Thursday, 10 May 2012

ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲ ခံရ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မနေ့ညက လက်နက်ကိုင်လူ (၆) ဦးက ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အတွက် မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။
M 22 တလက်၊ M 16 လေးလက် မောင်းပြန်တွေ ကိုင်ဆောင်ထားတဲ့ ပျောက်ကြား စစ်ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတစုက ဘုရားသုံးဆူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ငုဝါလမ်းသွယ် (၁၀) နဲ့ (၁၁) ကြားကို ညပိုင်း ၈ နာရီခွဲလောက်မှာ ရုတ်တရက် ဝင်ရောက်လာပြီး ကိုသက်ဦး၊ ကိုဝေယံ၊ ကိုဘိုဘို၊ ကိုမောင်နဲနဲ့ မသီတာတို့ (၅) ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

သေနတ်သမားတွေက တွေ့တဲ့လူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ လက်ကိုင်ဖုန်းရှိသူ ပါသွားတဲ့အတွက် သူတို့ဆွေမျိုးတွေကို ဖုန်းဆက်သွယ်ပြီး လက်နက်ကိုင် ပြန်ပေးသမားတွေက ထိုင်းဘတ်ငွေ (၅) သိန်းနဲ့ ပြန်ရွေးရမယ်လို့ ပြောကြောင်း အဖမ်းခံရသူတဦးနဲ့ ဆွေမျိုးတော်စပ်သူ တဦးက ပြောပါတယ်။

“အခု ဒီပြန်ပေးက ရပ်ကွက်မှာ နေတဲ့သူတွေကို တွေ့ရင်တွေ့တဲ့သူကို ဆွဲခေါ်သွားတယ် ဆိုတော့လေ၊ မရှိဆင်းရဲသားတွေသက်သက် ဖြစ်နေတယ်ခင်ဗျ။ တနေ့လုပ်မှ တနေ့စားရတဲ့ အလုပ်သမားတွေလည်း ပါတယ်။ မချမ်းသာလို့ဘဲ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဌားနေရတဲ့ မိသားစုတွေထဲကလည်း ပါသွားတာတွေ ရှိတယ်ခင်ဗျ။ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ တညလုံးပေါ့နော်။ ကျွန်တော်တို့ ဖုန်းနဲ့ စကားပြောလို့ ရလို့ သိရသမျှလောက်က တညလုံးလည်း ဘာမှမစားရဘူး။ နောက်ပြီးတော့ လမ်းချည်းပဲတောက်လျှောက် လျှောက်နေရတယ်တဲ့ခင်ဗျ။ မနက်ကတော့ ဟိုကနေပြီးတော့ ဘာပြောလဲဆိုတော့ ဘယ်ကိုရောက်နေမှန်းတော့ မသိဘူး။ ဒါပေမယ့် တောထဲတောင်ထဲမှာပဲ တဦးလျှင် ဘတ်(၅)သိန်းလို့ ပြောတယ်"

ဘုရားသုံးဆူ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တဦးကတော့ ဓားစာခံတွေရဲ့ လုံခြုံမှုကို စိုးရိမ်လို့ ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

ဘုရားသုံးဆူမှာ အခုလို ပြန်ပေးဆွဲတာ ဒီနှစ်ထဲမှာ (၂) ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ကလည်း အခုလို လက်နက်ကိုင် ပြန်ပေးသမားတွေက သမီးရည်းစားအတွဲ နှစ်တွဲနဲ့ ကိုသိန်းဆိုသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေတကျပ်သားနဲ့ ဘတ်ငွေ ၁ သောင်း တောင်းဆိုခဲ့ကြောင်း၊ အခုတခေါက်မှာတော့ တဦးကို ဘတ်ငွေ (၅) သိန်း တောင်းတဲ့အတွက် လူတွေစိုးရိမ်ထိတ်လန့်ပြီး အလုပ်အကိုင်တောင် မသွားရဲအောင် ဖြစ်နေကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Ref: RFA

မန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း

ဓာတ်ပုံ ASSOCIATED PRESS
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်စဉ်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အသိအမှတ်ပြုပြီး တိုးတက်မှုတွေ ပိုရှိလာအောင် ကုလသမဂ္ဂအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ သုံးသပ် အဖြေထုတ်ဖို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင်မှုရအောင် နိုင်ငံတကာအနေနဲ့ ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါ့မယ်။

အတွင်းရေးမှူးချုပ် သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံကို မနေ့က ရှင်းပြပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကို အသိအမှတ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ တိုးတက်မှုတွေ ပိုရှိလာအောင်လည်း ဘယ်လို ၀ိုင်းကြ၀န်းကြမလဲဆိုတာ နည်းလမ်းစဉ်းစားကြဖို့ အထွေထွေညီလာခံကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

“ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီးတော့ နှစ်ပေါင်း ကြာရှည်စွာ စိုးရိမ်ပူပင်နေတဲ့ အချက်အတော်များများကို မကြာခင်က ပြုပြင်ပြောင်းလဲ မှုတွေ လုပ်လာပါပြီ။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုအခြေအနေတွေဟာ မခိုင်မာသေးဘူးဆိုတာ လက်ခံရမှာဖြစ်သလိုပဲ အထွေထွေ ညီလာခံအနေနဲ့ တိုးတက်မှုတွေကို တစုံတရာ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။ ဒီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို အတွင်းရေးမှူးချုပ်ရုံးအနေနဲ့ ဘယ်လို အကူအညီတွေ ပေးသွားနိုင်မလဲဆိုတာကိုလည်း သုံးသပ် စဉ်းစားရမှာဖြစ်ပါတယ်။”

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ပြီး မိန့်ခွန်း ပြောခဲ့ တာပါ။ ဒါဟာ နှစ်ပေါင်း ဆယ်စုနှစ် နဲ့ ကြာတဲ့ မြန်မာလွှတ်တော်အတွင်း မိန့်ခွန်းပြောတဲ့ ပထမဆုံး နိုင်ငံခြား ဧည်သည်လည်းဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ သူရဲ့ ပထမဆုံး မြန်မာနိုင်ငံတော်သစ်ကို သွားတဲ့ခရီးစဉ်လို့ အတွင်းရေးမှူးချုပ်က တင်စားခဲ့ပါတယ်။

“ကျနော် မြန်မာနိုင်ငံကို သွားရောက်တာ ဒီတခေါက်ပါဆိုရင် သုံးကြိမ်မြောက်ဖြစ်ပေမယ့် ရွေးကောက်ပွဲ အပြီး အရပ်သား အစိုးရတရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံသစ်ကို သွားရောက်တာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပါ တယ်။”

ခရီးစဉ်အတွင်းဟာ မြန်မာသမတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ အာဏာပိုင်တွေကိုရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ အခြား နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေ ကိုပါ တွေ့ဆုံခွင့် ရခဲ့တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အထူးသဖြင့်တော့ သူ မြန်မာပြည် ရောက်နေစဉ်အတွင်း လွှတ်တော် တက်ရေးမှာ ကျမ်းသစ္စာဆိုရေးကိစ္စ မကျေမလည်ဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ပြေလည်အောင် အလျှော့ပေးလိုက်တဲ့အပေါ်မှာ ကျေနပ်နှစ်သိမ့်မိတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရပေမယ့် အခြေအနေတွေက ခိုင်ခံ့မှုမရှိသေးဘူးလို့လည်း အတွင်းရေးမှူးချုပ်က သတိပေးပါတယ်။

“မြန်မာနိုင်ငံတွင်း အရေးကြီးပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့်လည်း ဒီ ပြုပြင်ပြောင်းလဲမှုတွေဟာ မခိုင်မာဘဲ အချိန်မရွေး ပြန် ပျက်ယွင်းသွားနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း အခု ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ အပြုသဘော ပြန်လည် တုံ့ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို နိုင်ငံအတော်များများက ပြန်လည် ရုပ်သိမ်းတာ၊ ဆိုင်းငံ့တာတွေ လုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုတွေ အောင်မြင်နိုင်အောင် ဒီထက်ပိုပြီး တုံ့ပြန်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ မြန်မာခရီးစဉ်အတွင်းမှာတော့ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုဖြစ်လာဖို့ကိုလည်း နှစ်ဘက် သဘောတူ ခဲ့ကြတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ အပြုသဘောတုံ့ပြန်ကြဖို့ တိုက်တွန်းသလိုပဲ ကုလသမဂ္ဂ အနေနဲ့ကလည်း သူ့လုပ်ဆောင်ရမယ့် အပိုင်းကနေ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် ကူညီဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။

Ref: VOA

မြန်မာအပေါ်ဒဏ်ခတ်မှု ဆွစ်ဇာလန်ရုပ်သိမ်း

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ က လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးလိုက်ပြီလို့ AFP သတင်း တရပ်မှာ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်ပြီးဆိုးဝါးလာမယ်ဆိုရင်တော့ အရေးယူမှုတွေ ကို ပြန်ပြီးလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်ချုပ်ခြယ်ရာမှာ အသုံးပြု ဆက်နွယ်နေတဲ့ လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာက လွဲပြီးတော့ တခြားအရေးယူမှုတွေအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ဆွစ်ဇာလန်နိုင်ငံက စီးပွားရေးဆိုင်ရာ SECO ရုံးကြေညာချက်ကို ကိုးကားပြီးတော့ ဖော်ပြတာပါ။

မြန်မာနိုင်ငံအတွင်းမှာ မကြာခင်က တွေ့လာရတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို ဆွစ်ဇာလန် အစိုးရကကြိုဆို ပြီးတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ လိုလားတယ်လို့ SECO ကြေညာချက်မှာ ဖော်ပြပါတယ်။

Ref: VOA

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအတွင်းမှာ အခုလို မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆွစ်ဇာလန်ဝန်ကြီးတွေက ဆုံးဖြတ်ခဲ့ကြ တာဖြစ်ပြီးတော့ ဒါကို ဆွစ်ဇာလန်ရဲ့ စီးပွားရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့ ဆက်ပြီးတော့ ရေးဆွဲ အကောင်အထည်ဖော်ဖို့ လွှဲအပ်ခဲ့တာလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ၊ EU အနေနဲ့လည်း ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ထားခဲ့ပါတယ်။ အလားတူပဲ ကနေဒါ၊ သြစတြေးလျား စတဲ့နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို လျှော့ချခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံ အားပေးတဲ့အနေနဲ့ြုမန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပေးခဲ့ပါတယ်။

Ref: VOA

Wednesday, 9 May 2012

ကားပါမစ်ဝယ်ထားသူများ ကျပ်သိန်း ၇ဝ ကျော် အရှုံးပေါ်

ရန်ကုန်၊ မေ ၈

၂ဝဝ၇ ခုနှစ်အထက် မော်တော်ယာဉ်များကို လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်၍ ယခင် မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၇ဝ ကျော်ခန့် အရှုံးပေါ်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။
၂ဝဝ၇ ခုနှစ်အထက် မော်ဒယ်မြင့် ကားပါမစ်များကို ယခင် သင်္ဘောသားများနှင့် နိုင်ငံခြား၌ အလုပ်သွားရောက် လုပ်ကိုင်နေသူများသာ တင်သွင်းခွင့်ရသည့် အနေအထား မှ ယခုအခါ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့၌ နိုင်ငံခြားငွေဘဏ်စာရင်း ဖွင့်လှစ်ထားသူတိုင်း လွတ်လပ် စွာ တင်သွင်းခွင့် ပြုလိုက်သည်။

”ဒီလိုမျိုး ခွင့်ပြုလိုက်တဲ့ဟာက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျတော့ ကောင်းတဲ့ဟာပဲ။ ဒီအစီအစဉ်ကို ကြိုဆိုတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ အစီအစဉ်တစ်ခု လုပ်မယ်ဆိုရင် စီမံကိန်းတော့ ရှိသင့်သလို ကြိုတင်ပြီး အချိန်ပေး ကြေညာခဲ့ရင် ဒီထက်ပိုကောင်းမယ်။ အခုဟာက သင်္ဘောသားတွေနဲ့ နိုင်ငံခြားမှာ အလုပ်လုပ် တဲ့သူတွေ က ပါမစ်တစ်စောင်က အမြတ်လေးနည်း နည်းလောက်ရဖို့အတွက် နိုင်ငံခြားမှာ အလုပ်ကနေခွင့်ယူ၊ ဒီမှာ လေယာဉ်လက်မှတ်ခ အကုန်ခံပြီး အကောင့်လာဖွင့်၊ ပြီးတော့ ရုံးမှာ မနက်အစောကြီး ၅ နာရီလောက်ကတည်းက တန်းစီပြီးစောင့်၊ ပြီးရင် ပါမစ်ကျဖို့အတွက် တစ်လလောက်ထိုင်စောင့် အဲလိုတွေ လုပ်ခဲ့ရတာကနေ အခုကျတော့ အားလုံးကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်တဲ့ အခါကျတော့ သူတို့တွေအတွက် ထိခိုက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲပြောပြော သူတို့တွေက လူနည်းစုတွေ ဆိုသော်ငြားလည်း ဟိုဘက်နဲ့ ဒီဘက်ပေါင်းလိုက်ရင် လူအတော်များများ အရှုံးပေါ်သွားတယ်။ အဲဒီလူတွေအတွက် အစိုးရအနေနဲ့ အခုလိုလုပ်မယ်ဆိုရင် ကြိုပြီး အသိပေး ကြေညာသင့်ပါတယ်”  ဟု ကားတင်သွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ထိုသို့ မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ်ရထားသည့် သင်္ဘောသားများနှင့် နိုင်ငံခြား၌ အလုပ်လုပ်နေသူများ ပါမစ်ကြေး အရှုံးပေါ်နေသလို ကားဈေးကွက်တွင်း၌ အမြင့် ကား လက်ဝယ်ကိုင်ဆောင် ထားသူများလည်း အရှုံးပေါ်နေကြောင်း၊ အမြင့်ကား ဈေးကွက်မှာလည်း လတ်တလောအခြေအနေ၌ ဈေးကွက်ပျောက်ဆုံးသွားကြောင်း ဟံသာဝတီ ကားဈေးကွက်တွင်းမှ အမြင့် ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

၎င်းက လက်ရှိဝယ်ရောင်း ကားဈေးကွက်တွင် အနိမ့်ကားမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခင်လူကြိုက်များခဲ့သည့် မော်ဒယ်မြင့်ကားများမှာ ပေါက်ဈေး ခေါ်ဈေး မရှိတော့ကြောင်း၊ လက်ထဲတွင် ကိုင်ထားရမည့်အနေအထား ရောက်နေကြောင်း ပြည်တွင်းကားဈေး ကွက်အခြေအနေအားရှင်းပြသည်။

”ကြိုတင်အသိပေး ကြေညာမှုတွေ မလုပ်တဲ့အတွက် ထိခိုက်နစ်နာသွားမယ့်သူတွေ ရှိသွားနိုင်တယ်။ ဒါကြောင့် အရာရာတိုင်းမှာ အကျိုးသက်ရောက်မှုကို ထည့်စဉ်းစားရ မယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် အခုလုပ်နေတဲ့ပုံက အရင်တုန်းက အစိုးရလုပ်ခဲ့တဲ့ အတိုင်းဖြစ်နေမယ်”ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ယခုလို အခြေအနေမျိုးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်လျှင် နိုင်ငံခြားသားများက စဉ်းစားနိုင်ကြောင်း ၄င်းက ပြော သည်။

”ကျွန်တော်တို့ဆီက ပေါ်လစီက အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတယ်။ ဒါတွေကြောင့် ဘယ်သူမှလာပြီး ဒီမှာရင်းနှီးမြှုပ်နှံမှု လုပ်ကြမှာမဟုတ်ဘူး။ ပြည်တွင်းမှာ ရှိတဲ့သူတွေတောင် စိတ်ညစ်နေတယ်။ ဒီအခြေအနေမှာ ဒါကကောင်းတဲ့ လက္ခဏာမဟုတ်တော့ဘူး။ အခု လုပ်တဲ့ဟာကလည်း မကောင်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကြိုတင်ကြေညာ သင့်တယ်။ အဲဒါမှ ပြည်သူတွေက ကြိုတင်ပြင်ဆင်သင့်တာကို ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာစိုးထွန်း က ထောက်ပြပြောသည်။
စံကျော်၊ ညွန့်ဝင်း

Ref: Popular Myanmar 

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

မြန်မာအစိုးရအဖွဲ့နှင့် ကရင်အမျိုးသးအဖွဲ့တို့ ငြိမ်းချမ်းဆွေးနွေးခဲ့စဉ်က (AP Photo/Xinhua, Zhang Yunfei)
ချင်းမိုင်(မဇ္စျိမ) ။       ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်သည်။

နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ယခင်ထက် ပို၍ ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးလိုလို ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ပါဝင်တဲ့အတွက်ကြောင့် ဒီဟာကိုတော့ ကြိုဆိုရမှာဖြစ်တယ်။ တဖက်ကလည်း တပ်ဖက်က အရေးပါတဲ့ ခေါင်းဆောင်များ ပါတဲ့အတွက်ကြောင့် စစ်တပ်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အပိုင်းမှာ တပ်ကို ညွန်ကြားတာပဲဖြစ်ဖြစ်၊ ဖြစ်နေတဲ့ လုပ်ငန်းဖော်ဆောင်ရေးမှာ အကျိုးရှိတယ်လို့မြင်ပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထော က ပြောသည်။

တပ်မတော် ခေါင်းဆောင်များ၊ စစ်တိုင်းမှူးများလည်း ပါဝင်သဖြင့် လက်ရှိပြဿနာများကို ဖြေရှင်းရန် ပိုမို အလားအလာကောင်းကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA-S က ယူဆသည်။

“ကောင်းတဲ့ လက္ခဏာ တခုပဲ။ မပြေလည်သေးတဲ့ ပြဿနာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုလည်း အရင်ကထက် ပိုပြီးတော့ ဆွေးနွေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့နဲ့ သဘောတူညီမှု ရပြီးနောက် ပြဿနာ ဖြစ်တာက တပ်ပိုင်းနဲ့ဖြစ်တယ်။ ခု တပ်ပိုင်းခေါင်းဆောင်တွေ ပါလာတယ်ဆိုတော့ တခါတည်း သူတို့နဲ့ ဆွေးနွေးတဲ့နေရာ ပိုပြီး အဆင်ပြေသွားမယ်”ဟု SSA-S မှ ဗိုလ်မှူး ဆိုင်းလောဝ်စိုင်းက ပြောသည်။

KNU နှင့် SSA-S က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရထားပြီး ဖြစ်ပြီး အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ၎င်းအဖွဲ့နှစ်ခုသည် မေလအတွင်း သီးခြားစီ ထပ်မံတွေ့ဆုံရန် ရှိကြောင်း သိရသည်။

ယခု ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် အခွင့်အာဏာရှင်သူများနှင့် လက်တွေ့ အကောင်အထည်ဖော်မည့်သူများ ပါဝင်လာ သဖြင့် ဘက်ပေါင်း စုံလာသည်ဟု ယူဆကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော ကပြောသည်။

“ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီလို အကြိမ်ပေါင်းများစွာ ဖွဲ့ပြီး အခိုင်အမာ အကောင်အထည်ဖော်ဖို့ကိစ္စ ရှိတာကိုး။ လူနည်းနည်းနဲ့ အာဏာမရှိတဲ့လူတွေ လုပ်ခဲ့တော့ ဘာမှ သိပ်အရာ မရောက်ဘူး။ ခုဟာက ဗဟိုနဲ့ အောက်က ပါဝါရှိတဲ့၊ အလုပ်လုပ်မယ့် လူတွေနဲ့ ဖွဲ့တာက ပိုပြီးတော့ ကောင်းတယ်။ ဘက်ပေါင်းစုံကနေ စဉ်းစားနိုင်တယ်”ဟု မဇ္စျိမကို ပြော သည်။

“တကယ်တမ်း အလုပ်လုပ်မယ်ဆိုရင် အခုအဖွဲ့က အများကြီး authorities ရှိတယ်။ အောက်က တပ်ကိစ္စ ဖြေရှင်းတဲ့ အခါမှာ အခိုင်အမာဖြေရှင်းဖို့ ရနိုင်တဲ့အထိ ဖြစ်မယ်။ ဟိုတုန်းကလို စကားလည်း ပြောလိုက်၊ ကြည့်ကောင်းအောင်ပြောပြီး လက်မှတ်ထိုးရုံနဲ့ ပြီးမှာ မဟုတ်ဘူး”ဟု သူက ဆက်ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ နိုင်ငံရေးပြဿနာကို အပစ်အခတ် ရပ်စဲရုံဖြင့် ပြေလည်နိုင်မည် မဟုတ်ဘဲ အခြေခံကျသည့်နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်အတွက် အချိန်ကာလတခု ယူ၍ ဆွေးနွေးဖြေရှင်းမှသာလျှင် တိုင်းရင်းသားအရေး ကိစ္စ ပြေလည်နိုင်မည်ဟု ဦးအောင်ကျော်ဇော က ဆိုသည်။

နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့က ငြိမ်းချမ်းရေး အောင်မြင်ရေးအတွက် ငွေကြေး အကူအညီများ ပေးမည်ဟု တွန်းအားပေးလိုက်ခြင်းမှာလည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ဖွဲ့စည်းရခြင်း အကြောင်းရင်းတခု ဖြစ်နိုင်သည် ဟု ဦးအောင်ကျော်ဇော က ယူဆသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးသော ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကမူ ငြိမ်းချမ်းရေး အတွက် မူဝါဒနှင့် ယုံကြည်မှုသာလျှင် အရေးကြီးကြောင်း KIO မှ ပြောခွင့်ရ ဦးလနန်က ပြောသည်။

“အဓိက မူပါပဲ။ ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်ဆိုတာက ချမှတ်ထားတဲ့ မူအပေါ်မှာပဲ သွားရမယ်ဆိုတော့ ပုဂ္ဂိုလ် အပေါ်မှာ အခြေခံတာ မဟုတ်ဘဲ။ ချမှတ်ထားတဲ့ မူဝါဒ၊ အရေးကြီးဆုံးက ပေါ်လစီပါ။ တဖက်နဲ့တဖက် အယုံအကြည် ရှိအောင် ပြောဆိုနိုင်မှုက အဓိကပါ”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ အစိုးရ၏ မူများဖြစ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအား လွှတ်တော်အတွင်း ဝင်ရောက်လာစေ၍ အခြေခံ ဥပဒေရေးရာများ ဆွေးနွေးစေခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ရေး ဦးစီးချုပ်လက်အောက် နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲစေခြင်း ဆိုသည့်အတိုင်း ဆွေးနွေးမည်ဆိုပါက ထူးခြားလာမည် မဟုတ်ကြောင်း ဦးလနန် က ဆက်ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ ၁၁ လပြည့်သွားပြီ ဖြစ်သည်။ ထိုကာလအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၁,၃ဝ၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မေလ ၃ ရက်နေ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ဖွဲ့စည်းကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသော်လည်း အစိုးရကမူ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အစိုးရ ပွင့်လင်းမြင်သာမှု မရှိသေး

လွန်ခဲ့သည့်ရက် အတွင်းက လူအများစိတ်ဝင်စားသည့် သမ္မတ ဦးသိန်းစိန်၏ နေပြည်တော် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲသတင်းများတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာတင်သည့် ကိစ္စလည်း အဓိက ပါဝင်သည်။

ယင်းသတင်းကို ဧရာဝတီနှင့် ပြည်ပမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။ သို့ရာတွင် ပြည်တွင်းမှ Venus ဂျာနယ်နှင့် မြန်မာပို့စ်ဂျာနယ်တို့က ပုံနှိပ်ဖော်ပြရန် ကြိုးစားခဲ့ကြရာ စာပေစိစစ်ရေး၏ ခေါ်ယူသတိပေးခြင်း၊ ဆင်ဆာပိတ်ပင်ခြင်းများ ခံခဲ့ကြရသည်။

ယင်းသို့ ပိတ်ပင်ခြင်းသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က မေလ ၃ ရက်နေ့တွင် ဦးစီးကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးစိုးဝင်း၏ စာနယ်ဇင်းလွတ်လပ်ခွင့် ကတိပြုမှုကို သံသယဝင်စေသည်။

ထို့အပြင် သမ္မတ ဦးသိန်းစိန်၏ ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ပြောကြားသော မိန့်ခွန်းပါ ပွင့်လင်းမှုနှင့် တာဝန်ယူမှုရှိသည့် ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်စေရမည်ဟူသော ကတိကဝတ်ကိုလည်း ချိုးဖောက်ရာရောက်သည့် အပြင် စတုတ္ထမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်းများ၏ အရေးပါသော ကဏ္ဍကို လျစ်လျူရှုရာပါရောက်သည်။

အုပ်ချုပ်ရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတဦးဦး၏ ကျန်းမာရေးနှင့် တာဝန်ထမ်းဆောင်နိုင်မှု ရှိ မရှိသတင်းသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်နေသည်။ ဤသတင်းကို လူထုက သိပိုင်ခွင့် ရှိရမည်။

အကယ်၍ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာတင်သည်ဆိုသော သတင်းသည် ကောလာဟလဆိုပါက အချက်အလက်သတင်းမှန်ကို အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုသင့်သည်။ သို့သော် သက်တမ်း တနှစ်ကျော်လာသည့်တိုင် ယနေ့အထိ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တွင် ပြောရေးဆိုခွင့်ရှိသူ သတ်သတ်မှတ်မှတ် မတွေ့ရသေးပေ။

အစိုးရအဖွဲ့အတွင်း အခြေအနေ အပြောင်းအလဲကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုမှသာ ပြည်သူအများက သိရှိနိုင်ပြီး အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံရေးမူဝါဒ မည်မျှအကျိုးရှိ မရှိကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်နိုင်ကြမည်ဖြစ်သည်။ အစိုးကလည်း လူထုက တုံ့ပြန်သောအသံကို မီဒီယာများမှတဆင့် ကြားနိုင်သည်။

ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ ထွက်ပေါ်နေသည့် သတင်းများအပေါ် ဆိတ်ဆိတ်နေခြင်းသည် စာနယ်ဇင်း မီဒီယာများ၏ ရေးသေားဖော်ပြနေမှုများကို မှန်ကန်ကြောင်း ဝန်ခံရာရောက်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပါသည်ဟု ပြောဆိုချက်အပေါ် ယုံကြည်မှုလျော့နည်းစေကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

Ref: ဧရာဝတီ

လှိုင်သာယာ Hi-Mo ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြ


နယူးဒေလီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တုစက်ရုံမှ အမျိုးသမီး အလုပ်သမား များ ၂၀၀ ကျော်သည် အချက် ၇၈ ချက်ပါ တောင်းဆိုချက်များ ရရှိရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့ ဗုဒ္ဓဟူးနေ့ နံနက်က လာရောက် အရေးဆိုကြသည်။

အမျိုးသမီး အလုပ်သမားပေါင်း ၁,၈၀၀ ခန့် ရှိသည့် ကိုရီးယားအမျိုးသားပိုင် Hi-Mo စက်ရုံမှ အလုပ်သမားများသည် လက်ရှိ အခြေခံလစာ ၈,၅၀၀ မှ ၃ သောင်းခွဲထိ တိုးမြှင့် ရရှိရေးအပါအဝင် အလုပ်ချိန်၊ ခွင့်ရက်၊  အချိန်ပိုကြေးတို့အပြင် ကျန်းမာရေးနှင့် အခြား လူမှုဖူလုံရေးတို့ကို တောင်းဆိုထားကြောင်း ဆန္ဒပြနေသည့် မကေခိုင်ဦး က မဇ္ဈိမကို ပြော သည်။

“မနက်ကတုန်းက လှိုင်သာယာ အလုပ်သမားရုံးကို သွားညှိတယ်။ စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင် က အလုပ်သမားရုံးမှာ ရှင်းမပေးနိုင်ပါဘူး၊ စက်ရုံမှာ ရှင်းပေးမယ်ဆိုတာ ညီမတို့က လုံးဝလက်မခံနိုင်ဘူး။
himo1
မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးရှေ့တွင် အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေသည့် Hi-Mo စက်ရုံ ဝန်ထမ်း အမျိုးသမီးငယ်များကို မေလ ၉ ရက် ၂၀၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
အဲဒါနဲ့ အခု ရုံးချုပ်ကြီးကို ရောက်လာတာ။ ညီမတို့ရဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံကိုယ်စားလှယ်ရော ရုံးထဲမှာ ညှိနှိုင်းနေကြတယ်။ သူဌေးက မစ္စတာဟုမ်း။ ကိုရီးယားပဲ” ဟု ပြောသည်။

အလုပ်သမားရုံးထဲတွင်တာဝန်ရှိသူများရှေ့မှောက်၌စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့်
 ညှိနှိုင်းနေသည့် အလုပ်သမားကိုယ်စားလှယ် ၇ ဦးမှာ မသီတာထွန်း၊ မယဉ်မင်းလွင်၊ မမြနှင်းရည်၊ မနီလာအောင်၊ မလဲ့လဲ့ခင်၊ မအေးမြတ်မွန်နှင့် မထက်ထက်မှုန်တို့ဖြစ်ကြောင်း သိရသည်။

ညနေ ၄ နာရီခွဲအထိ ညှိနှိုင်းမှု မပြီးသေးသော်လည်း တောင်းဆိုချက်များ ရသည်အထိ ဆက်လက် ဆန္ဒပြသွားကြမည် ဟုလည်း မကေခိုင်ဦး က ပြောသည်။

“စက်ရုံကို ပြန်သွားရင် သူတို့အဆောင်မှာနေရပြီး၊ သူတို့ကျွေးတဲ့ထမင်း စားနေရတော့ ညီမတို့ကို ချိတ်ပိတ်ပြီးတော့ သူတို့ဘက်ခြမ်းကနေ ဖိစီးတော့မှာ။ ဒါကြောင့် ညီမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဒီမှာပဲ အပြီးအပြတ်တောင်းဆိုတာ။ ခု အဆင်ပြေအောင် ညှိမပေးသေးဘူး။ အချိန်ဆွဲနေတာလေ။ ပထမအခေါက် ဆန္ဒပြတုန်းကလည်း ည ၈ နာရီခွဲထိ ခေါ်ထားတာ” ဟု မကေခိုင်ဦး က ပြောသည်။

စက်ရုံထဲတွင် အလုပ်ရှင်နှင့် ညှိနှိုင်းပါက လာရောက်စောင့်ကြည့်သူများ၊ သတင်းမီဒီယာများနှင့် ဝေးကွာသွားမည် ဖြစ်၍လည်း အလုပ်သမားရုံးတွင်သာ ဆက်လက် ဆန္ဒပြလိုကြကြောင်း သိရသည်။

“ကလေးမလေးတွေက အသက် ၂၀ အောက်လေးတွေ များတယ်။ တောင်းဆိုထားတဲ့ ၇၈ ချက်ထဲက လုပ်ရက်၊ အလုပ်ချိန်၊ ခွင့်တို့နဲ့ ပတ်သက်တဲ့ ၇ ချက်ကို လိုက်လျောပေးသင့်တယ်လို့ အလုပ်သမားရုံးကနေ ပြောပေမယ့် စက်ရုံကိုယ်စားလှယ် အမျိုးသမီးက လိုက်လျောမှု လုပ်မပေးသေးဘူး။ စက်ရုံထဲရောက်သွားရင် ညှိနှိုင်းကြတာကို မီဒီယာတွေနဲ့ စောင့်ကြည့်သူတွေ ကြည့်လို့ မရတော့ဘူး။ ဒါကြောင့် ဒီမှာပဲ လောလောဆယ် ဆက်နေပြီးတော့
တောင်းတဲ့အချက်တွေ ရအောင်စောင့်မယ်လို့ ဆုံးဖြတ်ထားကြတယ်တဲ့” ဟု ဆန္ဒပြပွဲသို့ သတင်းရယူနေသည့် မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။
himo3
အလုပ်သမားရုံးအတွင်း တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေသည့် ကိုယ်စားလှယ်များကို စောင့်ဆိုင်းနေသော Hi-Mo စက်ရုံ ဝန်ထမ်းအမျိုးသမီးငယ်များကို မေလ ၉ ရက် ၂၀၁၂ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
ဆန္ဒပြ အလုပ်သမားများအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သောက်ရေသန့်နှင့် ပေါင်မုန့်များ လာရောက်ဝေငှ လှူဒါန်းသွားသည်။ ထို့ပြင် ဆန္ဒပြရာသို့ ၈၈ မျိုးဆက် ကျောင်းသားများ၊ အဲန်အယ်ဒီလူငယ်အချို့နှင့် နိုင်ငံရေးပါတီ တချို့လည်း လာရောက်ကြည့်ရှု အားပေးနေကြသည်။

အဆိုပါ စက်ရုံတွင်ပင် ဧပြီလ အတွင်းကလည်း အလုပ်သမားအခွင့်အရေးများ အား တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားခဲ့သေးကြောင်း အလုပ်သမားလေး မကေခိုင်ဦး က ပြောသည်။

“၄ လပိုင်း ၅ ရက်နေ့က တခါ ဆန္ဒပြခဲ့ဖူးတယ်။ ၅၄ ယောက်နဲ့။ အဲဒီတုန်းက သဘောတူခဲ့တဲ့ စည်းကမ်းတွေကို စက်ရုံက ချိုးဖောက်တဲ့အတွက် အခုတခါ ပြန်လုပ်ကြတာ” ဟု ပြောသည်။

Hi-Mo စက်ရုံတွင် အလုပ်သမားအများစု၏ လက်ရှိ အခြေခံလစာမှာ ၈,၅၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလစာဖြစ်သည့် ကျပ် ၁၂,ဝဝဝ ရရှိသည့် အလုပ်သမားဦးရေမှာ ၅၀ ပင် မရှိကြောင်း မကေခိုင်ဦးက ပြောဆိုသွားသည်။

ဒု သမ္မတသစ် ဘယ်သူဖြစ်မလဲ

ဒု သမ္မတ ဟီဟသူရ ဦးတင်အောင်မြင့်ဦးက မေလ ၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်း၏နေရာတွင် မည်သူ့ကို ရွေးချယ်ခန့်အပ်မည်နည်း ဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။
၂၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP / straitstimes.com)

ဦးတင်အောင်မြင့်ဦး၏ နေရာ၌ လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့၏ အမည်စာရင်းကို ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

သို့သော် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း အစိုးရမီဒီယာများက တရားဝင် ထုတ်ပြန်ကြေညာမှု မရှိသေးပေ။ ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင်လည်း ထိုသတင်းကို ဖော်ပြရေးသားခွင့် ပိတ်ပင်ထားကြောင်း ဂျာနယ်များထံမှ သိရသည်။ စိစစ်ရေးမှ ဖော်ပြခွင့် မပေးခြင်းသည် ကောလာဟလသတင်းဖြစ်၍ ရေးသားပုံနှိပ်ခွင့်မပေးခြင်းဖြစ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ ဖြေဆိုထားသည်။

ဦးတင်အောင်မြင့်ဦး နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး တရပ်ခေါ်ယူကာ အတည်ပြုပေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လွှတ်တော်ကိုယ်စားလှယ်များထံ တစုံတရာ အကြောင်းကြားမှု မရှိသေးကြောင်း ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ဆီကို အကြောင်းကြားတာ မရှိသေးပါဘူး။ တကယ်လို့ အသစ်ခန့်မယ်ဆိုရင်တော့ သူရ ဦးရွှေမန်းကို ပို သဘောကျပါတယ်။ သူနဲ့က အတူတူ လုပ်နေကြတာဆိုတော့ ထိတွေ့မှုလည်း များပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေတစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ တာဝန်သည် ပိုမိုကြီးမားသည့်အတွက် ဦးရွှေမန်းအနေဖြင့် ဒုသမ္မတ တာဝန်ကို ပြောင်းရွှေ့ထမ်းဆောင်လိမ့်မည် မဟုတ်ဟု ယူဆကြောင်းလည်း ကိုယ်စားလှယ် တချို့က ဆိုသည်။

“ဒု သမ္မတ နေရာမှာ ဦးတင်အောင်မြင့်ဦးထက် ဦးတင်အေး ကိုပဲ ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက ရွေးမယ်လို့ ထင်ခဲ့ပါတယ်။ သူက သဘောထားပျော့တဲ့သူဖြစ်လို့ ပိုပြီးတော့ သင့်တော်ပါတယ်။ သူရ ဦးရွှေမန်းကတော့ ဒု သမ္မတ လုပ်မှာ မဟုတ်လောက်ဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီဝင် ဦးဘရှိန်က ဆိုသည်။

အစိုးရအနေဖြင့် ဒု သမ္မတတဦး ရှိနေသည့်အတွက် အသစ်တင်မြှောက်ခြင်းကိစ္စအား လတ်တလော အခြေအနေအရ မြန်ဆန်စွာ ဆောင်ရွက်လိမ့်ဟု မထင်ကြောင်းလည်း ဦးဘရှိန်က ပြောသည်။

ဦးရွှေမန်းသည် လွှတ်တော်ကိုယ်စားလှယ် အများစုနှင့် အဆင်ပြေသူဖြစ်ကြောင်း၊ ၎င်းအား လွှတ်တော်၌သာ ရှိစေချင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။ ၎င်းက “ဦးရွှေမန်းက ကိုယ်စားလှယ်တွေနဲ့ အသားကျနေပါပြီ၊ သူပြောင်းသွားရင် နောက်ထပ် ဥက္ကဋ္ဌအသစ်နဲ့ ဆက်ဆံရမှာဆိုတော့ သူ့ကို လွှတ်တော်ထဲမှာပဲ ရှိစေချင်ပါတယ်” ဟု ဆိုသည်။

ဦးတင်အောင်မြင့်ဦး နေရာ၌ အစားထိုးမည့်ပုဂ္ဂိုလ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီမှု ရရှိသူ ဖြစ်ရမည်။ ဒု သမ္မတများ ရွေးချယ်ရာ၌ တိုင်းရင်းသား ကိုယ်စားလှယ်တဦးနှင့် စစ်တပ် ကိုယ်စားလှယ်များမှ အဆိုပြုသူတဦးတို့အား တင်မြှောက်ပိုင်ခွင့်ရှိသည်။

ဦးတင်အောင်မြင့်ဦးအား စစ်တပ်ကိုယ်စားလှယ်မှ ရွေးချယ်ခဲ့ခြင်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ အချိန်ကဖြစ်ကြောင်း၊ လက်ရှိကာလသည် အခင်းအကျင်းသစ် ဖြစ်နေသည့်အတွက် မည့်သည့်ကိုယ်စားလှယ်ကိုမဆို အဆိုပြုနိုင်ကြောင်း ဦးစိုင်းဆောင်စီက ပြောသည်။

မကြာသေးခင် ရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်အောင်မြင့်ဦး၏ နေရာ၌ တာဝန်ပေးနိုင်ဖွယ် ရှိကြောင်းလည်း အင်တာနက်စာမျက်နှာတချို့၌ ပြန့်နှံ့နေသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား ဒု သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့် မရှိပေ။

ဖွဲ့စည်းပုံ၌ ဒု သမ္မတသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအမြင်များ ရှိရမည်ဟု ပါရှိသော်လည်း လွှတ်တော်ကိုယ်စားအဖြစ် အရွေးခံထားရသူ မည်သူမဆို သမ္မတလောင်း အဖြစ်အဆိုပြုနိုင်ကြောင်း ဦးစိုင်းဆောင်စီက ပြောသည်။

၎င်းက “ကျနော့်အမြင်အရဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုများ သူတို့က ကမ်းလှမ်းလာမလားဆိုပြီး စိတ်ကူးယဉ်ကြည့် မိတယ်။ အပြောင်းအလဲတွေက ရုပ်ရှင်ဇာတ်လမ်းတွေလိုပဲ ဖြစ်နေတာဆိုတော့လေ။ ပျော်စရာလည်း ကောင်းပါတယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့၌ ခေါင်းမာဂိုဏ်းသားများနှင့် အပျော့ဂိုဏ်းသားများဟု ကွဲပြားနေပြီး ခေါင်းမာဂိုဏ်းဝင်များဟု သတ်မှတ်ခံနေရသည့် ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁) လျှပ်စစ် ၀န်ကြီး ဦးဇော်မင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ၀န်ကြီးဟောင်း ဦးအောင်သောင်းတို့အား အပြောင်းအလဲ လုပ်မည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ဦးအောင်သောင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယင်းအဖွဲ့တွင် မပါဝင်တော့ပေ။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည်လည်း အစိုးရသတင်းစာများ၌ မတွေ့ရသည်မှာ သီတင်း တပတ်ခန့်ရှိနေပြီဖြစ်၍ ထင်ကြေးအမျိုးမျိုး ပေးခြင်းခံနေရသည်။

သို့သော်လည်း ဦးတင်အောင်မြင့်ဦး နုတ်ထွက်သည့် သတင်းအပါအ၀င် ၀န်ကြီးအပြောင်းအလဲများကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ နုတ်ထွက်စာတင်သည့်တိုင် သမ္မတ ဦးသိန်းစိန်က လက်ခံအတည်ပြုမှသာ ဦးတင်အောင်မြင့်ဦး နုတ်ထွက်မှု တရားဝင် ဖြစ်နိုင်သည်။

ဦးတင်အောင်မြင့်ဦးသည် လည်ချောင်းကင်ဆာရောဂါ လက္ခဏာများ တွေ့ရှိနေရသဖြင့် စိတ်ကျဝေဒနာကိုပါ ခံစားနေရကြောင်း၊ ဒု သမ္မတ ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကလည်း ပြောဆိုသည်။

ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ နအဖအစိုးရ၏ အတွင်းရေးမှူး (၁) တာဝန်လည်း ထမ်းဆောင်ခဲ့သည်။ လတ်တလောတွင် ဒု သမ္မတအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။

Ref: ဧရာဝတီ

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားဟောင်းများဖြင့် ကားကျပ်မှုထပ်ဆင့် ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် တက္ကစီတစ်စီး

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားအဟောင်းများဖြင့် ကားကျပ်မှု ထပ်ဆင့်ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်သည်။

အင်းစိန်တွင် နေထိုင်ကာ ဆူးလေတွင် အလုပ်ဆင်းသူ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်သည့် ကိုအောင်ကျော်ကလည်း''အရင်ဆို လှည်းတန်းမီးပွိုင့် တစ်ခုတည်းပဲ ကားကျပ်တယ်။ အခု လှည်းတန်းရော မြေနီကုန်းရော တရုတ်တန်းရော အကုန်လုံး ကားကျပ်တယ်။ အရင်ကထက် နှစ်ဆမကဘူး၊ သုံးဆလောက် အချိန်ပိုယူနေရတယ်။ မြန်မာတစ်နိုင်ငံလုံး နေ့ချင်းညချင်း ချမ်းသာကုန်ပြီး ကိုယ်ပိုင်ကားပဲ စီးနေကြသလား အောက်မေ့ရတယ်၊ လမ်းပေါ်မှာ ကိုယ်ပိုင်ကားသစ်တွေချည်းပဲ။ ကျွန်တော်တို့စီးတဲ့ ဘတ်စကားကတော့ စုတ်တုန်း၊ လူကျပ်တုန်း၊ ဒီကြားထဲ အခု လမ်းပါကျပ်တယ်။ တက္ကစီကတော့ ပြောမနေနဲ့ တံခါးပိတ်လို့မရ၊  ဟိုတစ်ရက် မိုးရွာတုန်းက ဆိုရင် တက္ကစီငှားစီးတာ တံခါးမှန်မပါလို့ ဒီအတိုင်းပဲ မိုးစိုခံပြီး စီးရတယ်။ မြို့နေ အခြေခံလူတန်းစား ဘ၀တွေပေါ့ဗျာ'' ဟု ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ဘီအမ်ယာဉ်ဟောင်းတစ်စီး

ရန်ကုန်မြို့မှ တက္ကစီယာဉ်ပိုင်ရှင် ကိုမြင့်အောင်က ''အခု 'န'နံပါတ်တောင်မှ ကျပ် သိန်း၁၀၀ လောက်ပဲ ရှိတော့တယ်။ ဒါတောင် အ၀ယ်မရှိဘူး။ ကျွန်တော့်ကားဆို ကျပ်သိန်း ၆၀၊ ၇၀ တောင် မတန်တော့ဘူး။ ဒီအခွန်နှုန်းနဲ့ ပြန်မသွင်းနိုင်လို့ အစုတ်ကို ခဏခဏပြင်ပြီး သုံးနေရတယ်။  ပြည်သူ့မျက်နှာကိုပဲ ကြည့်တယ်လို့ပြောတယ်။ ကျွန်တော်တို့ တက္ကစီအစုတ်မောင်းနေတဲ့သူတွေက ပြည်သူမဟုတ်ဘူးလား၊ ကျွန်တော်တို့ တက္ကစီအစုတ်တွေ ကို ဟိုနေရာပျက် ဒီနေရာပျက်ဖြစ်နေတဲ့ ကားအစုတ်တွေကိုပဲ ဒုက္ခခံစီးနေတဲ့ အများပြည်သူတွေကရော ပြည်သူ မဟုတ်ဘူးလား။ သွင်းဖို့ကျတော့လဲ ၂၀၀၇ မော်ဒယ်နဲ့အထက်ကို ဒီအခွန်နှုန်းအတိုင်းရမယ်ဆိုပြီး ကန့်သတ်ထားတယ်။ မသွင်းနိုင်လို့ ဒီအတိုင်းစီးတော့လည်း အစုတ်နဲ့ လမ်းပေါ်တက်ရင် ဒဏ်ကြေးရိုက်ဦးမယ်ဆိုတော့ လုပ်ချင်သလို လုပ်ကြတော့လို့ပဲ ပြောချင်တယ်''ဟု ပြောပြခဲ့သည်။

''ကျွန်မတို့ တောင်ဒဂုံနေ စမ်းချောင်းကို နေ့စဉ် အလုပ်ဆင်းရတယ်။ မနက်ဆိုရင် မနက် ၇ နာရီ ဆိုင်ဖွင့်ချိန်မီအောင် မနက် ၅ နာရီကျော်ကတည်းက ထပြီး ကားစီးရတယ်။ အပြန်ဆို ညနေ ၅ နာရီမှာ ကားတွေအရမ်းကျပ်လို့ အိမ်ကို ၇ နာရီခွဲလောက်မှ ရောက်တယ်။ အရင်ကဆို တစ်နာရီလောက်စောထရင် အဆင်ပြေပေမယ့် အခုအိပ်ချိန်ထဲက တစ်နာရီလောက်ဖဲ့ပြီး ထရသလို ညအိမ်ပြန်ရောက်ရင် နောက်ကျတယ်''ဟု တောင်ဒဂုံတွင် နေထိုင်သူ ကုမ္ပဏီ အရောင်းစာရေးမတစ်ဦးက ပြောပြခဲ့သည်။

ရွှေပြည်သာမှ မြေနီကုန်းသို့ လာရောက် အလုပ်ဆင်းသူ အရောင်းစာရေးမတစ်ဦးကလည်း''အလုပ်သွားတဲ့အချိန်က ဂိတ်အစကစီးတာဆိုတော့ ခုံရတော့ မိန်းကလေး အိနြေ္ဒမပျက်သေးဘူး။ ကားကျပ်လို့ အရင်ကထက် တစ်နာရီခွဲလောက် စောထတယ်။ ပြန်တဲ့အချိန်ကတော့  ခုံမရတော့ ဒီလိုပဲ တိုးကြိတ်စီးရတယ်။ ခုံလေးတစ်ခုံများရရင် ထီပေါက်တာထက်တောင် ၀မ်းသာသေးတယ်။ မရရင် မြေနီကုန်းကနေ ရွှေပြည်သာအထိ ဘယ်လိုစီးသလဲဆိုတာ တွက်သာကြည့်တော့''ဟု ပြောပြခဲ့သည်။
အိမ်စီးကားများ တင်သွင်းရန်အတွက် မူဝါဒအမျိုးမျိုးပြောင်းလဲ ချမှတ်လုပ်ဆောင်နေသော်လည်း အများပြည်သူနှင့်သက်ဆိုင်သော ခရီးသည်တင် ဘတ်စကား၊ တက္ကစီများ တင်သွင်းလဲလှယ်ရန်အတွက်မူ ကန့်သတ်ချက်အချို့ ထားရှိခြင်း၊ အခွန်ကင်းလွတ်ခွင့် မပြုခြင်းများကဲ့သို့သော အတားအဆီးများအား ဖယ်ရှားပေးခြင်းမရှိကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော တက္ကစီတစ်စီး

ယင်းအပြင် အိမ်စီးကားများ ပေါများစွာ တင်သွင်းနေသော်လည်း လမ်းအခြေအနေအား ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ တက္ကစီများတင် သွင်းခွင့်ပြုရာတွင်မူ လမ်းအခြေအနေအား ထည့်သွင်းတွက်ချက်သည်ဟု ဆိုခြင်းမှာလည်း လွဲမှားလျက်ရှိကြောင်း သုံးသပ်ကြသည်။

တက္ကစီများ တင်သွင်းလိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စစ်ဆေးထောက် ခံချက်ရှိမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ ၇ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က'' မြို့တော်အငှားယာဉ်(City Taxi) များ တင်သွင်းလိုပါက ၂၀၀၇ ခုနှစ်နှင့်အထက် မော်တော်ယာဉ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့ရဲ့ တွက်ချက် စိစစ်ထောက်ခံချက်နဲ့ ကုမ္ပဏီလုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရတို့ရဲ့ တွက်ချက် စိစစ်ထောက်ခံချက်ဆိုတာက မြို့တော်နဲ့မြို့တော်များရဲ့လမ်းများ အခြေအနေ လူဦးရေကို စိစစ်တွက် ချက်ပေးရမှာဖြစ်တဲ့အတွက် ထောက်ခံခိုင်းခြင်းဖြစ်ကြောင်း တင်ပြလိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ခရီးသည်တင် ဘတ်စကားများ တင်သွင်းရာတွင် ဘတ်စကားအဟောင်းများ လဲလှယ်မှုကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ထုတ်လုပ်သည့် ယာဉ်များအား ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းနိုင်သော်လည်း အသစ်တင်သွင်းမည့် ခရီးသည်တင် ဘတ်စကားများကိုမူ ၂၀၀၇ ခုနှစ်နှင့်အထက် ဘယ်မောင်းယာဉ်များကို  တင်သွင်းခွင့်ပြုမည်ဟု သိရှိရသည်။
ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါစီးနင်းသည့် မန္တလေးမြို့မှ ခရီးသည်တင်ယာဉ်တစ်စီး
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''အခု တိုင်းပြည်မှာ အဓိကလိုနေတာက bus ပဲ။ အများပြည်သူက bus ကားပဲ အများစု စီးကြတာ။ ဘတ်စကားဆိုရင်လည်း အဟောင်းပဲ သွင်းတယ်ဆိုရင်လည်း ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ အထိ သွင်းခွင့်ပြုပါတယ်။ ရန်ကုန်၊ မန္တလေးတွေမှာ ဘတ်စကားတွေ တော်တော်ညံ့ပါတယ်။ ဘတ်စကားစီး ပြည်သူတွေ စိတ်ဆင်းရဲမှုတွေ ကြုံနေရတယ် ဆိုတာ သမ္မတကြီး သိရှိပြီးတဲ့နောက်ပိုင်းမှာ ဘတ်စကားနဲ့ ပတ်သက်ပြီး 'သ' အက္ခရာအထိ ယာဉ်အိုယာဉ်ဟောင်း ဘတ်စကားများကို အစားထိုး လဲလှယ်ပြီးတဲ့နေရာမှာ ခရီးသည်တင်ယာဉ်များကိုလည်း ၁၉၉၆ ခုနှစ် ကနေ ၂၀၀၆ ခုနှစ်အထိ အစားထိုး လဲလှယ်ခွင့် ပေးမှာဖြစ်ပါတယ်။ အခက်အခဲဖြစ်နေရင် မော်တော်ယာဉ် တင်သွင်းမှုကော်မတီကို ဆက်သွယ်ပါ။ မြန်မြန်မော်တော်ကားအသစ်တွေ ရောက်ရှိ စေချင်ပါတယ်။ ပုံမှန် သွင်းကုန်လိုင်စင်ဖြင့် လျောက်ထားလာပါကလည်း ကန့်သတ်ချက်မရှိဘဲ ၂၀ ယောက်စီးနှင့်အထက် ၂၀၀၇ မော်ဒယ်နှင့်အထက် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
b5_6_07_6
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော စစ်ကျန်ဘတ်စကားတစ်စီး

တက္ကစီနှင့် ခရီးသည်တင် ဘတ်စကားများအတွက် ကန့်သတ်ချက် ထားရှိသည့်အပြင် အပ်နှံခွင့်ပြုရာ၌ ပါဝင်သည့် ကားဟောင်းများဖြစ်နေပါက အပ်နှံခြင်းမပြု၍ရသော်လည်း လမ်းဖြင့်မကိုက်အောင် စုတ်ချာနေ ပါက လမ်းပေါ်တက်မောင်းလျင် ဒဏ်ကြေးထပ်မံတပ်ရိုက်ရန် စီစဉ်နေ သည်ဟု သိရသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ''အခု လူတိုင်းကို ကားတင်သွင်းခွင့် ပေးလိုက်ပြီဆိုတော့ ယာဉ်အို ယာဉ်ဟောင်းတွေ အပ်ချင်မှ အပ်ကြတော့မှာပါ။ အရင်က ပါမစ်ဈေးလေးက ကောင်းနေတော့ ကားဟောင်းကနေ ကားသစ်ဖြစ်မယ်ဆိုပြီး လာကြတာ။ ကျွန်တော်တို့ကတော့ 'ပ' အက္ခရာအထိ ဆက်လုပ်ပေးသွားမယ်။ ကျန်တာတော့ နှစ် ၂၀ ကျော်၊ နှစ် ၄၀ ကျော်တွက်နေတာ။ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေရောက်ရင် ဘယ်နံပါတ်တွေကတော့ အပ်တာ လက်ခံမယ်ဆိုပြီး ထုတ်ပြန်ပေးသွားမယ်''ဟု ပြောကြားခဲ့သည်။

ရှစ်လအတွင်းမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒ ခြောက်ကြိမ်ပြောင်းခဲ့တယ်။ ကားတွေ တိုးလာတယ်။ မြို့နေလူထုရဲ့ ၉၈ ရာခိုင်နှုန်းသော လူဦးရေ အသုံးပြုနေတဲ့ ဘတ်စကားနဲ့ တက္ကစီတွေက စုတ်တုန်းဟောင်းတုန်းဘဲ။ ဘတ်စကား ကောင်းကောင်းတွေ မစီးရ၊ တက္ကစီကောင်းကောင်းတွေ မစီးရ။ ကားတွေ ပိုကျပ်လာတယ်။ ကားပေါ်မှာပဲ အချိန်ကုန်နေရတယ်။  ဒါဆိုအများ ပြည်သူအကျိုး တကယ်ရှိလား၊ မရှိဘူးလား ပြန်ဆန်းစစ်ကြည့်ပါ။

ဆက်လက်၍ ဒုတိယ၀န်ကြီးက ''လဲရမယ့် ကားတွေက မိဘအမွေ အနှစ်ကားမို့လို့ အိမ်မှာပဲ သိမ်းထားချင်တယ်ဆိုရင် ဘာမှ ပြဿနာမရှိဘူး။ ဒါပေမယ့် လမ်းပေါ်မှာသွားနေလို့ လမ်းအန္တရာယ် ထိခိုက်မယ်ဆိုရင် မလွဲမသေအပ်ရမယ်။ မအပ်ရင် Fine ဆိုတဲ့ ဒဏ်ကြီးတွေက များလိမ့်မယ်။ ဒဏ်ကြေးဆိုတာ ထိရောက်တဲ့ ပမာဏကို ပြောတာ။ ဒီလူက ၅ ကျပ်နဲ့ မလုပ်တော့ဘူးဆိုရင် ၅ ကျပ်နဲ့ သွားမယ်။ တစ်သိန်းလောက်မှ မလုပ်တော့ဘူးဆိုရင် တစ်သိန်းလောက်သွားမယ်။ နည်းတယ်၊ များတယ်ဆိုတာ ဘယ်လောက် လိုက်နာမှုရှိတယ်ဆိုတဲ့အပေါ် မှာ မူတည်သွားမယ်''ဟု ပြောကြားခဲ့သည်။

ယင်းအပြင်၂၀၀၇ ခုနှစ်အထက် မော်တော်ယာဉ်များ(ဘတ်စကားမှ အပ)တင်သွင်းလိုသူများသည် နိုင်ငံခြားဘဏ်များနှင့် အဆက်အသွယ်ရှိသည့် အစိုးရဘဏ်များ(သို့)ပုဂ္ဂလိက ဘဏ်များတွင် ငွေစာရင်း(Bank Account) ဖွင့်လှစ်ပြီးပါက နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များ သွားရောက်လျှောက်ထားရမည် ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း က''ကျွန်တော်တို့ ရုံးတွင်းဆိုင်ရာ လာ ရောက်လျှောက်ထားတဲ့အခါမှာ လိုင်စင်ထုတ်ပေးနိုင်တဲ့အထိ အဆင်ပြေအောင် အစီအစဉ်ချပြီးတာနဲ့ နှစ်ရကလောက်အတွင်း လက်ခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

b5_6_07_5
အန္တရာယ်ရှိသော ပုံစံမျိုးဖြင့် စီးနင်းနေရသည့် ရန်ကုန်မြို့တွင်းသွား ခရီးသည်များ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ''ဒီနေရာမှာ ကျွန်တော်အလျဉ်းသင့်လို့ ပြောချင်ပါတယ်။ ကားနဲ့ပတ်သက်လို့ ထိုင်းမှာဆိုရင် လူ ၁၀၀၀မှာ လူ ၂၇၀ ကားစီးနိုင်တယ်။ လာအိုမှာ ၂၁၊ ကမ္ဘောဒီးယားမှာ ၂၀၊ ဗီယက်နမ်မှာ ၁၃ ယောက် စီးနိုင်ပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်ကို မီဖို့ဆိုရင် ကားအစီးရေ ၃ ဒသမ ၈ သိန်းလောက် တင်သွင်းရမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

''ဗီယက်နမ်ကိုမီဖို့ နောက်ထပ် နှစ်ဆဖြစ်အောင် ကားစီးရေ ၃ ဒသမ ၈ သိန်းလောက် တင်သွင်းရမယ်လို့ ပြောတယ်။ ဗီယက်နမ်ရဲ့ လူတစ်ဦးချင်းဝင်ငွေနဲ့ မြန်မာရဲ့ လူတစ်ဦးချင်း ၀င်ငွေယှဉ်ကြည့်ပါဦး။ ဗီယက်နမ်နိုင်ငံရဲ့ လမ်းအခြေအနေကို ရောက်ဖူးတဲ့သူတိုင်း သိပါတယ်။ အရေးကြီးတဲ့နေရာ ရောက်နေတဲ့သူက ဒါမျိုး မပြောသင့်ပါဘူး။ ဗီယက်နမ်ရဲ့ လူတစ်ဦးချင်းဝင်ငွေက ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၃၅၉ ရှိတယ်။ မြန်မာက အမေရိကန်ဒေါ်လာ ၁၃၂၅ ပဲ ရှိတယ်လို့ IMF  ထုတ်ပြန်ထားတာ''ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သတင်းထောက်တစ်ဦးက ပြောသည်။

တက္ကစီ လဲလှယ်တင်သွင်းရန် ခက်ခဲနေသူ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ကိုသူရက''ဒီအခွန်နဲ့ဆို ကျွန်တော် လုံးဝ မလဲနိုင်ဘူး။ ဒီကြားထဲ ကားမူဝါဒတွေ တစ်ကြိမ်ပြီးတစ်ကြိမ်ပြောင်း ကောင်းစားတဲ့ လူတစ်စုက ကောင်းစား ဘ၀ပျက်သွားတဲ့သူက ကားဟောင်း ပိုင်ရှင်လေးတွေ။ လာကြည့် မန္တလေးမှာ လေးဘီးတွေကို သတင်းကြိုရတဲ့ လုပ်ငန်းရှင်တွေက ကျပ်သိန်း ၂၀ နဲ့ ပေးဝယ်တယ်။ ရောင်းလိုက်တယ်။ အလုပ်လက်မဲ့ဖြစ်ပြီး အခုသိန်း ၂၀ လည်းကုန် အလုပ်လည်းမရှိ ဘ၀တွေပျက်။ ၀န်ကြီးဌာနတွေနဲ့ပေါင်းတဲ့ လုပ်ငန်းရှင်တွေ ချမ်းသာသွားတယ်။ အခု ၂၀၀၇ မော်ဒယ်အထက် သွင်းခွင့်ပေးလိုက်တယ်။ ကျွန်တော့် တက္ကစီဈေး ပြုတ်ကျသွားတယ်၊ နာပြန်တာပဲ။ လဲဖို့ကျတော့လည်း ဒီအခွန်နှုန်းနဲ့ မတတ်နိုင်၊ ထပ်သုံးဖို့ကျတော့လည်း ကားစုတ်ရင် ဒဏ်ရိုက်ခံရဦးမယ်ဆိုတော့ အပြီးသာလာ သိမ်းသွားတော့ဗျာ။ လူတွေလည်း ဘ၀ပျက်နေပါပြီ။ သေအောင်သာ သတ်လိုက်ကြတော့''ဟု ပြောခဲ့သည်။

b5_6_07_4
စစ်ကျန်ဘတ်စကားစီး ရန်ကုန်မြို့မှ ခရီးသွားများ
ရန်ကုန်မြို့မှ တက္ကစီယာဉ်ပိုင်ရှင်တစ်ဦးကလည်း ''ကျွန်တော်က 'ဒ' နံပါတ်ပါ၊ ပြန်မသွင်းနိုင်လို့ ဒီအတိုင်းပဲ သုံးနေရတယ်။ စုတ်နေပြီ။ အခု မအပ်နိုင်လို့ အစုတ်အတိုင်း စီးပြန်တော့လဲ ဒဏ်ကြေးကောက်ဦးမယ်။ သွင်းဖို့ ကျတော့လဲ ဇိမ်ခံကားတွေနဲ့ တန်းတူ အခွန်ပေးရမယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ။ သူပြောသလို အိမ်ထဲမှာ သိမ်းထားတော့ မိသားစု ဘာနဲ့စားမလဲ။ ဒဏ်ရိုက်ခံပြီး ၀မ်းစာရှာရင်းနဲ့ ကိုယ့်စားအိုးလေးကို ဘယ်နေ့ နယ်နှင် မလဲ၊ ဘယ်နေ့ မဖြစ်မနေ အပ်ခိုင်းမလဲ ထိုင်စောင့်ရုံပဲ ရှိတော့တယ်။ ကျွန် တော့်သူငယ်ချင်းကတော့ စားအိုးလေး ပျောက်သွားပြီ။ သူ့မှာ တက္ကစီနှစ်စီး ရှိတယ်။ အားလုံးအပ်လိုက်ပြီး ကားတစ်စီး ပြန်သွင်းတယ်။ ကားက မြန်မာနိုင်ငံတောင် မရောက်သေးဘူး သူတို့ မူဝါဒပြောင်းလိုက်တာ အဲဒီသွင်းထားတဲ့ကားက ကျပ်သိန်း ၂၀၀ တောင် မတန်တော့ဘူး။ သွားပြီ တက္ကစီနှစ်စီးမှာ တစ်စီးဆုံးသွားပြီ။ အခုရမယ့် တစ်စီးကလည်း ဘာမှ တန်ကြေးမရှိတော့ဘူး။ အိမ်ကားတွေနဲ့ အတူတူ အခွန်ဆောင် သွင်းတာလေသေပြီပေါ့''ဟု ပြောပြခဲ့သည်။

မူဝါဒ တည်ငြိမ်မှု မရှိခြင်း၏ သက်ရောက်မှုမှာ အများပြည်သူအပေါ် သက်ရောက်မှုကြီးမားကြောင်းကို  မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က''တစ်သမတ်တည်း မဟုတ်တဲ့ မူဝါဒတွေက လုပ်ငန်း ရှင်ဖြစ်ဖြစ် အဲဒီကဏ္ဍနဲ့ သက်ဆိုင်တဲ့ အများပြည်သူကိုဖြစ်ဖြစ် ထိခိုက်စေတယ်။ အခု မူဝါဒ အပြောင်းအလဲကြောင့် လူလတ်တန်းစား လုပ်ငန်းရှင်တွေ အများကြီး နစ်နာသလို နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အခုလို မတည်ငြိမ်မှုတွေကြောင့် ယုံကြည်မှုမရှိဘူး။ မူဝါဒတစ်ခုကို သက်ဆိုင်ရာက ချမှတ်တယ်ဆိုရင် ဒီမူဝါဒကိုယုံပြီး လုပ်ငန်းရှင်က ရှိသမျှ ကိုယ်လုပ်နိုင်စွမ်းသမျှ အကုန်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်တယ်၊ ပြီးမှ ပြောင်းတယ် ဆိုတော့ အကုန် ထိခိုက်ကုန်တာပေါ့။ ထိခိုက်တာထက် ဘယ်သူမှလည်း မူဝါဒချမှတ်တဲ့အပေါ် နောက်ထပ် မယုံတော့ဘူး။ အကောင်းဆုံး ဥပမာ ပြောပါဆိုရင် ငွေကြေးစနစ်ကို သက်ဆိုင်ရာက ယတိပြတ် မဆုံးဖြတ်နိုင်ခဲ့ လို့ ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်မှုနှုန်း ထိုးကျပြီး စိုက်ပျိုးတဲ့ တောင်သူ၊ ငါးပုစွန် မွေးမြူသူအားလုံး ဒီနေ့အထိ ဒီဒဏ်ကို ခံနေရတုန်း။ စိုက်တဲ့သူရော မွေးတဲ့သူရော မမှားဘူး၊ စိုက်တာလည်း အထွက်နှုန်း ကောင်းတယ်၊ မွေးတဲ့ ထုတ်ကုန်လည်း ကောင်းတယ်။ ဖျက်ဆီးပစ်တာ မူဝါဒမခိုင်မာတဲ့ ငွေကြေးစနစ်ကြောင့်ပါ။ အခုလည်းဒီလိုပဲ။ နောင်ကို မူဝါဒတစ်ခုချမှတ်မယ်ဆိုရင် တစ်သမတ်တည်း ချမှတ်နိုင်အောင် လုပ်သင့်တယ် မဟုတ်ရင် ပြည်ပက လုပ်ငန်းရှင်မှမဟုတ်ဘူး ပြည်တွင်း လုပ်ငန်းရှင်တွေပါ ယုံကြည်မှာမဟုတ်တော့ဘူး''ဟု ရှင်းပြခဲ့သည်။

''၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က နေပြည်တော် အမှတ် (၂) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲမှာ ကျွန်တော်ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးတွေကို အများပြည်သူ အားထား သုံးစွဲနေရတဲ့ ဘတ်စကား၊ တက္ကစီ၊ နယ်မှာ အများသုံးနိုင်တဲ့ ပစ်ကပ်ယာဉ်တွေ အများပြည်သူ တင်သွင်းဖို့ ခက်ခဲနေတာတွေကို ပြင်ဆင်ပေးဖို့ ရှိ၊ မရှိ မေးခွန်းမေးခဲ့တယ်။ တာဝန်ရှိသူတွေက ဆွေးနွေးပြီး လုပ်ပေးသွား ပါမယ်လို့ပြောထားတယ်။ အခုပြောထားတာ ခုနစ်လထဲကို ရောက်နေပါပြီ။ တင်သွင်းထားတဲ့ ကားအစီးရေ ၅၀၀၀၀ နီးပါး ရှိနေပြီ၊ အများနဲ့ဆိုင်တဲ့ကားတွေ ဘယ်လောက်ပါသလဲ။ အများပြည်သူ အဲယားကွန်းဘတ်စကား စီးနိုင်နေပြီလား။ မူဝါဒတွေ ခဏခဏပြောင်းပြီး ချမှတ်နေတယ်။ တက္ကစီ၊ ဘတ်စကား အလွယ်တကူ လဲလှယ်နိုင်တဲ့ အစီအစဉ် တစ်ချက်မှ မပါသေးဘူး။ ရန်ကုန်မှာပဲ တွက်ကြည့် ကိုယ်ပိုင်ကားစီးနေတာ မြို့လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းတောင် မရှိဘူး။ ရှစ်လအတွင်းမှာ ကားနဲ့ပတ်သက်တဲ့ မူဝါဒ ခြောက်ကြိမ် ပြောင်းခဲ့တယ်။ ကားတွေတိုးလာတယ်။ မြို့နေလူထုရဲ့ ၉၈ ရာခိုင်နှုန်းသော လူဦးရေ အသုံးပြုနေတဲ့ ဘတ်စကားနဲ့ တက္ကစီတွေက စုတ်တုန်းဟောင်းတုန်းဘဲ။ ဘတ်စကား ကောင်းကောင်းတွေ မစီးရ၊ တက္ကစီကောင်းကောင်းတွေ မစီးရ။ ကားတွေ ပိုကျပ်လာတယ်။ ကားပေါ်မှာပဲ အချိန်ကုန်နေရတယ်။  ဒါဆို အများပြည်သူ အကျိုးတကယ်ရှိလား၊မရှိဘူးလား ပြန်ဆန်းစစ်ကြည့်ပါ။ တက္ကစီ၊ ဘတ်စကား သွင်းခွင့်ပေးတယ်၊ လက်ရှိ အခွန်နှုန်းအတိုင်းတဲ့။ ၂၀၀၇ မော်ဒယ်အထက် ဘယ်မောင်းဆိုပြီး ကန့်သတ်ထားသေးတယ်။ တကယ်ဆို တက္ကစီနဲ့ ဘတ်စကားကို အခွန် လုံးဝ ကင်းလွတ်ခွင့်ပေးပြီး လဲလှယ်တင်သွင်းခွင့်ပြုရမှာ။ ရန်ကုန်မှာလဲဖို့အတွက် တက္ကစီက အနည်းဆုံး ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားမှာ ရှိတယ်။ ဒီအခွန်နှုန်းအတိုင်းဆို ဘယ်သူမှ တက္ကစီအဟောင်း လာအပ်ပြီး ပြန်သွင်းနိုင်မှာ မဟုတ်ဘူး။ အစုတ်အတိုင်းပဲ သုံးကြမှာ''ဟု Weekly Eleven News ဂျာနယ်မှ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က ပြောပါသည်။

''၀န်ကြီးကပြောသွားတယ်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ဆွေးနွေးပြီး အခုလို ကားတွေ တင်သွင်းခွင့်ပြုမယ်ဆိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့က မထောက်ပံ့ဘဲနဲ့ ဘယ်ဝင်ငွေနဲ့ လမ်းတွေ၊ infrastructure ပြင်မလဲ။ ဒါမှမဟုတ် ဘတ်ဂျက်မလုံလောက်ရင် ပြည်သူတွေဆီကပဲ အခွန်တွေ တိုးကောက်ရင်တော့ မဖြစ်ဘူး။ အခုတောင် ယာဉ်ရပ်နားခက အရင် ၁၀၀ ကနေ ၃၀၀ ကို တိုးကောက်လိုက်တယ်။ စည်ပင်သာယာအခွန်တွေလည်း တက်လာတယ်။ စည်ပင်ကလည်း သူ့ဘတ်ဂျက်လောက်မှာ မဟုတ်ဘူး။  ဒါကြောင့် ပြည်သူလူထုဆီက ပိုက်ဆံတွေ တိုးကောက်ဖို့ဆိုတာလည်း အဓိပ္ပာယ် သိပ်မရှိဘူး။ ကားတွေ သွင်းခွင့်ပေးထားတယ်။ ကားစီးရေ ၅၀၀၀၀ လောက်ရှိတယ်။ အဲဒီကားတွေအတွက် ရတဲ့အခွန်ငွေက ကျပ်ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြား ရှိတယ်။ အဲဒီငွေကို ဒီနေရာတွေမှာ ပြန်သုံးရမှာပေါ့။ ခုံးကျော်တံတား ဆောက်မယ်ပြောတယ်။ ပြီးတော့ အဲဒီအတွက် BOT ပေးပြီး ပြည်သူတွေဆီက ပိုက်ဆံပြန်ကောက်မယ်ပြောတယ်။ ဒါကိုတော့ ကျွန်တော်တို့ ထောက်ပြခဲ့တယ်။ ဘာလို့လဲဆိုတော့ ကားတွေသွင်းလို့ အခွန်ငွေတွေကိုကျတော့ အစိုးရက ရတယ်။ တံတားဆောက်ပြီး ပြည်သူ ဆီက ငွေပြန်ကောက်မယ်ပြောတယ်။ ဒါကြောင့် ကန့်ကွက်တာ။ ခုံးကျော်တံတားဆောက်တာကို ကန့်ကွက်တာ လုံးဝမဟုတ်ဘူး။  ကားတွေသွင်းလို့ အခွန်တွေရတာက အစိုးရ၊ ကားတွေများပြီး လမ်းကျပ်လို့ ခုံးကျော် တံတားဆောက်ပြီး BOT စနစ်နဲ့ အကျိုးအမြတ်ရမှာက အစိုးရက ခွင့်ပြုတဲ့ ကုမ္ပဏီတွေ။ ပြည်သူတွေကျတော့ တစ်သက်လုံး ပိုက်ဆံပေးရတော့မှာ။ ကျွန်တော်တို့က အဲဒါကို ကန့်ကွက်တာ။ အခုကားတွေ ပိုကျပ်လာတော့ မယ်။ ကျွန်တော်တို့က ကန့်ကွက်လို့ပဲ ခုံးကျော်တံတားတွေ မဆောက်တော့ သယောင်ပြောတာမျိုး မဖြစ်သင့်ဘူး။ ကျွန်တော်တို့က ဖြစ်သင့်တာကို ထောက်ပြတာပါ။ အဲဒီတော့ ဒါတွေ ဆောက်ဖို့ဆိုရင် ဘယ်က ငွေရမလဲ၊ ပြည်ထောင်စုအစိုးရက ပေးမှရမယ်။ ဘယ်လိုပေးသင့်လဲ။ ကားအတွက် ကောက်ထားတဲ့ ငွေတွေကနေ ပြန်ပေးသင့်တယ်။ ကားနဲ့ကောက်ထားတာတွေကလည်း ပြည်သူလူထုဆီ ကပဲ။ ပြည်သူလူထု လမ်းကျပ်နေရင် ချဲ့ပေးရမှာ၊ ပြုပြင်ပေးရမှာ အစိုးရ တာဝန်ပဲ''ဟု Weekly Eleven News Journal  အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

''ကျွန်တော် ကားကိစ္စတွေနဲ့ ပတ်သက်တဲ့ ဘာစီးပွားရေးမှ မလုပ်ပါဘူး။ ကျွန်တော်မြင်တာသက်သက်ကို ပြောချင်ပါတယ်။ ခုကားဈေးကွက်မှာ ဈေးတွေကျပြီဆိုပြီး ခံရတာတွေဟာ တော်တော်များများကို ဆင့်ကဲဆင့်ကဲ သက်ရောက်သွားတဲ့ ဖြစ်စဉ်တစ်ခုလို့ မြင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိမ်လည်မှုတွေနဲ့ အမှုအခင်းတွေ ရှိလာနိုင်ပါတယ်။ ဒီမူဝါဒဟာ ကားဝယ်စီးချင်သူ၊ ၀ယ်စီးဖို့ တာစူနေသူတချို့ ကြိုက်ကြပါလိမ့်မယ်။ ကျွန်တော်တို့လို အလယ်အလတ်စား လုပ်ငန်းရှင်တွေနေရာက ကြည့်ရင်တော့ အချိန်ကာလတိုအတွင်းမှာ ကြိုတင်အသိ ပေးခြင်းမရှိဘဲ အမျိုးမျိုး ပြောင်းလဲတာနဲ့ ပတ်သက်ပြီး မူဝါဒချမှတ်သူတွေအပေါ် ယုံကြည်မှု ကင်းမဲ့စေနိုင်ပါတယ်။ မူဝါဒ ချမှတ်သူတွေအနေနဲ့လည်း အကျိုးအပြစ် ဘယ်လောက်ရှိနိုင်မယ်ဆိုတာကို ချိန်ဆစေချင်ပါတယ်။ ကွက်ကွက်ကလေး မကြည့်စေချင်ပါဘူး။ တကယ်တော့ ကားနဲ့ ပတ်သက်ရင် အကျိုးအမြတ် တော်တော်များများ ရသွားတဲ့သူတွေက အခုလက်ရှိ ဒီနယ်ပယ်မှာ ရှိမနေတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်တန်းစား လုပ်ငန်းရှင်တွေဟာ စီးပွားရေးအတွက် မောင်းနှင်အားတွေပါ။ သူတို့တွေရဲ့ ယုံကြည်မှု ကင်းမဲ့တဲ့အသံတွေ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ ရောက်နိုင်လို့ တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ရှင်းရှင်းပြောရရင် အရင်အစိုးရလက်ထက်တုန်းကလို မယုံကြည်နိုင်မှုတွေ ပြန်ဖြစ်လာလိမ့်မယ်''ဟု အမည်မဖော်လိုသူ စက်ရုံပိုင်ရှင်တစ်ဦးက သုံးသပ်ခဲ့ပါသည်။

''ပြည်သူလူထုဆီက မေတ္တာတရားကို လိုချင်ရင် တကယ်ရိုးသားဖြောင့်မတ်မှ ရမယ်။ အပေါ်ယံ ပြောင်းလဲမှုတွေနဲ့တော့ မရဘူး။  ကားနဲ့ပတ်သက်တဲ့ မူဝါဒတွေက ဟိုးအစဉ်အဆက်ကတည်းက မှားလာတာ။ ပြည်သူ လူထုတွေကသာ ကားတစ်စီးကို သိန်းထောင်ချီ ပေးစီးခဲ့ရတာ။ ချမ်းသာတဲ့သူတွေက အရမ်းချမ်းသာသွားပြီ။ ဒီလူဒီလူတွေပဲ။ အခုလည်းကြည့်လေ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ပေးတယ်ဆိုတဲ့ ကားတွေက အင်ဂျင်ပါဝါကြီးပြီး ဆီစားတဲ့ကားတွေ။ ဒီမတိုင်မီကတည်းက ဆီဆိုင်တွေက ဘယ်သူတွေ လက်ထဲ ရောက်နေပြီလဲ။ ဆီကိစ္စထားဦး၊ ဒီကားတွေမောင်းရမယ့်လမ်းတွေ တံတားတွေမှာ အသုံးပြုခွင့်ကို  BOT စနစ်နဲ့ ကောက်ခွင့်ရထားတာကရော ဘယ်သူတွေလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။ ဒါကြောင့် ကားတင်သွင်းခွင့်ပြုတဲ့ မူဝါဒ အပြောင်းအလဲတွေ မကြာခဏလုပ်လို့ ဘယ်သူတွေ အမြတ်ရသွားသလဲ။ ကားဈေးဆက်တိုက် အကျမှာရှုံးသွားတဲ့ လူလတ်တန်းစားတွေဆီက ငွေတွေကို ညှစ်ထုတ်ပြီး ယူသွားတဲ့အတွက် ခံစားရတဲ့သူတွေက အစိုးရထဲက ကားမူဝါဒချမှတ်တဲ့သူ ၀န်ကြီးတစ်စုကိုပဲ အပြစ်တင်ရမှာပါပဲ။ လူတိုင်း ကားစီးစေချင်လို့ အစိုးရက စေ တနာထားတယ်ဆိုရင် လူများစုအကျိုးအတွက် လုပ်တယ်ဆိုရင် ကြပ်နေတဲ့လမ်းတွေပေါ်မှာ တက္ကစီအစုတ်တွေ၊ ဘတ်စကားအစုတ်တွေကို မြင်စရာ မရှိပါဘူး။ ဒါကြောင့် တကယ့် တကယ် ဘယ်သူတွေက အကျိုးအမြတ် ပိုရှိသွားသလဲ စဉ်းစားကြည့်ကြပါ''ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်အရ ကားသွင်းခွင့်ပေးစဉ် ရှစ်လတာကာလအတွင်း  ခြောက်ကြိမ်ပြောင်းလဲခဲ့သည့် မူဝါဒများ

၁။ Van, Minivan နှင့် Wagon အမျိုးအစား ခွဲခြားမှု နိုင်ငံတကာသတ်မှတ်ချက်ဖြင့် ကွဲလွဲမှု ပြန်လည်သတ်မှတ်ခြင်း။

၂။ ကား CIF ဈေးနှုန်းသစ်နှင့် တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်များ ပြင်ဆင်သတ်မှတ်ခြင်း။ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကားအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးခြင်း။

၃။ နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများအား ကြေညာထားသည့်အတိုင်း ပါမစ်အားလုံး ခွင့်ပြုမပေးဘဲ ၃၀၀၀ တစ်သုတ်အဖြစ် ကန့်သတ်ချက် ပြင်ဆင်ခြင်း။ ၃၀၀၀ နောက်ပိုင်း သင်္ဘောသားများ ယနေ့အထိ လျှောက်ထားသော်လည်း ပါမစ် မရရှိခြင်း။

၎။ ကညနမှ ကောက်ခံသည့် ယာယီမှတ်ပုံတင်ကြေးအား ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်း။ အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ခွဲခြားသတ်မှတ် ကောက်ခံခြင်း။

၅။ မော်ဒယ်ကွဲလွဲသည်ဟု သတ်မှတ်ခံရသည့် ကားများအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးအား ပြင်ဆင်သတ်မှတ်ခြင်း။ ဂျပန်နိုင်ငံမှ ၁၉၉၆ မော်ဒယ်ဟု သတ်မှတ်ကာ တင်ပို့လိုက်သောကားများ မြန်မာနိုင်ငံမှ စစ်ဆေးချက်အရ ၁၉၉၅ မော်ဒယ်ဖြစ်သည့် ဖြစ်ရပ်မျိုးများစွာ ဖြစ်ပေါ်ပြီးနောက် မော်ဒယ်တစ်နှစ်နိမ့်လျှင် ဒဏ်ကြေးသုံးဆ တပ်ရိုက်ခြင်းအစား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး ယခင်ဒဏ်ကြေး ပေးသွင်းပြီးသူများမှာ ပြန်လည် ထုတ်ယူခွင့်မရ၍ နစ်နာရခြင်း။

၆။ ယခု ၂၀၀၇ မော်ဒယ်နှင့်အထက်ကားများ ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း။

 နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုများကြောင့် မြန်မာနိုင်ငံသည် အချိန်တိုအတွင်း အာရှ၌ စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ သုံးသပ်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ATM ကတ်စနစ်ကို အသုံးပြုနေမှုကို တွေ့ရစဉ်
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲနေမှုများကို  ဆက်လက်လုပ်ဆောင်သွားနိုင်ပါက မြန်မာနိုင်ငံသည် အချိန်တိုအတွင်း အာရှ၌ စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ သုံးသပ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဈေးကွက်ဆိုင်ရာ အပြောင်းအလဲများကို ပြုလုပ်နေခြင်းများအတွက်လည်း မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ထောက်ခံအားပေးကြောင်းလည်း ပြီးခဲ့သည့် တနင်္လာနေ့က သုံးသပ်ထုတ်ပြန်မှုများတွင် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် IMF ''လက်ရှိ မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သမိုင်းဝင် အပြောင်းအလဲတွေ၊ အခွင့်အရေးတွေနဲ့ ကြုံတွေ့ ခံစားခွင့် ရှိပါတယ်။ ပြည်သူတွေ ရဲ့ လူနေမှု အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်တဲ့ အခြေအနေမျိုးကိုလည်း ဖန်တီးနိုင်မှာပါ။ မြန်မာနိုင်ငံဟာ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် အာရှမှာ စီးပွားရေး အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာပါ။ ဒါ့အပြင် သဘာဝရင်း မြစ်တွေရယ်၊ ငယ်ရွယ်နုပျိုတဲ့ လုပ်သားအင်အားရယ်၊ စီးပွားရေး အခွင့်အလမ်းကောင်းတွေရယ်ကလည်း နိုင်ငံအတွက် အားသားချက်တွေ ဖြစ်လာပါလိမ့်မယ်''ဟု သုံးသပ် ဖော်ပြထားခဲ့သည်။

သို့သော်လည်း နိုင်ငံတွင်းသို့ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အချိန်တွင် အစိုးရ တာဝန်ရှိသူများအနေဖြင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် အဆင့်တစ်ဆင့်ချင်းစီအလိုက် ဂရုတစိုက် စီမံဆောင်ရွက်ကာ ရေရှည်ခိုင်မာအောင် စနစ်တကျ တည်ဆောက်သွားရန်လည်း သတိပေး တိုက်တွန်းချက်များတွင် တွေ့ရသည်။

IMF အကြီးအကဲဖြစ်သူ Meral Karasulu ကလည်း ''မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ ပေါ်ထွက်လာတာ အသေအချာ တွေ့မြင်နေရပါတယ်။ ဒီနှစ်နှစ်အတွင်းမှာကိုပဲ သိသိသာသာ တိုးတက်မှု ရှိလာပါတယ်''ဟု ဆိုခဲ့သည်။ ထို့ပြင် ၎င်းက ငွေလဲနှုန်းများကို နှုန်း ထားတစ်မျိုးတည်း ပေါင်းစည်းသည့် ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန် ဒေါ်လာဈေး၊ အက်ဖ်အီးစီဈေး၊ စင်ကာပူဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှ စတင်ဆောင်ရွက် နိုင်ခဲ့ခြင်းမှာလည်း စီးပွားရေး ပြောင်းလဲတိုးတက်မှု၏ ကနဦးအစ ခြေလှမ်းတစ်ခုပင်ဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

တရားဝင် ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၅ ဒသမ ၅ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းထိ တိုးတက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်း သုံးသပ်ထားခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ငွေလဲနှုန်းကိစ္စ အပါ အ၀င် စီးပွားရေးကိစ္စများ ပြုပြင်ပြောင်းလဲမှုပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

Ref: EMG

 ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများသော မြန်မာ့စီးပွားရေးတွင် နောက်ကျမကျန်ခဲ့စေရန် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် အမေရိကန်ကုမ္ပဏီများ လိုလား

ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေများ နေသော မြန်မာနိုင်ငံ၏စီးပွားရေးတွင် နောက်ကျကျန်နေရစ်ခဲ့မည်ကို မလိုလားသဖြင့် အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို အပြီးရုပ်သိမ်းပေးရန် လိုလားနေကြောင်း The China Post သတင်းစာက ဖော်ပြလိုက်သည်။ 

အမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးများက လက်ရှိ သတ်မှတ်ဖြေလျော့ပေးထားသည့် ပမာဏထက် ချဲ့ထွင်လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ကနေဒါနှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ခဲ့ပြီး ဂျပန်နိုင်ငံမှာ အကူအညီများကိုပင် ပြန်လည် စတင်နေပြီ ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားထံသို့ အမေရိကန်၏ စီးပွားကူးသန်းဌာန၊ American Petroleum Institute နှင့် US-Asean Business Council တို့က လက်မှတ်ရေးထိုးပြီး ပေးပို့သောစာတွင် ''အမေရိကန်မှ အချို့သော စီးပွားရေးလုပ်ငန်းများကိုသာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပြုပြီး အခြားလုပ်ငန်းများကို ထုတ်ဖယ်ထားခြင်းသည်လည်း ခွင့်ပြုထားသော လုပ်ငန်းများ၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်''ဟု ပါရှိကြောင်း The Chine Post က ဖော်ပြထားသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့် မရခြင်းဖြင့် ''ကျွန်ုပ်တို့၏ ပြိုင်ဘက်နိုင်ငံများက လက်ရှိတွင်လည်း လုပ်ငန်းများ လုပ်ကိုင်နေလျက်ရှိပြီးဖြစ်သည့်အလျှောက် ကျွန်ုပ်တို့ လစ်လပ်နေသော နေရာများကိုဖြည့်ကာ လုပ်ကိုင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် အလုပ်သမားများ ရရှိရမည့် အလုပ်များကို အာရှနှင့် အခြားနေရာများမှ အလုပ်သမားများက အစားထိုး ရရှိသွားမည်ဖြစ်သည်''ဟု အဆိုပါစာတွင် ရေးသားဖော်ပြထားသည်။

အမေရိကန်၏ ပစ္စည်းကိရိယာများထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သည့် Caterpillar ကုမ္ပဏီက မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦများ တည်ဆောက်ရန်ရှိနေသဖြင့် ၎င်းတို့ ကုမ္ပဏီအနေနှင့် ဈေးကွက် တိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန်အစိုးရအတွင်းမှာ အယူအဆတွေက အမျိုးမျိုးဖြစ်နေတာမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေက အဲဒီနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက်အောင် မမောင်းနှင်နိုင်တဲ့အပြင် အဟန့်အတားတောင် ဖြစ်စေနိုင်တယ် ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့နဲ့ အမြင်တူပါတယ် . . .

''အမေရိကန် အစိုးရအတွင်းမှာ အယူအဆတွေက အမျိုးမျိုးဖြစ်နေတာမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေက အဲဒီနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက်အောင် မမောင်းနှင်နိုင်တဲ့အပြင် အဟန့်အတားတောင် ဖြစ်စေနိုင်တယ်ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့နဲ့ အမြင်တူပါတယ်''ဟု Caterpillar Inc မှ Clay Thompson က ပြောကြားခဲ့သည်။

''အဲဒီနိုင်ငံထဲမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ လိုအပ်နေတာက စီးပွားရေး တိုးတက်ဖို့ပါ။ အမေရိကန် ကုမ္ပဏီတွေက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လာလုပ်မယ်ဆိုရင် အဲဒီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကလည်း  သေချာပေါက်ရရှိမယ့် အရာပါ''ဟု ၎င်းက ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန် ကုမ္ပဏီများတွင် တန်ဖိုးအမှန် ရှိနေချိန်၌ အုပ်ချုပ်ရေးပိုင်းကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်သွားရန် အမေရိကန် အစိုးရအဖွဲ့အနေနှင့် သတိထား လှုပ်ရှားရမည်ဖြစ်ပြီး ပိတ်ဆို့မှုများကို အလုံးစုံ ရုပ်သိမ်းသွားမည် မဟုတ်ဟု ပြောကြားခဲ့သည်။  အမေရိကန်၏ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် အလုပ်သမား ကွန်ဖက်ဒရေးရှင်းတို့က အမေရိကန်သမ္မတ အိုဘားမားထံသို့ ရေးသားပေးပို့သောစာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဖြေလျော့ရာတွင် တိုးတက်မှုများရှိခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရပ်ဆိုင်းခြင်း၊ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှု ရှိခြင်းတို့နှင့် ဆက်စပ် ဖြေလျော့သင့်သည်ဟု အကြံပြုထားသည်။    

Ref: EMG

 မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦကဏ္ဍတွင် တရုတ်နှင့် ထိုင်းလုပ်ငန်းများနှင့်အပြိုင် ဂျပန်နှင့် ဥရောပလုပ်ငန်းအချို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်

ရန်ကုန်မြို့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတစ်နေရာ
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ကဏ္ဍတွင် တရုတ်နှင့် ထိုင်းလုပ်ငန်းများနှင့်အပြိုင် ဂျပန်နှင့် ဥရောပလုပ်ငန်းအချို့ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပြီး မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံရေးအခြေ အနေတို့ကို စောင့်ကြည့်လျက်ရှိကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

''ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေပါ။ မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦအပိုင်းနဲ့ သယံဇာတအပိုင်းမှာ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နဲ့ထိုင်းတို့လိုပဲ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာတာပါ။ ကုန်ထုတ်လုပ်ငန်းနဲ့ စက်မှုလုပ်ငန်းတွေအပြင် လမ်းတံတား၊ စက်မှုဇုန်၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ အိုင်တီလုပ်ငန်း စတဲ့ အခြေခံ အဆောက်အဦဆိုင်ရာ လုပ်ငန်းတွေကို လုပ်လို့ရအောင် ပြင်ဆင်နေတာပါ။ အစိုးရအဖွဲ့နဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ မူဝါဒသဘောထားအပေါ် မူတည်ပါတယ်''ဟု နိုင်ငံခြားလုပ်ငန်းနှစ်ခု၏ မြန်မာ ပြည်ရုံးခွဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။ နိုင်ငံခြား လုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်နိုင်ရန်နှင့် ရုံးခွဲတာဝန်ခံ ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် စီးပွားရေး အကြံပေးလုပ်ငန်းများ၊ အိမ်ခြံမြေ ၀န် ဆောင်မှုလုပ်ငန်းများ၊ ရန်ကုန်မြို့ပေါ်ရှိ Residence များ၊ ဟိုတယ်များ လုပ်ငန်းကောင်းမွန်နေကြောင်း၊ ယခုဝင်ရောက်လာသော လုပ်ငန်းအများစုသည် ၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်များတွင် ၀င်ရောက်ခဲ့ဖူးသည့် လုပ်ငန်းများဖြစ်ကြောင်း သတင်းရရှိပါသည်။ 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အဓိက အားနည်းချက်တစ်ခုမှာ အခြေခံအဆောက်အဦ အရည်အသွေး မပြည့်မီခြင်းဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များနှင့် နိုင်ငံတကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ လုပ်ငန်းများက ဝေဖန်သုံးသပ် ထားသည်။   
 
Ref: EMG

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ စောင့်စားနေကြောင်း ဂျွန် မက်ကိန်း ပြော

အခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံကူးလက်မှတ် ရရှိထားပြီမို့ အမေရိကန် လွှတ်တော်ကနေ ကြိုဆိုရမယ့်နေ့ကို မိမိစောင့်စားနေပါကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက မနေ့က ပြောလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံကူးလက်မှတ်အတွက် ပြီးခဲ့တဲ့လက ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော်က ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်မယ် ဆိုတဲ့အခါ ဒီဆုကို ကိုယ်တိုင် လာရောက်လက်ခံဖို့ အမေရိကန်လွှတ်တော်က ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကို ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့ ဘယ်ရက် ရောက်ရှိမယ် ဆိုတာကိုတော့ မစ္စတာ ဂျွန် မက်ကိန်းက မပြောဆိုခဲ့ပါဘူး။

အာအက်ဖ်အေက ရရှိတဲ့ သတင်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လလယ်ကနေ လကုန်ပိုင်းအထိ ဥရောပကို သွားရောက်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို သြဂုတ်လထဲမှာ လာရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Ref: RFA

သေချာပေါက် မုန်တိုင်းဖြစ်မယ်၊ မြန်မာပြည် ၀င်မယ် မ၀င်မယ် မသိဟု ဦးထွန်းလွင် ပြော


ရာသီဥတု ပြောင်းလဲခြင်းသည် တစ်နှစ်နှင့်တစ်နှစ် ထူးခြားစွာ ပြောင်းလဲလာသည်ကို တွေ့ရှိ နေရသည်။ ရာသီဥတု ပြောင်းလဲမှု အခြေအနေအရ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နေပြီး အောက်ပိုင်း ဒေသများတွင် အပူချိန်လွန်ကဲမှုများ ဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြားသိရသည်။

၂၀၁၂ ၏ ရာသီဥတုနှင့် ပတ်သက်၍ ကြိုတင် ခန့်မှန်းချက်များအရလည်း ပြည်သူများ စိုးထိတ်နေကြရာ ရာသီဥတု အခြေအနေ အကြောင်း မှန်ကန်စွာ သိရှိနိုင်ရေးအတွက် မြန်မာ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်အား တွေ့ဆုံမေးမြန်းကာ တင်ပြလိုက်ပါသည်။

၂၀၁၂ ခုနှစ် မိုးကြိုကာလတွင် မုန်တိုင်း ဝင်ရောက်နိုင်မှု ရှိ၊ မရှိ သုံးသပ်ပေးပါ ဆရာ။

မိုးကြိုကာလမှာသေချာပေါက် မုန်တိုင်းဖြစ်မယ်၊ ဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည်ကို ဝင်မယ်၊ မဝင်မယ် တိကျတဲ့ ခန့်မှန်းချက်မရှိဘူး။

ဒါပေမဲ့ ဒီအချိန်က သတိထားရမယ့် အချိန်ဖြစ်တယ်။ ဘာကိုကိုးကားပြော ရမလဲဆိုတော့ စာရင်းအင်းနည်း ပညာထဲက အတိတ်က ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေကို ပြန်လည်လေ့လာတဲ့အခါ အရေးကြီးတဲ့အချက် ၂ ချက်ရှိတယ်။ ၁ အချက်က မေလမှာဖြစ် တဲ့မုန်တိုင်းတွေ အားလုံးက မြန်မာပြည်ကို မဝင်ကြဘူး။ တစ်နှစ်လုံးအပေါ် ရာခိုင်နှုန်းနဲ့ကြည့်ရင် ၆ ရာ ခိုင်နှုန်းရှိတယ်။ မေလမှာ ဝင်တဲ့ ခန့်မှန်းခြေက ၂၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိတယ်။ ၂ အချက်က မြန်မာပြည်အနေနဲ့ ပြန်ကြည့်ရင် ၁၈၇၇ ခုနှစ်ကစပြီး ၁၃၅ နှစ်အတွင်းမှာ မြန်မာပြည်ကို ဝင်ရောက်တဲ့ မုန်တိုင်း ၈၅ ကြိမ်ဝင်ဖူးတယ်။

၅၁ ရာခိုင်နှုန်းက မေလမှာ ဝင်တာများတဲ့အတွက် သတိထားရမယ်။ မိုးကြိုကာလဖြစ်တဲ့ မေလမှာ ဖြစ်နိုင်ခြေများတယ်ဆိုတော့ ထုတ်ပြန်ချက်ဘာတွေရှိပါသလဲ။ လက်ရှိ ယခုအချိန်ထိ ထုတ်ပြန်ခန့်မှန်းချက်က အခုထိဘာမှ မဖြစ်သေးဘူး။

အမေရိကန်ပြည် ထောင်စုထုတ်ပြန်ချက်က ဒီမေ ၂ ရက်အထိ ဘင်္ဂလားပင်လယ်အော် မှာ လောလောဆယ်မရှိ၊ ဖြစ်တော့ ဖြစ်မယ် ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေ ဆို ၂၀ဝ၆ ကနေ ၂၀၁၁ ထိ ၆ ကြိမ် ဆက်တိုက်ဖြစ်ခဲ့တယ်။

၂၀ဝ၆ က မာလာ၊ ၂၀ဝ၇က Akash ၊ ၂၀ဝ၈ က နာဂစ်၊ ၂၀ဝ၉ က Bijli ၊ ၂၀၁၀က Giri ၊ ၂၀၁၁ က 02B မုန်တိုင်း တွေဖြစ်ခဲ့တယ်။ Akash နဲ့ Bijli က တော့ အားပျော့တယ်။ အပျက်အစီး နည်းတယ်။ နှစ်တိုင်းဝင်တော့ ထူးခြားတယ်။ သမိုင်းမှာ မရှိတဲ့အတွက် မိုးလေဝသ ပညာရှင်တွေအနေနဲ့ ထူးခြားနေတယ်။လက်ရှိ မိုးလေဝ သအခြေအနေအရ မုန်တိုင်းဖြစ်ဖို့ မရှိသေးဘူး ပြောခဲ့ပေမယ့် အလားတူ မုတ်သုံဝင်ဖို့ အခြေအနေကလည်း မရှိသေးဘူး မုတ်သုံ နောက်ကျနေတယ်။

မုတ်သုံ နောက်ကျရင် ဘာတွေဆက်ဖြစ်နိုင်လဲ။

မုတ်သုံက ၁၉၈၀ နောက်ပိုင်းထဲက နောက်ကျနေတာ။ မုတ်သုံ နောက်ကျတာက မုန်တိုင်းနဲ့ ဆက်စပ်နေတယ်။ မုတ်သုံအား မကောင်းတော့ အင်ဒိုနီးရှားကနေ ပါကစ္စတန်ထိသွားရမှာဆိုရင် အင်ဒိုနီးရှားအစထဲက အား ကုန်နေတယ်။ ဥပမာ ဗွက်နစ်နေတဲ့ ကားနဲ့တူတယ် မရုန်းနိုင်ရင် ရှေ့က ကားက ကူဆွဲပေးရမယ်။ ကူဆွဲတဲ့ အရာက မုန်တိုင်းပဲ မုတ်သုံအား နည်းတာကရှေ့ကို မတက်နိုင်ဘဲ မုန်တိုင်းကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။

မုန်တိုင်းတွေထဲမှာ လူကို အန္တရာယ်ပေးတဲ့ မုန်တိုင်းတွေက ဘယ်မုန်တိုင်းတွေလဲ၊ မုန်တိုင်းနဲ့ပတ်သက်ပြီး ပြည်သူတွေရော ဘာ တွေ သိသင့်သလဲ။
အန္တရာယ်ပေးတဲ့ မုန်တိုင်း ၃ မျိုးရှိတယ်။ လေတိုက်တာ၊ မိုးရွာ တာ၊ လေလှိုင်းတက်တာ လေတိုက တာက တစ်နာရီမိုင် ၄၀ကနေ မိုင် ၁၅၀ထိရှိတယ်။ နာဂစ်လိုပေါ့ မိုင် ၁၅၀ထိ တိုက်တာ ပြည်သူတွေက ဒီလေမုန်တိုင်းကို အဆင့် ၅ဆင့် ခွဲခြားသိရမယ်။

အနိမ့်ဆုံး အဆင့်က မုန်တိုင်းငယ်၊ အပူလိုင်းမုန်တိုင်း၊ ဆိုက်ကလုန်း၊ လေပိုပြင်းအား ကောင်းသော ဆိုက်ကလုန်း၊ နောက်ဆုံးအဆင့်က ဟာရီကိန်း သမျှ ပြင်းထန်သော ဆိုက်ကလုန်း မုန်တိုင်းတွေပဲ။ နောက်တစ်ခု မုန်တိုင်းမိုးရွာတာ၊ မုန်တိုင်းမိုးကလဲ ပြင်းထန်တာပဲ။

သာဓက ပြရရင် ၂၀၁၁ အောက်တိုဘာ ၁၉ မှာ မုန်တိုင်းအား မကောင်းဘဲနဲ့ ပခုက္ကူ ရွှေချောင်း မိုးများလို့ လူ ၂၀ဝ ကျော်သေရတာပဲ။ နောက်ဆုံး တစ် ခုကပင်လယ်ရေလှိုင်းပဲ၊ အဲဒါက နာဂစ်အတိုင်းပဲ မြစ်ဝကျွန်းပေါ် တွေ မှာ အခုအထိ ကူညီ ထောက်ပံ့မှုတွေ လုပ်နေတုန်းပဲ။

ဒီပင်လယ်ရေလှိုင်း တက်အောင် လုပ်တာကလည်း မုန်တိုင်းလေတိုက်နှုန်း မိုင် ၁၀ဝကျော် မှ ရေလှိုင်းတက်တာ ၃မျိုးလုံးအ ကာအကွယ်ယူရမှာပဲ၊ မုန်တိုင်းနဲ့ ပတ်သက်ပြီးရေတက်ရင် ပင်လယ်က ဒီရေဟာ ဗဟိုထားပြီးကြည့်ရင် ညာဘက်ခြမ်းပဲတက်တယ်။ ဘယ် ဘက်မတက်ဘူးဆိုတာလဲ သိသင့်တယ်။

မုန်တိုင်းသတိပေးချက် အမှတ်အသားတွေနဲ့ ပတ်သက်ပြီးလည်း ပြည်သူတွေ သိအောင် ပြောပြပေးပါ။

သိရမယ့်အချက်တွေက မုန်တိုင်းဖြစ်ပြီဆိုတာနဲ့ ထုတ်ပြန်တဲ့ဌာနရဲ့ တာဝန်ကနိုင်ငံတကာ အဖွဲ့အစည်းဖြစ်တော့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအကြိမ် ၁၀ဝ ဖြစ်မှ မြန်မာပြည်ကို ၆ ကြိမ် ပဲဝင်တယ်။ သတင်းထုတ်တိုင်း ကိုယ့်ကို အန္တရာယ်ပေး၊ မပေးသိရမယ်၊ မုန်တိုင်းဖြစ်တိုင်း ကြောက်စရာမလိုဘူး။

ဥပမာ မြန်မာပြည်ကို မဝင်ဘူး ဆိုရင် သတင်းအနေနဲ့ ထုတ်ပြန်တဲ့အခါမှာမိုးလေဝသ ဌာနက နာဂစ်ပြီး နောက်မှာအ ရောင်တွေနဲ့ ထုတ်ပြန်တယ်။ မုန်တိုင်း မြန်မာ ပြည်ကို မလာရင် အဝါရောင်၊ မြန်မာပြည်ကိုလာ နေပြီဆိုရင် လိမ္မော်ရောင်၊ မြန်မာ ပြည်ကို ၁၂ နာရီအတွင်း ဖြတ်မယ်ဆိုရင် အနီရောင်၊ မြန်မာပြည်ကို ဖြတ်နေပြီ ဆိုရင် အညိုရောင်၊ အေး ဆေးဖြစ်သွားပြီဆိုရင် အစိမ်းရောင်ဆိုတာ သိဖို့လိုပါတယ်။

အရောင် ကိုသိလိုက်ရလို့ ဒီမုန်တိုင်းဟာ ကိုယ့် အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အရောင်ကြည့်ရုံဖြင့် မသိနိုင်ပါဘူး။ မုန်တိုင်းသတိပေး ချက်ကို နားထောင်ရမယ်။ ဥပမာ ဘင်္ဂလားဒေ့ရှ်ဝင်မယ်၊ ဘင်္ဂလား ဒေ့ရှ်နဲ့ ရခိုင်အစပ်ဝင်မယ်၊ ရခိုင် မြောက်ပိုင်း ဝင်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသက လူတွေထိ ခိုက်မယ်ဆိုတာသိရမယ်။ မုန်တိုင်း ဖြစ်တိုင်း ကိုယ့်ဆီလာနေပြီဆိုပြီး ကြောက်စရာမလိုပါဘူး။

မုန်တိုင်း ဖြစ်မယ့် အရပ်ကိုသိပြီဆိုရင်တော့ ကြိုတင်ပြင်ဆင်မှု လုပ်ထားဖို့လို ပါတယ်။ မုန်တိုင်းဝင်ရောက်တဲ့ လတွေ ကိုရော သိချင်ပါတယ်။ မြန်မာပြည်မှာ ၁၂ လ ရှိပေမယ့် ၁၂ လလုံးမဝင်ပါဘူး၊ အဓိက ၂ ကြိမ် ဝင်တယ်။ မုတ်သုံမဝင်မီ မိုးကြို ကာလ ဧပြီ ၁၅ ရက်ကနေ မေလ ကုန်ထိ နောက်တစ်ခုက မိုးရာသီ ကုန်ပြီးမှ (မိုးကြို၊ မိုးလယ်၊ မိုးနှောင်း) မိုးလွန်ကာလမှာ ဝင်တယ်။

အောက်တိုဘာကနေ ဒီဇင်ဘာအထိ ယူလို့ ရတယ်။ မိုးကြိုကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းက ၅၁ ရာခိုင် နှုန်းရှိပြီး မိုးလွန်ကာလမှာ ၄၉ ရာခိုင်နှုန်းထိ ရှိတယ်။

အခုလို မိုးကြိုကာလ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူတွေကိုယ်စား သိလိုသမျှ မေးမြန်းချက်ကို ဖြေကြားပေးတဲ့အ တွက်ကျေးဇူးအထူးတင်ရှိပါတယ်။

ငြိမ်းငြိမ်း၊ ကျင်ဇာ

Ref: မောက္ခ

ဖြိုးဝေအောင် သေဒဏ်ချခံရမှု ကုလ အထူးကိုယ်စားလှယ် ပြစ်တင်

၂၀၁၀ ခုနှစ်တုန်းက ရန်ကုန်သင်္ကြန်ဗုံးခွဲမှုနဲ့ဆက်စပ်ပြီး သင်္ကာမကင်းဖမ်းဆီးခံထားရသူ ဖြိုးဝေအောင် သေ ဒဏ် အပြစ်ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် မြန်မာနိုင်ငံတွင်း တရားစီရင်ရေးပိုင်းကို အရေးတကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီဆိုတာ ပြသ လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ပြောပါ တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို မမေ့ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ထားခံရတဲ့ ဖြိုးဝေအောင်ရဲ့အမှုကို တရားစီရင်ရာမှာ လွတ်လပ်မှု၊ ပွင့်လင်းမှု မရှိသလို တရားခံဘက်က ချေပပြောဆိုနိုင်တဲ့ အခွင့်အလမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေက ပြောပါတယ်။ ဖြိုးဝေအောင်အမှုကို နှစ်နှစ်ကြာ အင်းစိန်အကျဉ်းထောင် အတွင်းမှာပဲ စစ်ဆေးခဲ့တာပါ။ ဖြိုးဝေအောင်ကို အခု သေဒဏ်ချမှတ် လိုက်တာကိုကြည့်မယ် ဆိုရင် မြန်မာနိုင်ငံ တရားရေးစနစ်ရဲ့ လိုအပ်ချက်တွေကို တွေ့ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနားက ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း တရားဥပဒေပိုင်းဆိုင်ရာနဲ့ တရားစီရင်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ အရေးတကြီး ဆောင်ရွက်ဖို့ လိုနေပြီဆိုတာကို အခိုင်အမာပြလိုက်တဲ့ ဖြစ်ရပ်ပါပဲ။ တရားစီရင်ရေးပိုင်း ဆိုင်ရာမှာ လွတ်လပ်မှုမရှိဘူး၊ လူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာ ကိုလည်း ပြသလိုက်တာပါ။”

သေဒဏ်ပြစ်ဒဏ်ကို နိုင်ငံအတော်များများမှာ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတကာဥပဒေအရ ဆိုရင်လည်း သေဒဏ်ပြစ်ဒဏ်ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာတော့ သေဒဏ်ပြစ်ဒဏ်ရှိပေမယ့် တကယ်တမ်း သေဒဏ် လက်တွေ့အပြစ်ပေးတာမျိုး ၁၉၈၈ ကစပြီး စစ်အစိုးရလက်ထက်တွေမှာ မလုပ်ခဲ့ ပါဘူး။ အခု ဖြိုးဝေအောင်အမှုကို တရားစစ်ဆေးရာမှာ ပြီးပြည့်စုံမှုမရှိဘဲ တရားရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိတဲ့အကြောင်း အာရှ လူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကလည်း ပြောပါတယ်။

"၂ နှစ်ကြာ စစ်ဆေးစီရင်မှုတွေလုပ်တဲ့အခါမှာ- တရားသူကြီးလေးဦးပေါ့နော်၊ အခုနောက်ဆုံး ဦးအောင်သိန်း လက်ထက်မှာဆိုရင် တရားသူကြီးလေးဦးမြောက်ဖြစ်တယ်၊ ဦးအောင်သိန်း ကတော့ ပြန်ခေါ်သက်သေတွေ စစ်ဆေးတဲ့အဆင့်မှာမှ ရောက်လာတဲ့တရားသူကြီးဖြစ်တယ်။ ထိုနည်းတူစွာပဲ တရားသူကြီးလေးဦးပြောင်းသလို ဥပဒေအရာရှိကလည်း ငါးဦးတိတိပြောင်းခဲ့တယ်လို့ ကျနော်တို့ မှတ်တမ်းတွေအရ သိရတယ်။ အမှုကို လိုက်ပါဆောင်ရွက်တဲ့ နိုင်ငံတော်ဘက်က တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေက ဒီအမှုကို ကြေကြေညက်ညက် အစအဆုံးသိထားခြင်းမရှိဘဲနဲ့ အခုလိုမျိုး စစ်ဆေးစီရင် ဆုံးဖြတ်ခြင်းပြုတယ်လို့ ကျနော်တို့အနေနဲ့ ပြောလို့ရတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးစနစ်မှာ လုံးဝအားနည်းနေတဲ့ အားနည်းချက်တခု ကို ထောက်ပြ လိုက်သလို ဖြစ်နေတယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။"

ဖြိုးဝေအောင်ရဲ့ ကျန်းမာရေးအခြေအနေစိုးရိမ်ရတယ်ဆိုတဲ့ သတင်းအချက်အလက်ကြောင့် မစ္စတာ ကင်တာနား အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဒီ ကျန်းမာရေးကိစ္စ အပေါ် မေးမြန်းဆွေးနွေး ထားတယ် လို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို နိုင်ငံတကာ က မေ့ပျောက်နေကြတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

“ခေါင်းဆောင်ပိုင်းတွေနဲ့ အဓိကအရေးပါသူတွေရဲ့ အခု မြန်မာ့အရေး ဆွေးနွေး တိုင်ပင်ပြောဆိုကြရာ မှာ နိုင်ငံရေးအကျဉ်းသားကိစ္စ မတွေ့ရတော့တာကို ကျနော် အင်မတန် စိုးရိမ်မိပါတယ်။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ အရေးပါမှုကို မြန်မာအစိုးရတင် မကဘူး၊ နိုင်ငံတကာ ကပါ ဘေးဖယ်ထားနေကြပါတယ်။ တကယ်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ကျန်ရှိနေသေးတဲ့ကိစ္စကို ဝေဖန်ပြောဆိုကြစေချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နှစ်နိုင်ငံချင်း ကိစ္စရပ်ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြတဲ့ ကိစ္စမှာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားကိစ္စဟာ အရေးတကြီး ပါဝင်ဆွေးနွေး သင့်ပါတယ်။ ဒါကြောင့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မမေ့ကျဖို့ မြန်မာအစိုးရ အပြင် နိုင်ငံ တကာကိုပါ တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံတွင်း ဗုံးခွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေအပါအ၀င် နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အမှုတွေကို တရားစီရင် ရာမှာ လွတ်လပ်မှုမရှိသလို ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘဲ တရားစီရင်မှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့် အရေးလှုပ်ရှားသူတွေက အရင်ကတည်းက ဝေဖန်ခဲ့တာပါ။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဗုံးကွဲမှုတွေဖြစ် တိုင်းလည်း အတိုက်အခံ လက်နက်ကိုင်တွေလက်ချက်လို့ အာဏာပိုင်တွေက ပြောပေမယ့် စွပ်စွဲခံရသူတွေ ကလည်း ဒါကို ငြင်းဆိုလေ့ရှိတတ်ပါတယ်။ ဒီအပေါ်မှာ မျှတတဲ့တရားစီရင်မှု၊ လွတ်လပ်ပွင့်လင်းတဲ့ တရား စီရင်မှု မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း တဘက်မှာ ဝေဖန်နေကြပါတယ်ခင်ဗျာ။

Ref: VOA

ဒေါ်အောင်ဆန်းစုကြည်ကို Passport ထုတ်ပေးလိုက်တာကို အမေရိကန် ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်-Pass Port စာအုပ် ထုတ်ပေးလိုက်ပြီမို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်တွေ ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့ရတဲ့အပေါ်မှာ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ဘယ်လို ၀မ်းသာကြိုဆိုခဲ့ကြတဲ့ အကြောင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတွက် ခရီးသွားလက်မှတ် ပက်စ်ပို့စ်စာအုပ်ကို ပြည်ထဲရေးဝန်ကြီးဌာနက ရန်ကုန်မြို့မှာ အင်္ဂါနေ့က ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။ ဒါဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ ဥရောပကို သွားဖို့စီစဉ်နေတဲ့ ခရီးစဉ်အတွက် အဆင်ပြေသွားစေတာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ပက်စ်ပို့စ် စာအုပ် ရသွားတဲ့အတွက် ၀မ်းသာတဲ့အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေ က ပြောဆိုကြပါတယ်။

အခုကိစ္စက မြန်မာ့နိုင်ငံရေးမှာ တိုးတက်လာတာကို ဖော်ပြတယ်လို့ ၂၀၀၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ ဒီမိုကဂရက်ပါတီ သမ္မတလောင်းနေရာကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ လက်ရှိ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Massachusetts ပြည်နယ် အထက်လွှတ်တော်အမတ် John Kerry က ပြောပါတယ်။

“ဒီမိုကရေစီ လမ်းခရီးမှာ လူထုကို ဦးဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ တာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတာကိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ပါ။ ခေတ်သစ် ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှု ဖြစ်ရပ်တွေထဲက အကောင်းဆုံး ဖြစ်ရပ်တခု ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအတော်များများအတွက် သူရဲကောင်းတယောက်ပါ။ ပိတ်ဆို့ ဒဏ်ခတ်မှုတချို့ နဲ့ ပတ်သက်ပြီး ပြန်လည် စမ်းစစ်မှုတွေလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားလာနိုင်အောင် ပက်စ်ပို့စ်ထုတ်ပေးတာက နောက်ထပ် တိုးတက်မှု ခြေလှမ်းတရပ်ပါပဲ။ ကျနော်တို့ အတော်များများကို လှုံ့ဆော်လိုက်တဲ့ တိုးတက်မှုတခုပါပဲ။”

လွန်ခဲ့တဲ့ ၁၅ နှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာ နောက်ဆုံးဖြစ်သလို ခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုမှာသာ ပြန်လည် တွေ့ဆုံခွင့်ရမယ်ဆိုရင် အတိုင်းထက် အလွန် သူ ၀မ်းသာမိမှာဖြစ်တယ်လို့လည်း မစ္စတာ ကယ်ရီက ပြောပါတယ်။

မြန်မာ့အရေးမှာ ရှေ့တန်းကနေ အားပေးထောက်ခံနေသူ တစ်ဦးဖြစ်ပြီး ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ ရီပတ်ဘလီကဲန် ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ အယ်ရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် John McCain ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုမှာ တွေ့ခွင့်ရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
“သူ ပတ်စ်ပို့စ် ရသွားတဲ့အတွက် ကျနော် အရမ်း ၀မ်းသာပါတယ်။ ကွန်ဂရက်စ်လွှတ်တော်မှာ သူ့ကို နှုတ်ဆက် တွေ့ဆုံခွင့်ရမယ့်နေ့ကို ကျနော် မျှော်လင့်နေပါတယ်။ ကွန်ဂရက်စ်လွှတ်တော်က သူ့ကို ရွှေတံဆိပ်ဆု ပေးအပ်ထားတာပါ။ အခု ဒီဆုကို သူကိုယ်တိုင်ရဲ့ လက်ထဲကို ပေးအပ်ခွင့်ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူ့အတွက် ကျနော်တို့ အရမ်းဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက တိုးတက်ပြောင်းလဲမှုတွေ ရှေ့ဆက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို လုံးဝ ရုပ်သိမ်းလိုက်တာမျိုး မလုပ်ဘဲ ယာယီ ရုပ်သိမ်း မှုတွေနဲ့ မြန်မာနိုင်ငံတွင်း အပြောင်းအလဲဖြစ်အောင် ရှေ့ဆက်တွန်းအားပေးသွားရမယ်လို့လည်း မစ္စတာ မက်ကိန်းက ပြောပါတယ်။ ဒီနှစ်အစောပိုင်းက မစ္စတာ မက်ကိန်းနဲ့အတူ မြန်မာနိုင်ငံကို အတူ လိုက်ပါ သွားခဲ့တဲ့ နယူးဟမ်းရှားပြည်နယ် ရီပတ်ဘလီကဲန် အထက်လွှတ်တော်အမတ် Kelly Ayotte ကလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုနဲ့အတူ မြန်မာနိုင်ငံက နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေဟာ အားရစရာဖြစ်တဲ့ အကြောင်း ပြောပါတယ်။

“ကျမ ဘ၀တလျှောက် တွေ့ဖူးသမျှ လေးစားအားအကျဆုံး ပုဂ္ဂိုလ်တွေထဲက တဦးပါ။ အခု သူ ပတ်စ်ပို့စ် စာအုပ်ရသွားပြီ ဆိုတော့ ကျမ အရမ်း ၀မ်းသာပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်နေ တာကို ကျမတို့တွေ့နေရတာကတော့ အသေအချာပါပဲ။ ဒီထက်ပိုပြီး ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ မကြာသေးခင်က ရွေးကောက်ပွဲနဲ့ ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံရတာ ကို တွေ့ရတာ တကယ့်ကို အားတက်စရာပါ။ နောက်ထပ် တိုးတက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်သလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပေးဖို့မှာ ဒီတိုးတက်မှုတွေက ဘယ်လောက်အရေးပါသလဲ ဆိုတာကို သူတို့တွေ နားလည်အောင်လုပ်ဖို့ ကျမတို့ဘက်ကလည်း နိုးနိုးကြားကြား ဆောင်ရွက်ကြရမှာပါ။ ဒါပေမဲ့ လက်ရှိ အပြောင်းအလဲတွေကတော့ အားတက်စရာ အင်မတန် ကောင်းပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့လထဲမှာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ဖို့ ပြင်ဆင်နေတာဖြစ်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့စဉ် ကုလသမဂ္ဂဌာနချုပ်မှာ လာရောက် မိန့်ခွန်း ပြောကြားဖို့ ဖိတ်ခေါ်ချက် ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားတာ ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်ကတော့ သက်တမ်း ၃ နှစ် ဖြစ်ပါတယ် ရှင်။

Ref: VOA

Tuesday, 8 May 2012

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင်တော့မည်


K_bankထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် မြန်မာနိုင်ငံသို့ တရားဝင် ဘဏ်မှ တဆင့် ငွေလွှဲနိုင်တော့မည်ဖြစ်သည်။ 

ဤသို့ ငွေလွှဲ နိုင်ရန်အတွက် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (AGD) နှင့် ထိုင်းနိုင်ငံ K-Bank (Kasikorn Bank) တို့သည် ယနေ့ သဘောတူ လက်မှတ်ထိုး လိုက်ပြီးဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများသည်၊ တရားမ၀င် ခိုးဝင်ပြီး အလုပ်လုပ်ကိုင် ခဲ့သည့်အတွက် တရားဝင် ငွေလွှဲနိုင်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ရှိခဲ့သည်ဟု ခန့်မှန်းကြပါသည်။ နှစ်စဉ် ဘတ်ငွေ ဘီလီယံချီပြီး တရားမ၀င် နည်းဖြင့် ငွေလွှဲခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။

ဤပြသနာကို ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားများကို တရားမ၀င် အလုပ်သမားဘ၀မှသည် တရားဝင်အလုပ် သမားများအဖြစ် မှတ်ပုံတင် ပတ်စပို့လုပ်စေပြီး ဖြေရှင်းလိုက်ပါသည်။ ဤသို့ကြောင့် တရားဝင်လာသော မြန်မာအလုပ် သ မားများအတွက် ယခုကဲ့သို့ တရားဝင်ငွေလွှဲမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
AGD_bankတရားဝင် ငွေလဲနှုန်းကို မြန်မာနိုင်ငံ ဗဟိုက သတ်မှတ်နိုင်ပြီးနောက်ပိုင်း တရားဝင် ငွေလွှဲမှုများလည်း အဆင်ပြေလာမည်ဖြစ် ပါသည်။ ယနေ့ မေလ ၈ ရက်နေ့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ သတ်မှတ်သော ရည်ညွှန်း နိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate  မှာ အမေရိကန် တစ်ဒေါ်လာ လျှင်မြန်မာငွေ  ၈၂၅  ကျပ် သတ်မှတ် ကြောင်း သိရပါသည်။ ထို့အပြင် Cross Exchange Rate  အရ တစ်ယူရို လျှင် ၁၀၇၅.၅  ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာ လျှင် ၆၆၁.၄၀ ကျပ်၊ စတာလင်ပေါင် တစ်ပေါင် လျှင် ၁၃၃၅.၃ ကျပ်၊ တရုတ်ယွမ် တစ်ယွမ် လျှင် ၁၃၀.၈၂ ကျပ်၊ အိနိ္ဒယရူပီး တစ်ရူပီး လျှင် ၁၅.၆၂၉ ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင်၂၆၉.၉၂ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် လျှင်၂၆.၆၂၁ ကျပ်နှင့် ဂျပန် ယန်း တစ်ရာ လျှင် ၁၀၃၀.၈ကျပ် သတ်မှတ်ပါသည်။

Ref: ရွှေဟင်္သာ

ကားဝယ်ခွင့် ဖွင့်ပေးလိုက်၍ ကားဈေးထိုးကျ

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်အထက် ကားများကို လူတိုင်း တင်သွင်းခွင့်ပြုကြောင်း တရားဝင် ကြေညာလိုက်ရာ ကားဈေးနှုန်းများ ကျပ်သိန်းရာချီ ထိုးကျသွားပြီး ကားဈေးကွက် အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
၂၀၁၁ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် တက္ကစီအဟောင်းတစီးကို ကားသစ်ဝယ်ရေး ပါမစ်နှင့် လဲလှယ်ရန် တွန်းသွားနေကြသူများ (ဓာတ်ပုံ - Reuters)

နေပြည်တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ကားအရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်အထိ စီစဉ်ရန် သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ 
 နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည် ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ (ခရီးသည်တင် ဘတ်စ်ကားများမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောသည်။

ယင်းကြေညာချက်ကြောင့် ကားဈေးကွက် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကားပွဲစားများထံမှ သိရှိရသည်။
“အရင်တုန်းက ကားပါမစ်ရှိမှ ကားသွင်းလို့ရတာလေ။ ကားပါမစ်ကလည်း တစောင်ကို အနည်းဆုံး သိန်း ၁၅၀ ရှိတယ်။ အခု ကားပါမစ် မလိုတော့ဘူးဆိုတော့ ကားဈေးတွေက အနည်းဆုံး သိန်း ၁၅၀ ကနေ သိန်းရာချီကို ထိုးကျကုန်တာ” ဟု ဟံသာဝတီကားပွဲဝင်းမှ ကားပွဲစားတဦးက ပြောသည်။
အငှားယာဉ် တက္ကစီများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ကားများကို ဘယ်မောင်းရော၊ ညာမောင်းပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ စစ်ဆေးထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားများ အသစ်တင်သွင်းလိုလျှင်လည်း ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ဘတ်စ်ကား ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“အငှားကားဆိုရင်တော့ သတ်မှတ်ထားတဲ့ အရောင်တင်သွင်းရမယ် ဆိုတာမျိုးတော့ရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတွေဆီမှာ အငှားကား လုပ်ကိုင်ချင်ပါတယ်ဆိုပြီး လျှောက်ထားပြီး တင်သွင်းခွင့်ရမယ်။ ဘတ်စ်ကားတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ကုမ္ပဏီဖွဲ့ပြီး သွင်းချင်တယ်ဆိုရင်လည်း သွင်းခွင့်ပြုမယ်” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။

ဤသို့ ကားလွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်သောကြောင့် ကားဈေးကွက်တွင် ကားဝယ်ရောင်း လုပ်ကိုင်နေသော ကား Show Room များနှင့် ကုမ္ပဏီများ သိန်းထောင်သောင်းချီ အရှုံးပေါ်သွားကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

“ကားသွင်းတဲ့ကုမ္ပဏီတွေက အရှုံးပေါ်တာပေါ့။ အဓိက ထိခိုက်တာက ကားသွင်းတဲ့ကုမ္ပဏီတွေနဲ့ ကား Show Room တွေပေါ့။ သူတို့က ကားပါမစ်တွေဝယ်ပြီး ကားတွေသွင်းကြတာမျိုး ရှိပြီးတော့ လက်ထဲမှာ ကားစီးရေ တော်တော်များများ ထားကြတာ။ ကားစီးရေ လက်ထဲမှာ များများရှိတဲ့သူက ပိုရှုံးလေပဲ” ဟု ကားတင်သွင်းနေသော စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

သိန်း ၁၅၀ ဈေးပေါက်ထားသောကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိ ဈေးကျသွားသဖြင့် သင်္ဘောသားများအတွက် ချပေးသော ကားသွင်းခွင့်ပါမစ်မှာ ကျပ် ၅ သိန်းသာ ဈေးရှိတော့ကြောင်း ပြည်တွင်းမှ 7 Day သတင်းဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
ယင်းသို့ အစိုးရက ကားတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်သော်လည်း ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်နိုင်မှုနှင့် လမ်းများ ကျပ်လာမည့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မည်သို့ဖြစ်စေကာမူ ကားတင်သွင်းခွင့်ကို လူတိုင်းပေးအပ်လိုက်ခြင်းအပေါ် လုံးဝကြိုဆိုထောက်ခံကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သင့်တာ ကြာပြီ။ ဒီကိစ္စက နိုင်ငံတကာမှာ ကားဆိုတဲ့အရာက အင်မတန်မှ ဈေးပေါနေပေမယ့် မြန်မာနိုင်ငံမှာ ကားဟောင်းကိုတောင် ဈေးကြီးကြီးပေးနေရတာပဲ။ ကြိုဆိုရမယ့်ကိစ္စပဲ။ 

ကားတွေသွင်းတာများလာလို့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့လိုမှာပေါ့။ 
 ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုရင်တော့ ဈေးကွက်ကို ဖွင့်ရမှာပဲ။ ကြိုဆိုတယ်” ဟု ဦးမော်သန်းက ဆိုသည်။လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးလိုက်သည့်အတွက် ယခင်ကားပါမစ် လက်ဝယ်ရှိသူ၊ ဝယ်ယူထားသူများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခုလည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်များမှစ၍ မော်ဒယ်နိမ့် ကားများကို နယ်နှင်ခြင်း၊ ကားဟောင်းများကို ပြန်အပ်စေပြီး ကားသစ်ဝယ်ရန် ပါမစ်ထုတ်ပေးခြင်း၊ သတ်မှတ် နိုင်ငံခြားငွေကြေး ရှိသူများကို ကားတင်သွင်းခွင့်ပြုခြင်းများ အစိုးရက ပြုလုပ်ခဲ့သည်။

အစိုးရက လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်းသည် မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်သောလုပ်ရပ်တခုအဖြစ်လည်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရှုမြင်ကြသည်။

“အစိုးရက ငွေလဲနှုန်းကိုလည်း အခုတော်တော်ငြိမ်အောင် ထိန်းထားနိုင်လာပြီ။ တဖြည်းဖြည်းနဲ့ ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဒါက စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အင်မတန်မှ ကောင်းပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ ဗဟိုအလုပ်မှုဆောင်တဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ ရုပ်သိမ်းပေးခဲ့သည်။

Ref: ဧရာဝတီ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes