ဧရာဝတီမြစ်ဆုံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ရေကာတာဆောက် လျှပ်စစ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကိုရောင်းချမယ့် မြစ်ဆုံစီမံကိန်းကို ရှေ့မဆက်ဘဲ ရပ်ဆိုင်း လိုက်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်တယ်ဆိုရင် တရားဥပဒေကြောင်းအရ ဖြေရှင်းပေးရလိမ့်မယ်လို့ တရုတ်အစိုးရ ပိုင် “တရုတ် လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း” China Power Investment Corporation (CPIC) ဥက္ကဋ္ဌ Lu Qizhou က တရုတ်အစိုးရရဲ့ ရှင်ဟွာ Xinhua သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ သူရဲ့ ကော်ပိုရေးရှင်းဟာ တရုတ် မြန်မာ နှစ်နိုင်ငံလုံးရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ကြေကြေ ညက်ညက် လေ့လာပြီးမှ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာ ငွေအရင်းအနှီး အမြောက်အမြား ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့ CPIC ဥက္ကဋ္ဌ Lu Qizhou က ပြောပါတယ်။
မြန်မာပြည်သူလူထုဘက်က စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာကြောင့် သူ့ရဲ့ အစိုးရသက်တမ်းမှာ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀) ရက်နေ့၊ ပထမအကြိမ် အမျိုးသားလွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ အသိပေးဖော်ပြလိုက်ပါတယ်။ ဒီစီမံကိန်းဟာ ဧရာဝတီမြစ်ကို အစားထိုးပြုပြင်မရတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံက ဒီစီမံကိန်းကို ဆန့်ကျင်နေကြတဲ့ နိုင်ငံသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ရှေ့မဆက်ဘဲ ရပ်ဆိုင်းလိုက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်ကို မီဒီယာတွေမှာ တွေ့ရှိရတာကြောင့် သူ့ အနေနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်နေရပြီးတော့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်လုပ်ရေးကို အပြီးအပိုင် ရပ်ဆိုင်းလိုက်မယ်ဆိုရင် တရားဥပဒေကြောင်း အရ ပြဿနာတွေ ဆက်တိုက် ပေါ်ထွက်လာတော့မှာ ဖြစ်တယ်လို့လည်း CPIC ဥက္ကဋ္ဌ Lu Qizhou က၊ ရှင်ဟွာ Xinhua သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အခုအခါ တတိယနှစ်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ ဆယ်နှစ်ကြာမယ့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာ CPIC က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ရင်းနှီးမြှုပ်နှံပြီး ရရှိလာမယ့် လျှပ်စစ်ရဲ့ ၉၀%ကို တရုတ်နိုင်ငံ ယူနန်နယ်ကို ပို့ပေးရမှာမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံက ၁၀% ရယူဖို့ ၂၀၀၆ ခုနှစ်က တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။
Source: VOA



23:08
Unknown
Posted in:
0 comments:
Post a Comment