အမေရိကန်နိုင်ငံအခြေစိုက် Visa အကြွေးဝယ်ကတ်လုပ်ငန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသည်နှင့် လုပ်ငန်းဆောင် ရွက်နိုင်ရန် ပြည်တွင်းဘဏ်အချို့နှင့် ချိတ်ဆက်ဆွေးနွေးလာကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
''Visa ကုမ္ပဏီက ပြည်တွင်းဘဏ်တွေနဲ့ ဆွေးနွေးသွားပါတယ်။ သူတို့က စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်း သွားပြီဆိုတာနဲ့ ၀င်လာနိုင်အောင် ပြင်ဆင်လာတဲ့အခြေအနေပါ။ တခြားနိုင်ငံတွေက အကြွေးဝယ်ကတ်လုပ်ငန်းတွေလည်း မြန်မာပြည်ဈေးကွက်ကို တော်တော်စိတ်ဝင်စားနေတာ တွေ့ရတယ်''ဟု အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ပါဝင်သည့်ပုဂ္ဂလိကဘဏ်တစ်ခုမှ ပြောကြားပါသည်။
မြန်မာနိုင်ငံတွင် လက်လီလက်ကား ဘဏ်လုပ်ငန်းများဆောင်ရွက်လိုသည့် နိုင်ငံတကာဘဏ်များ ပိုမို များပြားလာပြီး ယင်းတို့အထဲတွင် လက်လီဘဏ်လုပ်ငန်းစနစ်ဖြစ်သော နိုင်ငံတကာ အကြွေးဝယ် လုပ်ငန်းများ ပါဝင်လာခြင်းဖြစ်ကြောင်း၊ အခြားကမ္ဘာ့ထိပ်တန်း အကြွေးဝယ်ကတ်လုပ်ငန်းဖြစ်သော Mastercard မှာ မြန် မာနိုင်ငံသို့ ယခုအချိန်အထိ ချိတ်ဆက်မှုမရှိသေးကြောင်း မြန်မာဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
မြန်မာဘဏ်များအနေဖြင့်၂၀၁၁ခုနှစ် နိုဝင်ဘာလမှစတင်ပြီး အေတီအမ်ကတ်ဝန်ဆောင်မှုကို ပေးအပ်
လျက်ရှိပြီး ဘဏ်အနီးတွင်သာ မက ရှော့ပင်းစင်တာများ၊ လေဆိပ် များ၊ ဘူတာရုံများ၊ စူပါမားကတ်များကဲ့သို့ လူအများ သွားလာမှုများ သည့်နေရာများတွင်ပါ အေတီအမ် စက်များကိုထားရှိရန် လုပ်ဆောင်နေကြောင်း၊ ထို့အပြင် Debit ကတ် အမျိုးအစားဖြစ်သော MPU ကတ်ကိုလည်း လာမည့်ဧပြီလတွင်စတင် အသုံးပြုမည့်အပြင် မြန်မာဘဏ်များအားလုံး ချိတ်ဆက်ပြီး နိုင်ငံတကာ ဘဏ်များပါ ပါဝင်ချိတ်ဆက်နိုင်မည့် Myanmar Union Payment Network မှာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရပါသည်။
''လက်ရှိမှာ မြန်မာဘဏ်တွေ အနေနဲ့ အေတီအမ်ကတ်စနစ်၊ Debit ကတ်စနစ်နဲ့ Point of Sale (POS) ၀န်ဆောင်မှုတွေ လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ နောက်ပြီး Credit ကတ်တွေ၊ Smart ကတ်တွေတို့ကိုလည်း MPU ကတ်နဲ့ ချိတ်ဆက်ပြီး အသုံး ပြုနိုင်မှာပါ။ MPU ကတ်က ပြည်တွင်းမှာအပြင် ပြည်ပကိုလည်း ယူဆောင်အသုံးပြုနိုင်မှာဖြစ်ပြီး နိုင်ငံတကာကတ်တွေဖြစ်တဲ့ Visa ၊ Master ၊ CUP တို့လို ကတ်တွေကိုလည်း ပြည်တွင်းမှာ အသုံးပြုနိုင်မှာပါ။ မြန်မာပြည်မှာ အကြွေးဝယ်ကတ် လုပ်ငန်း လုပ်ကိုင်လိုတဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ၀င်ရောက်လာနိုင်မှာပါ''ဟု မြန်မာနိုင်ငံငွေပေးချေမှု အဆင့်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက ရှင်းပြပါသည်။ အလားတူပင် တရုတ်နိုင်ငံအခြေစိုက် CUP ကတ်ကဌာနဆိုင်ရာ များမှ ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းလုပ်ကိုင်လိုသည့် အခြေအနေရှိကြောင်းလည်း သိရှိရသည်။

Ref: EMG

19:13
Unknown
Posted in:
0 comments:
Post a Comment