![]() |
| photo-manager online |
မြန်မာကလေးငယ်တဦးကို အတင်းအဓမ္မလုပ်အားခိုင်စေမှု၊ နှိပ်စက် ညှဉ်းပန်းမှုတွေနဲ့ ဘန်ကောက်က မြန်မာအမျိုးသမီးကြီးတဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးရဲအဖွဲ့က ဒီကနေ့မနက်မှာ ဖမ်းဆီးလိုက်တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ပြောပါတယ်။
မောင်အေး (အသက် ၇ နှစ်) ကလေးငယ်ဟာ ဖျော်ဖြေရေးဆိုင်တွေမှာ နေ့စဉ် ပန်းတွေလိုက်ရောင်းခိုင်းတာ ခံနေရပြီး ရောင်းလို့မရရင် ရိုက်နှက်တာ၊ အစာအငတ်ထားတာတွေ ခံနေရတယ်လို့ မောင်အေးရဲ့ အုပ်ထိန်းသူက ဘန်ကောက်မှာရှိတဲ့ ဝေါလ်ဝီရှင် (World Vision) နဲ့ မဲလ်လာ (The Mirror) ဖောင်ဒေးရှင်း ၂ ခုကို တိုင်ကြားခဲ့ပါတယ်။ ဖောင်ဒေးရှင်း ၂ ခုက ဆက်လက်ဆုံစမ်းပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားချက်အရ မြန်မာအမျိုးသမီး မစိုး (ခေါ်) မစ်စ် စုမိုဟာမက် (အသက် ၄၇ နှစ်) ကို သူမ တည်းခိုရာ ဘန်ကောက်ခရိုင် ခလောင်းတွန်မြို့နယ် ဆွန်လုန်ရပ်ကွက် ဖထနားကန်လမ်းက အိမ်ခန်းတခုမှာ ဒီနေ့မနက် ၁၀ နာရီက ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ နယ်မြေခံ ရဲမှုးချုပ် ချဝလမ် ဆ၀ိုင်ဖိုက် က ပြောပါတယ်။
သူ့ကို သွားဖမ်းတဲ့အချိန်မှာ သက်သေခံ နှင်းဆီပန်းတွေနဲ့ မောင်အေးနှင့်အတူ သက်တူ ရွယ်တူ ကလေး ၄၊၅ ယောက်ကိုလည်း တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
မစိုးကတော့ သူတို့တွေဟာ ဆွေမျိုးချင်းတို့ ခိုင်းစာတာဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းရောင်းခ တနေ့ကို ဘတ်ငွေ ၃၀၀ ကနေ ၅၀၀ ထရပြီး ကလေးတစ်ယောက်ကို ဘတ် ၂၀ ကနေ ၃၀ ထိ ပေးကြောင်း၊ ကလေးမိဘတွေကိုလည်း တလ ဘတ်ငွေ ၂၀၀၀ ပို့ပေးရကြောင်းနဲ့ ကလေးတွေကို ရိုက်နှက်ညှဉ်းဆဲတာ မလုပ်ရပါဘူးလို့ ငြင်းဆိုကြောင်း ရဲမှုးက ပြောပါတယ်။
ဒါပေမယ့်လည်း ကလေးတွေဟာ ပွဲစားကနေတဆင့် သူမဆီရောက်လာပြီး အဓမ္မလုပ်အားပေး ခိုင်းစေခံနေရတဲ့အတွက် သူမကို သွေးဆောင်ဖြားယောင်းမှုနဲ့ ကလေးငယ်များ ကာကွယ်ရေး ဥပဒေအရ ဆက်လက်အရေးယူဖို့ ရှိတယ်လို့ ရဲမှုးက ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ဖော်ပြသွားတယ်။
Ref: DVB



19:14
Unknown

Posted in:
0 comments:
Post a Comment