Tuesday, 20 December 2011

KIO နှင့် ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့ပြီး

ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်ထောင်စုအဆင့် 'နိုင်ငံရေး ဆွေးနွေးရန်' ဦးအောင်သောင်း ခေါင်းဆောင်သော ၁၁ ဦးပါ အဖွဲ့ ဖွဲ့စည်းထားကြောင်း အသိပေးစာအား ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ကို ယမန်နေ့က လက်ခံ ရရှိကြောင်း KIO ပြောခွင့်ရ ဦးလနန်က ပြောသည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့အား သီးသန့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အမိန့်စာကို KIO ကို ယမန်နေ့က အီးမေးလ်မှတဆင့် တရားဝင် အသိပေးလာခြင်း ဖြစ်သည်။

“နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အကြောင်းကြားခြင်းဆိုကာ ဦးအောင်သောင်း၏ လက်မှတ်
ရေးထိုးထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း”ဟု ဦးလနန်က ပြောသည်။
kiomettgoverment
မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြစဉ် Photo:: KIO။
အစိုးရဘက်မှ တရားဝင်အကြောင်းကြားလာသဖြင့် KIO အဖွဲ့အနေဖြင့်လည်း ဗဟိုကိုယ်စားလှယ်အဖွဲ့ ပြန်လည် ဖွဲ့စည်းပြီးနောက် အစိုးရထံ တရားဝင် ထပ်မံစာပို့မည်ဟု ဦးလနန်က ပြောသည်။

လက်ရှိ ရှေ့တန်းနေရာများတွင် နှစ်ဘက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးရဘက်မှ လက်နက်နှင့် စစ်အင်အား များကို ဆက်လက် ပို့တောင်နေသည်ဟု ဦးလနန်က ပြောသည်။

“အင်အားလျော့သွားတာ မရှိဘူး။ နဂိုရှိပြီးသား အခြေစိုက်နေတဲ့နေရာကို လက်နက်တွေ ရိက္ခာတွေ ယာဉ်တန်းနဲ့ ပို့နေပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ၁ ဖြစ်သည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က ပြီးခဲ့သည့် သောကြာနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့ပြီး မြန်မာပြည် မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း၊ ထို့ကြောင့် ယခုအစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးကို ရအောင်လုပ်မည်ဖြစ်ကြောင်းပြောဆိုသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ဒီဇင်္ဘာ ၁ဝ ရက်နေ့က ထုတ်ပြန်လိုက်သော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးအောင်သောင်းက ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်းမဟုတ်ဘဲ စစ်ရေးသဘောအရ ဖြစ်နေခြင်း သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်လိုဟာမျိုးလဲဆိုတော့ ဥပမာ ဝေးလံတဲ့နေရာမှာ သူက ရိက္ခာ ခုနစ်ရက်စာလောက် ရှိတယ်။ ခုနစ်ရက် စာ ကုန်ပြီဆိုရင် ကျနော်တို့က ရိက္ခာကို ငါးရက်မြောက်တဲ့နေ့မှာ စပို့တယ်။ အဲဒီပို့တဲ့အခါမှာ လမ်းခရီးမှာ သူကလည်း မသိဘူး၊ ကိုယ်ကလည်း မသိဘူး ဒီအမိန့်တွေ ထုတ်ပြန်တာ။ အဲဒီအခါမှာတော့ မှားယွင်း ပစ်ခတ်မှု ရှိနိုင်ပါတယ်။ ဒီလိုပစ်ခတ်နေလို့ အမိန့်ပေးတာက တမျိုး၊ ဒီလို ပစ်ခတ်မှုက ရှိနေပါသေးတယ်ဆိုတာ သူတို့ ဝေဖန်လို့၊ အပြစ်တင် လို့ မရပါဘူး။ စစ်ရေးစစ်ရာသဘောမှာ ဒီလို ရှိပါတယ်”ဟု ဦးအောင်သောင်းက သတင်းထောက်များကို ပြောခဲ့ သည်။

“ကိုယ်က သိသော်ငြားလည်းပဲ သူက မသိရင် ခက်တယ်။ အဲဒီတော့ ဒီလို အနေအထားလေးတွေ ရှိတယ်။ ဒီလိုလုပ် လို့ သမ္မတ အမိန့်ပေးပါလျက်နဲ့ ဒီလိုချည်း လုပ်နေတယ်၊ ဒါ မုန့်တမျိုး တုတ်တမျိုးဖြစ်နေတယ်လို့ ဒီလို ပြောလို့မရ ဘူး၊ ဒီလို ဝေဖန်လို့ မရဘူး။ ဒါက သဘာဝရဲ့၊ စစ်ရေးစစ်ရာသဘောဝနဲ့ စစ်ဆင်ရေး နယ်မြေရဲ့ သဘော သဘာဝလေးကို သိဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာ ဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောလိုပါတယ်”ဟု ဆက်ပြောသည်။

ငြိမ်းချမ်းရေးအရ တဆင့်ချင်း ဆောင်ရွက်နေသည့် လုပ်ငန်းများအရ ခန့်မှန်းခြေ ၃ နှစ်၊ ၄ နှစ် ကြာမြင့်နိုင်မည်ဟု ဦးအောင်သောင်းက ပြောဆိုသွားသည်။

သို့သော် ထိုသတင်းစာရှင်းလင်းပွဲတွင် ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ပါဝင်ခြင်း မရှိခဲ့ပေ။

KIO နှင့်အစိုးရခေါင်းဆောင်များ ယခင်လ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့စဉ် KIO ဘက်က အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေး ဒုက္ခသည်ပေါင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ ဗန်မော်၊ မိုးမောက်၊ မန်စီ စသည့်မြို့နယ်များအတွင်း စစ်ပြေးဒုက္ခသည်ပေါင်း ၄၆ဝဝဝ ကျော်ရှိနေသည်ဟု KIO က ထုတ်ဖော်ပြောဆိုထားသည်။

အလားတူ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် စသည့်မြို့နယ်များအတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ခဲ့ သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၏ ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းမှ သိန်းပေါင်း ၂ဝဝ ကူညီခဲ့မှုခြင်း အား ကျေးဇူးတင်ကြောင်းနှင့် ဆက်လက် ကူညီမည်ဆိုပါက ကြိုဆိုကြောင်းလည်း KIO ဒုက္ခသည်များ ကူညီရေး ကော်မတီက ဒီဇင်ဘာ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။

စဉ် ငြိမ်းချမ်းရေးအဖွဲ့ဝင် နာမည်များ ရာဝူး
ဦးအောင်သောင်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) အဖွဲ့ခေါင်းဆောင်
ဦးအောင်မင်း (မီးရထားဝန်ကြီး) ဒု - အဖွဲ့ခေါင်းဆောင်
ဦးသိန်းဇော် (တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ) ဒု - ခေါင်းဆောင်
ဦးအုန်းမြင့် (သမဝါယမနှင့် မွေးမြူရေးဝန်ကြီးဌာန) အဖွဲ့ဝင်
ဦးဝင်းထွန်း (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး) အဖွဲ့ဝင်
ဦးလဂျွန်ငံဆိုင်း (ကချင်ပြည်နယ် ဝန်ကြီးချုပ်) အဖွဲ့ဝင်
ဗိုလ်ချုပ် ဇေယျအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) အဖွဲ့ဝင်
ဗိုလ်ချုပ် ဇော်ဝင်း (ဒု - ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန) အဖွဲ့ဝင်
ဦးထွန်းသိန်း (ခ) ဦးထွန်းထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန်စီ) အဖွဲ့ဝင်
၁၀ ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြစ်ကြီးနား) အဖွဲ့ဝင်
၁၁ ဗိုလ်မှူးကြီး ကျော်စိုးဝင်း (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အဖွဲ့ဝင်) အဖွဲ့ဝင်

Monday, 19 December 2011

ရွှေည၀ါ ဆရာတော် သတင်း ဆင်ဆာဖြတ်

ရွှေညဝါ ဆရာတော်
ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အရေးယူမည့်စာ ပို့သော သတင်းနှင့် ပတ် သက်ပြီး ပြည်တွင်း သတင်း ဂျာနယ်များတွင်ဖော်ပြခွင့်မရကြောင်း သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောသည်။

“စာပေစိစစ်ရေးက အဲဒီသတင်းကိုလုံးဝ မဖော်ပြဖို့ တားတယ်။ ခွင့်ပြုချက်မရှိဘဲ ဖော်ပြရင်တော့ ထိထိရောက်ရောက် အရေးယူ ရ လိမ့်မယ်လို့ ပြောတယ်”ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး က ပြောပြသည်။

ယင်းသတင်းသည် ပြည်သူအများက စိတ်ဝင်စားသောကြောင့် ပြည်တွင်း သတင်းမီဒီယာ အများစုက ဖော်ပြရန် ကြိုးစားကြသော် လည်း စိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ ဂျာနယ် အယ်ဒီတာ တဦးကလည်း“ဆရာတော် ကျောင်းမှာလုပ်တဲ့ အခမ်းအနားသတင်းတွေ ကျနော်တို့ ရေးပြီး တင် ဖူးတယ်၊ မပေးဘူး၊ ညွှန်ကြားထားတာမျိုးတော့ မရှိဘူး၊ သွားတင်တော့မှ မပေးတာ၊ ဆရာတော် ဘွဲ့အမည်ပါရင်ကို စိစစ်ရေးက အရင်ကတည်းက ခွင့်မပြုခဲ့ဘူး၊ တခြားဟာတွေ ခွင့်ပြုတာတော့ ရှိတယ်”ဟု ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့(မဟန)၏ ၄၇ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက် အကြောင်းကြား စာ ကို ရွှေည၀ါ ဆရာတော် ဦးပညာသီဟ ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မဟန ၏ စာတွင် တရားဟောခွင့် ပိတ်ပင်ထားသည်ကို မလိုက်နာဘဲ တရားဟောခဲ့သောကြောင့် လက်ရှိ သီတင်း သုံးနေသော ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်(သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ)အဖြစ် သတ်မှတ်ရန်နှင့် ခွင့်ပြုချက်မရဘဲ သာဓုကျောင်း အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်သည်။

တရားဟောခွင့် ပိတ်ပင်ထား၍ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးတွင် သြ၀ါဒ ဆုံးမစကားကိုသာ ပြောခဲ့ခြင်း ကို တရားဟောပါသည်ဟု မန္တလေးတိုင်း သံဃမဟာနာယက အဖွဲ့က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)သို့ မှားယွင်းစွာတင်ပြခဲ့ခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က ဧရာဝတီသို့ မိန့်ကြားထားသည်။

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံး၌၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့အထိမ်းအမှတ် ကျင်းပစဉ် ရွှေည၀ါ ဆရာတော်က သြ၀ါဒ ဆုံးမစကား ပြောကြားခြင်းဖြစ်သည်။

ရွှေည၀ါ ဆရာတော်သည် ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားနှင့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား များကိုလည်း သာဓု ကျောင်းတိုက်တွင် ကျင်းပခွင့်ပေးခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ရွှေည၀ါဆရာတော်ကို အရေးယူသော သတင်းသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရဟန်း သံဃာများ၊ ပြည်သူများထံသို့ ပျံ့နှံ့သွားပြီး အများစုက စိုးရိမ်ပူပန်မှုများ တိုးပွားလျက်ရှိကြောင်း သိရသည်။

“ဆရာတော်အတွက် အရမ်းကို စိတ်ပူတယ်။ ဆရာတော်ကတော့ သူ့အတွက် မပူဖို့ အမြဲပြောတယ်။ ဒါပေမယ့် ဆရာတော်လို သီလ၊ သမာဓိပြည့်စုံတဲ့ ရဟန်းတော် တပါး ဒုက္ခကြုံမှာကို မလိုလား ပါဘူး”ဟု ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင် တိုက်မှ စာသင်သား ရဟန်းပျိုတဦးက ပြောသည်။

ရွှေည၀ါ ဆရာတော်က ၎င်းအား အရေးယူမှုကို ပြင်ဆင်ပေးရန်အတွက် ရဟန်းနှင့်ပြည်သူ တသောင်းကျော်၏ လက်မှတ်များနှင့် အသနားခံစာကို နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သို့ ဒီဇင်ဘာ ၁၆ ရက်က တင်ပြထားသည်။

ထို ရွှေည၀ါဆရာတော်၏ သတင်းသာမက အစိုးရအရာရှိကြီးများ၏ လာဘ်ပေးလာဘ်ယူမှုများအား စုံစမ်း ရေးသားထားသော သတင်းများကိုလည်း သတင်းမီဒီယာများတွင် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်သည်ဟုလည်း ရန်ကုန် သတင်း မီဒီယာ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဂျာနယ် သတင်းထောက် တဦးက“သတင်း လွတ်လပ်ခွင့်ပေးမယ်လို့ ဘယ်လောက်ပဲပြောပြောပါ၊ လက်တွေ့မှာတကယ်မရဘူး။ သတင်းတွေကို ဖြတ်တောက်တယ်။ စိစစ်တယ်။ မနာခံရင် အရေးယူမယ့်ပုံစံပြတယ်”ဟု ပြောသည်။

အဲဒီအခန်းဖြတ်.... အဲဒီအခန်းဖြတ်!!!!!!

မြန်မာနိုင်ငံတွင် လက်ရှိတွေ့ကြုံနေရသော ရုပ်ရှင် ဆင်ဆာအဖွဲ့ အကြောင်းကို နာမည်ကျော် ရုပ်ရှင်အနုပညာရှင် များက ရဲရဲဝံ့ဝံ့ ပီပီပြင်ပြင် သရုပ်ဆောင် တင်ပြထားသော ဇာတ်လမ်းတို တပုဒ် ဖြစ်ပါသည်။

မြန်မာ့အရေး ဦးဆောင်လှုပ်ရှားခဲ့သူ ချက်သမ္မတဟောင်း ကွယ်လွန်

UN Photo/Mark Garten
ချက်သမ္မတနိုင်ငံ၏ သမ္မတဟောင်း ဗားစလက် ဟာဗဲလ်ကို ကုလသမဂ္ဂ အစည်းအဝေးတခုတွင် တွေ့ရစဉ်။


မြန်မာ့ ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေမှာ အစဉ်တစိုက် အားပေး ဦးဆောင် လှုပ်ရှားခဲ့သူ ချက်ကိုစလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း Vaclav Havel ဟာ ချက်နိုင်ငံက သူ့ရဲ့ နေအိမ်မှာ (2011-12-18) နေ့က ကွယ်လွန်သွားပါတယ်။
မစ္စတာဟာဗဲလ်ဟာ ၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရဖို့အတွက် အဓိက ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မစ္စတာဟာဗဲလ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူဖို့အတွက် "Threat to Peace- “ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု” အမည်ရှိ အစီရင်ခံစာကို တောင်အာဖရိက နိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့အတူ ပူးတွဲ ရေးသားပြီး ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလမှာ တင်ပြခဲ့ပါတယ်။

မစ္စတာဟာဗဲလ်ဟာ ချက်ကိုစလိုဗက်ကီးယား နိုင်ငံမှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ Velvet Revolution ဘဲလ်ဗက် တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီး လွတ်လပ်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာတဲ့ ချက်သမ္မတနိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအတွက် နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုတွေမှာ အမြဲလိုလို ကူညီပံ့ပိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း မစ္စတာ ဗဲဆလက် ဟာဗဲလ်ကို ၁၉၃၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ချက်ကို စလိုဗက်ကီးယားနိုင်ငံ ပရာ့ဂ်မြို့က ချမ်းသာတဲ့ မြေပိုင်ရှင်မိသားစုက မွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘတွေမှာ ရုပ်ရှင်စတူဒီယို ပိုင်ဆိုင်တဲ့အတွက် ပြဇာတ် ဇာတ်လမ်းရေးသားမှုမှာ ဝါသနာထုံသူ ဖြစ်ပါတယ်။ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
Ref: RFA

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီးဟာ အသက် ၆၉ မှာကွယ်လွန်အနိစ္စရောက်သွားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေငြာ

၂၀၀၈ ခုနှစ်ကတည်းက ကျန်းမာရေးဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ မြောက်ကိုးရီးခေါင်းဆောင် ကင်ဂျုံအီး
ဌင်းရဲ့အဖေကွယ်လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံတော်ကို ဆက်လက်ဦးဆောင်ခဲ့သူ မစ္စတာ ကင်ဂျုံအီးဟာ မြို့တော်ရဲ့အပြင်ဘက်ဒေသတစ်ခုသို့ အလည်အပတ်သွားစဉ် ရထားပေါ်မှာဘဲ သေဆုံးသွားတယ်လို့ ထုတ်ပြန်ကြေငြာချက်က ဆိုပါတယ်။ 

ကင်ဂျုံအီးဟာ ၂၀၀၈ ကတည်းက လေဖြတ်ဝေဒနာကို ခံစားခဲ့ရပြီး လပေါင်းများစွာ အများပြည်သူတို့မြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့သူလဲဖြစ်ပါတယ်။

ယခု သူ့နေရာကို ဆက်ခံမည့်သည်ဟာ တတိယယမြောက်သားဖြစ်သူ ကင်ဂျုံအန်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပြီး ဌင်းဟာ အသက် ၂၀ မျှသာရှိသေးပြီး ကင်ဂျုံအီးက သူ့နေရာကိုဆက်ခံဖို့လွှဲပြောင်းပြီးဖြစ်ပေမယ့် တာဝန်မထမ်းဆောင်ရသေးဘဲ အချိန်ကိုစောင့်ဆိုင်းနေရတဲ့သလည်းဖြစ်ပါတယ်။ 

ဆိုးလ် မြို့မှာရှိနေတယ်တဲ့ BBC သတင်းထောက် Lucy Williamson ကတော့ အခု ကင်ဂျုံအီးရဲ့သေဆုံးမှုဟာ မြောက်ကိုးရီးယားနိုင်ငံတ၀ှမ်းလုံးကို ကြီးကြီးမားမား ထိပ့်လန့်ခြောက်ရှားသွားစေတယ်လို့ဆိုပါတယ်။ 

စိတ်ထိခို်က်ဖွယ်ဒီသတင်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖတ်ကြားထုတ်လွှင်ခဲ့တာဖြစ်ပြီး မစ္စတာကင်ဂျုံအီးဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ပြီး သေဆုံးသွာတာလို့ ၀မ်းနည်းဖွယ်အထိမ်းအမှတ် အနက်ရောက်ဝတ်စုံဝတ်ထားတဲ့ ဌင်းသတင်းထုတ်ပြန်သူက ဆိုပါတယ်။ 

တောင်ကိုးရီးယားနိုင်ငံကတော့ ဌင်းရဲ့တပ်မတော်အနေနှင့် အထက်ပါကြေငြာချက်ကို သတိနှင့် စောင့်ကြည့်နေပြီး အမျိုးသားလုံခြုံရေးကောင်စီအနေနှင့် အရေးပေါ်အစည်းအဝေးတစ်ရပ် ဆင့်ခေါ်မယ်လို့ ပြည်တွင်း ယောင်ဖန်းသတင်းဌာက ထုတ်ပြန်ကြေငြာသွားပါတယ်။ 

မဲဆောက်မှာ အလုပ်သမားများ ချီတက်

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားများနေ့ လမ်းလျှောက် ချီတက်ပွဲနဲ့ ဟောပြောပွဲတွေကို မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီရှိတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

အလုပ်သမား ၅၀၀ နီးပါး တက်ရောက်ခဲ့တဲ့ဒီပွဲကို မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့ မဲဆောက် အခြေစိုက် မြန်မာနဲ့ထိုင်း အဖွဲ့အစည်းတွေက ကျင်းပခဲ့ ကြတာပါ။

ပညာပေးဟောပြောပွဲ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပတဲ့ မြူနီစပယ်အားကစားကွင်းမှာ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးက လုံခြုံရေးဌာန တာဝန်ခံ Mr Akkaphan Phoonsri တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သိန်းနီးပါးရှိ တဲ့အထဲက ထက်ဝက် နီးပါးဟာ မဲဆောက်မြို့နယ်ထဲက စက်ရုံ အလုပ်ရုံနဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်ထဲမှာ ရှိနေကြပါတယ်။

မဲဆောက်ဒေသမှာ ထိုင်းအလုပ်သမားဝန် ကြီးဌာနက တရားဝင် သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံး တနေ့လုပ်အားခက ၁၆၂ ဘတ်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ လုပ်ငန်းခွင်ဝင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို လုပ်ငန်းရှင်တွေပေးတာ က တနေ့ကို ဘတ် ၆၀ ကနေ ဘတ် ၁၀၀ အများဆုံးလို့ မဲဆောက်မှာအခြေ စိုက်ပြီး မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက ဧရာဝတီကို ပြောပါတယ်။

မဲဆောက်မှာ တရားဝင်အ လုပ်ရုံစက်ရုံ ၂၀၀ နီးပါး ရှိတဲ့အနက် နေ့စားလုပ်ခကို အစိုးရ သတ်မှတ်ထားတဲ့အတိုင်း ၁၆၂ ဘတ် အပြည့်အ၀ ပေးတာက - စက်ရုံ ၄ ခုပဲ ရှိတာပါ။

အဲဒီထဲမှာ တီကေဖက်ရှင်၊ တော့ဖောင်း အထည်ချုပ်စက်ရုံတို့ ပါပါတယ်။

မဲဆောက်မှာနိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့အခမ်းအနားလုပ်လာတာ ဒီနှစ်ပါ ဆိုရင် ၈ ကြိမ်ရှိသွားပါပြီ။

ဒီနေ့ လမ်းလျှောက်ချီတက်ပွဲကို တက်ရောက်ခဲ့တဲ့ မယ်ပ အထည်ချုပ်စက်ရုံက မသန်းသန်းရီက -မြန်မာ အလုပ်သမားတွေက အလုပ်ရှင်တွေဆီကနေ လုပ်အားခ အပြည့်အ၀ နဲ့ တခြား အလုပ်သမား ခံစားခွင့်တွေ တောင်းဆိုနေပေမဲ့ ဒီနေ့အထိ ဘာမှ ထူးခြားလာတာ မရှိသေးဘူး။ မဲဆောက်က မြန်မာအ လုပ်သမားတွေရဲ့ ဘ၀က ဒုံရင်းပဲ လို့ ပြောပါတယ်။

ပုံစာ - မဲဆောက် နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားများနေ့ ဓာတ်ပုံများ။
ဓာတ်ပုံ - ဧရာဝတီ။


























Ref: ဧရာဝတီဘလော့

Sunday, 18 December 2011

၂၀၁၁၊ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့နှင့် အကြံကုန် ဂဠုံဆားချက်ဥပေဒ


ထိုင်းနိုင်ငံ၊ စမွတ်စခုံနယ်၊ မဟာချိုင်မြို့တွင် MWRN ကဦးစီး၍ ကမ္ဘာ့ရွှေ့ပြောင်းအလုပ်သမားနေ့ကို ယနေ့နံနက်တွင် ကျင်းပခဲ့ပါတယ်။

ဤအခန်းအနားမှာ ထိုင်း အလုပ်သမားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုး Mr. Somchai Arkkaratumkoon က တက်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်တို့အား ၂၀၁၂ ခုနှစ်တွင် မူချမှတ်ကျင့်သုံးမည့် အလုပ်သမားများအတွက် အိမ်အပြန်စရိတ်ငွေစုပေးခြင်းဥပဒေကိုတင်ပြခဲ့ပါတယ်။ ဌင်းဥပဒေ အရ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ချင်းစီ၏ လုပ်ခ လစာထဲမှ လစဉ် ဘတ်ငွေ ၄၀၀ ကျော်ခန့်ကို ထိုင်းအစိုးရက ဖြတ်ယူသွားမည်ဖြစ်ပြီး အလုပ်သမားများအနေနှင့်မြန်မာပြည်ပြန်မည်ဆိုပါက မိမိငွေကို တစ်လကြိုတင်၍ လျှောက်လွှာတင် တောင်းခံရမည်ဟု သိရပါတယ်။ ဌင်းဥပဒေကို ၂၀၁၀ ခုနှစ်က စတင်ပြဌန်းခဲ့ရာ MWRN နှင့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းအပါအ၀င် အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများက ၀ိုင်းဝန်း ကန့်ကွက်သည့်အတွက် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ယခုတဖန် ပြန်လည်ကျင့်သုံးရန် ထပ်မံပြဌာန်းလာခြင်းဖြစ်ပါတယ်။  ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း သန်းနှင့်ချီပြီးအလုပ်လုပ်နေရာ အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၄၀၀ ကျော် လစဉ်ဖြတ်မည့် အစီအစဉ်သည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ခေါင်းပုံဖြတ်သည့်လုပ်ရပ်ဖြစ်ပြီး ထိုင်းအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများထံမှ မည်သည့် အရင်းအနှီးမျှမစိုက်ထုတ်ရဘဲ မည်သည့် အကျိုးအမြတ်မှပြန်လည်ပေးစရာမလိုဘဲ လစဉ် ဘတ်ငွေ သန်းပေါင်းထောင်နှင့်ချီ၍ အေးဓားမြတိုက်မည့်အစီအစဉ်သည် အဖက်ဖက်က ယိုင်နဲ့ယိုယွင်းနေတဲ့ ထိုင်းအစိုးရအတွက် ကြံမိကြံရာကြံစရာကုန်၍ ဂဠုံဆားချက်တဲ့လုပ်ရပ်ဟု အလုပ်သမားအခွင့်အရေးအဖွဲ့အစည်းများက ရှုမြင့်ကြပါတယ်။ ယနေ့ အခန်းအနားတွင် MWRN အကြီးအကဲများက ရွှေ့ပြောင်းအလုပ်သမားများရသင့်ရထိုက်သော အလုပ်သမားအခွင့်ရေးများနှင့် အခြားဆက်စပ်အကျိုးခံစားခွင့်များ လုပ်ထုံးလုပ်နည်းများကို ပညာပေး ဆွေးနွေးခဲ့ပြီး အထက်ဖေါ်ပြပါ ထိုင်းအစိုးရ၏ အကြံကုန် ဂဠုံဆားချက်ဥပဒေကို ဒုတိယအကြိမ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မီဒီယာများနှင့် တွေ့ဆုံ ကြားဖြတ်ရွေးကောက်ပွဲအား သုံးလကြိုတင်၍ အသိပေးမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပြုပြီးသားပါတီများ စည်းရုံးရေးလုပ်ဆောင်နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား

ပည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းနှင့် ပတ်သက်၍ သုံးလကြိုတင်အသိပေးမည်ဖြစ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပြုပြီး သားပါတီများအားလုံး စည်းရုံးရေး လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောကြားခဲ့ပါသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံကောင်းအောင် လုပ်ဆောင်သူများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ပြင် အခြေအနေ၊ အချိန်အခါပေးပါက မီဒီယာများနှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  မည်သူ့သြဇာ လွှမ်းမိုးမှုမှမခံဘဲ လွတ်လွတ် လပ်လပ် လုပ်ဆောင်နေကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့သည်။
''ဘယ်သူ့သြဇာ လွှမ်းမိုးမှုမှ မခံဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေပါတယ်။ အဲဒါက ကျွန်တော့်ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာလည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုတည်းကိုပဲ လိုက်နာပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နေပါ တယ်''ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ''ညစ်ပြီးနိုင်တာထက် မှန်မှန်ကန်ကန်လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားသွားပါမယ်''ဟု လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
''ပါတီတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်။ ဘယ်ကိုသွားသွား မကန့်ကွက်ပါဘူး။ ပါတီတွေအနေနဲ့ စည်းရုံးမယ်ဆိုရင် ပြည် သူတွေအနေနဲ့ ယုံကြည်အားကိုးလာမယ်။ အဲဒါမှ မဲနိုင်ပြီး လွှတ်တော်ထဲ ရောက်မယ်။ လွှတ်တော်ထဲရောက်မှ တိုင်းပြည်အတွက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်''ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များအနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လတ်တလော လစ်လပ် လျက်ရှိနေသည်။
လစ်လပ်မဲဆန္ဒနယ်များအလိုက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော်နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး)၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်းတပင်၊ သနပ်ပင်၊ လက်ပံတန်း)၊ အမျိုးသားလွှတ်တော် တစ်နေရာ(အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော် တစ်နေရာ (က၀မြို့နယ် မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ(မော်လမြိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး၊ မရမ်းကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ငါးနေရာ(ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ (ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည်မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ ဖြစ်ကြသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် ၁၂ နေရာ စုစုပေါင်း ၁၇ နေရာရှိကြောင်း သိရသည်။
သို့ရာတွင် လာမည့်ကြားဖြတ် ရွေးကောက်ပွဲ၌ အဆိုပါမဲဆန္ဒနယ် ၁၇ နေရာတွင် လုပ်နိုင်ပါက လုပ်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လက်ရှိတွင် မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီ ၁၀ ခုရှိပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမို ကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင် အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်ကြသည်။
ပါတီတည်ထောင်ခွင့် လျောက်ထားခဲ့သည့်ပါတီ ၁၀ ခုအနက် လေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီတို့ ဖြစ်ကြသည်။

မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ထိခိုက်စေသည့် အတွက် ဗဟိုဘဏ်မှ ကိုင်တွယ်ဖြေရှင်းပေးရန် ဟားဗတ်ပညာရှင်အဖွဲ့ တိုက်တွန်း

မြန်မာကျပ်ငွေ ဈေးနှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းနေမှုကြောင့် မြန်မာစီးပွားရေး ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်စေသည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကိုင်တွယ် ဖြေရှင်းပေးရန် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
“နိုင်ငံတစ်နိုင်ငံရဲ့ မက်ခရို စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ်လုံး တည်ငြိမ်မှုရှိဖို့လိုတယ်။ မက်ခရို ဆိုတာက စီးပွားရေးတစ်ခုလုံးကို  ခြုံကြည့်တာ။ သစ်ပင်တစ်ပင်ချင်းကို ကြည့်တာမဟုတ်ဘဲ သစ်တောတစ်ခုလုံးကို ခြုံကြည့်တာပါ။ အဲဒီ မှာ အဓိကက Money Supply ပဲ။ သိပ်မတက်အောင် ထိန်းရသလို သိပ်မကျအောင်လည်း ထိန်းနိုင်ဖို့လိုတယ်။ ငွေလဲနှုန်းက အရေးကြီးဆုံးပဲ။ ငွေလဲနှုန်းက ဈေးနှုန်းအားလုံးရဲ့ မိခင်ဈေးနှုန်းဖြစ်ပါတယ်။ ဒါကြောင့် ခုလိုငွေလဲနှုန်း အခြေအနေကို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ ဒီအခြေအနေမှာ ဗဟိုဘဏ်က ၀င်ရောက်ထိန်းကျောင်း ပေးဖို့ လိုလာပါပြီ။ ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေကို ဈေးကွက်ထဲထည့်ပေးပြီး ဈေးကွက်ထဲက နိုင်ငံခြားငွေတွေကို ဆွဲထားပေးသင့်တယ်။ တစ်နည်းပြောရရင် ဈေးကွက်ထဲ က အမေရိကန်ဒေါ်လာကို ၀ယ်ပေးတာမျိုးလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ အခုထိန်းရင် အခုရတယ်။ ၁၅မိနစ်၊ တစ်ရက်နဲ့ ပြောင်းလဲပေးနိုင်တယ်”  ဟု ဒီဇင်ဘာလ ၁၅ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘဏ် များမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ဟားဗတ်တက္ကသိုလ်မှ  စီးပွားရေးပညာရှင် Mr Thomas J Vallely က ပြောကြားပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး  မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလဲနှုန်းများမှာ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများ၊ အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် လူအားလုံးထိခိုက်မှုကြုံတွေ့နေရကြောင်း၊ စီးပွားရေးကဏ္ဍတွင် ငွေလဲနှုန်းမှာ အရေးပါဆုံးဟု ယူဆနိုင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ငွေလဲနှုန်း အခြေအနေကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကျဆင်း နိုင်သကဲ့သို့ ရှိနှင့်ပြီး စီးပွားရေးအခြေအနေမှ ပြန်လည်ထိုးကျနိုင်ကြောင်း Mr Thomas J Vallely က ဆွေးနွေး ခဲ့ကြောင်း သိရပါသည်။
ပြည်သူ့လွှတ်တော်ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက လည်း” မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှုက အခြေအနေအများကြီးနဲ့ သက်ဆိုင်နေပါတယ်။ မမြင်ရတဲ့ ဒေါ်လာတွေဝင်နေတာကြောင့်လည်း ပါတယ်။ ဗဟိုဘဏ်ကနေ ဒေါ်လာ ကို ၀ယ်ပေးပြီး ကျပ်ငွေထုတ်ပေးဖို့ နည်းလမ်းအတွက် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ လုပ်နိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ဆိုပါသည်။
Ref: EMG

ဘုရင့်သစ္စာတော်ခံတွေ ကုလအဆောက်အဦးတွင် ဆန္ဒပြ


ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်တဲ့အတွက်လည်းကောင်း၊ တရားစီရင်ရေးစနစ်ကို မလေးမစားလုပ်တဲ့ အတွက်လည်းကောင်း တောင်းပန်ဖို့ ညီညွတ်သောထိုင်း (Siam Samakkhi) အုပ်စုက ဘုရင်ကို အကြည်ညို ပျက်စေမှု (lese majeste) ဥပဒေအပေါ် မှတ်ချက်ပေးခဲ့တဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက အရာရှိတွေကို တောင်းဆို လိုက်ပါတယ်။
လက်ယာနိုင်ငံရေး ကွန်ယက်တခုဖြစ်တဲ့ ညီညွတ်သောထိုင်းအုပ်စု ထောက်ခံသူ ၂၀၀ လောက်ဟာ ဘုရင်ကို အကြည် ညိုပျက်စေတဲ့ဥပဒေလို့ လူသိများတဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ပေးဖို့ ကုလသမဂ္ဂရဲ့ တောင်း ဆိုချက်ကို ဆန္ဒပြဖို့ ရတ်ချာဒါနုမ်နော့ခ်လမ်းပေါ်ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့မှာ မနေ့က စုဝေးကြပါတယ်။
အောက်တိုဘာလက အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် လွတ်လပ်စွာပြောဆိုရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်း ကျင်သူ တဦးက ပုဒ်မ ၁၁၂ နဲ့ ၂၀၀၇ ခုနှစ်၊ ကွန်ပြူတာပြစ်မှုဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်ပေးဖို့ အစိုးရကို တောင်းဆို ခဲ့ပါတယ်။ ဒီဥပဒေတွေက အတော့်ကို မရှင်းမလင်းမရေမရာ ဖြစ်တယ်။ နောက်ပြီး ပြစ်မှုဆိုင်ရာဒဏ်ခတ်မှုတွေကို ပြင်း ပြင်းထန်ထန် လုပ်တာတွေက နိုင်ငံတကာနှုံးစံတွေနဲ့ ဆန့်ကျင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလအစောပိုင်းတုန်းက ဘုရင်ကိုအကြည်ညိုပျက်စေမှုနဲ့ စီရင်ချက်ချမှတ်ခံရတဲ့သူတွေအပေါ် ပြင်းပြင်းထန်ထန် ထောင်ချနေတာတွေနဲ့ လွတ် လပ်စွာပြောဆိုမှုအပေါ် သက်ရောက်နေတဲ့ ကြောက်စရာကောင်းတဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း လူ့ အခွင့်အရေးဆိုင်ရာ၊ ကုလသမဂ္ဂမဟာမင်းကြီးရဲ့ ယာယီပြောရေးဆိုခွင့်ရှိသူ ရာဝိနရှမ်ဒါဆနီက ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။
နိုဝင်ဘာလ ၂၃ရက်နေ့က အသက် ၆၁နှစ်ရှိတဲ့ အမ်ဖွန်တန်နိုဖာ့ခူးလ်အပေါ် ဘုရင်စနစ်ကို ထိုးနှက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ အီးမေးသတင်း ၄ စောင် ပို့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချခဲ့တာကို သူမက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါ တယ်။ ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံဖွား၊ အမေရိကန်နိုင်ငံသား၊ အသက် ၅၅ နှစ်ရှိ လားဖုန်ဝိချိုင်းခမ် မတ်ကို ဘုရင်စနစ်ကို စော်ကားတဲ့ သတင်းတွေဖြန့်ဝေဖို့ အင်တာနက်အသုံးပြုတဲ့အတွက် ထောင်ဒဏ် ၂ နှစ်ခွဲ ချခဲ့ပါတယ်။ စာ ထဲမှာ ညီညွတ်သောထိုင်းအုပ်စုက “ထိုင်းနိုင်ငံ စည်းမျဉ်းခံဘုရင်ခံစနစ်ကို ထိခိုက်စေသည့် ပြုမူဆောင်ရွက်မှုမှန်သမျှကို ရပ်တန့်ရန်” ကုလသမဂ္ဂ ကို ဆောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ထိုင်းလူမျိုးတွေနဲ့ ဘုရင်စနစ်အကြား ရှိနေတဲ့ သံယောဇဉ်အနှောင်အဖွဲ့ကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်မှုအကုန်လုံးကို ရပ်တန့်ရမှာ ဖြစ်တယ်လို့ သူတို့က ပြောဆိုပါ တယ်။
နောက်ပိုင်းမှာ ဆန္ဒပြသမားတွေက ၀ိုင်ယာလက်စ်လမ်းမပေါ်ရှိ အမေရိကန်သံရုံးဆီကို ရွှေ့ပြောင်းသွားပါတယ်။ အဲဒီမှာ သူတို့ဟာ အလားတူပန်ကြားချက်တွေကို သံရုံးဝန်ထမ်းတွေဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ သံရုံးရှေ့မှာ စုရုံးကြတဲ့ ဆန္ဒ ပြသမားတွေက ဆိုင်းဘုဒ်ကပ်ပြားတွေကိုင်ဆောင်ပြီး သံအမတ်ကြီး ခရစ္စတီးကင်နေးကို ဘုရင်ကိုအကြည်ညို ပျက်စေ တဲ့ ဥပဒေအပေါ် မလျော်မကန် မှတ်ချက်ချ ပြောဆိုခဲ့တဲ့အတွက် လောက်ဒ်စပီကာတွေကတဆင့် ပြစ်တင် ဝေဖန်ကြပါ တယ်။ ပြီးခဲ့တဲ့အပတ်က သံအမတ်ကြီးက သူမရဲ့တွစ်တာပေါ်မှာ သူမအနေနဲ့ ဘုရင်စနစ်ကို အရမ်းလေးစားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ လွတ်လပ်စွာပြောဆိုခွင့် စံချိန်တွေနဲ့မဆီလျော်တဲ့ တရားစွဲဆိုချက်တွေကြောင့် သူ့ အနေနဲ့ စိတ်မ သက်မသာ ဖြစ်ရတယ်လို့ ရေးသားခဲ့ပါတယ်။
ဒီအုပ်စုက တိုင်းပြည်အရေးတွေမှာ အပြင်လူတွေ ၀င်စွက်တာကို ခုခံရပ်ခံပေးဖို့ ၀န်ကြီးချုပ်ယင်လပ်ရှီနာဝပ်ထ်ရဲ့ အစိုးရ ကိုလည်း တောင်းဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဘုရင်စနစ်၊ ဘုရင့်မိသားစုနဲ့ ထိုင်းယဉ်ကျေးမှုကို အလွန့်အ လွန် လေးစားကြောင်း မနေ့က အမေရိကန်သံရုံးက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။ “ထိုင်းဥပဒေကို ကျနော်တို့ လေးစားပါတယ်။ ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးမှာ ဘယ်ဖက်ကမှ ၀င်မရပ်ပါဘူး၊ ကျနော်တို့ဟာ တကမ္ဘာလုံးမှာ လွတ်လပ် စွာပြောဆိုမှုကို ထောက်ခံပြီး ဒါကို အခြေခံလူ့အခွင့်အရေးတခုအဖြစ် ယူဆပါတယ်” လို့ သံရုံးက ပြောပါတယ်။ ဒီအ တောအတွင်းမှာ ထိုင်းနက်တီဇင်ကွန်ယက်က တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီကွန်ယက်က တက်ကြွလှုပ်ရှားသူ တွေဟာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ တောင်းဆိုတဲ့ သူတို့ရဲ့ရပ်တည်ချက်ကို ၎င်းတို့အနေနဲ့ ထောက်ခံကြောင်း ပြောဆိုပြီး ကုလသမဂ္ဂနဲ့ အမေရိကန်သံရုံးကို အိတ်ဖွင့်ပေးစာတစောင် မနေ့က ပေးပို့လိုက်ပါတယ်။ “ခင်ဗျားတို့အနေနဲ့ လွတ်လပ် စွာပြောဆိုမှုကို ချိုးဖောက်နေတာကို ဆက်လက်စောင့်ကြည်နေမယ်၊ လူ့အခွင့်အရေး ကာကွယ်စောက်ရှောက်မှု အား ကောင်းအောင် ဆက်လက်ကူညီမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်” လို့ သူတို့က ပြောပါတယ်။
ပညာရှင် ၁၅ ဦးပါတဲ့အဖွဲ့တဖွဲ့ က ပုဒ်မ ၁၁၂ ကို ချိုးဖောက်တယ်လို့ ယူဆတဲ့အမှုတွေကို စစ်ဆေးဖို့ ကော်မတီတခုဖွဲ့ဖို့ အဆိုပြုလိုက်ပါတယ်။ စစ်ဆေးရေးအဖွဲ့က တချို့အဖွဲ့တွေက သူတို့ပြိုက်ဖက်တွေကို အသရေဖျက်ဖို့ နိုင်ငံရေးလက်နက် တခုအဖြစ် ဥပဒေကို အသုံးပြုနေတာနဲ့ဆက်စပ်တဲ့ ပြဿနာတွကို ဖြေရှင်းမှာဖြစ်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။ ဒီအ ဖွဲ့ကို ဘက်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အုပ်ချုပ်ရေးနဲ့ဥပဒေပြု ရေးအဖွဲ့ခွဲတွေ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အစိုးရရှေ့နေတွေ၊ ပညာရှင်တွေ၊ ဒေသခံခေါင်းဆောင်တွေနဲ့ သမဂ္ဂတွေ ပါမှာ ဖြစ်ပါတယ်။ ဒီကော်မတီက အတည်ပြုတဲ့ အမှုတွေကိုပဲ ရှေ့ဆက်ဖို့ ခွင့်ပြုသင့်တယ်လို့ သူတို့က ပြောပါတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

Saturday, 17 December 2011

သံဃမဟာနာယကကို တောင်းပန်စာပို့

သာဓုကျောင်း၊ ရွှေည၀ါဆရာတော်ဦးပညာသီလက ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကကို တောင်းပန်စာပို့
မိုးမခ၊ ဒီဇင်ဘာ ၁၆၊ ၂၀၁၁
ဒီဇင်ဘာ ၁၂ နေ့စွဲဖြင့် ဆုံးဖြတ်ချက်အရ ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့က ရန်ကုန်မြို့၊ သာဓုကျောင်းတိုက်၊ ရွှေည၀ါဆရာတော် ဦးပညာသီဟအား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ အဆုံးအမကို ခံယူထိုက်သည့် သံဃာတပါးအဖြစ်မှ ဖယ်ရှားရန် ၊ သာဓုကျောင်းတိုက်အတွင်း ကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းမပြုရန် အရေးယူသည့် ထုတ်ပြန်ချက်ကို ကာယကံရှင် ရွှေည၀ါဆရာတော်က ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယက ဆရာတော်ကြီးများထံ အသနားခံ တောင်းပန်စာကို ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ပြန်လည်ပေးပို့ လျောက်ထားလိုက်သည်ကို တွေ့ရသည်။
ထေရ၀ါဒ အဆိုအဆုံးမတွင် ကြီးစွာသောအပြစ်များသော်မှ တိုးလျိုးတောင်းပန်ပါက အပြစ်များ ပြေပျောက်၍ အကျိုးများသက်ရောက်ကြောင်း၊ မိမိက တောင်းပန်အသနားခံပါက မိမိ၏ အပြစ်ဆိုသည်မှာလည်း လူထွက်၊ ထောင်ကျ အရေးယူလောက်သော ပြစ်မှုမဟုတ်သည့်အတွက် ဆရာတော်ကြီးများကလည်း သူတော်ကောင်းတရားနှင့်အညီ ကျင့်သုံးမည်ဟု ယုံကြည်ကြောင်း၊ မိဘများသဖွယ်ဖြစ်သော် ဆရာတော်ကြီးများက သားသမီးများသဖွယ်ဖြစ်သော ဘုရားတပည့်တော်များကို ဆိုဆုံးမပါရန်၊ ကျောင်းတိုက်တွင် ဆက်လက်နေထိုင်ခွင့်နှင့် သာသနာပြုခွင့်များ ပြန်လည်ပေးသနားပါရန် အသနားခံပါကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
          အဆိုပါ ကြံ့ဖွံွှ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့၏ အရေးယူသည့် အကြောင်းကြားစာကြောင့် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသော အတိုက်အခံနိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသား လူငယ်များသာမက လူမှုရေး၊ ဘာသာရေး ထက်သန်သူ မြန်မာမိသားစုများအတွင်းတွင် ယခင်စစ်အာဏာရှင်
နအဖ၊ န၀တခေတ်ကာလများကဲ့သို့ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်များ အကြမ်းဖက်ခံရမည့် ခြိန်းခြောက်မှုများ ပြန်လည်ထွက်ပေါ်လာမည်လားဟု စိုးရိမ့်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေး တရုတ်-အမေရိကန် ပူးပေါင်းကူညီမည်

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရော တရုတ်နိုင်ငံအတွက်ပါ တူညီတဲ့ စိတ်ဝင်စားမှုတွေ ရှိထားပြီး ဒီအပေါ်မှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တရုတ်နိုင်ငံ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ပြောဆိုလိုက်ပါတယ်။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဓာတ်ပုံ ASSOCIATED PRESS
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ မူဝါဒဆိုင်ရာ ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ် ဟာ မနေ့က သုံးနိုင်ငံ အာရှခရီးစဉ်ကို တရုတ်နိုင်ငံမှာ အဆုံးသတ်လိုက်ပြီး သူ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာတွေကို မနေ့က တရုတ်နိုင်ငံ ဘေဂျင်းမှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။ အစဉ်အလာသဘောအရ ဆိုရင်တော့ အမေရိကန်နဲ့ တရုတ်အကြားမှာ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောခဲဆိုခဲရှိပေမဲ့ အခု နှစ်နိုင်ငံစလုံးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တူညီတဲ့ စိတ်ဝင်စားချက်တွေ ရှိနေတယ် ဆိုတာကို ဒီရောက်ပြီး ရက်ပိုင်းအတွင်းမှာ တွေ့ရတယ်လို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
မြန်မာနိုင်ငံ တည်ငြိမ်မှု၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ နှစ်နိုင်ငံစလုံးက စိတ်ဝင်စားသလိုပဲ တရားမ၀င် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုနဲ့ ကျန်းမာရေး ပြဿနာလိုကိစ္စရပ်တွေမှာ နှစ်ဘက် စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကိစ္စတွေတင်မကဘဲနဲ့ နယ်စပ်အခြေအနေမှာပါ အကဲစမ်းမှုတချို့ ရှိနေတယ်ဆိုတာကို အမေရိကန်ရော တရုတ်ဘက်ကပါ မြင်ထားပြီးတော့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာအစိုးရ အပါအ၀င် မြန်မာနိုင်ငံတွင်းက အစုအဖွဲ့အားလုံးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ့် ကိစ္စတွေကို အလေးပေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် ဟာ တရုတ် နိုင်ငံခြားရေးဌာနက အရာရှိတွေ၊ တရုတ်နိုင်ငံတွင်း မူဝါဒရေးဆွဲရာမှာ အရေးပါတဲ့ ပညာရှင်တွေ၊ အခြားလေ့လာသူတွေကိုပါ တွေ့ဆုံခဲ့ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ လက်ရှိ မြန်မာ့အရေးချည်းကပ်မှုနဲ့ သဘောထားအမြင်တွေကို ရှင်းပြခဲ့ပါတယ်။
တဘက်မှာ အမေရိကန်ဘက်က မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ဆက်ဆံလာတာကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်လာမလားဆိုပြီး စိုးရိမ်မှုတွေ ယူဆမှုတွေ ရှိတာကိုတော့ မစ္စတာမစ်ချဲလ်က ပယ်ချခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ဆက်ဆံတာဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မသင့်မမြတ်ဖြစ်မှာကို မလိုလားသလို ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ရှိစေဖို့သာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
မစ္စတာမစ်ချဲလ်ဟာ တရုတ်အပြင် ဂျပန် တောင်ကိုရီယားတွေကိုပါ သွားရောက်ပြီး အဲဒီက အာဏာပိုင်တွေနဲ့ မြန်မာ့အရေးကို ဆွေးနွေးခဲ့တာပါ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ အပြုသဘော တိုးတက်မှုတွေ မြင်လာရတာကြောင့် ဒီအပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က ဘယ်လို ကူညီ ဆောင်ရွက်မယ်၊ အခြားနိုင်ငံတွေကရော ဘယ်လို ကူညီနိုင်မယ် ဆိုတာကို အလေးပေးဆွေးနွေးပြီး အပြန်အလှန် ပူးပေါင်း လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုဟာ သူ့ခရီးစဉ်ရည်မှန်းချက် ဖြစ်တယ်လို့ သတင်းထောက်တွေကို ရှင်းပြပါတယ်။
မစ္စတာမစ်ချဲလ်အနေနဲ့ အခုခရီးစဉ်အပြီး နောက်ပိုင်းမှာ မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အခု အိန္ဒိယနိုင်ငံကိုတော့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ် (William Burns) ရောက်ရှိနေပြီး မနေ့က ဆွေးနွေးပွဲတစ်ခုမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထည်သွင်း ပြောခဲ့ပါသေးတယ်။
တလောတုန်းက အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ရာအို (Rao) က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့တာကို အိန္ဒိယရဲ့ မြန်မာ့အရေး အရေးပါတဲ့ခြေလှမ်း တစ်ရပ်အနေနဲ့ မစ္စတာဘန်းစ်က ထောက်ခံ ပြောဆိုသွားပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ရှိတဲ့ သမိုင်းရှည်ကြာတဲ့ ချစ်ကြည်ရင်းနှီးမှုကို အသုံးပြုပြီး မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ခိုင်မာတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး အားပေး ဆောင်ရွက်သွားတာကို မျှော်လင့်တယ်လို့ ဒုနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ် က ပြောသွားခဲ့ပါတယ်။
Ref: VOA

Friday, 16 December 2011

ခိုးဝင်တဲ့ မြန်မာ ၄၀ ထိုင်းမှာ အဖမ်းခံရပြန်

ထိုင်းနိုင်ငံ ကန်ချနဘူရီနဲ့ စံခလဘူရီ ခရိုင်တို့ကနေ ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ ကြိုးစားတဲ့ တရားမ၀င် မြန်မာနိုင်ငံသား အယောက် ၄၀ ကို ထိုင်း အာဏာပိုင်တွေက ဒီကနေ့ မနက် ၉ နာရီခွဲမှာ ဖမ်းဆီးလိုက်ပါတယ်။

သတင်းပေးမှုကြောင့် မြန်မာနိုင်ငံသားတွေကို နယ်မြေခံ စစ်တပ်နဲ့ အာဏာပိုင်တွေက အလုပ်သမားတွေ ပုန်းနေတဲ့ နေရာအထိ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ လူတွေထဲမှာလည်း အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ပါတယ်လို့လည်း အဲဒီ ထိုင်းသတင်းထဲမှာ ရေးသား ဖော်ပြထားပါတယ်။


သူတို့ကို အခု လတ်တလော စံခလဘူရီခရိုင်မှာ အခြေစိုက်တဲ့ ထိုင်းစစ်တပ်ထဲမှာ ယာယီ ထိန်းသိမ်း စစ်ဆေးမေးမြန်းပြီး နယ်ရဲတွေကို ပြန်လွှဲပေးမယ်လို့ သတင်းက ဆိုပါတယ်။ ထိုင်းတရား ဥပဒေအရတော့ အဖမ်းခံရသူတွေ အရေးယူ ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံသားတွေကို စစ်တပ်က စစ်ဆေးမေးမြန်းထားချက်နဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောကြားထားလဲ ဆိုတော့ အားလုံးဟာ အယုဒ္ဓယမြို့နယ်နဲ့ တခြားမြို့နယ်က ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သွားလုပ်ကြဖို့ လာကြတာ၊ ပွဲစားနဲ့ တယောက် ကို ဘတ် ၆၀၀၀ (ကျပ် တသိန်းခွဲခန့်) ပေးပြီးတော့ ဘုရားသုံးဆူမြို့ နယ်စပ်ကနေ ၀င်လာတာလို့ ပြောပြကြပါတယ်။
သန်းထိုက်ဦး
Ref: ဧရာဝတီဘလော့

မန်းငြိမ်းမောင်ကို ထောင်ဒဏ် ၁၇ နှစ်ချမှတ်

အစိုးရ အာဏာပိုင်များက ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ဦးမန်းငြိမ်းမောင်ကိုအင်းစိန်ထောင် အတွင်းရှိ တရားရုံးတခု၌ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ကြောင်း သတင်းရ သည်။
KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ဖမ်းဆီးပြီး ၁ လခန့် အကြာတွင် ဦးမန်းငြိမ်းမောင်ကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး ဖြစ်သော်လည်း တခြား ပုဒ်မများ ထပ်တိုး၍ ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း ၎င်း အမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်မြို့ရှိ ဒေသခံတဦးက ပြောသည်။
“သူ့ကို အစိုးရက ထောင် ၆ လ ချလိုက်ပြီးမှ KNU အဖွဲ့အစည်းထဲက လူဆိုတာ သိသွားတယ်”ဟု ၎င်းက ပြောဆိုသည်။
အာဏာပိုင်များက ဦးမန်းငြိမ်းမောင်အား ထပ်မံစွပ်စွဲထားသည့်အမှုများကို မသိရှိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဦးမန်းငြိမ်းမောင်သည် တရုတ်ပြည် ကူမင်းလေဆိပ်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင် ပျောက်ဆုံးခဲ့သည်။ တရုတ်-မြန်မာ နယ် စပ်မှ လာသော သတင်းများအရ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ အာဏာပိုင်များက ၎င်းကို မြန်မာပြည်သို့သွားသည့် လေယာဉ် တစီးဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC)တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
သို့သော် ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထိုအတွေ့အကြုံများကို၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ကိုကိုးကျွန်းရောက် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာငတ်ခံဆန္ဒပြရာတွင်လည်း ဦးမန်း ငြိမ်းမောင် ပါဝင်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါသည့် ကော်မရှင်က တည်ဆဲဥပဒေများကို စိစစ်မည်

ရွှေယင်းမာဦး

လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ပြီးဆုံးခါနီးက ဖွဲ့စည်းခဲ့သည့် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က စီးပွားရေးပြုပြင်ပြောင်းလဲ မှုကို အကျိုးသက်ရောက်မှုရှိမည့် တည်ဆဲဥပဒေများအား လေ့လာသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၉ ရက် နေ့က ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇန တာဝါတွင် အဆိုပါကော်မရှင်၏ ရန်ကုန် ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ၌ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုပါကော်မရှင်တွင် အဖွဲ့ဝင် ၁၅ ဦးရှိသည့် အနက် လွှတ်တော် ကိုယ်စားလှယ် သုံးဦးသာပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူပညာရှင်များ ဖြစ်ကြ သည်ကို တွေ့ရသည်။

အစိုးရအရာရှိဟောင်းများ အများစု ပါဝင်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရ၀န်ထမ်း သုံးဦးပါဝင်သည့် အနက် တစ်ဦးမှာ စစ်ဥပဒေချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်သည်။

ကော်မရှင်၏ တာဝန်များမှာ တည်ဆဲ ဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြဋ္ဌာန်းနိုင်ရန် တို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြ ရန်ဖြစ်ပြီး အထူးကိစ္စများ ပေါ်ပေါက်လာပါက ယင်းကိစ္စများကို ဥပဒေ အမြင် နှင့် ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ကာ အစီရင်ခံရန်တို့ ပါဝင်သည်။

"ကော်မရှင်ရဲ့တာဝန်ထဲမှာ လုပ်ငန်း လိုအပ်ချက်အရ အကြံဉာဏ်တောင်းခံ သည့်အခါ ကော်မရှင်က အကြံပေးဖို့ ပါတယ်။ လိုအပ်မှ မဟုတ်ပါဘူး။ အကြံ ပေးစရာရှိရင် ပေးဖို့ ပြောထားပါတယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

အထူးကိစ္စရပ်များဟုဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထားကွဲလွဲခဲ့သည့် ကိစ္စမျိုးတွင်လည်း ကော် မရှင်က ဥပဒေအမြင်နှင့် သုံးသပ်ကာ အစီရင်ခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်ထွန်းသက်က လွှတ်တော်ရေးရာကော်မရှင်တစ်ရပ်တွင် လွှတ်တော်ကိုယ်စား လှယ် မဟုတ်သည့် ပညာရှင်များအား ထည့်သွင်းဖွဲ့စည်းခြင်းအား ပညာရှင်တစ်ယောက်အနေဖြင့် ကြိုဆိုကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

"ပညာရှင်ဆိုတာ တတ်ထားတဲ့၊ လေ့လာထားတဲ့ ဘာသာရပ်အရ ပြောတာဆိုတော့ နှောင်ကြိုးက သိပ်မရှိဘူးလေ။ ရှိတာကို ရှိတဲ့ အတိုင်းပြောရမယ်။ လွတ်လွတ်လပ်လပ် ပြောဆိုတော့ ပြောရမှာပေါ့"ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

တည်ဆဲဥပဒေများသည် စီးပွားရေး လုပ်ငန်းများအား အဟန့်အတားဖြစ်နေခြင်းထက် ကူညီပံ့ပိုးပေးသည့်ပုံစံဖြစ်စေ ရန်လိုအပ် ကြောင်း ၎င်းက ဆိုသည်။

"ရှိတဲ့ဥပဒေတွေအားလုံးက စီးပွား ရေးလုပ်တာကို လွယ်အောင်၊ သွက်အောင်၊ မြန်အောင် ဘယ်လိုရှိရမလဲ ဆိုတာကို ၀ိုင်းစဉ်းစား ကြမှာ။ "ဥပဒေဆိုတာ လူတွေလုပ်ချင် ကိုင်ချင်စိတ်ရှိအောင် လုပ်တယ်လို့ နားလည်တယ်။ မလုပ်ချင်၊ မကိုင်ချင်အောင် မလုပ်နိုင်၊ မကိုင်နိုင်ဖြစ်အောင် ချုပ်ထားတာ ဥပဒေမဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ အတွေ့အကြုံနှင့် အခက်အခဲများအား သုံးသပ်ကာ ဥပဒေများအား ပြင်ဆင်သင့် မသင့် စဉ်းစားရမည်ဖြစ်ပြီး မကြာမီ လွှတ်တော်တွင်း ဆွေးနွေးကြတော့မည့် ဘတ်ဂျက်ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သောအကြံ ဉာဏ်များ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

"ဥက္ကဋ္ဌကြီးက ပြောတယ်။ အားလုံးအကြံပေးပါဆိုတော့ ဘတ်ဂျက်ကိစ္စလည်း အကြံပေးရမှာပေါ့။ ဘတ်ဂျက်ကို ကိုယ့်နိုင်ငံ တိုးတက်မှု အတွက် ဘယ်လိုသုံးမလဲ စဉ်းစားရမှာပေါ့။ ဘတ်ဂျက်ကို ဘတ်ဂျက်အနေနဲ့မကြည့်ဘဲ ဦးစားပေးမှုအနေနဲ့ ကြည့်ပါတယ်။ နိုင်ငံတော်ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေရောက်အောင် ဘာတွေကို ဦးစားပေးလဲဆိုတာ ကြည့်ရမှာပေါ့"ဟု ဒေါက်တာအောင် ထွန်းသက်က ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့တော်ရှိလမ်းများအားလုံး ပြုပြင်သွားမည်ဟု သိရ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတား ဌာနမှတာဝန်ယူ၍ လမ်းများကိုပြုပြင်လျက်ရှိရာ လွန်ခဲ့သော လများအတွင်းက ရန်ကုန်မြို့တော်အတွင်းရှိ လမ်းတစ်လမ်း အဆင့်မြှင့်တင်ပြုပြင်နေသည်ကိုတွေ့ရစဉ်။
ဓာတ်ပုံ-မြန်မာတိုင်း(မ်)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် မြို့နယ်များရှိ ပျက်စီးနေသော လမ်းများအားလုံးကို အသစ်ပြန်ခင်းခြင်း၊ ထပ်ပိုး လွှာခင်းခြင်းများကို ၂၀၁၂ အတွင်း လမ်းကြိုလမ်းကြားမကျန် အပြီး အစီး ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပရောဂျက်က အခု ဒီဇင်ဘာက စပါတယ်။ ဒါပေမယ့် ၂၀၁၁ နှစ်လယ် ပိုင်းက စပြီး ချပေးတဲ့ ဘတ်ဂျက်နဲ့ အဓိက ပျက်စီးနေတဲ့ လမ်းတွေကို ပြုပြင်နေပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မြို့နယ်အားလုံး နီးပါးက လမ်းနဲ့ ပလက်ဖောင်းတွေကို အကုန်ပြုပြင်နေပြီး တစ်ပြိုင်နက်တည်း ရေစီး ရေလာ ကောင်းမွန်ဖို့အတွက် ရေနုတ်မြောင်းတွေ ဆယ်တာ၊ ရေပိုက် လိုင်းတွေ သန့်ရှင်းရေးလုပ်တာနဲ့ ပျက်စီးနေတဲ့ ရေပိုက်လိုင်းတွေ ပြုပြင်တာတွေကို လုပ်ဆောင်နေပါတယ်"ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ၊ လမ်း၊ တံတားဌာနမှ တာဝန်ရှိသူတစ်ဦး က ယခုလ ၇ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်များရှိ ပျက်စီးနေသော လမ်းများ အားလုံးကို ကွန်ကရစ် လမ်းအဖြစ် ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။

စမ်းချောင်းနှင့် ကြည့်မြင်တိုင် မြို့နယ်များတွင်လည်းကောင်း၊ ရွှေပြည် သာနှင့် လှိုင်သာယာမြို့နယ်တွင် လည်းကောင်း လမ်းများကို ကွန်ကရစ် ခင်းသွားမည်ဟု ပြောသည်။

"လုပ်ငန်းတွေကို ၂၀၁၂ မတ်လ လောက်မှာ အကုန်ပြီးနိုင်ဖို့ မှန်းထားပါတယ်။ ပျက်စီးနေတဲ့ လမ်းတွေကို လမ်းမကြီးရယ်မှ မဟုတ်ဘဲ လမ်းကြိုလမ်း ကြားမကျန် တဖြည်းဖြည်းချင်း ပြုပြင် ပေးသွားမှာပါ။ "လမ်းတွေကို မြှင့်ခင်းလိုက်တဲ့ အတွက် မိုးတွင်းအခါမှာ ရေစီး ရေလာ ကောင်းမွန်နိုင်ဖို့အတွက် လိုလာပါတယ်။ ဒါကြောင့် လမ်းနဲ့ ပလက်ဖောင်း တွေကို ပြင်ဆင်ခင်းကျင်းနေရင်းနဲ့ပဲ ရေ မြောင်း တွေကိုပါ သန့်ရှင်းရေး ဆောင် ရွက်သွားမှာဖြစ်တယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လမ်းအသစ်များ ပြုပြင်ခင်းကျင်းရာ တွင် လိုအပ်သော ဆေးများ ထည့်သွင်း ခြင်းနှင့် နည်းပညာတို့ကို အသုံးပြု၍ စံချိန်မီ၊ အရည် အသွေးပြည့်ဝသော လမ်း များအဖြစ် ခင်းကျင်းသည့်အတွက် ပြည် သူများက စည်းကမ်းရှိရှိ သုံးစွဲကြလျှင် အနည်းဆုံး နှစ် ၃၀၊ ၄၀ ခန့် ကောင်း မွန်စွာ ရှိနေနိုင်မည်ဖြစ်ကြောင်း တာဝန် ရှိသူက ပြောသည်။

"ကွန်ကရစ်လမ်းတွေကို အရည် အသွေး ပြည့်ဝအောင် လုပ်ထားပါတယ်။ တာရှည်ခံဖို့ကတော့ ပြည်သူတွေ စည်းကမ်းရှိဖို့ လိုပါတယ်" ဟု ၎င်းက ဆိုသည်။

ကွန်ကရစ်လမ်းများကို အနည်းဆုံး ခြောက်လက်မထုဖြင့် ခင်းကျင်းပြီး လိုအပ်သော နေရာများတွင် ကိုးလက်မ ထု၊ ၁၂ လက်မထု လမ်းများကို ခင်းကျင်း ကြောင်း တာဝန်ရှိသူက ပြောသည်။

သို့သော် မြို့တော်စည်ပင်၏ ဘတ်ဂျက်သတ်သတ်ဖြင့် ပြုပြင်ပေး သွားမည့် လမ်းများတွင် ကုန်တင်ယာဉ်၊ ကွန်တိန် နာယာဉ်နှင့် သစ်လုံးတင်ယာဉ်များ သွား လာသော လမ်းမများ မပါဝင်ဟု သိရ သည်။ "ကွန်တိန်နာယာဉ်၊ သစ်လုံးတင် ယာဉ်သွားတဲ့ လမ်းမ တွေကို ကန်ထရိုက် ပေးပါမယ်။ ဘယ်သူတွေကို ဘယ်လောက် နဲ့ ပေးဖြစ်မယ်၊ ဘယ်တော့လောက် စဖြစ် မယ်ဆိုတာကတော့ အတိအကျ မပြော နိုင်သေးပါဘူး။ အစီအစဉ်တော့ ရှိနေပါပြီ"ဟု ၎င်းကပြောသည်။

EU ကိုယ်စားလှယ် ငွေကြေးဆိုင်ရာကိစ္စများ ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာရောဘတ်ကူးပါးRobertCooper နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့ကြာသပတေးနေ့က တွေ့ဆုံရာတွင်
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အစည်းဝေးတက်သူများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုရုံးချုပ်၌ မနက် ၁၀ နာရီမှစတင်ပြီး ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များလည်းပါဝင်ပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံတချို့ ဖလှယ်ခဲ့သည်။

“ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာတဲ့ အကြောင်းတွေ၊ စောင့်ကြည့် လေ့လာမှုတွေ ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ World Bank နဲ့ IMF တို့ရဲ့ အကူအညီက လိုအပ်တယ် ဆိုတာ လည်း ပြောပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။မစ္စတာကူးပါး၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက်ဖြစ်ပြီး
ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ရောဘတ်ကူးပါး Robert Cooper
ဇွန်လ အတွင်းက အချက်အလက် ရှာဖွေရေး ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ EU အထူးသံ Piero Fassino နှင့်အတူ လာရောက်ခဲ့ဖူးသည်။
ယခုတွေ့ဆုံမှုအတွင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွင် အလွန်အရေးပါကြောင်း လက်ခံထားကာ အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံတိုင်းလည်း ယင်းကိစ္စအား ထည့်သွင်းပြောဆိုလေ့ရှိသည်ဟု မစ္စတာကူးပါးက ပြောဆိုခဲ့ကြောင်းတွေ့ဆုံရာတွင်ပါဝင်သူ ဦးအုန်းကြိုင်က ပြန်ပြောပြသည်။ 

မစ္စတာကူးပါးနှင့်အတူ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ် မစ္စတာ ဒေးဗစ် ရေမွန် လစ်မန်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ် Mr Thierry Mathou နှင့် EU အာရှရေးရာဌာနအကြီးအကဲ Mr Ceseamus Gellespie တို့လည်း တွေ့ဆုံမှုတွင် ပါဝင်ကြသည်။ 
CRPP အတွင်းရေးမှူး ဦးအေးသာအောင်က တိုင်းရင်းသားအရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ပါတီများမှ ခေါင်းဆောင်များ အကျဉ်းကျဆဲဖြစ်သည့်အတွက် ပြန်လည် မှတ်ပုံမတင်ကြကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲ၌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့်တို့နှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးရွှေကြူး၊ ဦးစိုးဝင်းတို့ တက်ရောက်ကြပြီး NLD ၏ လက်ရှိ နိုင်ငံရေးရပ်တည်ချက်များနှင့် ဆောင်ရွက်ချက်များအား ရှင်းပြခဲ့ကြသည်။

စီးပွားရေးကိစ္စနှင့် ပတ်သက်၍မူ “IMF ရဲ့ ပညာရှင်တွေရဲ့ အမြင်တွေ၊ နောက်ပြီးတော့ ငွေရေးကြေးရေးကိစ္စ၊ သုံးစွဲမှုတွေနဲ့ အခြေအနေတွေ၊ အဲဒါကို Balance လုပ်တဲ့ ကိစ္စတွေကို ပိုအလေးအနက်ထားတယ်လို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။

မကြာသေးခင်က လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်၏ ခရီးစဉ် အတွင်းကလည်း မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ရန် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ပြောဆိုခဲ့ဖူးသည်။

မစ္စတာကူးပါး၏ ယခုခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင် နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌတို့နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် လွှတ်တော်ဆိုင်ရာ ကော်မတီဝင်တချို့နှင့် တွေ့ဆုံကာ နှစ်ဖက် ဆက်ဆံရေး တိုးမြှင့်ရန်၊ စီးပွားရေး၊ ငွေကြေးပြုပြင်ရေးနှင့် ငွေပေးချေ စနစ်၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ကြာသပတေးနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြထားသည်။

မစ္စတာကူးပါး၏ ဇွန်လခရီးစဉ်အတွင်းကမူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်သာ တွေ့ဆုံခွင့် ရခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား မစ္စတာကူးပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူတဦးဖြစ်ပြီး EU တွင် ၂၀၀၂ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သူ ဝါရင့်သံတမန်တဦးလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ် ဝင်ထွက်မှုမှာ ဆက်တိုက် ဆိုသလို ဖြစ်လာပြီး ယင်းအနက် EU အဖွဲ့ဝင် ဂျာမနီ၊ အီတလီနှင့် ပိုလန် နိုင်ငံတို့လည်း သီးခြားစီ ပါဝင် သည်။

မြန်မာနိုင်ငံမှ ဒီဇင်ဘာလ ၁၉  ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးကြိမ်မြောက် မဲခေါင်ဒေသ ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ရန်အတွက်လည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စစ်ယင်လတ် ရှင်နာဝါထရာတို့လည်း လာရောက်ဦးမည် ဖြစ်သည်။
 

ပြည်ထွက်ခွင့် (Depature stamp) တံဆိပ်ခတ်နှိပ်ရန် တိုးမြှင့်တောင်းခံ

ကရင်ပြည်နယ် မြ၀တီမြို့မှ လူဝင်မှုကြီးကြပ်ရေးရုံးသည်၊ ထိုင်းနိုင်ငံသို့ ၀င်ရောက်သည့် မြန်မာ အလုပ်သမား များအတွက် ပြည်ထွက်ခွင့်(Departure stamp) တံဆိပ်ခတ်နှိပ် ရန်အတွက် ယခင်ကထက် (၁၀) ဆမျှ ပိုတောင်းခဲ့သည်ဟု ကိုယ်တိုင် သွားရောက် ၀န်ဆောင်ပေးခဲ့သူ တဦးက ပြောပါသည်။ ထိုအလုပ်သမား များသည်၊ ထိုင်းနိုင်ငံ၌ သဘာဝ ရေဘေးအန္တရာယ် ကျရောက် ခဲ့စဉ်က နေရပ်သို့ ပြန်ခဲ့သူများ ဖြစ်ပါသည်။

“ သတ်မှတ် နှုန်းထားကတော့ မြန်မာငွေ (၃၀၀) ကျပ်ပါပဲ ထိုင်းဘတ်ငွေ (၁၀)ဘတ် ကျော်ကျော်ပေါ့။၊ ဒါပေမယ့် အခု ချစ်ကြည်ရေး တံတားဖွင့်ပြီးတော့ အလုပ်သမားတွေ ထိုင်းကို ပိုပြီး ဝင်လာကြတယ်လေ၊ ကျွန်တော်ကိုယ်တိုင် သွားလုပ်တော့ တစ်ယောက်ကို ဘတ်ငွေ (၁၃၀)တောင် တောင်းတယ်၊ ကျွန်တော် ကလည်း အမြတ် အများကြီးရတာ မဟုတ်ပါဘူး၊ ကိုယ့်နိုင်ငံသားတွေ အဆင် ပြေစေချင်လို့၊ မသွားတတ် မလာတတ်တဲ့ လူတွေကို လိုက်လံကူညီ လုပ်ဆောင်ပေးနေတာပါ၊ အဲလောက်ထိတောင် တောင်းတာ ကတော့ တရားလွန်လွန်းပါတယ်” ဟု အမည် မဖော်လိုသူ ပွဲစားတဦးက ပြောပါသည်။
ပတ်စပိုစ့်ကိုင်ဆောင်ထားသူများ (၉၀) ရက် ပြည့် အစီရင်ခံစာရွက်ပုံ (ဓါတ်ပုံ - photoandwander)

ထိုင်းနိုင်ငံ၌ သဘာဝ ရေဘေးအန္တရာယ်ဖြစ်ခဲ့စဉ် မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ နေရပ်ဌာနသို့ ပြန်ခဲ့ကြပါသည်။ အထူး သဖြင့်ဌာနေပြန် အလုပ်သမားများ၏ (၉၀) ရာခိုင်နှုန်း ကျော်ခန့်သည် နှစ်နိုင်ငံ အစိုးရတို့ အဆင်ပြေရန် စီစဉ်ထားသည့် မဲဆောက်-မြ၀တီ လမ်းမှတစ်ဆင့် ပြန်ခဲ့ကြပါသည်။ နေရပ်ပြန်ခဲ့ စဉ်ကမူ ထိုင်းနိုင်ငံ၏ အထွက်တံဆိပ်တုံးမပါခဲ့သည့် အလုပ်သမားများသည် ယခုပြန်လည် ဝင်ရောက် လာစဉ်၌ ထိုင်းဘက်မှ ပြည်ဝင်ခွင့် ပြန်ပေးရန် ငြင်းဆန်မှု ရှိခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အနည်းစုသာ ဌာနေသို့ ပြန်ခဲ့ခြင်း ဖြစ်ပြီး အများစုမျာ ရရာအလုပ်ကိုရှာကြံ လုပ်ကိုင်ကာ ထိုင်းနိုင်ငံ၌ ဆက်လက် ရပ်တည်ခဲ့ကြပါသည်။

“အဲဒီ အဖြစ်အပျက်တွေကို အထက်က ဦးစီးမှူးတွေ မသိကြပါဘူး၊ သူတို့က သူတို့ အလုပ်နဲ့ပဲ သူတို့ ရှုပ်နေကြတာ၊ ကျွန်တော်တို့လို ပွဲစားတွေတောင်မှ ဦးစီးမှူးတွေဆီကို မပေါက်ပါဘူး၊ ကိုယ်တိုင် လုပ်တဲ့ လူတွေဆိုရင် ဝေးရောပေါ့၊ အောက်ခြေဝန်ထမ်း တွေနဲ့ပဲ တွေ့ရတာ၊ အခု အဲဒီ အောက်ခြေဝန်ထမ်းတွေက အကွက်ရှာပြီး လာဘ်စားနေကြတာ၊ ဦးစီးမှူးတွေ ပြောသံ ကြားတာကတော့ တရားဝင် နှုန်းထားက မြန်မာငွေ (၃၀၀) ကျပ်ပါပဲတဲ့၊ လွန်ခဲ့တဲ့ (၁၇) လ ကတည်းက ဒီနှုန်းထားနဲ့ သတ်မှတ်ထားတာတဲ့၊” ဟု ၄င်းပွဲစားက ဆက်လက် ပြောပြပါသည်။
ပတ်စပိုစ့်ကိုင်ဆောင်ထားသူများ (၉၀) ရက် ပြည့် အစီရင်ခံစာရွက်ပုံ (ဓါတ်ပုံ - photoandwander

ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၃) ရက်နေ့၌ ရေဘေးခံ မြန်မာအလုပ်သမားများ နေရပ်သို့ အလွယ်တကူ ပြန်နိုင် ရန်အတွက် သက်ဆိုင်ရာ ထိုင်း-မြန်မာ အာဏာပိုင်တို့မှ ညှိုနှိုင်းပြီး မြ၀တီချစ်ကြည်ရေး တံတားအား ခေတ္တမျှ ဖွင့်ပေး ခဲ့ပါသည်။ သို့သော်လွန်ခဲ့သည့် ဒီဇင်ဘာ (၅) ရက်နေ့ ထိုင်းဘုရင် မင်းမြတ်၏ မွေးနေ့၌ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် (၁၇) လကျော်ကြာ ပိတ်ထား ခဲ့သည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားအား တရားဝင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါသည်။  မြဝတီလမ်းမှတစ်ဆင့် မဲဆောက်၊ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူ မြန်မာနိုင်ငံသား အလုပ်သမားများမှာ တစ်နေ့လျှင် အနည်းဆုံး (၄၀၀) ဦးခန့် ဝင်ရောက်လျက် ရှိသည်။ ချစ်ကြည်ရေးတံတား စတင် ဖွင့်လှစ်ပေးခဲ့သည့် နေ့၌ (၂၀၀၀) ဦးအထိ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

ထိုင်းနှင့် မြန်မာအစိုးရတို့၏ နှစ်နိုင်ငံ နားလည်မှု စာချွှန်လွှာအရ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား အလုပ် သမားများအား MOU အစီအ စဉ်ဖြင့် တင်သွင်းရန် ရှိနေပါသည်။ သို့ သော်လည်း ယနေ့အထိ အရေအတွက် မည်မျှ တင်သွင်းပြီးကြောင်းနှင့် မည်မျှ ဆက်လက် တင်သွင်းရန် ကျန်ရှိနေသေးသည်ကို နှစ်နိုင်ငံ အစိုးရများမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
Ref: BNI

Thursday, 15 December 2011

ဒီဇင်ဘာ လလယ်ပိုင်းအထိ ကိုရီးယားသို့ မြန်မာလုပ်သား ၁၉၆၉ ဦး စေလွှတ်

4374
လုပ်ငန်းခွင်ဝင်မှုနှင့် ပတ်သက်၍ Korea (HRD မှ စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သူများအား ရှင်းပြစဉ်
ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲစစ်ဆေး၍ ကိုရီးယားသမ္မတ နိုင်ငံသို့ မြန်မာနိုင်ငံမှ လုပ်သားများ တရားဝင်စေလွှတ်မှုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းအထိ လုပ်သားပေါင်း ၁၉၆၉ ဦး အား တရားဝင်စေ လွှတ်ပြီးဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သတင်း ရရှိပါသည်။
EPS စနစ်ဖြင့်မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားနိုင်ငံသို့ စေလွှတ်ရန် စီစဉ်မှုတွင် ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-KLT) စစ်ဆေးခြင်း ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ ဆောင်ရွက်မှုဖြင့် ၂၀၁၁ ခုနှစ်ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ(EPS-TOPIK) အား ပြုလုပ်ခဲ့ခြင်းနှင့် တတိယအကြိမ်အဖြစ်လည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထပ်မံဆောင်ရွက်ကာ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့တွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK) အား စစ်ဆေးပြီးစီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းစာမေးပွဲဖြေဆို အောင်မြင်ခဲ့သူများကို ကိုရီးယားနိုင်ငံဘက် က အမှတ် ၈၀ နှင့်အထက် အမှတ် အနည်းအများအလိုက် လုပ်သားရွေးချယ် ခေါ်ယူခဲ့ရာ ပထမအကြိမ်မြောက် ပြုလုပ်ခဲ့သည့် စာမေးပွဲတွင် ဖြေဆို အောင်မြင်ကြသူများအနက်မှ လုပ်သားပေါင်း ၁၅၆၁ ဦး၊ ဒုတိယအကြိမ် မြောက်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများ အနက်မှ လုပ်သားပေါင်း ၄၀၈  ဦးတို့ကို လုပ်သားအဖြစ် ရွေးချယ်ခေါ်ယူခဲ့ပြီး ယင်းစာမေးပွဲ အောင်မြင်ပြီးသူများအတွက် အလုပ်ခေါ်စာများရရှိရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
EPS   စာမေးပွဲစစ်ဆေး၍ ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုသည် G to G ဖြင့်စေလွှတ်ခြင်း ဖြစ်၍ အလုပ်ရရှိမှု ခိုင်မာမှုရှိကာသွားရောက် အလုပ်လုပ်သူတစ်ဦးသည် တစ်လလျှင် မြန်မာငွေကျပ် ၁၀ သိန်း အနည်းဆုံးရရှိနိုင်ပြီး အလုပ်ရှင်မှ ၎င်း၏ ဆန္ဒအရအလုပ်သမားအား စိတ်ကြိုက်ရွေးချယ်ခေါ်ယူသည့် စနစ် ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်ခေါ်ယူပေးရန် တောင်းဆို၍ရသည့်စနစ် မဟုတ်ကြောင်း သိရှိရပါသည်။
Ref: EMG

အခက်အခဲမျိုးစုံ၊ လိမ်လည်မှုမျိုးစုံဖြင့်ကြုံခဲ့ရသည့် မြန်မာအလုပ်သမားများ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာ

b37_23
ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
  တရုတ်နိုင်ငံတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ အခက်အခဲမျိုးစုံ၊ လိမ်ညာမှုမျိုးစုံဖြင့်ကြုံခဲ့ရပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီလေကြောင်း ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာ ကြောင်း သတင်းရရှိပါသည်။
တရုတ်နိုင်ငံမှ CZ 3055  လေယာဉ်ဖြင့် မြန်မာအလုပ်သမား ၅၃ ဦး ပါဝင်လာကြောင်း၊ ၅၈ ဦးဟု ဆိုရာ၌ နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာ အလုပ်သမားနှစ်ဦးမှာ ပြန်လည်ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြန်မာအလုပ်သမားသုံးဦးမှာလည်း နယ်စပ်မှတစ်ဆင့် အစောပိုင်းကတည်းက ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများကို တရုတ်နိုင်ငံရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လစာမှာ တစ်လလျှင် မြန်မာငွေကျပ် သုံးသိန်းခွဲ၊ လေးသိန်းနီးပါးရရှိမည်ဖြစ်ကြောင်း၊ တစ်နေ့အလုပ်ချိန်  ၈ နာရီသာ ရှိမည်ဖြစ်ကြောင်း၊ ယင်းအချိန်ထက် ကျော်လွန်ပါက အချိန်ပိုကြေးရမည်ဖြစ်ကြောင်း စသည့် ကတိများနှင့် စာချုပ်ချုပ်ဆိုကာ ကြားပွဲစားမှခေါ်ယူခဲ့ရာ မြန်မာအလုပ်သမား ၅၈ ဦးမှ သုံးသုတ်ခွဲ၍ သွားရောက်လုပ်ကိုင်ခဲ့သည်။
တရုတ်နိုင်ငံရှိ ဖူချောင်ပြည် နယ်၊ Pudin မြို့နယ်၊ ကျန့်ခိုရွာ၌ရှိသော Taksum Electronic Factory   စက်ရုံတွင် မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ကြားပွဲစားက ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များ၏ တိုင်ကြားထားချက်များအရ သိရှိရသည်။ တရုတ်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့သည့် ၅၈ ဦးထဲတွင် ပါဝင်သူ ကိုအေးဖြိုးဝင်းက ''ကျွန်တော်က မော်လမြိုင်ကပါ။ နိုင်ငံခြားသွားလုပ်မလို့ စုံစမ်းတော့ မုဒုံကတစ်ယောက်က ရန်ကုန်က (ဦး---၊ဒေါ်---)တို့နဲ့ ဆက်သွယ်ပေးပါတယ်။ တရုတ်ကို သွားရမယ်။ အေးဂျင့်ခက ၁၂ သိန်းပေးရမယ်။ တစ်နေ့ကို ကိုယ့်အလုပ်ချိန် ၈ နာရီပဲ လုပ်ရမယ်။ overtime ရှိတယ်။ တစ်လကို တရုတ်ယွမ် ၃၀၀၀ မြန်မာငွေ သုံးသိန်းခွဲလောက်ရမယ်လို့ ပြောတာနဲ့ သွားဖို့လုပ်လိုက်တာပါ။ တကယ်တမ်း ဟိုလည်းရောက်ရော တစ်လကို ယွမ်(၁၈၀၀)၊ မနက် ၇ နာရီက ည ၇ နာရီအထိ ဆင်းရတယ်။ overtime မပေးဘူး။ ကျွန်တော်တို့က စက်တင်ဘာလ ၂၈ ရက်နေ့ကသွားတာ အားလုံး ၂၂ ယောက်၊ ကျွန်တော်တို့ကို တရုတ်အထိ ဦး--- က လိုက်ပို့ပေးတယ်။ ကျွန်တော်တို့ အရင်ရောက်နေတဲ့အဖွဲ့က ၁၈ ယောက်ဆိုတော့ စုစုပေါင်းအယောက် ၄၀ ပေါ့။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်ပထမအသုတ်က သူတွေနဲ့စက်ရုံနဲ့ ပြဿနာစတက်နေပြီ။ စက်ရုံကလည်း မင်းတို့မကျေနပ်ရင် မင်းတို့အေးဂျင့်ကိုပြော၊ ဒီစက်ရုံမှာ လုပ်သက်လေးနှစ်ရှိတဲ့ သူတောင် ယွမ် ၃၀၀၀ မရဘူး။ အဲဒီ့ပြဿနာဖြစ်နေတဲ့အချိန် အောက်တိုဘာလ ၂၉ ရက်နေ့မှာ နောက်ထပ် ၁၈ ရောက် ထပ်ရောက်လာတော့ အားလုံးစုစု ပေါင်း ၅၈ ယောက်၊ အဲဒီမှာ ဒေါ်---ပါ ပါလာတယ်။ သူကပြဿနာတွေ ပြေလည်အောင် ရှင်းပေးပါ့မယ်လို့ပြောပြီး  ရှောင်သွားတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဦး----ရဲ့ ပတ်(စ်)ပို့ နဲ့ဒေါ်----ရဲ့ သားကို--ရဲ့ ပတ်(စ်) ပို့ကိုသိမ်းလိုက်ပြီး တရုတ်ရဲကိုသွားတိုင်တော့ သူတို့ဆီမှာ workpermit ဆိုတာမရှိဘူး။ မင်းတို့က overstay တွေဖြစ်နေတယ်လို့ ပြောတော့မှ သိရတယ်။ အခုပြန်ရောက်လာတာက တရုတ်က တာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးက စီမံဆောင်ရွက်ညှိနှိုင်းမှုတွေကြောင့် ပြန်လည်ရောက်ရှိလာတာပါ။ လေယာဉ်လက်မှတ်ခကိုတော့  တရုတ်ကုမ္ပဏီက စီစဉ်ပေးတယ်လို့ ပြောတယ်။ ကျွန်တော်က ကိုယ်ကုန်ကျထားတဲ့ငွေကိုတော့ ပြန်ရချင်ပါတယ်''ဟု ကိုယ်တွေ့ဖြစ်စဉ်များအား ပြန်လည်ပြောပြခဲ့သည်။
တရုတ်နိုင်ငံသို့ သွားရောက်လုပ်သည့်အဖွဲ့မှ တစ်ဦးဖြစ်သူ ကိုကျော်မင်း၏မိခင် ဒေါ်အေးအေးမြင့်၊ ပဲခူးမြို့၊ ဘုရားကြီးပေါက်တောရွာနေသူက ''အန်တီတို့က သားလေးကို နိုင်ငံခြားပို့ဖို့အတွက် ရှိတဲ့နွားလေးတွေရောင်း၊ လယ်လေးတွေပေါင်ပြီးတော့ ပို့ရတာပါ။ သားကအလုပ်လုပ်နေတာ ရက်ပိုင်းအတွင်းမှာပဲ အခက်အခဲတွေ အများကြီးဖြစ်နေတယ်လို့ ပြောတဲ့အခါမှာ တခြားနိုင်ငံမှာဆိုတော့ ကလေးတစ်ခုခုဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာမှပဲ ရင်အေးရတယ်။ ဒါပေမယ့်ပေါင်နှံပြီး သွားရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးတာပေါ့''ဟု ပြောကြားခဲ့သည်။         

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes