တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist) |
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၆) ကြိမ်တိုင်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တစ်ဖွဲ့မှာ ပါဝင်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း အဖွဲ့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း မနေ့မနက်က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့တောင်းဆိုချက်အရ စီစဉ်တာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်မှာ KIO နဲ့ အစိုးတပ်တွေကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ (၅) သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။
ပြည်တွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုကြောင်း အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။
Ref: RFA



17:22
Unknown
Posted in:
0 comments:
Post a Comment