၂၇/၃/၁၂ ရက်နေ့၌ ပြည်ပရောက် မြန်မာ ကျောင်းသားများအဖွဲ့မှ ထိုင်းနိုင်ငံရှိ ဗန်ကောက် မြန်မာသံရုံးသို့ တပ်မတော်နေ့ဟု အစိုးရမှ သုံးနှုန်းရေးသားထားသည့်အစား ဖက်ဆစ်ဂျပန်များအား စတင်တော်လှန် တိုက်ခိုက်ခြင်းမှ စတင်ခဲ့၍ “တော်လှန်ရေးနေ့” ပြောင်းလဲ သုံးစွဲပေးပါရန် အဘောထားမှတ်ချက် ပြုထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်အား နေ့လည် ၁၁း ၃၀ ၌ စုဆည်းလူအင်အား အယောက် (၂၀) ခန့်နှင့် လာရောက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
“၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့မျိုးချစ် တပ်မတော်က ဂျပန်ကို စတင် တော်လှန်ခဲ့တဲ့နေ့၊ အဲဒီလို တော်လှန်ခဲ့တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တပ်မတော်သား ၃၀၀၀ ကျော်နဲ့အတူ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လူမျိုးစု ပြောက်ကျားအင်အား ၁၅၀၀၀ ကျော်နဲ့ စတင်တော်လှန်ခဲ့တဲ့ တော်လှန်ရေးနေ့ တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့က “တပ်မတော်”နေ့ ဆိုတဲ့ စကားလုံး အသုံးအနှုန်းအစား တော်လှန်ရေးနေ့လို့ ပြောင်းလဲ သုံးနှုန်းစေလိုတဲ့ ဆန္ဒ ရှိပါတယ်။ အိတ်ဖွင်းပေးစာမှာလဲ အဲဒီလိုပဲ ရေးသားထားပါတယ် ခင်ဗျ” ဟု ပြည်ပရောက် မြန်မာကျောင်းသားများအဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုမင်းထက်မှ ပြောသွားခဲ့သည်။
- နေပြည်တော်၌ ကျင်းပခဲ့သည့် (၆၇) နှစ်မြောက် တပ်မတော်နေ့ မြင်ကွင်းပုံ (ဓါတ်ပုံ AFP) |
ကနဦး အစ၌ တော်လှန်ရေးနေ့ သတ်မှတ်ရေးသား သုံးစွဲခဲ့သော်လည်း ၁၉၅၅ ခုနှစ် ဦးနု ဝန်ကြီးချုပ်ဖြစ်သည့်လက်ထက်၊ ထိုအချိန်၌ ကာကွယ်ရေး ဝန်ကြီးအဖြစ် ဦးဗဆွေ တာဝန်ယူ ထမ်းဆောင် ခဲ့စဉ်က စတင်ပြောင်းလဲ သုံးစွဲခဲ့ကြသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတွင် တရုတ်ဖြူ ကျူးကျော်မှုအန္တရာယ်နှင့် အကြီးအကျယ် ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ၁၉၅၄ ခုနှစ်တွင် ဘုရင့်နောင် စစ်ဆင်ရေးကို ဆင်နွဲခဲ့ပါသည်။ ၁၉၅၅ ခုနှစ်ဆန်းတွင် ရန်ကြီးအောင် စစ်ဆင်ရေးကို ဆင်နွဲခဲ့ပါသည်။ ထို့စစ်ဆင်ရေးများ အပြီး၌ တရုတ်ဖြူများ အား မြန်မာ့မြေပေါ်မှ တိုက်ခိုက် တွန်းလှန်နိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ် မတ်လဆန်းတွင် ပြုလုပ်သည့် ဦးနု၏ ၀န်ကြီးအဖွဲ့ အစည်းအဝေး၌ မြန်မာ့တပ်မတော်ကို ဂုဏ်ပြုသည့် အနေနှင့် တပ်မတော်နေ့ ရှိသင့်ကြောင်း၊ ထိုနေ့ကို သတ်မှတ်ရာတွင် ဖက်ဆစ် ဂျပန်တို့အား တိုက်ခိုက်ခဲ့သည့် ဗမာ့ တပ်မတော်သား များကို ဂုဏ်ပြုသော အားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ် သတ်မှတ် သင့်ကြောင်း ဆုံးဖြတ်ခဲ့၍ ယနေ့အထိ သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ သမိုင်းကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်၊ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ သုံးစွဲ နေတာဟာလည်း မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်၊ ကျွန်တော်တို့ရဲ့ အမြင်နဲ့ ရည်ရွည်ချက် တွေကိုလည်း သိစေ ချင်တယ်၊ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့ မြန်မာသံရုံးကို လာရောက် စာကမ်းခြင်း ဖြစ်တယ်။ အေးအေး ဆေးဆေးပဲ လာရောက်တာပါ။ ဆန္ဒပြတဲ့ ပုံစံနဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ခေါင်းဆောင်အင်အား နှစ်ဆယ် ဝန်းကျင်လောက်ပဲ လာရောက်တာဖြစ်တယ်” ဟု ကိုမင်းထက်မှ ဆက်လက် ပြောပြပါသည်။
၁၉၅၅ ခုနှစ်ထုတ် ပြည်ထောင်စုသား ဂျာနယ်၌ တော်လှန်းရေးနေ့နှင့် တပ်မတော်နေ့ အသုံးအနှုန်း ရောယှက်နေသည်ကို မြင်ရစဉ် |
ယခင်တော်လှန်ရေးနေ့ ယခု တပ်မတော်နေ့အား မတ်လ (၂၇) ရက်နေ့အဖြစ် သတ်မှတ်ရာ၌ ၁၉၄၁ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဘီအိုင်အေ စတင် ဖွဲ့စည်းခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့ (အချို့က ၂၆ ရက်ဟု ဆိုသည်)အား တပ်မတော်နေ့အဖြစ် သတ်မှတ်ရန် သင့်မသင့် စဉ်းစားခဲ့ဖူးပါသည်။ သို့သော် ဘီအိုင်အေ တပ်မတော်သည် ဂျပန် အကြံပေး အရာရှိများ၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ ကွပ်ကဲမှုဖြင့် တိုက်ပွဲ ၀င်ခဲ့ရသဖြင့် လွတ်လပ်သော တပ်မတော် မဟုတ်၊ ဖက်ဆစ်တော်လှန်ရေး လုပ်ချိန်မှသာ ဂျပန် အကြံပေးများကို ဖယ်ရှားပြီး လွတ်လပ်သော မျိုးချစ် တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် မတ်လ ၂၇ ရက် ကိုပင် သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်။
အိတ်ဖွင့်ပေးစာအား သက်ဆိုင်ရာ မြန်မာသံရုံးတာဝန်ခံတဦးမှ လာရောက်ယူဆောင်သွားပြီး ၁၂း ၃၀ ခဲ့တွင် လှုပ်ရှားမှု အခမ်းအနားအား လူစု ခွဲခဲ့ပါသည်။ ထိုလှုပ်ရှားမှုအား မြန်မာသံရုံးဘက်မှ တားဆီးပိတ်ပင် နှောင့်ယှက်မှု မပြုသကဲ့သို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် များမှလည်း မည်သို့မျှ စွက်ဖွက်ခြင်း မပြုခဲ့ပေ။ သံရုံးရှေ့၌ လှုပ်ရှားမှု ပြုခဲ့သည့် (၁) နာရီ အတောအတွင်း၌သာ ထိုင်းယဉ်စည်းကမ်း ထိန်းသိမ်းရေးမှ ရဲများ (၁၀)ဦးခန့် ထိုနေရာသို့ လာရောက်၍ ယဉ်ကြော ပိတ်ဆို့မှု မဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့ပြီး အခြေအနေမှာ အေးဆေးစွာပင် ပြီးဆုံး သွားခဲ့ပါသည်။
Ref: ရွှေဟင်္သာ
0 comments:
Post a Comment