ပုံ - AHRC)

အင်းစိန်ထောင်တွင်း အထူးတရားရုံးက ကိုဖြိုးဝေအောင်ကို ပုဒ်မ ၃၀၁ လူသေစေမှုဖြင့် သေဒဏ်၊ ပုဒ် ၃၂၆ အပြင်းအထန် နာကျင်စေမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၄ နာကျင်စေမှု၊ ပုဒ်မ ၁၀၃ ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် တသက်တကျွန်း၊ ပုဒ်မ ၁၇ (၁) တရားမ၀င် နယ်စပ်ဖြတ်ကျော် ပုဒ်မဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၃(၁) မတရားအသင်း ဆက်သွယ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် တို့ကို တပေါင်းတည်းကျခံစေရန် ယနေ့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒါ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်လိုက်တာပဲ။ ကျနော်တို့ကတော့ မကျေနပ်ဘူး။ ကျနော်တို့က အပြီးသတ် လျှောက်လဲချက်ပေးတုန်းက တရားခံကို ရိုက်နှက်ညှဉ်းပန်းပြီးမှ ရတဲ့အချက်တွေကို တင်ပြတရားစွဲတာဆိုတာကို လုံးဝလက်မခံဘဲနဲ့ ဒီလိုလုပ်လိုက်တာ။ ကျနော်တို့က တိုင်းအဆင့် အယူခံ ဆက်တက်မယ်” ဟု ၄င်း၏ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

လူ ၁၀ ဦးကျော် သေဆုံး၍ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သော X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဆိုသည့် သံသယဖြင့် အင်ဂျင်နီယာဖြစ်သူ ကိုဖြိုးဝေအောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး မတရားအသင်းပုဒ်မ၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ၊ လူသေစေမှု၊ အကြမ်းဖက်မှု စသည့်ပုဒ်မများဖြင့် ၂ နှစ်ကျော် တရားရင်ဆိုင်ခဲ့ရသည်။

ယနေ့ တရားစီရင်ရာတွင် ဇနီးဖြစ်သူအပါအ၀င် ကိုဖြိုးဝေအောင်ဖက်မှ တင်ပြသော သက်သေအချက်အလက်များကို တင်ပြသုံးသပ်ခြင်းများ မရှိသကဲ့သို့ မိသားစုဝင်များ တရားခွင်သို့ ၀င်ရောက်ခွင့်မပြုကြောင်း ဇနီးဖြစ်သူ မဌေးဌေးက ပြောသည်။

“ဒီလိုချမယ်ဆိုတာတော့ ကျမတို့က မျှော်လင့်ထားပြီးသားပါ။ တရားစီရင်မှုမှာကတော့ မတရားမှုတွေရှိနေတော့ ဒီတရားစီရင်ရေးကို ယုံကြည်ချက် လုံးဝမရှိတော့ဘူး။ စိတ်ကုန်သွားပြီ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရကတော့ အယူခံ တက်လို့ရတဲ့အထိ တက်မှာပဲ” ဟု မဌေးဌေးက ပြောသည်။

ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ကိုဖြိုးဝေအောင်သည် ခါးကျီးပေါင်းတက်ရောဂါနှင့် အသည်းကြီးရောဂါများ ခံစားနေရသောကြောင့် အထူးကုဆရာဝန်များဖြင့် ပြသ၊ ကုသရန် လိုအပ်နေကြောင်း၊ ယနေ့အထိ ပြင်ပဆေးရုံသို့သွားရောက် ဆေးကုသခွင့်၊ အထူးကုဆရာဝန်နှင့် ပြသခွင့် မရသေးကြောင်း၊ အယူခံတင်စဉ် ကာလအတွင်း နယ်ဝေးထောင်သို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။

“အခုက သေဒဏ်ချလိုက်ပြီဆိုတော့ သူ့ကို လောလောဆယ် ထောင်တွင်းဆေးရုံကနေ စိတ္တဇသမားတွေကို ထားတဲ့တိုက်ကို ပြောင်းမယ်လို့ သိရတယ်။ ဆေးရုံက သူ့ကို အကိုက်အခဲပျောက်ဆေးတွေပဲ ပေးထားတယ်။ တခြားကုသခွင့်ဘာမှ မရသေးဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။

ကိုဖြိုးဝေအောင်က မတရားသဖြင့် ဖမ်းဆီးခြင်း၊ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းများသည် မြန်မာနိုင်ငံ၏ ကူးပြောင်းရေးကာလအတွင်း တရားစီရင်မှုနှင့် တရားဥပဒေစိုးမိုးမှုတွင် ပြောင်းလဲမှု တစုံတရာမရှိသေးသည်ကို ဖော်ပြနေကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကောင်စီ (AHRC) က ထောက်ပြပြောဆိုသည်။

ကိုဖြိုးဝေအောင်ကို ဖမ်းဆီးစဉ်က ၀ရမ်းတစုံတရာမပါဘဲ ဖမ်းဆီးခြင်း၊ သက်သေထွက်ဆိုချက်ရအောင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရရှိသော သက်သေထွက်ချက်များကို တင်ပြခြင်း၊ ပစ္စည်းသက်သေခံအတုများ ရုံးတော်သို့တင်ပြခြင်း၊ တရားခွင်ကို အထူးတရားရုံးတွင် တရားပိတ်ပြုလုပ်ခြင်း၊ ဗုံးကွဲချိန်တွင် ကိုဖြိုးဝေအောင်သည် လုပ်ငန်းခွင်တွင်း ရှိနေသည်ဆိုသည့် ကိုဖြိုးဝေအောင်ဖက်မှ တင်ပြသော သက်သေထွက်ဆိုချက်များကို ပယ်ချခြင်း၊ ကိုဖြိုးဝေအောင်ဖက်မှ ကာကွယ် တင်ပြထွက်ဆိုချက်များကို ရုံးတော်မှ ကန့်ကွက်ပယ်ချခြင်းများကို ကြည့်ခြင်းအားဖြင့် အမှုစီရင်ပုံမှာ တရားမျှတမှုမရှိသည်ကို ဖော်ပြနေကြောင်း AHRC ၏ ထုတ်ပြန်ကြေငြာချက်တွင် ရေးသားထားသည်။

Ref: ဧရာဝတီ

မေလ ၈ – ၉ တွင် စီအဲန်အက်ဖ်နှင့် အစိုးရအကြား ပြည်ထောင်စု အဆင့် ဆွေးနွေးမည်

ဇန္န၀ါရီလ ၆ ရက်နေ့ က ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သက်သေပြုသည့် စီအဲန်အက်ဖ် နှင့် ချင်းပြည်နယ်အစိုးရတို့အကြား (၉)ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အား ဆက်လက်အကောင်အထည် ဖော်ရန် စီအဲန်အက်ဖ်နှင့် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့ ပြန်လည်ဆွေးနွေး ကြမည်ဟု သိရသည်။
chin_national_flagစီအဲန်အက်ဖ်အထွေထွေအတွင်းရေးမှူးချုပ် (၂) ဒေါက်တာရွှေခါးက “ ပြည်နယ်အဆင့် ပဏာမ သဘောတူညီ ချက်ကို ဘယ်လို ဆက်လက်အကောင် အထည်ဖော်ဆောင်မယ်၊ ဘယ်လို ဆက်လက် ထိန်းသိမ်းမယ် စတာတွေ အသေးစိပ် ဆွေး နွေးဖို့ ကျတော်တို့ ပြင်ဆင် ထားပါ တယ်” ဟု ပြောသည်။

ဆွေးနွေးပွဲကို ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး စီအဲန်အက်ဖ်ဖက် မှ ဒေါက်တာရွှေခါး ဦး ဆောင်သည့် ၁၇ ဦးပါ ကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြိုတင်ပြင်ဆင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး၏ ဗဟိုအလုပ် အမှုဆောင်ကော်မီတီအစည်းအဝေးကို တပ်ဦး ၏ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း က ဦး ဆောင်ပြီး ကျင်း ပခဲ့ကြောင်း ထပ်မံသိရသည်။

ဇန္န၀ါရီလ ၅- ၆ ပြည်နယ်အဆင့် သဘောတူညီချက်ထဲတွင် နှစ်ဖက် ရန်လိုတိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးရုံးနှင့် တပ်နေရာချထားရေး၊ ပြည်ထောင်စုအတွင်း စီအဲန်အက်ဖ်၊ စီအဲန်အေတို့ လက်နက်မပါ လွတ်လပ်စွာသွားလာခွင့်၊ တိုင်း ရင်းသားအရေး၊ ဒီမိုကရေစီထွန်းကားရေးကို ဆွေးနွေးရေး၊ ချင်းပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးရေး၊ ချင်းလူမှုရေး အခက် အခဲများကူညီရေး၊ စီးပွားရေးဇုံနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နှင့် ချင်းပြည်နယ်အတွင်း ဘိန်းလုပ်ငန်းများ ချေမှုန်းရေးတို့ ပါဝင် သည်။

စီအဲန်အက်ဖ်နှင့် ချင်းပြည်နယ်အစိုးရတို့ အကြား (၉) ချက်ပါ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီမှု မရရှိမှီ နှင့် ရရှိပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ပြောင်းလဲသွားသည်ကို အထူးအထူးနား လည်ရန်လိုအပ်ကြောင်း ယင်းအနေအထားများကို ချင်းအမျိုးသားများ၏ အကျိုး  စီးပွားအောင်မြင်နိုင်ရေး နှင့် တန်းတူညီ မျှမှုကို အခြေခံသည့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်အကျိုးရှိရှိ အသုံးချနိုင်ရေး သည် အထူးအရေးကြီးကြောင်း စီအဲန်အက်ဖ်က ၂၀ ဇန္န၀ါရီတွင်  တိုက်တွန်းထားသည်။

ပြည်ထောင်စုအဆင့်  စီအဲန်အက်ဖ် ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် မေလ ၈ ရက်နေ့ မတိုင်မီ ချင်းပြည်နယ် တောင် ပိုင်း မတူပီမြို့သို့ ချင်းပြည်နယ်ဝန်ကြီးများလိုက်ပါပြီး ဒေသခံ လူကြီးများ၊ ပြည်သူ များနှင့် သွားရောက် တွေ့ဆုံကြမည်ဖြစ် သည်ဟုလည်း ထပ်မံသိရသည်။

 Ref: KNG

သမိုင်းတကွေ့မှ ပြည်သူ့ဘက်မှ ထာဝစဉ်ရပ်တည်လျှက်ရှိသောအငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သဘာပတိအဖွဲ့နာယက အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ဘက်၌ အစဉ် ရပ်တည်လျက်ရှိသည့် အငြိမ်းစားဗိုလ်ချုပ်ကြီးသူရတင်ဦးကို ၁၉၂၇ ခုနှစ်၊ မတ်လ ၁၂ ရက် စနေနေ့တွင် ဧရာဝတီတိုင်း (ယခုတိုင်းဒေသကြီး) ပုသိမ်မြို့နယ် ရေ ကျော်ရွာကြီး၌ အဖဦးမောင်ကြိုင်၊ အမိဒေါ်မြတင်တို့မှ ဖွားမြင်ခဲ့သည်။

ငယ်စဉ်က ပုသိမ်မြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် မူလတန်းမှ (၁၀) တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားစဉ် တောရွာတွင် စစ်ဘေးဒဏ်ရှောင်နေစဉ် ဖခင်ကွယ်လွန်ခဲ့သဖြင့် ခေတ္တကိုရင်ဝတ်ပြီးနောက် (၁၀)တန်းအောင် မြင်သည်အထိ ပညာသင်ကြားခဲ့သည်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ကြားနေစဉ် ၁၉၃၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ် စတင်ဖြစ်ပွား၍ တနိုင်ငံလုံးရှိကျောင်းများသို့ကူးစက်လာရာ ပုသိမ်ဗဟိုအမျိုးသားအထက်တန်းကျောင်းမှပြုလုပ်သည့် စီတန်းလှည့်လည်ဆန္ဒပြပွဲတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့အပြင် ကျောင်းမှဦးစီးဖွဲ့သည့် ပင်နီလူငယ်တပ်ဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။

ထို့နောက် ၁၉၄၃ ခုနှစ်တွင် အသက် ၁၆ နှစ်ပြည့်အပြီး ရန်ကုန်မြို့ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခုပဒုမ္မာ ကွင်းနေရာ) တွင် တပ်သားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယင်းနောက် ဗိုလ်သင်တန်းကျောင်း တက်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ နှင့် စစ်ဝန်ကြီးရုံးလူတွေ့စစ်ဆေးမှုဖြေဆိုခံယူပြီး မကြာမီ ဝင်ဆာစစ်တန်းလျား (ယခုသမ္မတအိမ်တော်ဝန်းအတွင်း)တွင် ဖွင့်လှစ်ထားသည့် အချက်ပြလေ့ကျင့်ရေးတပ်ရင်းတွင် သင်တန်းတက်နေစဉ် မင်္ဂလာဒုံ တတိယပတ် ဗိုလ်သင်တန်းကျောင်း (Third Balth of Officer Training School) သို့ ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်ရရှိခဲ့သည်။ ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တတိယပတ် ဗိုလ်သင် တန်းဆင်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) တွင် ပြန်တမ်းဝင်အရာရှိ အလုပ်သင်ဗိုလ် (မီနာဂိုက်ရှိခန်း) တလိုင်းသုံးပွင့် အထူး ကြယ်ဖြင့် ရာထူးခန့်အပ်ခြင်းခံရသည်။

တပ်မတော်ပြန်လည်ဖွဲ့စည်းပေးမည့်အစီအစဉ်အရ မျိုးချစ်တပ်မတော်ဖျက်သိမ်းသည့်အခါ ဇာတိရွာသို့ ပြန်လာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဆက်တက်ရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရန်ကုန်မြို့သို့ရောက်ရှိပြီး မျိုးချစ်တပ်မတော်ဋ္ဌာနချုပ်ဖွင့်လှစ်ထားရာ လောင်းဝစ်စ်လမ်း(ယခု အင်းယားမြိုင်လမ်း မင်းကွန်းတောရဘုန်းကြီးကျောင်းဝန်း) တွင် ဗမာ့တပ်မတော်အတွက် ပြန်တမ်းဝင်အရာရှိများ ကန္ဒီစာချုပ်အရ ရွေးချယ်ခန့်အပ်နေသည့်သတင်းကြားရ၍ သွားရောက်စုံစမ်းရာ မူလတာဝန်ထမ်းဆောင်ခဲ့သည့် ဖက်ဆစ်တော်လှန်ရေး တိုင်းအမှတ် (၄) တပ်ရင်း ၁၀၂ စာရင်းတွင် နောင်ပြန်လည်ဖွဲ့စည်းမည့်ဗမာ့တပ်မတော်တွင် တိုက်ရိုက်ပြန်တမ်းဝင်အရာရှိအဖြစ် (သို့မ ဟုတ်) အင်္ဂလိပ်ဘုရင့်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအဖြစ်ကျောင်းတက်ရန်ထောက်ခံထားသဖြင့် အရာရှိအဖြစ် ပြန်လည်လျှောက်ထား ခဲ့ရာ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရသည်။ ကိုယ်ပိုင်အမှတ်မှာ ကြည်း – ၃၆၅၁ ဖြစ်သည်။

ထို့နောက် မြင်းခြံမြို့ရှိ ဗြိတိသျှစစ်တပ်မှ စစ်အရာရှိများသင်ကြားပေးသည့် အခြေခံစစ်ပညာသင်တန်းသို့ တက်ခွင့်ရခဲ့သည်။ ထိုမှတဆင့် ၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် မေမြို့ (ပြင်ဦးလွင်) တွင် အရာရှိငယ်သင်တန်းသို့ တက်ရောက်ခဲ့ရသည်။

သင်တန်းဆင်းပြီးနောက် ၁၉၄၇ခုနှစ် နိုဝင်ဘာလတွင် စင်္ကာပူရှိ ဗြိတိသျှအရှေ့ဖျားတပ်များဆိုင်ရာဋ္ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် စစ်ဆင်ရေး လေ့ကျင့်မှုသင်တန်းသို့ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ တက်ရောက်ခဲ့ရသည်။
၁၉၅၀ပြည့်နှစ် ဧပြီလတွင် တရုတ်ပြည်သူ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တရုတ်ယူနန်ပြည်နယ်တောင်ပိုင်းရှိ တရုတ်ဖြူ (ကူမင်တန်) တပ်သား ၂၀၀၀ ကျော် ကျူးကျော်ဝင်ရောက်လာခဲ့သဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် “သူရ” ဘွဲ့ ချီးမြှင့်ခံရသည်။

၁၉၆၄ခုနှစ်စက်တင်ဘာလ ၁၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်၅၉ဖြင့် အနောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ် မှူးကြီးတင်ဦးအား ဗိုလ်မှူးချုပ်သောင်းဒန် (လေ) ဒေါက်တာမောင်လွင်တို့နှင့်အတူ တော်လှန်ရေးကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ ကြေညာချက်အမှတ် (၁၀၀) ဖြင့် ဗိုလ်မှူးချုပ်တင်ဦးအား ကာကွယ်ရေးဝန်ကြီး ဋ္ဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေးမှ ဗိုလ်မှူးချုပ် တင်ဦးအား ကာကွယ်ရေးဝန်ကြီးဋ္ဌာနဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဦသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သောသခင်ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်းတို့တွင် ပြည်သူလူထုအထိအခိုက် နည်းအောင် ဆောင်ရွက်ခဲ့သဖြင့် ပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို ခံခဲ့ရသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့နောက် မဆလပါတီဥက္ကဋ္ဌနှင့် သမ္မတဦးနေဝင်းသည် ဗိုလ်ချုပ်ကြီးတင်ဦး၏ ပုဂ္ဂိုလ်ရေးအရှိန်အဝါလွှမ်းမိုးမှုကိုထိတ် လန့်ကာ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ်မှ အငြိမ်းစားပေးလိုက်သည်။

ယင်းနောက် ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အနီးရှိ အထူးတရားရုံးတွင် ရန်ကုန် တိုင်းတရားသူကြီး အဖွဲ့ဥက္ကဋ္ဌ ဦးအုန်းမောင်၊ အဖွဲ့ဝင်များအဖြစ် ဦးမြတ်တိုး၊ ဦးမောင်မောင်ဝင်းတို့ပါဝင်သည့် ရန်ကုန်တိုင်းတရားသူကြီးအဖွဲ့သို့ ပြည်သူ့ရဲတပ် ဖွဲ့၊ သတင်းတပ်ဖွဲ့မှူးရုံး၊ ရဲမှူးဦးစိုးမြင့်က နိုင်ငံတော်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ဆောင်ရွက်မှု၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအား ဖျက်ရန်ကြံစည်မှုနှင့် အားပေးကူညီမှုတို့ဖြင့် ဗိုလ်ကြီးအုန်းကျော်မြင့်(အဘ-ဦးလွှာ) နှင့် ဗိုလ်ကြီးဝင်းသိန်း(အဘ-ဦးဟုတ် ရှု) တို့အား နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့်တရားစွဲဆိုရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် သိလျက်နှင့်ထိန်ချန်ခဲ့သည်ဆိုကာ ထည့်သွင်း တရားစွဲဆိုခြင်းခံရ၍ သက်သေအထောက်အထားမရှိဘဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂(၁)၊ ၁၂၃/၁၂၄ နှင့် ထောင်ဒဏ် (၇) နှစ် အပြစ်ပေး ခံခဲ့ရသည်။ ယင်းနောက် ၁၉၈၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက သာသနာတော် သန့်ရှင်းတည်တံ့ရေး အစည်းအဝေး အောင်မြင်စွာပြီးစီးခြင်းကိုဂုဏ်ပြု၍ အမိန့်အမှတ် ၂/၈၀ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ခဲ့ရာမှ ထောင်မှပြန်လည်လွတ်မြောက်လာခဲ့ သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် သာသနာ့ဘောင်သို့ (၂) နှစ်ခန့်ဝင်ရောက်ခဲ့သည်။ ထို့နောက် လူ ထွက်ပြီး ဥပဒေပညာလေ့လာသင်ယူဆည်းပူးရာ ၁၉၈၄/၈၆ ခုနှစ်များအတွင်း မှတ်ပုံတင်ရှေ့နေ (RL) အောင်လက်မှတ်ရခဲ့သည့်အပြင် ဥပဒေပညာဘွဲ့(L.L.B) ကိုပါ ရရှိခဲ့သည်။

ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်ပွားနေစဉ်အတွင်း ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင် ဆန်းလမ်း အထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်ဋ္ဌာနရှေ့၌ လူထုအစည်းအဝေးပွဲတွင် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စည်းရုံး ဟောပြောခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် နံနက် ၁၀ နာရီတွင် ဗဟန်းမြို့ဝင်္ကပါလမ်း ခြံအမှတ် (၁၀) ဗိုလ်မှူးအောင် (ရဲဘော် သုံးကျိပ်ဝင်) နေအိမ်တွင် အဖွဲ့ဝင် (၂၁) ဦးဖြင့် ဖွဲ့စည်းသည့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် နုတ်ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်မှူးဟောင်းများနှင့် ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ခုနှစ် စက်တင်ဘာလ၂၄ရက်နေ့တွင် ဖွဲ့စည်းပြီး စက်တင်ဘာလ၂၇ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ၁၀ရက်နေ့တွင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး နှုတ်ထွက်သွားခဲ့သဖြင့် ဥက္ကဋ္ဌဖြစ်လာခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အား နှောင့်ယှက်ဖျက် ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ အရေးယူခံရပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အထူးစစ်ခုံရုံး အမှတ် (၅) မှ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ပြည့်ခါနီးတွင် နောက်ထပ်စစ်ခုံရုံးဒဏ်ခံရပြီး ယခင်က စွဲဆိုခဲ့သည့်စွဲချက်အတိုင်း နောက်ထပ်ထောင်ဒဏ် (၇) နှစ်ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ မတ်လတွင် ထောင်မှပြန်လည်လွတ် မြောက်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် လူငယ်အချို့တို့နှင့်အတူ ကော့မှူးမြို့နှင့် ကွမ်းခြံကုန်းမြို့များသို့ ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အသွား ဒလမြို့အထွက်တွင် အာဏာပိုင်များ၏တားမြစ်ဟန့်တားခြင်းခံခဲ့ရ၍ ၉ ရက်အကြာ စက်တင်ဘာလ ၁ ရက်နေ့ ညဥ့်သန်းခေါင်တွင် အ တင်းအဓမ္မချုပ်နှောင်ဖမ်းဆီးပြီး နေအိမ်သို့ပြန်ပို့ခံရပြီး နေအိမ်အကျယ်ချုပ်ဖြင့် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေခဲ့ရ သည်။

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မန္တလေးမြို့သို့ မီးရထားဖြင့်ခရီးသွားရန် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိစဉ် အာဏာပိုင်များမှဟန့်တားပြီး ဖမ်းဆီးချုပ်နှောင်၍ ရဲမွန်တပ်စ ခန်းတွင် ထိန်းသိမ်းထားခဲ့သည်။ နောက်ပိုင်း အကျယ်ချုပ်ချထားပြီး ၂၀၀၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ညနေပိုင်းတွင်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းကို ပြန်လည်၍ရုပ်သိမ်းပေးခဲ့သည်။

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီး ကျီရွာတွင် အာဏာပိုင်များမှ စနစ်တကျ ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့သည့် သွေးချောင်းစီးလုပ်ကြံသတ်ဖြတ် တိုက်ခိုက်မှုအတွင်း အသက်မသေဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကိုင်းတိုင်းကလေးထောင်တွင် ထိန်းသိမ်းထားရာမှ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ၇က် ညနေပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်မြို့နေအိမ်သို့ ပြန်ပို့၍ အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၁၉၇၅ ခုနှစ်တွင်ပြဋ္ဌာန်း၍ ၁၉၉၁ ခုနှစ်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် “နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” ပုဒ်မ၁၀ (ခ) ဖြင့် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ နေအိမ်အကျယ်ချုပ်သက်တမ်း (၁) နှစ် ထပ်မံတိုးခဲ့သည်။ ယင်းနောက် ပြစ်ဒဏ်ပြည့်မြောက်သည့် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ တွင် လွှတ်မပေးဘဲ နောက်ထပ်ပြစ်ဒဏ် သက်တမ်း (၁) နှစ် ထပ်မံတိုးခြင်းခံခဲ့ရပြန်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးတင်ဦးအား ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ၇က်နေ့ည ၈း ၃၀ နာရီတွင် နေ အိမ် အကျယ်ချုပ်မှ နအဖအစိုးရက ပြန်လည်လွှတ်ပေးခဲ့သည်။
နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးတင်ဦးသည် မိမိနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေး များရရှိရေးအတွက် အဖွဲ့ချုပ်၏တာဝန်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်၊ ဗဟိုလူမှုအထောက်အကူအဖွဲ့၏ ဥက္ကဋ္ဌတာဝန် များကို ပြန်လည်ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျစ်လျစ်ခိုင်မာတောင့်တင်းရန်နှင့် အဖွဲ့ချုပ်၏ နိုင်ငံရေးဝါဒသဘောတရားများနှင့် လုပ်ငန်း စဉ်များ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ချုပ်ကို သဘာပတိအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ဖြင့် ပြန်လည်ဖွဲ့ စည်းရာ သူရဦးတင်ဦးအား အဖွဲ့ချုပ်သဘာပတိအဖွဲ့တွင် နာယကအဖြစ် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ခန့်အပ်တာဝန်ပေး အပ်ခဲ့သည်။ သဘာပတိအဖွဲ့ဝင်များမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့ဖြစ်သည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး အဖွဲ့ဝင်များမှာ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက် တာမေဝင်းမြင့်တို့ ဖြစ်ကြသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေ သကြီးလူငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသားများပါဝင်သည့် ၂၁ ဦးပါ နာမည်စာရင်းဖြင့် ပါတီပြန်လည်ထူထောင်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည်လျှောက်ထားခဲ့ကြသည်။

အဖွဲ့ချုပ်အား ရွေးကောက်ပွဲကော်မရှင်မှ တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အဖွဲ့ဝင် ၂၁ ဦးပါ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖွဲ့စည်းခဲ့ရာ ဦးတင်ဦးအား ရွေးကောက်ပွဲအောင်နိုင်ရေး ၂၁ ဦးကော်မတီ၏တာဝန်ခံအဖြစ် ရွေးချယ်ခဲ့ကြ သည်။

မည်သို့ဆိုစေ… သမိုင်းတကွေ့မှ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးသည် ပြည်သူ့ဘက်၌ထာဝစဉ်ရပ်တည်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးအတွက် အနစ်နာခံကြိုးပမ်းဆောင်ရွက်နေမှုများသည် မြန်မာ့သမိုင်း၌ ထာဝရကမ္ဗည်းတင် ကျန်ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။


သန်းဝင်းလှိုင်
မေ ၇၊ ၂၀၁၂
Ref: MoeMaKa

DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း

ဓာတ်ပုံ aye mar
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။
ထိုင်းမြန်မာ နယ်စပ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်လာမယ့် အရေးကို ကြားဝင်ဖြေရှင်းပေးဖို့ အတွက် ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ (KNU) ဘက်က ဖြေရှင်းပေးဖို့ အဆင့်သင့်ရှိပါတယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။ လက်နက်ကိုင် ကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေ (DKBA) တပ်မဟာ (၅) က ခေါင်းဆောင်တွေကို ထိုင်းနဲ့ မြန်မာ အာဏာ ပိုင်တွေက မူးယစ်ဆေးဝါး မှောင်ခိုမှု စွပ်စွဲချက်တွေ နဲ့ အလိုရှိကြောင်း ကြေငြာခဲ့ပြီးတဲ့ နောက်မှာ တင်းမာမှု တွေကလည်း ကြီးထွားလာခဲ့တာပါ။

ထိုင်း အစိုးရ က တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အဖွဲ့ ဒီကေဘီအေ (DKBA) ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်ချုပ် စောလားပွယ် ကို မူးယစ်ဆေးဝါးမှာ ပါဝင် ပတ်သက်နေမှု နဲ့ ဘတ်ငွေ တစ်သန်း ဆုကြေးငွေ ပေးပြီး အလိုရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်မှာ သွားရေး လာရေး ကိစ္စတွေ တင်းမာမှု တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗိုလ်ချုပ် စောလားပွယ် ဘက် ကလည်း မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး ငြင်းပယ်နေသလို ထိုင်းဘက် ကလည်း သူတို့မှာ အခိုင်အလုံ သက်သေတွေ ရှိတယ် ဆိုပြီး ပြောဆိုနေတာပါ။ နှစ်ဘက် စလုံးက လက်ခံမယ် ဆိုရင် အမှန် အတိုင်း ဖြစ်အောင်လို့ ကေအန်ယူ ဘက်ကနေ ဝင်ရောက် ဖြေရှင်းပေးဖို့ ဆန္ဒ ရှိတဲ့ အကြောင်း ကေအန်ယူ ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူး စောလငွေ က ပြောပါတယ်။

“ကျနော် တို့ အနေနဲ့ ကတော့ မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးကို ဆန့်ကျင်တယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ရှင်းတယ်။ လက်ဆေးနိုင်တယ်လို့ သူတို့က ပြောတာကိုး။ ဟိုဘက်ကလည်း မဟုတ်ဘူး။ မင်းတို့ ပတ်သက်တယ် ဆိုပြီး ငါတို့မှာ အခိုင်အလုံ ရှိတယ် ဆိုပြီး ပြောတဲ့ ကိစ္စတွေ မှာ ကျနော် တို့က ဖြေရှင်းဖို့ ဆိုလို့ ရှိရင် ကျနော် တို့ ကေအန်ယူ အနေနဲ့ ထိတွေ့ ဆက်ဆံဖို့ ဆိုရင် တဘက်က ကျနော်တို့ အမျိုးသား ဖြစ်တယ်။ နောက်ပြီး ကျနော် တို့ နဲ့ ပတ်သက်တဲ့၊ ဆက်လက်ပြီးတော့ ညှိနှိုင်းပြီးတော့ ပေါင်းစပ် ဖို့ အဖွဲ့အစည်း တစ်ရပ်ဖြစ်တယ်။ ဒီဘက်မှာ ဆိုလို့ ရှိရင်လည်း ကျနော်တို့ နဲ့ မကင်းရာ မကင်းကြောင်း တကယ့်ကို နောက်ကြောဖြစ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ကို ချဉ်းကပ်လာရင်တော့ ကျနော်တို့ ပါဝင်နိုင်ခွင့် ရှိတဲ့ အလျောက်၊ ပေးတဲ့ အလျောက်ပေါ့၊ တစ်ဘက်ကတော့ ကျနော်တို့ကို ယုံကြည်အားကိုးတဲ့ အလျောက် ကျနော်တို့ က ပြေလည်ရာ ပြေလည်ကြောင်း ကိစ္စအတွက် ဆိုရင်တော့ ကျနော်တို့က ပါဝင်ဖို့ ဝင်မလေးပါဘူး။”

တင်းမာမှု ဖြစ်နေတဲ့ ဒေသတွေ ရဲ့ အခြေအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ဗိုလ်မှူး စောလငွေ ကအခုလို ရှင်းပြပါတယ်။

“တပ်မ ၆ အနေနဲ့ က လူးလာရာ ခရိုင်၊ ကျနော်တို့ ဝေါလေး၊ ဝေါလေး ခွင်ပေါ့၊ ကျနော်တို့ ဟိုဘက် ဆိုလို့ ရှိရင် ဖုတ်ဖရာ့ မြို့နယ် စပ်တွေပေါ့၊ အဲဒီ နေရာတွေ မှာတော့ အခု လောလောဆယ်တော့ နှစ်ဘက်ကပေါ့၊ တစ်ဘက် နဲ့ တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မှု တွေ ရှိတာပေါ့လေ။ ကိုယ်လုံခြုံရေးကို၊ ဗိုလ်ချုပ် စောလားပွယ် တို့လည်း သူတို့ လုံခြုံရေးအတွက် သူတို့ ယူတဲ့ အနေအထားနဲ့၊ ဒီဘက်ကလည်း ဖြတ်သန်းခွင့်တွေကို သတိထားပြီး ပိတ်ပင်တဲ့ အနေအထား အပေါ်မှာဆိုတော့၊ နှစ်ဘက် ပုံမှန် လူထု ဖြတ်သန်းဖို့နဲ့ ကူးလူးဆက်ဆံဖို့ က ရပ်တန့်သွားတယ်ပေါ့။ ရပ်တန့်မှု ဖြစ်သွားပြီးတော့ တင်းမာမှု ဖြစ်နေတယ်လို့ အဲဒီလိုဘဲ ကျနော် နားလည်တယ်။”

အခုလို မူးယစ်ဆေးဝါး နဲ့ စွပ်စွဲတဲ့ စွပ်စွဲချက်တွေဟာ အရင်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ကြောင်း အခုအချိန်မှာ ဗိုလ်ချုပ် စောလားပွယ်တို့ကလည်း မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့ အကြောင်းကို အခိုင်အမာ အာမခံနေသလို ထိုင်းဘက်ကလည်း စွပ်စွဲချက်တွေ ရဲ့ နောက်ကွယ်မှာ သက်သေ သာဓကတွေ ရှိတဲ့ အကြောင်း ပြောဆိုနေပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့တဲ့ စစ်အစိုးရမှာလည်း တာဝန်ရှိတဲ့ အကြောင်း၊ အဲဒီ အချိန်က ဒီကေဘီအေ နဲ့ စစ်အစိုးရ တို့ အကြားမှာ နားလည်မှု နဲ့ ပူးတွဲ ဆောင်ရွက်ခဲ့တဲ့ အချိန် ဖြစ်တယ် လို့ ပဒို စောလငွေ ကပြောပါတယ်။

“နှစ်ဘက် ပဋိပက္ခ က အခုလောလောဆယ် လက်ရှိ ရှိတဲ့ ဦးသိန်းစိန် အစိုးရမှာလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ဦးသိန်းစိန် အစိုးရတို့ နဲ့ပဲလည်း နားလည်မှု ရှိထားပြီးတော့ သူတို့ကို တရားဝင် အခြေချခွင့်၊ လှုပ်ရှားခွင့် နဲ့ နေလို့ ရတဲ့ တရားဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်ဘဲ။ လောလောဆယ် အားခြင်းပေါ့လေ။ ကျနော်တို့ အနေနဲ့ ကလည်း ထိုနည်း၎င်းဘဲ၊ ကျနော်တို့က အပစ်ရပ်စဲရေး လုပ်ထားတဲ့ အခါကျတော့၊ ဗိုလ်ချုပ် စောလားပွယ်တို့ နဲ့ ကျနော်တို့နဲ့ ဘာဘဲ ဖြစ်ဖြစ် ကျနော် တို့ အကြားမှာ ထိပ်တိုက် ပဋိပက္ခတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ အမျိုးသားချင်း ပြန်လည် ညီညွှတ်ရေး တည်ဆောက်နေတဲ့ ကာလမှာပေါ့လေ။ အဲဒီလို သူတို့ နဲ့ ကျနော် တို့ကြားမှာ ပြန်ညှိရမယ့် ဟာတွေ အများကြီး ရှိတဲ့ ကြားမှာ ဒီလိုမျိုး ကိစ္စတွေ ပေါ်လာတဲ့ အခါမှာကျတော့ ကျနော် တို့ လုပ်ရမယ့် အလုပ်တွေ တောင်မှ အနှောက်အယှက်အများကြီး ပြန်ဖြစ်လာတာပေါ့။”

အခုအခါမှာတော့ ထိုင်းအစိုးရက ကရင် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဗိုလ် နှုတ်ခမ်းမွှေးကို လွှဲအပ်ပေးဖို့ဘဲ ဆက်တိုက် တောင်းဆိုနေတဲ့ အကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။

Ref: VOA

ဦးရွေမန်းနဲ့အဖွဲ့ ဂျာမနီရောက်

မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စား လှယ် ၈ ဦးဟာ ဥရောပ ဒီမိုကရေစီနဲ့ ပါလီမန်စနစ်ကို လေ့လာနိုင်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိ နေပါတယ်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ပိတ်ဆို့မှုတွေ တနှစ် ဆိုင်းငံ့မယ်လို့ ကြေငြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ ဂျာမနီကို ရောက်လာကြတာ ဖြစ်ပါတယ်။

သူရ ဦးရွေမန်းနဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဌ တခိျု့အပြင် ကျားဖြူပါတီက ဒေါ်နန်း ဝါနုတို့လည်း ပါဝင်ပါတယ်။

ကိုယ်စားလှယ်တွေဟာ မြူးနစ်မြို့က ဂျာမနီ ဘာဘေးရီးယန်း ပါလီမန်ကို သွားပြီး လေ့လာဖို့ ရှိသလို ဘာလင်မြို့မှာလည်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

''ဒီခရီးစဉ်ကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်မှာ တိုးတက်မှုတွေ ရလာအောင် အထောက်အကူ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်'' လို့ ဒီခရီးစဉ်ကို စီစဉ်တဲ့ ဂျာမနီ အခြေစိုက် Hanns Seidel Foundation ပြောခွင့်ရ ပုဂ္ဂိုလ် ဟူးဘားတပ်စ် ကလင်းစ်ဘူဂယ်က ဘီဘီစီကို ပြောပါတယ်။

''ဟန်း ဆိုက်ဒဲလ် ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝန်း နိုင်ငံ ၆၀ လောက်မှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေ လုပ်နေတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျွန်တော်တို့ လုပ်ကိုင်လာတဲ့ ၃၅ နှစ် အတွေ့ အကြုံတွေက မြန်မာနိုင်ငံကို အထောက် အကူဖြစ်စေမယ်လို့ ထင်ပါတယ်'' လို့ သူက ပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားပြီး ဥရောပ ပါလီမန်ကိုလည်း သွားရောက်ဖို့လည်း ရှိပါတယ်။

ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ နောက်တစ်ဖွဲ့လည်း ရှိသေးပြီး အဲဒီ အဖွဲ့မှာတော့ RNDP ရခိုင်ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်၊ ကျားဖြူပါတီ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း နဲ့ NLD အမတ် ဒေါက်တာ လှမြတ်သွေးတို့လည်း ပါဝင်ပါတယ်။

ဘီဘီစီ-မြန်မာပိုင်း 
Ref: MNN

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
RFA
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တွေ့ဆုံစဉ်။

ဒီဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ နှစ်ဘက် သဘောတူညီချက်တွေအရ CNF နဲ့ အစိုးရအဖွဲ့တို့အကြား ငြိမ်းချမ်းရေးကိစ္စတွေ အားလုံးနီးပါး ပြေလည်မှု ရရှိသွားပြီလို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်းက RFA ကို အခုလို ပြောပါတယ်။

" ခြုံပြောရမယ်ဆိုရင်တော့ အားလုံးနှစ်ဘက် သဘောတူညီမှုရခဲ့ပါပြီ။ ပထမအချက်မှာတော့ ကျွန်တော်တို့ ယခင်တုန်းကဟာတွေကို ပြည်ထောင်စုအဆင့်မှာ ပြန်ပြီးတော့ သဘောတူပါတယ် ဆိုတာကို ပြန်ပြောတယ်ဗျာ။ နောက်ပြီးတော့ ယာယီအခြေပြု နေထိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်ပေါ့။ အဲတာကတော့ နှစ်ဦးနှစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ Hard case ဆိုတော့ ကျွန်တော်တို့ ဒီဘက်က တပ်မတော် တိုင်းစစ်ဌာနချုပ်တွေရဲ့ ကိုယ်စားလှယ်နဲ့ ဒီပြည်နယ်မှာရှိတဲ့ လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီးနဲ့ နောက်တဘက်က ချင်းအမျိုးသားတပ်ဦးရဲ့ တပ်မတော်ပိုင်းဆိုင်ရာ အကြီးအကဲတွေနဲ့ ကျွန်တော်တို့ ဒီဘက်က ခေါင်းဆောင်နှစ်ယောက်က သူတို့ကို မူပေးပြီးတော့ နယ်မြေခွဲတဲ့ ကိစ္စတွေကို ဆွေးနွေးစေပါတယ်။ အဲတာတွေ အားလုံးလည်း ကျွန်တော်တို့ သဘောတူညီချက်ရခဲ့ပါတယ်"
ချင်းအမျိုးသားတပ်ဦးနဲ့ မြန်မာအစိုးရအကြား ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့က ဟားခါးမြို့မှာ ပြုလုပ်ခဲ့ပြီး အချက် (၉) ချက်ပါ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲက သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် ငြိမ်းချမ်းရေးကိစ္စကို တာဝန်ယူထားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

Ref: RFA

ထိုင်း​-မြန်မာနယ်စပ် ဂိတ်အချို့​ကို ဒီ​ကေဘီ​အေ ပိတ်ပစ်

photo - Francis Wade
မူး​ယစ်​ဆေး​ဝါး​အမှုနဲ့​ ထိုင်း​အစိုး​ရက ဝရမ်း​ထုတ်လိုက်တဲ့​နောက် ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​ ဦး​စီး​တဲ့​ ဒီ​ကေဘီ​အေတပ်က ထိုင်း​-မြန်မာနယ်စပ်က ဂိတ် ၁၀ ဂိတ်ကို ပိတ်ပစ်လိုက်ပြီလို့​ ဒီ​ကေဘီ​အေ တပ်မှူး​တဦး​က ​ပြောပါတယ်။

ထိုင်း​-မြန်မာနယ်စပ်မှာချထား​တဲ့​ တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​ တပ်မ​တော် (ဒီ​ကေဘီ​အေ)ရဲ့​ တပ်မှူး​တဦး​ဖြစ်တဲ့​ ဗိုလ်မှူး​ စန်း​အောင်က တပ်ခရိုင်နဲ့​ မျက်နှာချင်း​ဆိုင်က ဂိတ်​ပေါက် ၁၀ ခုကို ပိတ်ထား​လိုက်တယ်လို့​ ​ပြောပါတယ်။

“ညွှန်ကြား​ချက်ရတဲ့​ လူ​တွေကို အကုန်ပိတ်ခိုင်း​ထား​တယ်။ တချို့​တပ်​တွေကျ​တော့​ အချိန်မီ ညွှန်ကြား​ချက်မရတာ ရှိတယ်​လေ။ ကျ​နော်တို့​ လက်လှမ်း​မီတဲ့​ ဂိတ်​တွေ​တော့​ ပိတ်ထား​တယ်။ ၁၀ ဂိတ်​ကျော်ပြီ။ ကျ​နော်တို့​တပ်​တွေကို ဟိုဘက်ခြမ်း​ ဒီဘက်ခြမ်း​ လူသွား​လူလာ ​ပေး​မလုပ်ဖို့​။”

ဒီ​ကေဘီ​အေ ​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ကို ဖမ်း​ပေး​ဖို့​၊​ လွှဲ​ပြောင်း​ပေး​ဖို့​ မြန်မာဘက်ကို ထိုင်း​က တရား​ဝင် ​တောင်း​ဆိုလိုက်တဲ့​အချိန်မှာ နယ်စပ်မှာ အ​ခြေအ​နေ​တွေ တင်း​မာလာတာပါ။

၂၀၀၃ ခုနှစ်တုန်း​က နယ်စပ်မူး​ယစ်​ဆေး​ဝါး​မှောင်ခိုမှုမှာ ပတ်သက်ခဲ့​တယ်ဆိုတဲ့​ ထိုင်း​အစိုး​ရရဲ့​ စွပ်စွဲချက်​တွေကို ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ဘက်က ငြင်း​ဆန်ထား​ပြီး​ နိုင်ငံတကာ မူး​ယစ်​ဆေး​ဝါး​ ထိန်း​ချုပ်​ရေး​အဖွဲ့​တွေ လာ​ရောက်စစ်​ဆေး​နိုင်တယ်လို့​ အကြိမ်ကြိမ် ဖိတ်​ခေါ်ထား​ပါတယ်။

အခုပိတ်ခဲ့ ​တဲ့​ ဂိတ်​ပေါက်​တွေဟာ နှစ်ဖက် အ​ရောင်း​အဝယ်နဲ့​ စိုက်ပျိုး​ရေး​သမား​တွေအတွက် ကူး​သန်း​တဲ့​ အဝင်အထွက်ဂိတ်​တွေ ဖြစ်ပါတယ်။

အ ​ခြေအ​နေ​တွေ တင်း​မာလာရင် ဒီ​ကေဘီ​အေတပ်​တွေက နှစ်နိုင်ငံ ကုန်သွယ်​ရေး​မှာ အချက်အချာကျတဲ့​ မြဝတီ-မဲ​ဆောက် ချစ်ကြည်​ရေး​ တံတား​ကို ပိတ်ပစ်ဖို့​ ဆန္ဒရှိတယ်လို့​ ဒီ​ကေဘီ​အေ တပ်မှူး​ ဗိုလ်မှူး​ စန်း​အောင်က ​ပြောပါတယ်။

“မြဝတီတံတား​ကို ပိတ်ဖို့​တော့​ ကျ​နော်တို့​ ကြိုး​စား​ကြည့်​တယ်။ ခရိုင်က​နေ ပြည်နယ်ကို တင်​ပေး​ဖို့​၊​ ပြည်နယ်က​နေ အ​ရှေ့​တောင်တိုင်း​ထိ တင်​ပေး​ဖို့​ ကျ​နော်တို့​ ​ပြောတယ်။ တရား​ဝင် တုံ့​ပြန်တာ​တော့​ မရှိဘူး​။ တပ်​တွေတိုး​ပြီး​တော့​ ချထား​တာ​တော့​ ​တွေ့​ရတယ်။ ကျ​နော်တို့​နိုင်ငံရဲ့​ ဂုဏ်သိက္ခာနဲ့​ သူတို့​ အိမ်နီး​ချင်း​နိုင်ငံနဲ့​လည်း​ မျက်နှာမပျက်ချင်ပါဘူး​။ ဒီနိုင်ငံ​တော်မှာ ခွင့်​ပြုချက်​တောင်း​တယ်။ သူတို့​ပိတ်​ပေး​မယ်၊​ ဖွင့်​ပေး​မယ်ဆိုတာ ကျ​နော်တို့​ကို တရား​ဝင်​ပြောထား​တာ မရှိဘူး​ဗျ။ ကျ​နော်တို့​ ​အောက်​ခြေက တပ်မှူး​တွေကို ဗိုလ်ချုပ်က မရမက ပိတ်ပါ​ပြောလို့​ရှိရင် ပိတ်ရမှာပဲ။ ကျ​နော်တို့​က စစ်သား​တွေဆို​တော့​ အထက်အမိန့်​ကို နာခံရမှာပဲ။

“သတင်း ​စာရှင်း​လင်း​ပွဲ​ပေါ်မှာ မူတည်ပြီး​တော့​ ကျ​နော်တို့​ကို ဆက်​စောင့်​ကြည့်​ပါဦး​လို့​ ​လေး​လေး​နက်နက် ညွှန်ကြား​တာရှိတယ်။ ကျ​နော်တို့​ ဗိုလ်ချုပ်က အဲ့​လို ညွှန်ကြား​တော့​ ကျ​နော်တို့​ ​စောင့်​ရမယ်။ ကျ​နော်တို့​က တရား​သောစစ်ကို ဆင်နွှဲဖို့​ရာ ဘယ်သူပဲဖြစ်ဖြစ် ကျ​နော်တို့​က ဝန်မ​လေး​ဘူး​။ ထိုင်း​က ကျ​နော်တို့​ကို မတရား​သောနည်း​နဲ့​ ဖိနှိပ်မယ်ဆိုရင် ကျ​နော်တို့​ ကာကွယ်ရမှာပဲ။ ဘယ်သူဘယ်ဝါမဆို​ပေါ့​လေ။ ဖမ်း​မယ်ဆိုရင်လည်း​ ကျ​နော်တို့​က ကာကွယ်ရမှာပဲ။ ဒါကျ​နော်တို့​ရဲ့​ လက်ရှိအ​နေအထား​ပေါ့​လေ။”

ဗိုလ်ချုပ် နှုတ်ခမ်း​မွေး​ ​ခေါင်း​ဆောင်တဲ့​ ဒီ​ကေဘီ​အေတပ်ဖွဲ့​ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲကျင်း​ပတဲ့​ အချိန်မှာ ​ရွေး​ကောက်ပွဲကို ဆန့်​ကျင်တဲ့​အ​နေနဲ့​ မြဝတီမြို့​ကို နာရီတချို့​သိမ်း​ပိုက်ခဲ့​ဖူး​ပါတယ်။

မြဝတီမြို့​က ကုန်သည်တဦး​က​တော့​ တံတား​အောက်မှာ မြန်မာအစိုး​ရတပ်တချို့​ လုံခြုံ​ရေး​ချ​ပေမယ့်​ ကုန်သွယ်မှု​တွေက​တော့​ ပုံမှန်အတိုင်း​ ရှိ​နေတယ်လို့​ ​ပြောပါတယ်။

“အ​ခြေအ​နေက​တော့​ ပုံမှန်ပါပဲ။ ဘာမှထူး​ခြား​မှုမရှိဘူး​။ ကုန်သည်​တွေလည်း​ ပုံမှန်ပဲသွား​နေကြတယ်။ တံတား​အောက်​တွေမှာ အ​စောင့်​နည်း​နည်း​ ပိုများ​လာတာတခုပဲ၊​ ပိတ်တာတို့​ဘာတို့​တော့​ ဘာမှမရှိ​သေး​ဘူး​။”

ထိုင်း​သတင်း​စာတ​ စောင်ဖြစ်တဲ့​ ဘန်​ကောက်ပို့​စ်သတင်း​မှာ​တော့​ မြန်မာပြည်ဘက်ခြမ်း​မှာ အခုလို အ​ခြေအ​နေ​တွေ ဖြစ်​နေ​ပေမယ့်​ ထိုင်း​ဘက် မှာ​တော့​ လုံခြုံ​ရေး​ အ​ခြေအ​နေ ပုံမှန်အတိုင်း​ ရှိ​နေတယ်လို့​ ဆိုပါတယ်။

နေသွင် - ဒီဗွီဘီ 

 Ref: MNN

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ယနေ့ကျင်းပ ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြု

ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ၇ရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ 

နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။

အဆိုပါအစီအစဉ်ကို နှစ်ရက်အတွင်း စတင်အကောင်အထည်ဖေါ်မည် ဖြစ်ပြီး စီပွားကူးသန်းဝန်ကြီးဌာနမှ ၂၀၀၇ ခုနှစ်အထက် ကားတင်သွင်းလိုသူများ၏ လျှောက်ထားမှုကို ယနေ့ မေလ ၇ ရက်နေ့မှ ၂ ရက်အတွင်း စတင်လက်ခံလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်းဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အသက်အရွယ်ပြည့်ပြီးသူတိုင်း ဘဏ်စာရင်းဖွင့်လှစ်ကာ ကားတစ်စီးစီ တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံခြားငွေ ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် မည်သည့်ဘဏ်တွင်မဆို ငွေစာရင်းဖွင့်လှစ်နိုင်ပြီး ငွေစာရင်းဖွင့်လှစ်ရာတွင် ကားတင်သွင်းရန်ဟု ပြောကာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲ မကျင်းပမီ စီးပွားကူသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရားဝင် ကားအရောင်းပြခန်း ဖွင့်ခွင့်ရထားသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နံနက် ၁၀နာရီ ၀န်ကျင်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အရောင်းပြခန်း ဖွင့်ခွင့်ရ လုပ်ငန်းရှင်များမှ ပြောင်းလဲပြင်ဆင်ရန်ရှိသည့် မူဝါဒများအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆာကူရာ ဦးဌေးအောင်မှ "အခုလို လူတိုင်းကို ကားတင်သွင်းခွင့် ပေးမယ်ဆိုတဲ့ မူဝါဒတွေကြောင့် တရားဝင်ဖွင့်ခွင့်ရရှိထားတဲ့ ကားအရောင်း ပြခန်းတွေမှာ စလစ်နဲ့လာဝယ်တဲ့သူက လွဲလို့ ကျန်တဲ့သူတွေက လာဝယ်ကြတော့မှာ မဟုတ်ဘူး။ လူတိုင်းကားတင်သွင်းခွင့် ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ် တင်သွင်းကြမှာပဲ။ အခုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ဒီလုပ်ငန်းရှင်တွေ အနေနဲက မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေ အများကြီး မေးပြီး ဆွေးနွေးခဲ့ကြတယ်။ ဥပမာ- အိမ်ထောင်စုတစ်ခုမှာ လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး သွင်းခွင့်ရမှာလား။ အရင်ကားဟောင်းအပ်ပြီး အသစ်သွင်းထားတဲ့ သူတွေကော ထပ်သွင်းလို့ ရမှာလား။ ဘဏ်အကောင့် ဖွင့်ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်ရမှာလဲ အစရှိတဲ့ မေးခွန်းတွေအပါအ၀င် မေးခွန်းပေါင်း မြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်။" ဟု ပြန်လည် ရှင်းပြပါသည်။

Ref: EMG

Monday, 7 May 2012

 ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့မှုအချို့နှင့် နိုင်ငံခြားဘဏ်စာရင်း ရှိငွေများအား ပြည်ပပို့ကုန်မှ ရငွေအဖြစ် သတ်မှတ်ခွင့်ရှိသောကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် ပိုမိုအဆင်ပြေ လွယ်ကူမှုရှိလာ ယခုနှစ်ပိုင်းအတွင်း ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့

73111
ယခုနှစ်ပိုင်းအတွင်း ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့မှုအချို့နှင့် နိုင်ငံခြားဘဏ်စာရင်းတွင် ရှိသော ငွေများအား ပြည်ပပို့ကုန်မှရငွေ (earning) အဖြစ် သတ်မှတ်ခွင့်ရှိသောကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း များအတွက် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိလာကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။

“ဒီနှစ်ထဲမှာ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျှော့မှုတွေ ရှိတယ်။ ဥပမာ-ဧပြီလ(၂)ရက်နေ့က ငွေလဲနှုန်း ပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ၊ ယူရိုငွေကြေးနဲ့ အက်အီးစီတွေကို နှုန်းရှင်စနစ်နဲ့စပြီး မျှောလိုက်တယ်။ မျှောလိုက်တယ် ဆိုပေမယ့် ဈေးကွက်ပေါက်ဈေးအတိုင်း မျှောတာပါ။ ပြီးတော့မှ ဗဟိုဘဏ် က ချပေးတဲ့ mid-rate အပေါ် မူတည်ပြီး +၀.၈ရာခိုင်နှုန်းနဲ့ -၀.၈ ရာခိုင်နှုန်းပဲ ခွာထားပါတယ်။ အခု မေလ ၂ရက်နေ့မှာတစ်ခါ၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့မှာရှိတဲ့ နိုင်ငံခြားငွေစာရင်းထဲက ငွေတွေကို earning သဘောမျိုး လွတ်လပ်စွာရောင်းဝယ်ခွင့် ပေးလိုက်တယ်။ နိုင်ငံခြားငွေ ရောင်းနေ၀ယ်နေတဲ့ လိုင်စင်ရဘဏ်တွေကိုလည်း သူတို့ဘာသာ သူတို့ account transfer နဲ့ ရောင်းချခွင့်ပြုလိုက်တော့ လုပ်ငန်းလုပ်ရတာ အဆင်ပြေသွားပါတယ်။ အထူးသဖြင့် ပြည်ပ ပို့ကုန်က ရငွေဈေးနဲ့ ဒေါ်လာဈေး သိပ်မကွာဘူးဆိုရင် သွင်းကုန်တင်သွင်းတဲ့ သူတွေအတွက်လည်း ပိုပြီး အဆင်ပြေ သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ဘဏ်များအနေဖြင့် account transfer ဖြင့် ရောင်းချရာတွင် +၀.၃ရာခိုင်နှုန်းနှင့် -၀.၃ ရာခှိုင်နှုန်းကြားတွင်သာ ရောင်းချ ခွင့်ပြုထားကြောင်း၊ လက်ရှိစနစ်အရ ပို့ကုန်သွင်းကုန်သမားများ အဆင်ပြေ နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ကျွန်တော်တို့ အရင်တုန်းက အိန္ဒိယကို ပဲပို့တယ်ပဲဆိုပါတော့။ TT  နဲ့ပဲ ပို့ကြရတယ်။ ဘဏ်ကို ငွေဝင်ပေမယ့် သင်္ဘောမတင်မချင်း ငွေထုတ်ယူလို့မရဘူး။ ဒီကြားထဲ ငွေလိုတယ် နောက်ထပ် offer  ရတယ် ဆိုရင် နောက်တစ်ရင်း ထပ်ရင်းရတယ်။ အခုတော့ ဘဏ်ထဲမှာ ငွေဝင်ပြီဆိုတာနဲ့ ကျွန်တော်တို့ ထုတ်ယူလို့ ရပါပြီ။ အရင်ထက်အများကြီး အဆင်ပြေသွားပါတယ်”ဟု မြန်မာနိုင်ငံပဲ လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောပြခဲ့သည်။

လက်ရှိ ဖြေလျှော့ပေးလိုက်သော စနစ်ကြောင့် ယခင်တစ်ပတ်က အမေရိကန်ဒေါ်လာဈေး ကျပ် ၈၂၀ ရှိချိန်တွင် ပြည်ပပို့ကုန်မှ ရငွေဈေး ၈၆၂ ကျပ်အထိ ဖြစ်သွားသော အနေအထားမျိုးမှ လတ်တလောတွင် ၈၃၅ကျပ် နှင့် ၈၃၆ ကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းလာခဲ့ကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် သွင်းကုန် တင်သွင်းဖို့အတွက် earning ကို အထောက်အထား တောင်းတယ်။ အခု ကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာနက ဘာမှမလိုတော့ဘူးဆိုပြီး နိုင်ငံခြား ငွေစာရင်းထဲက ငွေနဲ့ import  လုပ်လို့ရတယ်။ အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားပါတယ်”ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

Ref: EMG

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ဘ၀ါမြို့သစ် စီမံကိန်းသို့ ဖောက်လုပ်မည့် လမ်းကြောင်းပေါ်ရှိ ဒေသခံများ၏ လယ်နှင့်ခြံမြေများ လျော်ကြေးငွေရရှိ

ဘ၀ါမြို့သစ်စီမံကိန်းသို့ ဖောက်လုပ်ထားသည့် လမ်းပိုင်းတစ်နေရာအား တွေ့ရစဉ်
ထားဝယ် ရေနက်ဆိပ်ကမ်း ဧရိယာအတွင်းရှိ ဒေသခံများအား ပြန် လည်နေရာချထားပေးရန် စီမံကိန်းမှ မြောက်ဘက် ၁၀ မိုင်အကွာတွင် တည်ဆောက်လျက်ရှိသော ဘ၀ါမြို့သစ်သို့ ဆက်သွယ်ဖောက်လုပ်မည့် လမ်းမသစ် စီမံကိန်းရှိ ဒေသခံများ၏ လယ်နှင့်ခြံမြေများအား စီမံကိန်း အကောင်အထည်ဖော်လျက်ရှိသော Max Myanmar နှင့် ITD တို့ ပူးပေါင်းထားသည့် DDC ကုမ္ပဏီမှ ပါဝင်မှု အနည်းအများအလိုက် လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

''လမ်းဖောက်လုပ်ရာမှာပါတဲ့ လယ်နဲ့ ခြံပိုင်ရှင် ၃၃ ဦးကို တစ်ဧက ကျပ်သိန်း ၁၀၀ နှုန်းလောက်နဲ့ လျော်သွားပါတယ်။ ကျပ်သိန်း ၁၀၀ အပြည့်ရတဲ့သူတွေလည်း ရှိတယ်။ လျော်ကြေးပေးတာက ပျမ်းမျတွက်ပေးတာ မဟုတ်ဘဲ ပိုင်ရှင်တွေက အဆိုပြုလွှာတွေ တင်ရတယ်။ အဆိုပြုလွှာ တင်တဲ့အခါမှာ ဥပမာ တစ်ဧကကို ပိုင်ရှင်ဘက်က ကျပ်သိန်း ၁၂၀ တောင်းရင် ကုမ္ပဏီဘက်က ကျပ်သိန်း ၁၀၀ လောက် ပေးတာပေါ့။ တချို့ကတော့ တစ်ဧက မပြည့်တဲ့အတွက် ပါဝင်ခဲ့တဲ့ မြေအရွယ်အစားအတိုင်းပဲ တောင်းကြတယ်။ လျော်ကြေးငွေကတော့ ဧပြီလ ၉ ရက်နေ့က အားလုံး ပေးပြီးသွားပါပြီ။ ရွာသားတွေကို ကိုယ့်စိတ်ကြိုက် အဆိုပြုဖို့ ပြောခဲ့ပါတယ်။ ဥယျာဉ်ခြံတွေ အတွက် လျော်ကြေးပေးဖို့ အဆိုပြုလွှာ တင်ခိုင်းတုန်းက ရွာသားတွေတင်တဲ့ အဆိုပြုငွေရဲ့တစ်ဝက်လောက်ပဲ ကုမ္ပဏီက ပြန်သတ်မှတ်ပေးခဲ့တာဆိုတော့ အခုလည်း ဒီလိုပဲ ထင်နေကြတာပေါ့။ ကုမ္ပဏီကလျော်ပေးတာက မြေအတွက်သက်သက်ဆိုတော့ မြေပေါ်မှာရှိတဲ့ သစ်ပင်တွေအတွက် မပါသေးဘူးလေ။ ဒီကိစ္စကို ကုမ္ပဏီကို တင်ပြသွားပါမယ်''ဟု မယင်းကြီး ကျေးရွာဥက္ကဋ္ဌ ဦးမိုးဝင်းက ပြောကြားသည်။       

Ref: EMG

ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု


ချင်းမိုင် (မဇ္ဈိမ) ။        ။ ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို ပြောသည်။

“ရန်ပုံငွေရှာတာရယ်၊ လှုပ်ရှားမှုလေးတွေပေါ့။ ငြိမ်းချမ်းရေးအတွက် သီချင်းဆိုပြီးတော့ ရန်ပုံငွေရှာတာပေါ့။ အလှူငွေ မရရင်လည်း ငြိမ်းချမ်းရေး လိုအပ်တယ်ဆိုတာကို သီချင်းဆိုရင်း ပြောနေမှာပေါ့ဗျာ။ လူထုကြားထဲကို ရောက်သွားအောင်ပါ” ဟု ကိုရဲလွင် က ပြောသည်။

ပန်းရဲ့လမ်း အဖွဲ့တွင် အဆိုတော်နှင့် တေးရေးဆရာများye-lwin
ဖြစ်သည့် သားထွေး၊ တိုးလွင် (ဥတ္တရအလင်း)၊ ညီညီလွင်
တို့ဖြင့် ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ရှိ
Morning Star လက်ဘက်ရည်ဆိုင်၊ အလုံမြို့နယ်ရှိ IC၊ ကြည့်မြင်တိုင်ရှိ ဒေါ်ကြည် လက်ဘက်ရည်ဆိုင်များတွင်
ဖျော်ဖြေခဲ့ပြီး ရန်ပုံငွေ ၉ သိန်းကျော် ရရှိသည်ဟု ကိုရဲလွင် က ပြောသည်။

“ကျနော်တို့က တကယ်ငြိမ်းချမ်းရေး လိုချင်လို့ ထလုပ်
တာပဲလေ။ အရင်တုန်းကတော့ ဒါမျိုးလည်း ကျနော်တို့
ထလုပ် တာမရှိဘူး။ ကျနော်တို့ လုပ်ခွင့်ရတာလည်း မရှိဘူး။ ကျနော်တို့ သီချင်းဆိုတာက လွတ်လွတ်လပ်လပ် ဆိုခွင့်ရတယ် ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ ဖန်တီးတာပဲ။ ကိုယ့်ကို အားပေးတဲ့ဆိုင်တွေမှာ အလှူငွေ ကောက်တဲ့ ပုံစံမျိုးလေးပါ။ အရေးကြီးဆုံးကတော့ စစ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ရည်ရွယ်ပါတယ်။ လူရင်းတွေချည်းပဲ ကျနော်တို့ စုဖွဲ့ထား တာပါ” ဟုလည်း ကိုရဲလွင် က ပြောသည်။

ပန်းရဲ့လမ်း အဖွဲ့သည် ရန်ကုန်မြို့တွင်း လက်ဘက်ရည်ဆိုင်များတွင် တပတ်လျှင်တကြိမ် ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်ပြီး ရရှိသည့် လှူဒါန်းငွေများကို တလတကြိမ် ကချင်စစ်ပြေး ဒုက္ခသည်များထံ ပေးပို့ လှူဒါန်းသွားမည်ဟုလည်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ကြား ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသတွင် တနင်္ဂနွေနေ့က တိုက်ပွဲငယ် တခု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၀ ခန့် တရုတ်နယ်စပ်သို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည်ဟုလည်း KIO  စစ်ပြေး ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“မနေ့ကဆိုရင် အိမ်ခြေ ၂ဝ ကျော်ရှိတဲ့ ရွာမှာ လက်နက်ကြီး ကျည်ဆံကျလာတဲ့အတွက် ပြောင်းလာဖို့ ရှိပါတယ်။ မိုးကလည်း ဝင်လာတော့မယ်။ လူဦးရေကလည်း ဒီလောက် များတယ်ဆိုတော့ စားရေးသောက်ရေးကတော့ ပူပန်ပါ တယ်။ ဒါ့ကြောင့် ကူမယ့်လူ မရှိရင်တော့ ကျနော်တို့အတွက် စိတ်ပူစရာတွေ အများကြီးရှိပါတယ်” ဟု မဇ္ဈိမကို ပြော သည်။

တရုတ်နယ်စပ်တွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၁၉ ခုခန့် ရှိနေပြီး ကချင်ပြည်နယ် အတွင်းရှိ လိုင်ဇာ၊ မန်စီ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ဒေါ့ဖုယန်၊ ဝိုင်းမော်နှင့် မန်ဝင်းကြီး မြို့နယ်များတွင် ဒုက္ခသည်စခန်းပေါင်း ၄ဝ ကျော်ရှိနေသည်။
ဒုက္ခသည်စခန်းအားလုံးတွင် ဒုက္ခသည်ပေါင်း ငါးသောင်းကျော် ခုံလှုံနေနိုင်သည်ဟု ဒုက္ခသည် ကူညီရေးကော်မတီက ခန့်မှန်းထားသည်။

ဧပြီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဒုက္ခသည်စခန်း ၁၁ ခုသို့ သွားရောက်ကာ အလှူငွေ သိန်း ၃ဝဝ လှူဒါန်းခဲ့သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က မဇ္ဈိမကို ပြောသည်။

“စုနေကြတယ်၊ စုချက်စားကြတယ် ကူညီမယ့်လူကတော့ ဒုက္ခရောက်နေတဲ့သူထက်စာရင် နည်းတယ်ဗျ။ သူတို့ပြော တာကတော့ အဓိက လိုတာကတော့ ငြိမ်းချမ်းရေးပဲပေါ့။ သူတို့ ဒုက္ခသည် စခန်းတွေမှာ မနေချင်တော့ဘူး။ အဲဒါမျိုးတွေ ပြောကြပါတယ်” ဟု ရဲတိုက်က မဇ္ဈိမကို ပြောသည်။

နိုင်ငံကူးလတ်မှတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသူနှစ်ဦး ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ

မလေးရှားနိုင်ငံမှ မြန်မာ နိုင်ငံသူနှစ်ဦး နိုင်ငံကူးလက်မှတ်အတုများ ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါလေဆိပ်မှ စုံ စမ်း သိရသည်။

 ဧပြီ ၂၉ ရက် နံနက်၁၁နာရီက မလေး လေကြောင်းလိုင်းခရီးစဉ် အမှတ် MH-740  ဖြင့်လိုက်ပါလာသော မငြိမ်းငြိမ်း (၃၁)နှစ်နှင့် မသက်ထွေး(၁၉)နှစ်တို့နှစ်ဦး သည် အခြားသူများ၏ နိုင်ငံကူးလက်မှတ် များကို ပြုပြင်ကိုင် ဆောင်လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်တွင် စုံစမ်းတွေ့ ရှိရသဖြင့် ၄င်းတို့အား လေဆိပ်စစ် ဆင်ရေး အဖွဲ့ (၁)မှ မင်္ဂလာဒုံရဲစခန်းသို့  တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။

''သူတို့နှစ်ဦးက ကရင်ပြည်နယ် ဘက်က၊ တစ်ဦးက မုဒုံ၊ တစ်ဦးက ဇင်း ကျိုက်မှာနေတာ။ မလေးနိုင်ငံကနေ အလုပ် လုပ်ပြီး ပြန်လာကြတာလို့တော့ လောလော ဆယ်သိထားရတယ်။ အသေးစိတ်တွေကို တော့ စုံစမ်း နေတုန်း ပဲ။ လိမ်လည်မှုအပြင် လဝကအက်ဥပဒေနဲ့ပါ အရေးယူမှာပါ'' ဟု ယင်းအမှုနှင့်ဆက်စပ်သည့် ရဲအရာရှိတစ်ဦး က ပြောသည်။

 ယခုအခါ ပြည်ပနိုင်ငံများ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံကူး လက်မှတ် မသမာ မှုပြုလုပ်၍ဝင်ရောက် လာသောဖြစ်စဉ်များ ယခင်ထက်ပို၍ များ လာကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ သိရသည်။''အခုတလော ဒီလိုနိုင်ငံကူးလက် မှတ်မသမာမှုတွေနဲ့ မြန်မာနိုင်ငံကိုလာကြ တဲ့သူတော်တော်များများ တွေ့နေရတယ်။

ကျွန်တော်တို့လေဆိပ်က တာဝန်ရှိသူတွေ အနေနဲ့လဲ ပြည်ပထွက်ခွာမယ့်သူတွေရော၊ ပြန်ရော က်လာ တဲ့သူတွေကို တစ်ဦးချင်း သေချာစစ် ဆေးတယ်။ အရင်ထက်ပိုပြီး စိစစ် နေပါတယ်''ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါအမှုကို မင်္ဂလာဒုံရဲစခန်းမှ (ပ)၂၅၉/ ၁၂၊ ပုဒ်မ ၄၂၀၊ ၄၆၈/၄၇၁  တို့ဖြင့်စစ်ဆေး နေကြောင်း သိရသည်။

Yangon Media Group 
Ref: MNN

ပြုပြင်ပြောင်းလဲရေး အငြင်းပွားမှု ကြောင့် ဒုသမ္မတနုတ်ထွက်

လက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူလို့ နံမယ်ကြီးတဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်သွားကြောင်း မေလ (၇) ရက်နေ့ ရန်ကုန်ကပေးပို့တဲ့ Asian News International သတင်းမှာ ရေး သားထားပါတယ်။ အသက် ၆၁ နှစ်အရွယ်ရှိ ဥိးတင်အောင်မြင့်ဥိးဟာ သမ္မတဥိးသိန်းစိန် ခေါင်းဆောင်တဲ့ လက်ရှိ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူတွေနဲ့ သဘောထားတင်းမာသူတွေအကြား အငြင်းပွားမှု ကြောင့် အခုလို နှုတ်ထွက်သွားတာလို့ သတင်းမှာ ရေးထားပါတယ်။ 

ဦးတင်အောင်မြင့်ဥိးဟာ စင်္ကာပူက ပြန် လာပြီးနောက် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ (၃) ရက်နေ့ကတည်းက နှုတ်ထွက် စာတင်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေကို ကိုးကားပြိး Asian News International သတင်းမှာ ရေးသားထားပါတယ်။

 ဒီဗွီဘီ 
Ref: MNN

"ပတ်စပို့ ပွဲစားများထွက်ပြေးသဖြင့် အလုပ်သမားများဘတ်ငွေ သန်းချီနစ်နာ"

ယာယီပတ်စပို့ လုပ်ငန်းစဉ်အတွင်း ကြားခံ ဆောင် ရွက်နေသည့်ဘန်ကောက် ပွဲစားများ လိမ်လည် ထွက်ပြေးကြသဖြင့် မြန်မာအလုပ်သမားများ   ငွေကြေးများဆုံးရှုံးမှုများနှင့်ကြုံတွေ့ နေကြကြောင်း အလုပ်သမားများပြောပြချက်အရသိရှိရသည်။

      ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ ၀က်ကဘေးလမ်းသွယ် ၁  တွင်ရှိသော ပန်းရံဆိုဒ်မှ အလုပ်သမား ၁၄ဦးတို့ထံမှ တစ်ဦးလျှင် ဘတ်ငွေ  ၆၅၀၀ နုန်းဖြင့် ဘတ်ငွေ ကိုးသောင်းကျော် အားလိမ်လိမ်ထွက်ပြေးသွားကြောင်း မကရင်မ ကပြောသည်။

“ကျမတို့ ပတ်စပို့တင်ထားတဲ့ ကုမ္ပဏီက ကြာနေတယ်လေ၊ ကျမတို့ကိုလိမ်တဲ့ ကိုရဲက အပြောကောင်းတယ်။
တစ်ပတ်အတွင်းလုပ်ရမယ်ဆိုပြီး ဖေါင်ဖြည့်တော့ ဘတ် ၁၀၀၀ ယူတယ်။ တစ်နေ့က ညနေရောက်လာတယ်။
မဲဆောက်ကို ဆင်းရတော့မယ်၊ကျန်ငွေတွေကိုတောင်းတယ်၊ စာရွက်စာတမ်းတွေကိုတောင်းတယ်။ သူ့သူငယ်ချင်းကိုစောင့်ခိုင်းထားခဲ့တယ်။ ပေါ်မလာလိုက်တော့ဘူး” ဟုပြောသည်။

အလုပ်သမားများမှာ ကြားပွဲစား ကိုစောင့်နေစဉ် အတွင်း တောမော (ထိုင်းလ၀က ရဲ)ကားရောက်လာသဖြင့် လုပ်ငန်းရှင်က မိမိတို့  အလုပ်သမားဖြစ်ကြောင်း ပြောခဲ့သဖြင့် သာအဖမ်းမခံခဲ့ရခြင်းဖြစ်သည်။

    ပြီးခဲ့သည့်အပတ်ကလည်း ဘန်ကောက်မြို့အယ်ကချိုင် ၇၆လမ်းတွင် ရှိသော ကုမ္ပဏီ တစ်ခုတွင် ကြားပွဲစားများထံမှ ငွေလက်ခံသည့်  မွန်အမျိုးသမီးတစ်ဦး ထိုင်းဘတ်ငွေ သိန်းသုံးဆယ်ထက်မနည်း အားယူဆောင်ပြီးထွက်ပြေးတိမ်းရှောင်သွားသဖြင့် အလုပ်သမားများစွာ နစ်နာခဲ့ကြောင်း သိရှိရသည်။

ယခင်လကလည်းဘန်ကောက်မြို့ စူစ၀ါ ၃၁ လမ်းတွင်ရှိသောပတ်စပို့ ကုမ္ပဏီမှကိုမျိုးဆိုသူလည်း ဘတ်ငွေ ၆ သိန်းကျော်ခန့်   ကောက်ခံပြီး ရနောင်းသို့ဆင်းရန်အတွက်အဆင်ပြင်ဆင်သည်ဟုဆိုကာ အလုပ် သမားများ လမ်းပေါ်တွင်တစ်ည ကုန်ခဲ့ရသည့် လိမ်လည်မှု လည်းဖြစ်  ပေါ်ခဲ့သည်။

            ကြားပွဲစားများသည် ကုမ္ပဏီလိပ်စာများ၊ကုမ္ပဏီ တံဆိပ်များ ဖြင့် လိပ်စာကတ်များ ရိုက်နှက်လျှက် ယာယီပတ်စပို့လုပ်လိုသည့်အလုပ်သမားများအား ရှာဖွေကာ ကုမ္ပဏီကြီးများသို့ ပေးသွင်းသော်လည်း ထိုသို့လိမ်လည်မှုများပေါ်ပေါက်လာသည့်အခါ တာဝန်ခံဖြေရှင်း ပေးခြင်းမရှိသဖြင့် အလုပ်သမားများမှာ အထူးသတိထား၍လုပ်ကိုင်နေရကြောင်းသိရှိရသည်။
 
မြတ်ညို (အလွတ်သတင်းထောက်) ။
Ref: Golden Worker

အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

AFP
၂၀၁၂ ခုနှစ် မေလ ၆ ရက်က အမေရိကန်အစိုးရ ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။



မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး အမျိုးသမီးရေး ကိစ္စတွေ အပါဝင် မြန်မာနိုင်ငံက တိုင်းရင်းသား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီး Melanne Verveer တို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ကချင်ပြည်နယ်က အမျိုးသမီး စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အလေးထားပြောဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်က RFA ကို အခုလိုပြောပါတယ်။

"သံအမတ်ကြီး Melanne Verveer ဆိုတာ၊ Ambassador-at-Large for Global Women's Issues ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုလာတွေ့တာပါ။ သူနဲ့ အဖွဲ့ဝင် ၉ ယောက်လောက် ပါပါတယ်။ သူတို့အချင်းချင်း ဆွေးနွေးတာပါ။ ဒါအမျိုးသမီး ရေးရာကိစ္စတွေပါ။ ကျန်တဲ့ဟာကတော့ သတင်းထောက်တွေ မေးပါတယ်။ ဒီအမျိုးသမီးရေးရာ ကိစ္စတွေကိုပဲ သူပြောပါတယ်။ ကချင်ပြည်နယ်မှာ။ အဲဒီကိစ္စ အမျိုးသမီး တစ်ယောက်က မေးပါတယ်။ အဲဒီမှာ အမျိုးသမီးနဲ့ ခလေးတွေ အများဆုံးပဲ။ အဲဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ။ အဲဒီလိုမျိုးမေးတယ်။ သူဖြေပါတယ်"

အမေရိကန်အစိုးရ သံအမတ်ကြီး Melanne Verveer ဟာ မြန်မာ့အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်လာတာလို့ သိရပါတယ်။
နောက်နေ့တွေမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အမျိုးသမီးထု ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေကို ဆွေးနွေးမှာဖြစ်သလို အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး Melanne Verveer ရဲ့ ခရီးစဉ်ဟာ မေလ ၆ ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက်တဲ့ ရှမ်းတိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

Ref: RFA

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့က မြန်မာကို ကူညီဖို့ နည်းလမ်းရှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​NLDဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​ကမ္ဘာလုံးဆိုင်ရာ ​အမျိုးသမီးရေးရာအဖွဲ့က ​အမေရိ ​ ကန်နိုင်ငံဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​တို့ ​ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ​မနေ့က ​တွေ့ဆုံခဲ့ပြီး ​မြန်မာအမျိုးသမီးတွေကို ​ကူညီနိုင်ဖို့ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​ဟာ ​မေလ ​၆ရက်ကနေ ​မေလ ​၁၁ ​ရက်နေ့အထိ ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်နေတာဖြစ်ပြီး ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံက ​အမျိုးသမီးတွေရဲ့ ​စိန်ခေါ်မှုနဲ့ ​အခွင့်အလမ်းတွေ၊ ​စွမ်းဆောင်နိုင်ရည် ​၊ ​လုပ်ပိုင်ခွင့်တိုး ​တက်မြင့်မားအောင် ​လုပ်ဆောင်နိုင်ဖို့ ​အဓိကထားလေ့လာသွားမယ်လို့ ​သိရပါတယ်။ ​  

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​နေအိမ်မှာ ​မြန်မာ ​အမျိုးသမီးတွေဘ၀ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ​ပတ်သက်ပြီးအဓိကထားဆွေး ​နွေးသွားတယ်လို့ ​NLD ​ပြောရေးဆိုခွင့်ရှိသူ ​ဦးအုန်းကြိုင်က ​ခုလိုပြောပါတယ်။

လေးနာရီခွဲကနေ ​၅နာရီခွဲထိ ​တွေ့ဆုံဆွေးနွေးကြပါတယ်၊ ​ဆွေးနွေးတဲ့အကြောင်းအရာ ​အသေးစိတ်ကို ​နှစ်ဘက် ​လုံးက ​ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး၊ ​ကျနော်တို့ ​သိရတာကတော့ ​အမျိုးသမီး ​ဘ၀ဖွံ့ဖြိုးတိုးတက်ရေး ​၊ ​နိုင်ငံရေး ​လူမှုရေး၊ ​စီးပွားရေး ​ဖွံ့ဖြိုးတိုးတက်ရေး ​ကြိုးပမ်းရာမှာ ​အမျိုးသမီးတွေရဲ့ ​အရေးပါပုံ ​ကိစ္စတွေကို ​ဆွေးနွေးကြတယ် ​ပြောပါတယ်၊ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ​မျက်နှာစာမှာ ​ပြည်တွင်းပြည်ပ ​သတင်း ​ထောက် ​တွေ ​ကို ​လက်ခံတွေ့ဆုံတဲ့အခါ ​ အမေရိကန် ​သံအမတ်ကြီးက ​ကချင်ပြည်နယ် ​စစ်ပွဲကြောင့် ​ဒုက္ခရောက်သူတွေများပြီး ​ဒုက္ခသည်တွေထဲမှာ ​အမျိုးသမီးတွေ ​ကလေးငယ်တွေလည်း ​ပါဝင်တဲ့အတွက် ​ အမြန်ဆုံးကူညီနိုင်ရေးအတွက် ​စီစဉ်ကြိုးပမ်းသွားမှာ ​ဖြစ်တဲ့အကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။

ကမ္ဘာ့အမျိုးသမီးရေးဆိုင်ရာ ​သံအမတ်ကြီး ​Melanne ​Verveer ​ဟာ ​ထိုင်းနိုင်ငံ ​မြောက်ပိုင်း ​ချင်း ​မိုင်ကို ​သွားရောက်ပြီး ​ အမျိုးသမီးတွေနဲ့ ​မိန်းကလေးငယ်တွေရဲ့ ​အခြေအနေနဲ့ ​ပတ်သက်ပြီး ​တိုင်းရင်းသူ ​အမျိုး ​သမီးအဖွဲ့တွေနဲ့ ​သွားရောက်တွေ့ဆုံဖို့ ​ရှိနေတယ်လို့လဲ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

Ref: ABC Radio Australia

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ

မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ 

မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။ 

ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ပုံမှန် ကောက်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။

သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။

နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။ 

လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။ 

ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။ 

၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။

နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။

လူအရေအတွက်သက်သက် မဟုတ်
Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။

ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။ 

demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။ 

အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။ 

အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ 

ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။ 

ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။

တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း
ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ 

တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။ 

တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။ 

လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။ 

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ 

အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။

ဝေဖန်သူတွေလည်း စာရင်းအင်းလို
အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။ 

အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။
ဝင့်ထန်း
Ref: မောက္ခ

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို မတ်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။
မြန်မာဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်သွင်းတဲ့ကိစ္စ အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တနင်္လာနေ့မှာ အစည်းအဝေးတရပ် ကျင်းပပြီး သတင်းထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ဗွီအိုအေကို ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ ပြုပြင် ပြောင်းလဲရေး မလိုလားသူ၊ သဘောထားတင်းမာသူ၊ စီးပွားရေးလုပ်ငန်းတွေမှာ လက်သင့်ရာဦးစားပေးသူ အဖြစ် နံမည်ကြီးပြီး၊ သူ့ရဲ့ နှုတ်ထွက်မှုဟာ မြန်မာအစိုးရအတွက် ထူးကဲတဲ့ဖြစ်စဉ်တရပ် ဖြစ်တယ်ဆိုတဲ့ ရန်ကုန်သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး မေလ ၆ ရက်နေ့ထုတ် Financial Times သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေက စုံစမ်း သိရှိရသမျှတွေကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နှုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နှုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ဖြေပါတယ်။

"ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ၀က်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။"

တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိုးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိုးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်း
မရှိခဲ့ပါဘူး။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့  ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ပါတယ်။ ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘ၀မှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြပါတယ်။

"သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။
၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့  ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိပါတယ်။

Ref: VOA

Sunday, 6 May 2012

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စ ဆန္ဒပြနေ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဝမ်းနွဲ့ဒေသရှိ လယ်ယာစက်မှု ပစ္စည်းထုတ်လုပ်တဲ့ Fly Star စက်ရုံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၂) ဦးဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုးအတွက် လုပ်အားခထဲက ဖြတ်တောက်ခဲ့တာ ကြေသွားပြီဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တဲ့ ပတ်စပို့ကို လုပ်ငန်းရှင်ဖြစ်သူက ပြန်ထုတ်မပေးတဲ့အတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ သိရပါတယ်။
(Photo: RFA)
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရားဝင် ထုတ်ပေးသော ယာယီ နိုင်ငံကူးလက်မှတ် (ပတ်စပို့) ဖြစ်ပါသည်။ (Photo: RFA)
နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒီအလုပ်သမားတွေဟာ သူတို့ရဲ့ ယာယီပတ်စပို့ဖိုး ကုန်ကျငွေကို လုပ်အားခထဲကနေ တလ ၄၀၀၀ ဖြတ်ခဲ့တာမှာ ပြည့်ပြီးခဲ့ပေမယ့် အခုအချိန်အထိ ပတ်စ်ပို့ကို လုပ်ငန်းရှင်က ထုတ်မပေးပဲ နေတာဖြစ်ပါတယ်။ ဒါကြောင့် အပြင်ထွက်တဲ့အခါ ရဲကစစ်လို့ ပတ်စပို့ မိတ္တူပဲ ပြနိုင်တဲ့အတွက် တခါဖမ်းရင် ဘတ်ငွေ (၅၀၀) ပေးရနေရတာကြောင့် မနေ့ကတည်းကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုတင်လင်းစိုးက အခုလိုပြောပါတယ်။

“စာချုပ်ထဲက အတိုင်းလည်း မဖြတ်ဘူး။ ကျွန်တော်တို့ကို ဒီမှာ သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တယ်။ တလ ၄၀၀၀ နူန်း ပေးလိုက်တယ်။ သူဌေးကပြောတယ်ခင်ဗျ။ ပတ်စပို့ဖိုး ၁၂၅၀၀ ဖြတ်မယ်။ ၄ လနဲ့ အကြေဖြတ်မယ်။ ၁၅ ရက် တပတ်ကို ၂၀၀၀ ပေါ့။ သူကအဲလို ပတ်စပို့ပေးကိုင်မယ်။ သူကိုယ်တိုင်က ပြောခဲ့တာ။ ကျွန်တော်တို့လည်း ကြိုးစားပြီး လုပ်ခဲ့တယ်ပေါ့နော်။ ပတ်စပို့ ရမှာဆိုတော့ တအားပျော်တယ်ပေါ့နော်။ ဒါပေမယ့်လို့ သူက သူပြောတဲ့ ကတိအတိုင်းလည်း ဖြစ်မလာဘူး ပတ်စပို့လည်း ပေးမကိုင်တော့ဘူး ”

အလုပ်သမားတွေကို ပတ်စပို့်ဖိုး ဘတ်ငွေ ၁၂၅၀၀ ကုန်ကျမယ်ဆိုပြီး ကော့သောင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၁ ရက်ကတည်းက စာချုပ်ချုပ် ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေဟာ ၁၅ ရက် တပတ်အတွက် ဘတ်ငွေ ၂၀၀၀ စီကို ကျေအောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

မနေ့ကတော့ ဖူးချွေကမ်းလို့ခေါ်တဲ့ မန်နေဂျာ ရောက်လာပြီး ပတ်စပို့လိုချင်ရင် ပိုက်ဆံထပ်ပေးရမယ်လို့ ပြောဆိုခဲ့ပြီး ဒီကနေ့မှာတော့ အလုပ်ကြပ်တယောက်က အလုပ်မဆင်းရင် ရဲနဲ့ဖမ်းခိုင်းမယ်လို့ အလုပ်ရှင်က ပြောခိုင်းကြောင်း အလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“မနေ့က ဖူးချွေကမ်းက လာပြန်ပြောတယ်။ ပတ်စပို့လိုချင်ရင် ပိုက်ဆံနောက်ထပ် ၆၇၆၀ ထပ်ပေးရမယ်တဲ့။ အဲဒါဆို ပတ်စပို့ပေးမယ်တဲ့။ ကျွန်တော်တို့က ဖမ်းရင်တော့ တအုပ်လုံး လိုက်သွားမှာပဲ။ လိုက်သွားပြီးတော့ ဖြစ်ပျက်သမျှကိစ္စ အဲဒီမှာပဲ ထပ်ရှင်းရမှာပဲ”

စာချုပ်ပါအတိုင်း အလုပ်သမားတွေရဲ့ နစ်နာကြေးလည်း မပေးကြောင်း သူတို့ လုပ်ဖော်ကိုင်ဘက်တယောက် ကြုံတွေ့ရပုံကိုလည်း ကိုကျော်ဇင်ကိုက အခုလိုပြောပါတယ်။

“လူတယောက် လက်တွေ ခြေထောက်တွေ ထိခိုက်ဒဏ်ရာရလို့ရှိရင် စာချုပ်ထဲမှာ လျှော်ကြေးရမယ်။ လက်တဆစ်ဆို ၁သိန်းရမယ်။ အခုကျွန်တော်တို့ထဲက ဗမာထဲက လူတယောက်က လက် ၃ ချောင်း ပြတ်ထားတယ်။ လျှော်ကြေးတခုမှ မရဘူး။ သူတို့ လျစ်လျူရှုထားတယ်”
အလုပ်မဆင်းတဲ့ရက်ဆိုရင် (၂) ရက်စာ လုပ်အားခ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။

Ref: RFA

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes