ဇွန်ပန်းပွင့်
ကြေးခွေပတ်ထားတဲ့ ကယမ်းအမျိုးသမီးကြီးတစ်ဦး။ ဓာတ်ပုံ - ကောင်းထက် |
ဒီနေ့ခေတ်မှာ တိုင်းရင်းသားလူငယ်တွေဟာ ခေတ်ပညာဗဟုသုတ ကြွယ်ဝ လာတာနဲ့အမျှ၊ သူတို့ဘိုးဘေးတွေ အစဉ်အဆက် လိုက်နာ ခဲ့ကြတဲ့ ရှေးရိုးရာ အစဉ်အလာဓလေ့တွေက ခေတ်နဲ့ လိုက်လျော ညီထွေရှိရဲ့လားလို့ စဉ်းစား သုံးသပ်လာကြပါတယ်။
အဲဒီလိုပဲ၊ ကယမ်းတိုင်းရင်းသားလူငယ်တွေကလည်း သူတို့ရိုးရာ တစ်မျိုးဖြစ်တဲ့ကြေးခွေပတ်တဲ့အစဉ်အလာကို "ငါတို့ ဒါကို ဆက်ဝတ် သင့်သလား။ ဒီရိုးရာဓလေ့ကို၊ဆက်ပြီးထိန်းသိမ်းသင့်သလား" ဆိုတဲ့ မေးခွန်းတွေ ထုတ်လာကြပါတယ်။
"တချို့ယဉ်ကျေးမှုတွေက ထိန်းသိမ်းရအရမ်းခက်တော့ ပျောက်မယ့် အလားအလာရှိတယ်။ လူကြီးတွေက လူမျိုး မပျောက်အောင်၊ ယဉ် ကျေးမှုမပျောက်အောင်၊ထိန်းသိမ်းဖို့ ပြောနေပေမယ့် ကြေးခွေပတ်တဲ့ အလေ့အထကတော့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ 'ဒါက ဘာဖြစ်လို့ ငါတို့ ထိန်းသိမ်းသင့်သလဲ။ ဆွဲဆောင်မှုလည်း မရှိဘူး။ လှလည်း မလှ ဘူး။ ဒါဝတ်ထားလို့ ငါ့ကို ဘယ်ယောက်ျားတွေ ကြိုက်မလဲ' ဆိုပြီး အမျိုး သမီးတွေအတွက်လည်း မေးခွန်းထုတ် စရာတွေဖြစ်လာတယ်"လို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တစ်ခုမှာ ပရိုဂရမ်အရာရှိအဖြစ် အလုပ်လုပ်ကိုင်နေတဲ့၊ကယမ်းတိုင်းရင်းသား ကိုခူးကျော်ဆန်းက ကယမ်းတိုင်းရင်းသားတွေရဲ့ ကြေးခွေပတ်တဲ့ ဓလေ့နဲ့ပတ်သက်လို့ သူ့အမြင်ကို ပြောပါတယ်။
"ဒါကြောင့် နောက်ပိုင်းလူငယ်တွေက ဖက်ရှင်လို့ပဲ ပြောလို့ရမလား၊ globalization လို့ပဲ ပြောလို့ရမလား။ ဒီရိုးရာကို သိပ်မလိုက် တော့ဘူး"လို့ သူက ထပ်ဆိုတယ်။
ကယမ်းအမျိုးသမီးတွေဟာ လေးလံတဲ့ကြေးကွင်းကို နှစ်ပေါင်းများစွာ ၀တ်ဆင်တဲ့အခါ ပခုံးရိုးနုနိမ့်ဆင်းသွားစေပြီး ရေရှည်မှာ ကျန်းမာရေးအတွက်လည်း မကောင်းဘူးလို့လည်း သူက ယေဘုယျကျကျ ထောက်ပြပြောဆိုပါတယ်။
"ကျန်းမာရေးရှုထောင့်ကလည်း ကြည့်စရာဖြစ်လာတယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ကြည့်ရင်လည်း အမျိုးသမီးတွေက လှချင်ပါတယ် ဆိုမှ အဲဒီကြေးခွေက ကိုယ့်ကိုအလှတိုးစေတာမဟုတ်ဘဲ ပိုပြီးအလှလျော့သွားစေတော့ အဲဒါကြီး ၀တ်ပြီး မြို့ပေါ်ကလူတွေကြားထဲ သွားရဲမယ်လို့တော့ မထင်ပါဘူး"လို့ ....ဇာတိသား ဖြစ်တဲ့ ကိုခူးကျော်ဆန်းက ပြောပါတယ်။
ဧည့်လမ်းညွှန်အဖြစ် အသက်မွေးတဲ့ ကယမ်းတိုင်းရင်းသား ကိုမာတင်ကလည်း သူ့အတွေ့အကြုံအရ တချို့ရွာတွေမှာ ပညာတတ် အသိုင်းအ၀ိုင်းမိသားစုတွေဟာ သူတို့ကလေးတွေ ရေရှည် ပညာရေးအတွက်နဲ့ ကျန်းမာရေးအတွက်ကြောင့် လည်ပင်းကြေးခွေပတ်ဖို့ အား မပေးကြတော့ဘူးလို့ ဆိုပါတယ်။
"ဘယ်လောက်ပဲ လှတယ်ပြောပြော ကြည့်ရတာ အဆင်မပြေဘူး။ ကလေးတွေ မြို့မှာကျောင်းသွားတက်တဲ့အခါ တခြားကလေးတွေ လှောင်တာခံရတာ မျိုးရှိတယ်။ သူများကလေးတွေလိုလည်း လွတ်လွတ်လပ်လပ် ဆော့ကစားလို့မရ၊ ရေချိုးတာတောင် ခေါင်းငုံ့လို့ မရနဲ့ ကိုယ်လက်လှုပ်ရှားဖို့တောင် အခက်အခဲရှိတယ်။ အဲဒီတော့ ကလေးတွေ စိတ်ညစ်ပြီး ကျောင်းမတက်ချင်တဲ့အခါ ပညာရေးမှာ နောက်ကျတာမျိုးရှိတယ်" လို့ ဆိုပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့တဲ့ အသက် ၆၇ အရွယ် အငြိမ်းစားကျောင်း ဆရာမ ကယမ်းအမျိုး သမီးကြီး ဒေါ်ရို့စ်မူဘန် ကလည်း သူ့အမေဖြစ်သူ ကြေးကွင်းပတ်တာကို လှတယ်လို့မြင်ပြီး သဘောကျပေမယ့် ကိုယ်တိုင်ကျတော့ မပတ်ချင်သလို တစ်ခါမှလည်း မ၀တ်ခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလို သူကြေးခွေမပတ် ချင်တဲ့အကြောင်းရင်းက ဘာများဖြစ်လိမ့်မလဲ ...။
"ကျွန်မ ရန်ကုန်သွားမယ်ဆိုတော့ ဦးလေးက ကျွန်မကို လူတွေက ကယမ်း အမျိုးသမီးမှန်းသိအောင် ကြေးခွေပတ် သွားဖို့ပြောတယ်။ ကျွန်မကလည်း ကြေးခွေပတ်သွားရင် ရန်ကုန်မှာမကဘဲ ကမ္ဘာပါကျော်မယ်လို့ နောက်ပြောင်ဖူးတယ်။ ဒါပေမယ့် ကျွန်မကြေးခွေ မပတ်ချင်ပါဘူး။ ဘာအတွက်ပတ်ရမှာလဲ။ လေးတာပဲရှိတယ်။ မြို့တက်ပြီး ပညာသင်တဲ့အခါ၊သွားရေးလာရေးဖင့်နှေးတာပေါ့"လို့ .....ဇာတိသူ ကယမ်း အမျိုးသမီးကြီးက ဆိုပါတယ်။
ကယမ်းအမျိုးသမီးတွေ၊လည်ပင်းမှာ ပတ်တဲ့ကြေးခွေဟာ အလေးချိန် နှစ်ပိဿာနဲ့ သုံးပိဿာကြားမှာ ရှိပြီး ခြေထောက်မှာပတ်တဲ့ ကြေးခွေကတော့ နှစ်ပိဿာခန့် လေးလံပါတယ်။
ငယ်စဉ် အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်မှာ စတင်ပတ်လေ့ရှိပြီး ကြေးခွေပတ်စ အချိန်မှာ နာကျင်မှုသက်သာအောင် လည်ပင်းမှာ အ၀တ်ခုထားရကာ ခြောက်ရက်၊ တစ်ပတ်လောက်ကြာ အသားကျတော့မှ အောက်ကခုထားတဲ့ အ၀တ်စကို ဖြုတ်ရပါတယ်။
ဒီလိုကယမ်းတိုင်းရင်းသားတွေ ကြေးခွေပတ်တာနဲ့ပတ်သက်ပြီး ဒဏ္ဍာရီ စကားတွေ အများကြီးရှိပေမယ့် တိတိ ကျကျအဖြေမျိုး ရယ်လိုတော့ မရှိဘူးလို့ သိရပါတယ်။
ဂုဏ်သိက္ခာအတွက် ပတ်ကြတယ်လို့လည်းဆိုကြပြီး တကယ်တော့ အလှအပအတွက်ကြောင့် ကြေးခွေပတ်ကြတာလို့ သိရပါတယ်။
လက်ရာ အလွန်မြောက်တဲ့ ကြေးခွေတွေကို ကယမ်းတိုင်းရင်းသားတွေ ကိုယ်တိုင် လုပ်တာမဟုတ်ဘဲ ရှမ်းပြည်နယ်က မှာယူကြ တာဖြစ်ပါတယ်။
တပ်ဆင်ပေးတဲ့သူကလည်း တစ်ရွာမှာ တစ်ယောက်လောက်သာ ရှိတာဖြစ်ပါတယ်။
"ကျွန်တော့ရွာက အသက်ကြီးတဲ့သူတွေကို ကြေးခွေပတ်တဲ့အစဉ်အလာ ဘာကြောင့်ဖြစ်လာတာလဲလို့ မေးကြည့်တော့ ကျားကိုက်ခံ ရတာကို ကာကွယ်ဖို့တို့၊ နဂါးနဲ့တူအောင် ပတ်တယ်တို့နဲ့ ပြောကြတယ်။ ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်ကတော့ အလှအပတရားအတွက် ကြေးခွေပတ်တယ်လို့ပဲထင်ပါတယ်။ မြန်မာအမျိုးသမီးတွေ လက်ကောက်တွေ၊ ဆွဲကြိုးတွေဝတ်ပြီး အလှနဲ့ ဂုဏ်ကို ပြိုင်သလို သူတို့လည်း ကြေးခွေပတ်တာ လှပဖို့ ရည်ရွယ်ချက်ပဲ ဖြစ်မယ်လို့ထင်ပါတယ်"လို့ ကိုမာတင်က ပြောပါတယ်။
ကယမ်းအမျိုးသမီးလေးတွေ ကြေးခွေပတ်တာတွေ နည်းပါးလာပြီဆိုပေမယ့် လုံးဝပျောက်ကွယ်သွားပြီလို့လည်း မဆိုနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီဓလေ့ကို ဆက်လက်ထိန်းသိမ်းချင်သူတွေရှိသလို ကရင်ပြည်နယ်ရှိ သံတောင်၊ ကယားပြည်နယ်ရှိ ဒီမောဆိုးနဲ့ လွိုင်ကော်၊ ရှမ်းပြည်နယ်ရှိရွာတချို့တွေမှာ အမျိုးသမီးတွေဟာ ကြေးခွေပတ်တဲ့ဓလေ့ကို အစဉ်ဆက်ထိန်းသိမ်းနေဆဲ မို့ပဲ ဖြစ်ပါတယ်။
"မိန်းကလေးတွေ ကြေးခွေပတ်တာ ဂုဏ်တစ်ခုပေါ့။ ကျွန်တော်ကတော့ ဒါကို ဂုဏ်ယူတယ်။ ကျွန်တော့ တစ်ယောက်တည်း အမြင်ကတော့ ဒီရိုးရာလေးက ကျန်ခဲ့ရင် ကောင်းမှာပေါ့။ ကြေးပတ်တဲ့ ကယမ်းတိုင်းရင်း သားဆိုတာ တစ်ကမ္ဘာလုံးမှာကြည့်ရင် ကျွန်တော်တို့ တစ်နိုင်ငံတည်းမှာပဲ ရှိတာလေ။ အဲဒါလေး ကျန်ခဲ့ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် နောင်လာနောက်သား လူငယ်တွေက ဒါတွေကို ဆက်ပြီးလုပ်ချင်မလုပ်ချင်တော့ မသိဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်"လို့ ဆိုသူကတော့ ရန်ကုန်မြို့မှာ ဗီဒီယိုကင်မရာမင်းအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကယမ်းတိုင်းရင်းသား ကိုပီတာခူးရီပဲ ဖြစ်ပါတယ်။
"ကြေးကွင်းပတ်တာကို ၀ဋ်တစ်ခုခံနေရတယ်လို့ ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ ပြောနေတာရှိတယ်။ မိန်းကလေးတွေကလည်း ခေတ်မီလာကြပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့သူ တွေရှိလာကြပြီ။ သူတို့လည်း ပညာတတ်လာတော့ ဒီကြေးခွေတွေက သူတို့ အတွက် အခက်အခဲရှိမလားတော့ မသိဘူး။ ကျွန်တော်တစ်ယောက်တည်းရဲ့အမြင်ကိုပြောရရင် အလှတရားကို တင်စားထားတဲ့ ရိုးရာတစ်ခုလို့ ခံစားမိတယ်"လို့လည်း ပြောပါတယ်။
ဒါပေမယ့် တခြားသူတွေနဲ့အမြင်တူစွာပဲ နောင်အနှစ် ၂၀ လောက်မှာ ကြေးခွေပတ်တဲ့ကယမ်းတွေ တော်တော် ရှားလာလိမ့်မယ် လို့လည်း ဆိုပါတယ်။
ကိုမာတင်ကလည်း ကယမ်းတွေ ကြေးကွင်းပတ်တာကို နောက်အနှစ် ၅၀ လောက်ဆိုရင် ပြတိုက်၊ ဒါမှမဟုတ် ပို့စကတ်ထဲက ဓာတ်ပုံတွေထဲမှာ တွေ့နိုင်တော့မယ်လို့ သူ့အမြင်ကိုဆိုပါတယ်။
ဒါပေမယ့် သူက သူတို့ကယမ်း တိုင်းရင်းသားတွေမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ အတွက် ချစ်စရာဓလေ့တွေ အများကြီး ကျန်နေ သေးတာမို့ သူတို့ရဲ့ကြေးခွေပတ်တဲ့ဓလေ့ ပျောက်ကွယ်သွားမှာကို စိတ်မပူပါဘူးတဲ့။
ကြေးခွေပတ်တဲ့ဓလေ့တစ်ခု ပျောက်ကွယ် သွားတာနဲ့ ကယမ်းတိုင်းရင်းသားတစ်စုလုံး ပျောက်ကွယ် မသွားနိုင်ပါဘူးလို့လည်း ရဲရဲဝံ့ဝံ့ ဆိုပါတယ်။
"ကယမ်းတွေရဲ့ ရိုးရာဓလေ့က ကြေးခွေပတ်တာတစ်ခု တည်းမှမဟုတ်တာ။ ရိုးရာအ၀တ်အစား၊ ဘာသာရေး အထိမ်းအမှတ်ပွဲနဲ့ တခြားစောင့်ထိန်းဖို့ဘာသာဓလေ့တွေ အများကြီးရှိသေးတယ်။ "တချို့ယဉ်ကျေးမှုတွေက ထိန်းသိမ်းလို့ကောင်းတယ်။ ထိန်းသိမ်း သင့်မှန်းလည်း သိတယ်။ ထိန်းသိမ်းဖို့အသိသွင်း ပေးလို့လည်း လွယ်တယ်။ တချို့ယဉ်ကျေးမှုတွေကျတော့ ထိန်းသိမ်းရလည်း ခက်တယ်။ အဲဒီလိုထိန်းသိမ်းရခက်တဲ့ ယဉ်ကျေးမှုတွေကျတော့ ထိန်းသိမ်းသင့်သလားဆိုတဲ့ မေးခွန်းထုတ်ဖို့ အရင်လိုအပ်တယ်"လို့ သူကဆိုပါတယ်။
ဒေါ်ရို့စ်မူဘန်ကလည်း ကြေးခွေ ပတ်သူနည်းလာတာမို့ ရေရှည်မှာ ဓလေ့ပျောက်သွားနိုင်ပေမယ့် လက်ရှိမှာ ကယမ်းတိုင်းရင်းသား အများစုဟာ ကိုယ်ပိုင်ဘာသာစကားကိုပဲ ပြောဆိုသုံးစွဲနေကြပြီး တခြားထိန်းသိမ်းစရာ ရိုးရာဓလေ့တွေလည်း အများကြီးလို့ ဆိုပါတယ်။
Ref : MMTimes
0 comments:
Post a Comment