မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှရရှိသော အမေရိကန် ဒေါ်လာများ အပါအ၀င် တရားမ၀င် လုပ်ငန်းများမှ ရရှိသော ဒေါ်လာ ငွေများ နယ်စပ် ဈေးကွက်များမှ တဆင့် ရန်ကုန်ဈေးကွက် တွင်းသို့ ၀င်ရောက်နေမှုကြောင့် ဒေါ်လာငွေဈေး အတက်အကျ မြန်ဆန်ပြီး မတည်မငြိမ်ဖြစ်နေကြောင်း နယ်စပ်ဒေသများနှင့် ချိတ်ဆက်၍ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
| (ဓာတ်ပုံ - AP) |
“ရန်ကုန်များ ဝယ်လိုအား များနေလို့ ဒေါ်လာဈေး တက်နေရာကနေ ချက်ချင်းဆိုသလို ပြန်ထိုးကျတယ်။ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်ကနေ တရားမ၀င် ဒေါ်လာတွေ အများကြီးဝင်လာလို့ ပြန်ကျတာပါ။ နယ်စပ်ကနေဝင်လာတဲ့ ဒေါ်လာ အများစုက မူးယစ်ဆေးဝါး ရောင်းလို့ရတဲ့ငွေတွေပဲ။ ဒါပေမယ့် ဒီနေ့ ပြန်တက်ပြန်တယ်” ဟု နယ်စပ်ဒေသများနှင့် ဟွန်ဒီငွေလွှဲ လုပ်ကိုင် နေသူ ရန်ကုန် အခြေစိုက် စီးပွားရေးသမားတဦးက ပြောသည်။
အစိုးရအနေနှင့် ငွေလဲနှုန်း ပြောင်းလဲပြင်ဆင်ရန် စဉ်းစားမည် ဆိုပါက နယ်စပ်ဒေသများရှိ ဘိန်း၊ စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါးမှ ရရှိသော သန်းချီသည့် အမေရိကန်ဒေါ်လာ များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးက ပြောသည်။
“ရွှေတြိဂံနယ်မြေ၊ တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ ဖြစ်နေတဲ့ တရားမ၀င် မူးယစ်ဆေးဝါး လုပ်ငန်းတွေကို
မနှိမ်နင်းနိုင်သမျှ ငွေလဲနှုန်းငြိမ်အောင်လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု ဟွန်ဒီငွေလွှဲ လုပ်ကိုင်သူက ဆိုသည်။
ပြည်တွင်းငွေဈေးကွက်၏ အဓိက ငွေလဲနှုန်းသည် နယ်စပ် ငွေဈေးကွက်များပေါ်တွင် များစွာ မူတည် ဖြစ်ပေါ်နေကြောင်း၊ နယ်စပ်တွင် ငွေလွှဲလုပ်ကိုင်သူများကလည်း ဈေးအတက်အကျကို ကစားနေကြောင်း သိရသည်။
“ရန်ကုန်ဈေးကွက်နဲ့ နယ်စပ်ငွေဈေးကွက်က တိုက်ရိုက် ချိတ်ဆက်နေတယ်။ အများသောအားဖြင့် ငွေလဲနှုန်းက နယ်စပ် ငွေဈေးကွက်ပေါ် မူတည်ပြီး ပြောင်းတယ်။ ရန်ကုန်ဈေးကွက်မှာ ဈေးဆွဲတင်ရုံနဲ့ ဒေါ်လာဈေးက ကာလကြာရှည်
မြင့်နေဖို့ မလွယ်ဘူး။ အစိုးရဘက်က ဒါကို နားမလည်ရင် ဘယ်လိုပဲလုပ်လုပ် ဒေါ်လာဈေး တက်မှာမဟုတ်ဘူး။ အလဟသ ဖြစ်နေမှာပဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား ငွေလဲဒိုင် တဦးက ပြောသည်။
အမှတ် ၁ နှင့် အမှတ် ၂ စက်မှုဝန်ကြီး ဦးစိုးသိန်းက အမေရိကန်ဒေါ်လာငွေ တန်ဖိုး မြင့်တက်စေရန် ရည်ရွယ်၍ ပြည်တွင်းသို့ တရားမ၀င်တင်သွင်းထားသော ဂျပန်နိုင်ငံလုပ် ကားများကို စက်မှုဇုန်ထုတ်ကားများအဖြစ် အမည်ခံကာ တရားဝင် လိုင်စင်ဝင်ရန်အတွက် စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထား၍ ကားတစီးလျင် ဒေါ်လာ ၁၃၀၀၀ မှ ၂၀၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမည်ဟု ကြေညာချက် ထုတ်လိုက်သည်။
ထို့ကြောင့် ကားအစီး ၈၀၀ နီးပါး ဒဏ်ငွေဆောင်ရန် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဈေးကွက်အတွင်း ဝယ်လိုအား ဖြစ်ပေါ်ခဲ့သည်။
၎င်းနောက် ရက်အနည်းငယ်အတွင်း အစိုးရ အာဏာပိုင် အသိုင်းအ၀န်းနှင့် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး အသိုင်းအ၀န်း ကလည်း အမေရိကန်ဒေါ်လာများ ၀ယ်ယူစုဆောင်းမှုများ ပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာသည် ဈေးကွက်တွင် ရုတ်တရက် တန်ဖိုးတက်သွားခဲ့သည်။
ရန်ကုန်ဈေးကွက်တွင် ၀ယ်အားများသဖြင့် ဒေါ်လာဈေးတက်သွားခဲ့ပြီး တပတ်မပြည့်မီ နယ်စပ်မှ အမေရိကန်ဒေါ်လာများ အလုံးအရင်းနှင့် ဝင်ရောက်လာသောကြောင့် ဈေးထိုးကျသွားခဲ့ပြန်သည်။ ယမန်နေ့ ဈေးဖွင့်စတွင် အမေရိကန် တဒေါ်လာ ၇၅၀ ကျပ် ဝန်းကျင်ရှိနေရာမှ ညနေပိုင်းတွင် တဒေါ်လာ ၇၂၅ ကျပ်အထိ ထိုးကျသွားခဲ့သည်။
ယနေ့တွင် တဒေါ်လာ ၇၄၅ ကျပ်အထိ ဈေးပြန်လည် မြင့်တက်ခဲ့သော်လည်း အမေရိကန် ဒေါ်လာငွေဈေးမှာ တရက်အတွင်း ၌ပင် အတက်အကျ မြန်ဆန်၍ အပြောင်းအလဲ ဖြစ်နေနိုင်ကြောင်း ငွေလဲဒိုင်များထံမှ သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင် တချို့က အမေရိကန် တဒေါ်လာလျှင် ၉၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်အကြား ပြောင်းလဲ ပြင်ဆင်နိုင်မှသာ လုပ်ငန်းများ လည်ပတ်မှုကောင်းလာမည်ဟု တင်ပြထားသောကြောင့် အစိုးရကလည်း ငွေဈေးနှုန်း ပြင်ဆင် သတ်မှတ်လိုကြောင်း ကျင်းပနေသည့် လွှတ်တော်တွင် ပြောဆိုခဲ့ကြသည်။
ငွေလွှဲနှုန်း ကိစ္စအတွက် မြန်မာအစိုးရကို အကြံဥာဏ်ပေးရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)
မှ ပညာရှင်များ အောက်တိုဘာလတွင် မြန်မာနိုင်ငံလာရောက်မည် ဖြစ်သည်။
Source: ဧရာဝတီ



18:28
Unknown
Posted in:
0 comments:
Post a Comment