Tuesday, 3 April 2012

ကင်းဝန် ပညာရေးအလှူတော် အောင်မြင်စွာပြီးဆုံး

ကင်းဝန်ဆိုသည်မှာ ဖျာပုံမြို့နယ်ထဲမှ ဝေးလံခေါင်သီသော၊ သွားလာရန် အလွန်ခက်ခဲသော၊ ပင်လယ်အ၀က ဆားလုပ်ခြင်း၊ တငှါလုပ်ခြင်းဖြင့် အသက်မွေးကြသည့် ရွာကလေးတရွာဖြစ်သည်။ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ရပ်ရွာအခြေအနေသည် ဆောက်တည်ရာမဲ့ ဖြစ်ခဲ့ရသည်။
 
နာဂစ်အလွန် ပြန်လည်ထူထောင်ဆဲကာလ ၂၀၀၉  ခုနှစ်မှာ ထိုရွာကလေးသို့ ထိုင်းမြန်မာလေဘေးကူညီရေး အသင်းမှ ဦးဆောင်ဆရာတော်တပါးဖြစ်သူ မိမိကိုယ်တိုင် သွားရောက်လေ့လာ ကြည့်ရှုပြီး ရပ်ရွာ ဆရာတော်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည် ၊ သွားရခြင်းရည်ရွယ်ချက်မှာ ထိုင်း နိုင်ငံအနှံ့အပြားရှိ ရွှေ့ပြောင်းမြန်မာပြည်သူပြည်သားများ၊ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ၊ ကျောင်းသားရဟန်းတော်များဖြင့် ဖွဲ့စည်းတည်ထောင် ကုသိုလ်ယူခဲ့ကြသော ထိုင်းမြန်မာလေဘေးကူညီရေး အသင်းသည် ထောက်ပံ့ရေးအလှူပစ္စည်းများ (ထိုကာလငွေကျေးတန်ဖိုးအရ ထိုင်းဘတ်ငွေ ၉  သန်းကျော်ဖိုး) နာဂစ်ဖြစ်ရာ ဒေသများသို့ ပြည်တွင်းမှ တိပိဋကဓရ ဆရာတော် ဦးဝံသပါလ၏ အကြီးအမှုးပြုမှုဖြင့် ဖြန့်ဝေလှူဒါန်းခဲ့သည်။ 

ထိုလုပ်ငန်းပြီးမြောက် အဆုံးရောက်၍ အသင်းတွင် လက်ကျန် ကျန်ရှိနေသော ဘဏ္ဍာငွေ ထိုင်းဘတ်ငွေ ၂ သိန်းအား အသင်းဝင် ရဟန်းတော်များ လူကြီးများ လူငယ်မောင်မယ်များမှ ရည်ရှည်အတွက် အထောက်အကူဖြစ်မည့် အလှူလုပ်လျှင် ပိုမိုသင့်တော်မည့်အကြောင်း ဆွေးနွေးတိုင်ပင် အဖြေရှာရင်း နာဂစ်ဒေသထဲက အလွန်ချို့တဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ခုခုကို လှူလျှင် သင့်တော်မည့်အကြောင်း စုပေါင်းဆွေးနွေးဆုံဖြတ်ခဲ့ကြသည်။ ထိုရည်ရွယ်ချက်ဖြင့် နာဂစ်ဒေသ ဖျာပုံ၊ ဒေးဒရဲ နယ်ထဲသို့ သွားရောက်လိုက်လံ ရှာဖွေခဲ့သည်။ 

ထိုအချိန်က ဖျာပုံမြို့နယ် သံဃာ့နာယက ဥက္ကဌဆရာတော်၏ လမ်းညွှန်ချက်အရ၊ ကင်းဝန်ရွာသည် အလွန်ဝေးခေါင်၍ အလှူရှင်လည်း အရောက်အပေါက်မရှိကြောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိသော်လည်း အလွန်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းရုံးကန်နေရကြောင်း မိန့်သည်။ သို့နှင့် ထိုကင်းဝန်ရွာကလေးကို စိတ်ဝင်စားခဲ့သည်။

အစ ပထမ ရည်ရွယ်ချက်မှာ ရွာကို ကိုယ်တိုင်လိုက်လံလေ့လာပြီး အမှန်လိုအပ်နေသောနေရာအတွက် ဘတ်ငွေ ၂ သိန်းဖြင့်ညီမျှသော အထောက်အပံ့တစ်ခုခုကို ပေးခဲ့ရန်သာဖြစ်သည်။ သို့သော် ရပ်ရွာ ဆရာတော်နှင့် ရပ်မိ ရပ်ဖများက ဒီအလှူငွေကိုလှူပြီး သူတို့ကို ပစ်မသွားစေလိုကြောင်း ဒီအလှူငွေကိုလည်း စီမန်ခန့်ခွဲဖို့ အားနည်းကြောင်း ထို့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးကို အမျှော်အမြင်ရှိရှိဖြင့် ရည်ရှည်ရပ်တည်သွားနိုင်အောင် ကြည့်ရှုပေးပါဟု လျောက်ထားခဲ့ကြသည်။ ထိုတောင်းပန်လျောက်ထားချက်အရ၊ ထိုနှစ် သင်္ကြန်းအားလပ်ရက်အတွင်း ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဆေး ၂ မှ အင်္ဂလိပ်စာကထိက ဒေါ်တင်မေ၀င်းဦးဆောင်ပြီး ထောက်ပံ့ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုင်းနိုင်ငံပြန်ရောက်အပြီး အသင်းဝင်များဖြင့်ဆွေးနွေး၍ (၅) နှစ်စီမံကိန်းဖြင့် ထောက်ပံ့ရန် စုပေါင်းဆုံဖြတ်ခဲ့ကြသည်။  

ဘဏ္ဍာငွေ ရှာဖွေရေး ထိန်းသိမ်းရေး ထောက်ပံ့ရေး အစီအစဉ်များဆွေးနွေးအပြီး ထိုနှစ် ၂၀၀၉  ခုနှစ် ပညာသင်နှစ်မှ စတင်ထောက်ပံ့ခဲ့သည်။ ယခင်က ဘုန်းတော်ကြီးတစ်ပါးတည်းမှ အတန်းအသီးသီးရှိ ကျောင်းသား ၁၅၀ အား သင်ပေးနေရသည်ဟုဆိုသည်၊ ထို့ကြောင့် ကျောင်းဆရာ  ဆရာမ (၅) ယောက်ကို အသင်းမှ ငှါးပေးခြင်း၊ ဆရာ ဆရာမများ ရွာတွင် အချိန်ပြည့်နေထိုင်နိုင်ရန် စီစဉ်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ  ကျောင်းသားအားလုံး အခမဲ့ပညာသင်နိုင်ရန် စီပေးခြင်း၊ ကျောင်းသားများအတွက် အဟာရနှင့် ကျောင်းဝတ်စုံ၊ မိုးတွင်း မိုးကာအင်္ကျီ ထီး ဖိနပ်စသော လိုအပ်ရာရာများကို အင်တိုက်အားတိုက် ထောက်ပံ့ခဲ့ကြသည်။ လိုအပ်ချက်အရ ကျောင်းသားဦးရေ အလွန်တိုးပွားလာသည့်အတွက် ကျောင်းဆောင်သစ်နှင့် နောင်မှာ ပညာရေး ခိုင်မာအောင် အစိုးရကျောင်းဖြစ်မြောက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ရက်ရှည်ကျောင်းပိတ်ရက်များတွင် ရွာမှ ဆရာ ဆရာမများအား ရန်ကုန်သို့ခေါ်ယူ၍ အင်္ဂလိပ်စာ ကွန်ပျူတာစသည့်မွန်းမံသင်တန်းပေးခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာဖြစ်သင်တန်းများ တက်ရောက်စေခြင်းဖြင့် ဆရာ ဆရာများ၏ အသိပညာ ၀မ်းစာကို ဖြည့်တင်းပေးခဲ့သည်။ ရန်ကုန်ကော်မတီသည် လုပ်ငန်းစဉ်အားလုံး မျက်ချည်မပြတ်အောင် မအားလတ်သည့်ကြားမှ အခါအားလျော်စွာ ရွာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုကြရသည်။

ရည်မှန်းချက်အားလုံး အောင်မြင် အထမြောက်ခဲ့သည်။ (၅) နှစ် သတ်မှတ်ခဲ့ကြသော်လည်း (၃) နှစ်ဖြင့် အောင်မြင် အထမြောက် ပန်းတိုင်ရောက်ခဲ့သည်။ ရန်ကုန်ကော်မတီသည် ထိုကိစ္စအ၀၀ အတွက် အချိန်အား ငွေအား လူအားဖြင့် တိတိပပ ပြည့်ပြည့်၀၀ ကြိုးပန်းခဲ့ကြသည်။ နောင်တွင် ထိုင်းနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု ကြောင့် ထိုင်းရှိ အလှူရှင်များဘက်မှ အခက်အခဲတွေရှိခဲ့သည်။ ထိုင်းရေဘေးကာလတွင် ထောက်ပံ့ရေး အစီးအစဉ် ရပ်ဆိုင်းရလုမတတ် ဖြစ်ခဲ့သည်။ နိုင်ငံတကာမှ မိတ်ဆွေများ၊ အထူးသဖြင့် ကိုးရီးယားနိုင်ငံရောက် မခင်ချိုနှင့် မိတ်ဆွေများ၏ အလှူကြောင့် အိမ်မက်ဆိုးမှ ပြန်လည် နိုးထနိုင်ခဲ့ကြသည်။ ထိုကာလများအတွင်း ရန်ကုန်ကော်မတီသည် ကိုယ်တိုင်လှူ ကိုယ်တိုင်အလှူရှင်ရှာရခြင်းဖြင့် ဤပညာရေးအလှူ အထမြောက်ရေးအတွက် ပိုမိုအားစိုက် ဆောင်ရွက်ခဲ့ကြရသည်။ 

ထိုင်းမှ အလှူရှင်အားလုံး၏ကိုယ်စား ရွာမှ ဆရာတော်၊ လူကြီးသူမ၊ ရပ်မိရပ်ဖ၊ ခလေးမိဘ များနှင့် ကျောင်းသူ ကျောင်းသားများရဲ့ ကိုယ်စား၊ နိုင်ငံတကာမှ အလှူရှင်များရဲ့ကိုယ်စား၊ ရန်ကုန်ကော်မတီအတွက် ရင်မှ ညီမျှသော ကျေးဇူးတင်စကားကို ရှာမရအောင် ဖြစ်ရသည်။

သို့သော် မညီမျှသော်လည်း ရသေ့စိတ်ဖြေ စကားတစ်လုံးဖြင့်သာ ဖေါ်ပြရန်သာရှိပေတော့သည်။ ကျေးဇူး အထူးတင်ပါသည် ရန်ကုန်ကော်မတီ။ ကျေးဇူးအထူးတင်ပါသည် ရန်ကုန်အလှူရှင်။ ကျေးဇူး အထူးတင်ပါသည် ထိုင်းကော်မတီ ထိုင်းအလှူရှင်။  ကျေးဇူးအထူးတင်ပါသည် ရွာကော်မတီ။ ကျေးဇူးအထူးတင်ပါသည် နိုင်ငံတကာ အလှူရှင်။ 

အကယ်ဒမီည အကယ်ဒမီရသူတစ်ယောက် ၀မ်းသာလွန်းလို့ မျက်ရည်ပေါက်ပေါက်ကျပြီး ဘယ်သူ့ကို အရင်ကျေးဇူးတင်စကားပြောရမည်မှန်းမသိ၊ ဘယ်သူ့နာမည်တွေ ကျန်ရစ်ခဲ့မှန်းမသိအဖြစ်မျိုး  ကြုံမှာလည်းစိုးသည်။ ကင်းဝန်းပညာရေးအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို၊ ကျေးဇူး အထူးတင်ပါသည်။ အမှန်ပင် အကျွနု်ပ်တို့၏ ပညာရေးအလှူတော်လုပ်ငန်း အောင်မြင်စွာအဆုံးသတ်နိုင် ခဲ့ပေပြီ။

( အကျွနု်ပ်၏ တသီးပုဂ္ဂလ ခံစားမှုမှာမူ ဤပညာရေးအလှူအတွင်း ကိုယ်တိုင်ပြုခဲ့ရသော ကုသိုလ်အဖို့ကို သတ္တ၀ါအားလုံးအား အကျွနု်ပ်နည်းတူ အကျွနု်ပ်ကုသိုလ်ကိုရစေကြောင်း မျှဝေပေးလိုသည်။ အမျှဝေပေးပါသည်။ 
အထူးအားဖြင့် ထိုနှစ် ၂၀၀၉  ခုနှစ် ရွာနှင့် ရန်ကုန်ကြား ပြေးလွှားနေရသောကာလ ကျန်းမာရေး အသည်းအသန်ဖြစ်နေသည့် အဖွား အဖွားညွှန့်၏ နောက်ဆုံးဆွမ်းကပ်လိုသောဆန္ဒကို မဖြည့်ဆည်းပေးနိုင်ခဲ့တော့ပေ၊ နွေရာသီအလွန် ပညာသင် နှစ်အစအမှီ လုပ်ငန်းစနိုင်ရန် ဘန်ကောက်ကို အချိန်မှီ ပြန်ပြေးခဲ့ရသည်။ ထိုနှစ် မေလ ၂၈ ရက် အဖွား အဖွားညွန့်ဆုံးသည်။ တက္ကသိုလ်အစီးအစဉ်ဖြင့် တလ တရားစခန်းဝင်နေတဲ့ကာလမို့ တရားစခန်းပြီးမှ အကြောင်းကြားသည့် အီးမေးလ်ကိုဖတ်ရသည်။  ကုသိုလ်ဆန္ဒ မဖြည့်ဆည်းပေးလိုက်လေခြင်းဟူသော ခံစားမှုသည် ရင်တစ်ခုလုံး ဗလာဖြစ်စေခဲ့သည်။ အကျွနု်ပ်၏ ဤပညာရေးအလှူအတွင်း ပြုပြုခဲ့သမျှသော ကုသိုလ်သည် အဖွား အဖွားညွန့်အတွက်ဖြစ်ပါစေ။ အဖွား အဖွားညွန့်သို့ အမျှပေးဝေပါသည်။  အဖွား အဖွားညွန့် ရောက်ရာဘ၀ ကွန်းထောက်ရာမှ သာဓု သာဓု သာဓု ဟု ခေါ်ဆိုဝမ်းမြောက် ပိုမို ခရီးပေါက်နိုင်ပါစေ။ အမျှ အမျှ အမျှ ပါ အဖွားညွန့်....။)

ဦးဇောတိက 
(မဟာချူလာတက္ကသိုလ်)
Last Kingwun


Poem

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes