သမိုင်းဝင်မည့် အပြုံးများ
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက
အမေစုရဲ့မဟာချိုင်သမိုင်းဝင်ခရီး
ကျမအနေနဲ့ ကတိတွေမပေးချင်ဘူး၊ ကတိတွေပေးပြီးတော့ မတည်ရင်မကောင်းဘူး၊ ဒါပေမယ့် ကျမ တစ်ခုသောကတိတော့ပေးနိုင်ပါတယ်၊ ကျမ အတတ်နိုင်ဆုံး ကျိုးစားပေးပါ့မယ်လို့....
NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို ;
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .;
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုကြပြီ
ဒီမြေမှာငါတို့ အတူနေ ငါတို့ အတူတူဝေကြမယ်။ ဒီမြေမှာငါတို့အတူအိပ်စက် ကောင်းကင်ကကြယ်တွေကို အတူတူမော့ကြည့်ရေတွက်ရင်း အိပ်မက်လှလှတွေမက်ကြမယ်....။ အင်္ဂလိပ်တွေရဲ့လက်သုံး သွေးခွဲပုံပြင်တွေ ဒီကနေ့ကစလို့ သံလျင်မြင်မှာမျှောစွန့် အိပ်မက်ဆိုးနွံကထလို့ အနာဂတ်အတွက် အားသစ်ကြမယ်လေ...။
Wednesday, 17 August 2011
ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု
Tuesday, 16 August 2011
စစ်ထောက်ချုပ်နှင့် စစ်ရေးချုပ်တို့ကို ရာထူးချထား
| ဗိုလ်ချုပ် ခင်ဇော်ဦးနှင့် ဗိုလ်ချုပ် ဝေလွင် |
“ခေတ္တ ရာထူးချခံထားရတယ်ဆိုတာက ပြုတ်ဖို့ ၈၀ ရာခိုင်နှုန်းသေချာပြီလို့ ပြောလို့ရတယ်။ စစ်တပ်ထဲမှာတော့ အကွဲအပြဲတွေရှိလာပြီ။ အဓိက က လာဘ်ပေးလာဘ်ယူ လုပ်တယ်ဆိုပြီး ဗိုလ်ချုပ် တယောက်ပြီးတယောက် အဖြုတ်ခံနေရတယ်။ အရင်လူတွေ လာဘ်စားတာက တော်တော် ကြီးကြီးကျယ်ကျယ် လုပ်ကြတာ။ အခု အဖြုတ်ခံနေရတဲ့သူတွေက သာမန် လာဘ်စားမှုလောက်လို့ ပြောလို့ရတယ်။ မြေကွက်ရောင်း၊ ကားသွင်း ဒီလောက်ပါပဲ။ ဒါကို လာဘ်စားတယ်ဆိုပြီး ဗိုလ်ချုပ်တွေကို အနားပေးနေတာက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ ရည်ရွယ်ချက် တခုခုရှိပုံရတယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူတဦးက သုံးသပ်သည်။
ယခုနှစ် ဇူလိုင်လအတွင်းက ခေါ်ယူ စစ်ဆေးခံရသည့် ဗိုလ်ချုပ် ၅ ဦးအနက် တပ်မတော်စစ်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဖြိုးသည် ယခုလ အစောပိုင်းတွင် အနားပေးခံရပြီး ယခု ဗိုလ်ချုပ် ခင်ဇော်ဦး ရာထူးဆိုင်းငံ့ခံခဲ့ရသည်။ ခေါ်ယူစစ်ဆေးခံရသည့် ကျန် ဗိုလ်ချုပ် ၃ ဦးမှာ ကစထမှူး ဗိုလ်ချုပ် မြင့်စိုး၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့် ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး တို့ဖြစ်သည်။
ဗိုလ်ချုပ် ခင်ဇော်ဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ် ဝေလွင်သည် နေပြည်တော်တိုင်း စစ်ဌာချုပ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၎င်းတို့ တိုင်းမှူးဘ၀က ကျူးလွန်ခဲ့သော လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာ အလွဲသုံးစားမှုများကြောင့် စုံစမ်းစစ်ဆေးခံရသည်ဟု သိရှိရသည်။
စစ်တပ်အသိုင်းအ၀ိုင်းက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် သူ၏အာဏာ တည်ဆောက်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုကို အကြောင်းပြကာ ဗိုလ်ချုပ်များကို ဖြုတ်ပယ်နေသည်ဟု လေ့လာသူများက ပြောဆိုကြသည်။
“တပ်မှာ ရာထူးကြီးကြီးဖြစ်ဖို့ တဘ၀လုံး ရင်းရတာလေ။ တသက်လုံး တပ်ထဲမှာပဲနေပြီး ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ပြီးမှ ဗိုလ်ချုပ်ရာထူးရကြတာ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လည်း လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ သူ့ရဲ့အာဏာ တည်ဆောက်ရေး ရည်ရွယ်ချက်က တပ်ကွဲသွားစေလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်ပုံစံမျိုးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက်လာလိမ့်မယ်” ဟု စစ်ဘက်ရေးရာ လေ့လာသူက ပြောသည်။
၂၀၁၁ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်မှူးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေနှင့် ဗိုလ်ချုပ် ကျော်ဖြိုးတို့ကို ရာထူးတာဝန်များ ဆက်တိုက် အနားပေးခံခဲ့ရသည်။
Posted in: ၀၃။ မြန်မာ့ သတင်း တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရလာရန် အမျိုးသမီးများ စိတ်ဝင်စားလာ
| EPS အလုပ်ကြေညာစာများအား စိတ်ဝင်စားကြည့်ရှု နေကြစဉ် |
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာရဲက တရုတ်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်
တရုတ် - မြန်မာနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် တာဇန်ရွာတွင် လောင်းကစားရုံရှိပြီး တရုတ်နိုင်ငံသားများ အဝင်အထွက် ရှိရာ အသက် ၃၀ ၀န်းကျင်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး လောင်းကစားရုံအနီး လမ်းလျှောက်လာစဉ် ရဲက ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“တာဇန့်ရွာလောင်းကစားရုံနားမှာ ပစ်ခတ်မှုဖြစ်တယ် တရုတ်အမျိုးသားတစ်ဦးကိုနယ်ထိန်းရဲတပ်ကြပ်ကြီး သေနတ် နဲ့ ပစ်သတ်လိုက်တယ် ရင်ဘတ်မှာမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် ” ဟု ဒေသခံက ပြောသည်။
၎င်းတရုတ်အမျိုးသားအား ရဲက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်ပဲ ပြန်လည်ခုခံသဖြင့် ပစ်သတ်ခြင်းဖြစ်သည် ဟု မူစယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“တရုတ်အမျိုးသားပါ ရဲကစစ်ဆေးဖို့ ရပ်ခိုင်းတာ အစစ်မခံပဲ ဓါးနဲ့ခုတ်ပြီးပြေးလို့ ပစ်လိုက်တာပါ ဓါးဒဏ်ရာတော့ မရဘူး သူ့ဆီမှာ တရုတ်ငွေယွမ် တစ်သောင်းနဲ့ မူးယစ်ဆေးဝါးတချို့သိမ်းမိပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ တရုတ်အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေအဖြစ် ထွက်ချက်ရယူရန် တာကျန့် ရွာသား လုံးရွက်ခမ်း၏ သမီးနန်းဌေးကို မန့်ဟျိုးရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ရဲအရာရှိမှာ နယ်ထိန်းရဲတပ်ကြပ်ကြီး အောင်မျိုးထွန်း (ခေါ်) စွန်ရဲ ဖြစ်ကြောင်း သိရသည်။
Source: တနင်္လာနေ့၊ သြဂုတ်လ 15 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း
Posted in: ၀၃။ မြန်မာ့ သတင်းမြန်မာလူမျိုးနှင့် အကျင့်ဆိုး
![]() |
| (မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော) ရွှေဥဒေါင်း သြဂုတ် ၁၆၊ ၂၀၁၁ |
“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။
● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
● မြန်မာလူမျိုးအပြစ်လော
● အနှစ်တစ်ရာနှင့် တစ်နှစ်
● ဂျာမနီပြည်၏စနစ်
● စွပ်စွဲချက်များ
ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန် မာလူ မျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟုထုတ်ဖော်စွပ်စွဲခြင်းပြုကြမည်မဟုတ်ချေ။ စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍လည်းကောင်း လူ မျိုးသီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင်တစ်မျိုး ပိန်မသာ လိန်မသာ မျှာလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏အခြေအနေအပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။
● ထူးခြားသောမြန်မာ့ဂုဏ်
● မြန်မာနှင့် ဒါနမှု
“လမ်းစားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။
ကျွန်ုပ်တို့၏မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်း တယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။
“ရွှေဗမာတို့လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။
● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန်မတူချေ။ မြန်မိာု မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ၀ိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာ မျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက်တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော်မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။
● ကာကွယ်ရန်နည်းလမ်း
ယခုအခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည်မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသောသားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။
မြန်မာတို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေးရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏အရှက်ကို ကာကွယ်သည့်အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကိ ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။ ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသားသတိပေးရကျိုးနပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။
စာရေးဆရာ၊ (၁၃၀၅)
Source: မိုးမခ
Posted in: ၀၈။ ဆောင်းပါးMonday, 15 August 2011
"ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်အရေးကွန်ယက် (M.W.R.N.) ၏ တတိယအကြိမ်သင်းလုံးကျွတ်အစည်းဝေးပွဲ"
Posted in: M.W.R.N.ပျဉ်းမ ငုတ်တို
ဖုထစ်ရွက်တွ၊ ငှက်လင်းတသို့
Posted in: ၀၇။ ကဗျာဆရာကြီးမင်းသုဝဏ် (၁၉၀၉-၂၀၀၄) နှစ်ပတ်လည်အမှတ်တရ
၁၉၁၆(ခန့်) - အသက် ၇ နှစ်ရွယ်၌ ကွမ်းခြံကုန်းမြို့ ကြားကျောင်း ခေါ် ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင် ကျောင်း)တွင် မြန်မာစာစတင် သင်ယူ။ (ကျောင်းအုပ်-ဆရာတော်ဦးဣန္ဒ၀ံသဖြစ်၍ ဆမတန်းထိနေခဲ့။
၁၉၂၁ - ကွမ်းခြံကုန်း အမျိုးသားကျောင်းဖွင့်၍ ပြောင်းတက်။ အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာသင်ယူ။ ကဗျာရေး နည်းကို ထိုကျောင်းမှဆရာဦးအာကာသန်းထံမှသင်ယူသည်။ ဆဌမတန်းထိနေခဲ့။
၁၉၂၃ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ဆရာမှတ်ကြီးကျောင်းခေါ် စိန်ဂျွန်းကျောင်းကိုဝင်၍ ပဥမတန်းမှစတက်။
၁၉၂၆ မတ်လတွင် အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲ (စတုတ္ထရ၍) အောင်သည်။ အဌမ တန်းမှစ၍ ဆရာမှတ်ကြီးအိပ်ဆောင်တွင် ကျောင်းသားမှူးလုပ်ရ။
ဗုဒ္ဓဘာသာမိန်းကလေးကျောင်း(ညကျောင်း)၌ အပတ်စဉ် အလှည့်ကျစာသင်ပေးရ။ ဤနှစ်မှာပင် ဒဂုန်မဂ္ဂဇင်း၌ပထမဆုံးကဗျာဖော်ပြခံရ။
၁၉၂၉ မတ်လတွင် ၁၀ တန်းကို ပထ၀ီဝင်ဂုဏ်ထူးဖြင့်အောင်။ ဇွန်လတွင် ယူနီဗာစတီကောလိပ်ရောက်။ ပဲခူးဆောင်တွင်နေ။
၁၉၃၀ - ဥပစာတန်းတွင် အထူးကျောင်းသားအဖြစ် အရွေးခံရ၍ တစ်နှစ်အတွင်းတွင် မတ်လမှာကျင်းပသော ဥပစာအထက်တန်းစာမေးပွဲဖြေရ။ အောင်မြင်။ မိုးရာသီထုတ်ကောလိပ်မဂ္ဂဇင်း (အမှတ်-၁)တွင် ကဗျာများစတင် ထည့်သွင်းခြင်းခံရ။
၁၉၃၁ မတ်လတွင် ပထမနှစ် (၀ိဇ္ဇာ) မြန်မာစာဂုဏ်ထူး အစမ်းစာမေးပွဲအောင်။ ထိုနှစ်တွင် မိဘများစီးပွားပျက် ၍ ကျောင်းထွက်ပြီး ကွမ်းခြံကုန်းမြို့အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဝင်လုပ်။ ကလေးကဗျာများ စတင်ရေး သား။ တက္ကသိုလ်ဖွင့်သော် ပါမောက္ခဦးဖေမောင်တင်ပြန်ခေါ်၍ အလုပ်မှထွက် တက္ကသိုလ်ပြန်တက်။
၁၉၃၃ မတ်လတွင် ၀ိဇ္ဇာဂုဏ်ထူးတန်းကို (မြန်မာစာ-ပထမအဆင့်ဖြင့်) အောင်မြင်။ ဇွန်လမှ ၁၉၃၅ မေထိ မြန်မာစာဌာန၊ အချိန်ပိုင်းနည်းပြလုပ်။ ပဲခူးဆောင်တွင် ကျောင်းဆောင်နည်းပြလုပ်ပြီး မဟာဝိဇ္ဇာတန်းကို အချိန် ပိုင်းတက်။
၁၉၃၅ မတ်လ-မဟာဝိဇ္ဇာ-မြန်မာစာဂုဏ်ထူး စာမေးပွဲကို (ဒုတိယအဆင့်)ဖြင့်အောင်မြင်။ အချိန်ပြည့်နည်းပြခန့်။ ပင်းယဆောင်ပြောင်း။ ကျောင်းဆောင်နည်းပြဆရာလုပ်။ တက္ကသိုလ်ကျောင်းတိုက်၊ မြန်မာစာအသင်း အတွင်း ရေးမှူး။ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး။ ကောလိပ်မဂ္ဂဇင်းမြန်မာပိုင်း အယ်ဒီတာ။ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာလုပ်ခဲ့။
၁၉၃၆ - ပညာသင်ဆုရ၍ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်သို့သွားရောက်ပညာသင်။ စိန့်ကက်သရင်း ကျောင်းတွင် သက္ကဋ၊ ပါဠိ၊ တိဗက်၊ အထွေထွေဘာသာဗေဒပညာရပ်များကို သင်ယူ။
၁၉၃၈ အောက်တိုဘာတွင် လန်ဒန်တက္ကသိုလ်၊ အရှေ့ တိုင်းနှင့် အာဖရိကဘာသာရပ်များလေ့လာရေးကျောင်း (School of Oriental and African studies) သို့ ပြောင်းရွှေ့ ပညာသင်။
၁၉၃၉ အောက်တိုဘာတွင် အောက်စဖို့တက္ကသိုလ်မှ ဘီလစ် (B.Litt) ခေါ် စာပေ၀ိဇ္ဇာဘွဲ့ရရှိ။ စက်တင်ဘာတွင် မြန်မာနိုင်ငံပြန်။ အောက်တိုဘာ ၁ တွင် လက်ထောက်ကထိကဖြစ်။ မြန်မာနိုင်ငံပညာပြန့်ပွားရေးကော်မတီဝင်။
၁၉၄၀ - ''မောင်ခွေးဖို့'' ကလေးကဗျာများထွက်ရှိ။
၁၉၄၁ - ''သပြေညိုနှင့်အခြားကဗျာများ'' ထွက်ရှိ။
၁၉၄၂ - (ဒုတိယကမ္ဘာစစ်အတွင်း) ပညာရေးဌာန၊ ဘာသာပြန်ဌာနခွဲတွင်အမှုထမ်း၊ ပညာ့တံခွန်အသင်း။ အဘိဓာန်လုပ်ငန်းကို ဦးဆောင်။(ကွမ်းခြံကုန်းမြို့တွင် ဇန်န၀ါရီ ၁၀ ရက်တွင်စတင်ပြုစု)
၁၉၄၅ ဧပြီ ၇ ရက်တွင် စစ်ဘေးအန္တရာယ်ကြောင့် အဘိဓာန်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားရ။ ဗြိတိသျှများပြန် ရောက်။ အုပ်ချုပ်ရေးကိုင်။ ကွမ်းခြံကုန်းမြောက်ပိုင်းတွင် မြို့အုပ်လုပ်ခိုင်း၍ ၂ လမျှလုပ်ရ။ သြဂုတ် ၆ တွင် ရန်ကုန် မဂိုလမ်း၌ အရေးပေါ် တက္ကသိုလ်သင်တန်းများဖွင့်၍ မြန်မာစာ လက်ထောက်ကထိကအဖြစ် အလုပ်ဝင်။
၁၉၄၆ ဇွန် ၁ ရက်တွင် ကထိကအဖြစ် တိုးမြင့်ခန့်ထားခြင်းခံရ။
၁၉၄၇ - အိန္ဒိယနိုင်ငံ၊ ဒေလီမြို့သစ်၌ကျင်းပသော အာရှတိုက် ဆက်ဆံရေးညီလာခံသို့၊ ၀တ်လုံတော်ရ ဦးကျော်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့် တက်ရောက်။ ထိုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဖြစ်ပေါ်လာသော အခါ ဝေါဟာရကော်မတီတွင် ၀င်လုပ်ရ။
၁၉၄၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနမှူး။ အဘိဓာန်လုပ်ငန်းပြန်လုပ်။ အခြေခံ ဥပဒေမြန်မာစာမူကို လေ့လာအကြံပေးရ။ မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်အဖွဲ့တွင်ဝင်ရောက်။ သုတေ သနအသင်းဂျာနယ်တွင် စာတည်းအဖြစ်ဆောင်ရွက်။ ''ဇော်ဂျီနှင့်တွဲ၍ ''စာပေလောက'' စာအုပ် ထွက်ရှိ။
၁၉၅၀ - ၀ဏ္ဏကျော်ထင်ဘွဲ့ချီးမြင့်ခံရ။
၁၉၅၂ - အမေရိကန်ပြည်၊ နယူးဟေဗင်မြို့၊ ယေးလ်တက္ကသိုလ်တွင် ၆ လခန့်ဘာသာဗေဒ ပညာဆည်းပူး။
၁၉၅၃ ဇွန် ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်ထုတ်ဝေရေးဌာန စာတည်းမှူး။
၁၉၅၅ - သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နှင့်တွဲ၍ ''သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ'' ထွက်ရှိ။
၁၉၅၇အောက်တိုဘာတွင် မြန်မာနိုင်ငံယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက် ရုရှား၊ ပိုလန်၊ ချက်ကိုစလိုဗက်ကီးယား၊ အရှေ့ဂျာမနီနိုင်ငံများသို့ လှည့်လည်ခဲ့။- တိပိဋကပါဠိမြန်မာ အဘိဓာန်လုပ်ငန်း၊ မွန်မြန်မာအဘိဓာန်လုပ်ငန်းများတွင် ၀င်ရောက်ကူညီ။ စာပေဗိမာန်စွယ်စုံကျမ်းအဖွဲ့၊ စာပေဆု ပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တျာမူမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော်မြန်မာပြန်ကော်မီတီ၊ ဥပဒေဘာသာ ပြန် ကော်မတီတို့တွင် ၀င်ရောက်ဆောင်ရွက်။
၁၉၆၁မတ်လ ၁ ရက်မှ ၁၉၆၂ မေ ၁၂ ထိ၊ တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ်အမှုထမ်း။ အောက်တိုဘာတွင် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်။ တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချိရေးကော်မတီဥက္ကဌ။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်။
၁၉၆၂မေ ၁၃ ရက်တွင် ပါမောက္ခရာထူးစွန့်၊ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည်အမှုထမ်း။ သီရိပျံချီဘွဲ့ချီးမြင့်ခံရ။
၁၉၆၃ - မင်းယုဝေနှင့်တွဲ၍ ''ကဗျာ့ပရိယာယ်'' စာအုပ်ထွက်။
၁၉၆၄ - ၁၉၅၂ မှပြုစုခဲ့သည့် မြန်မာအဘိဓာန် ၅ ပိုင်းထွက်ရှိ။
၁၉၆၅ - ''ပန်းနှင့်ပင်စည်''၊ ''မြန်မာစာ မြန်မာမှု့''၊ ''ခရီး သည်'' (ဇော်ဂျီနှင့်တွဲလျက်) စာအုပ်များထွက်။
၁၉၆၆ - မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀၊ ထ၊ က၊ လ၊ သ-နည်း)ကို တီထွင်။
၁၉၆၈ - တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ စာတည်းမှူးအဖြစ်မှ အငြိမ်းစားယူ၍ ပညာရေး ဌာန အထူးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်။ ''ပျဉ်းမငုတ်တို'' စာအုပ်ထွက်။
၁၉၇၀ - မြန်မာနိုင်ငံသုတေသနအသင်း (နှစ်-၆၀ ပြည့် နှစ်) တွင် အသင်း၏ဥက္ကဌအဖြစ်အရွေးခံရ။ ''ရေချမ်းစင်'' စာအုပ်ထွက်ရှိ။
၁၉၇၁ မေ ၃၁ ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူ။
၁၉၇၄ - ''အင်းလျားကန်သို့အိုကူးတို့'' ကဗျာစာအုပ် ထွက်ရှိ။
၁၉၇၅ မှ ၁၉၇၉ ထိ ဂျပန်နိုင်ငံ၊ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့။
၁၉၈၀ ဖေဖော်ဝါရီလ - ''ဟိုက္ကူကဗျာ မြည်းစရာ'' စာအုပ် ထွက်ရှိ။
၁၉၈၄ - ''လီယာမင်းကြီး'' စာအုပ်ထွက် (ယင်းနှစ်အတွက် ဘာသာပြန်ရသဆုရ)
၂၀၀၂ - ''ကဗျာပေါင်းချုပ်''၊ ''မင်းသုဝဏ်ဝတ္ထုတိုများ''စာအုပ်များထွက်ရှိ။ မင်းသုဝဏ်သည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် ဂါမဏိစန္ဒပျို့၊ တောင်ငူဆိုရတုအဖြေ၊ ဥမ္မာဒန္တီပျို့၊ သျှင်မဟာရဌသာရ၏ ပကိဏ္ဏက စာစု(ဦးအုန်းရွှေနှင့်တွဲဖက်လျက်) တို့ကို တည်းဖြတ်ပေးခဲ့သည်။
၂၀၀၄-ခု၊ သြဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့နံနက် ၁၁း၃၀ နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ် သပြေညိုနေအိမ်၌ ကွယ်လွန်။
''ထင်ရှားသောစာအုပ်အချို့''
၁။ မြန်မာစာ၊ မြန်မာမှု
၂။ ပန်းနှင့်ပင်စည်
၃။ ပျဉ်းမငုတ်တို
၎။ ရေချမ်းစင်
၅။ သဘာဝပြက္ခဒိန်
၆။ အာကာတခွင် မြေပြင်တစ်ဝှမ်း
၇။ စာပေလောက (+ဇော်ဂျီ)
၈။ ခရီးသည် (+ဇော်ဂျီ)
၉။ လီယာမင်းကြီး (ဘာသာပြန်)
၁၀။ ဟိုက္ကူကဗျာမြည်းစရာ
၁၁။ ငါးရာ့ငါးဆယ်ဇာတ်ပင်လယ်
၁၂။ ကဗျာရေးချင်စာစပ်သင်
၁၃။ မိုးပေါ်မှာကြယ်တစ်လုံး
၁၄။ မောင်းခွေးဖို့ကဗျာများ
၁၅။ အင်းလျားကန်သို့ အိုကူးတို့
၁၆။ ကဗျာပေါင်းချုပ်
၁၇။ ဓမ္မပဒ
၁၈။ နှလုံးလှပုံပြင်များ
၁၉။ တက္ကသိုလ်မြန်မာအဘိဓာန် (၅-ပိုင်း)
၂၀။ မြန်မာသတ်ညွှန်းကျမ်း
၂၁။ ၀တ္ထုတိုများ
Posted in: ၀၈။ ဆောင်းပါးရာထူးပျောက်၊ ဘ၀ပျက်နေကြရတဲ့ စစ်သူနာပြု ကျောင်းဆင်းများ အကြောင်း
“ ဗိုလ်ချုပ်မှူးကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး နှင့် ဗိုလ်ချုပ်ကြီးများခင်ဗျာ”
အကြောင်းအရာ။ ။ အထက်တန်း သူနာပြုများနှင့် ပတ်သတ်ပြီး အသနားခံ တင်ပြခြင်း။
ကျွန်တော်တို့ သည် ရန်ကုန်မြို့ ရှိ တပ်မတော်ဆေးရုံများ၊ နေပြည်တော်ရှိ တပ်မတော်ဆေးရုံများ၊ အောင်ဗန်းမြို့ ရှိ တပ်မတော် ဆေးရုံ၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံများတွင် တာဝန် ထမ်းဆောင် နေကြသော အထက်တန်း သူနာပြုများ ဖြစ်ပါသည်ခင်ဗျာ။
ယခုအသနားခံတင်ပြရသော အကြောင်းအရင်းမှာ ကျွန်တော်တို့များ လက်ရှိဖြစ်ပျက်နေရသော အခြေနေနှင့် ခံစား ချက်များ ဖြစ်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ သည်ယခုအချိန်ထိ နိုင်ငံတော်မှ ပေးအပ်သော တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြပါသည် ခင်ဗျာ။ အလုပ် လုပ်ခြင်းဆိုသည်မှာ ထိုအလုပ်ထဲတွင် စိတ်ရော ကိုယ်ပါ ပျော်ရွှင် သာယာမှု့ ရှိမှ အဆင်ပြေမှုရှိပါသည်ခင်ဗျာ။ ယခုအခါ ကျွန်တော်တို့  အားလုံးမှာ စိတ်ရောကိုယ်ပါ ပျော်ရွှင်မှုမရှိ သည့်အပြင် ဘဝ ပျက်သုန်း ခြင်းများနှင့် ကြုံတွေ့  နေရပါသည်ခင်ဗျာ။ ထိုအခြင်းအရာများကို နိုင်ငံတော်အကြီးအကဲ အဘ ဗိုလ်ချုပ် မှူးကြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်ကြီးများ သိအောင် အသေးစိတ် တင်ပြ အပ်ပါသည်ခင်ဗျာ။
ကျွန်တော်တို့သည် သင်တန်း စတက်တည်းက စပြီး အနှိမ် ခံခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်ပါသည်။ သင်တန်း တက်စဉ် အခါကလည်း အုပ်ချုပ်သူ အရာရှိများ၏ ပြင်းထန်စွာနှိပ်စက်မှု၊ ညှင်းစဲမှုများကို ခံခဲ့ရပါသည်။ အုပ်ချုပ်သူ အရာရှိများ ကျွန်တော်တို့ ကို စခေါ်ပုံမှာ "သင်တန်းသားဆိုတဲ့ အကောင်တွေ" ဟုပဲခေါ်ပါသည်။ ကြိမ်လုံးဖြင့်ရိုက်လျှင်လည်း အချက် နှစ်ဆယ်၊ သုံးဆယ်ရိုက် ပါသည်။ မျက်နှာကိုလက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းတို့ မှာ ရိုးရှင်းသော ပုံမှန် လုပ်နေကျ များ ဖြစ်ပါသည်။ ပိုဆိုးသည်မှာ လက်ထောက်မှောက် အပြစ်ပေးနေရင်းနဲ့  မျက်နှာကို ခြေထောက်ဖြင့် ဖြတ်ကန်ခြင်း ဖြစ်ပါ သည်။ ယခုလက်ရှိ ကျောင်းတွင် စစ်ရေးပြမှူး တာဝန် ထမ်းဆောင် နေသော ဗိုလ်ကြီးအောင်ဇော်ဆိုသူမှာ လက်ရှိ သင်တန်းသားများအား လက်ထောက် မှောက်ပြီး ကြိမ်လုံး ဖြင့် ရိုက်ရာမှာ တင်ပါးကို မရိုက်ပဲ ကျောကုန်းကို ရိုက်ခြင်း၊ ဇက်ကို ရိုက်ခြင်း၊ ဦခေါင်း ကို ရိုက်ခြင်း၊ မျက်နှာကိုဖြတ်ကန်ခြင်းများအား ပြင်းထန်စွာ ပြုလုပ်ပါသည်ဟု ကျောင်းရှိလက်ရှိ သင်တန်းသားများမှ သူတို့၏ ခံစားချက်များအား ကျွန်တော်တို့ အား အဆင့်မရှိ၊ ဂုဏ်မရှိ၊ အရည်အချင်း မရှိသူများဟု သတ်မှတ်ကာ သင်တန်းကျောင်းမှာ ကတည်းက စပြီး ထိုကဲ့သို့  အနှိမ်ခံပြီး ဆက်ဆံခံခဲ့ရပါသည်။ ကျောင်းဆင်းပြီးသည့် အခါတွင်လည်း သက်ဆိုင်ရာ ဆေးရုံများသို့  ရောက်သွားသောအခါ ကျွန်တော်တို့မှာ အဆင်မပြေမှု များစွာဖြင့် ကြုံတွေ့  ရပါသည်။ မည်သည့် အတွက်ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ စစ်ဆေးရုံများတွင် ရာထူး တံဆိပ်ကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ ၏ ကော်လံတွင် တပ်ဆင်ပေးထာသော အဆင့် တံဆိပ်အား မည်သူမှ မလေးစား ကြပါ။ မည်သူမှ အသိအမှတ်မပြုကြပါ။ ခြေလျှင်ခြေမြန်မှ သင်တန်းစဆင်းလာသော ရဲဘော်ကတောင် ကျွန်တော်တို့ အား အသက်ငယ် သည်ဟုဆိုကာ ခေါ်စရာ ရာထူးနာမည် မရှိသဖြင့် ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟုသာ ရိုင်းပြသော စကားလုံးများဖြင့် ပြောဆို ဆက်ဆံခံရပါသည်။ လက်မောင်းမှာ အရစ်ပေးထားသော သူနာပြု ဆရာကြီးများတောင်မှ ဆရာ၊ ဆရာကြီး ဟု ခေါ်ခံရကာ ရိုသေစွာ ဆက်ဆံခဲ့ရပါသည်။ ကျွန်တော်တို့  မှာ (၄)နှစ်တာကာလ နှစ်ရှည်သင်တန်းကို တက်ရောက်ကာ နိုင်ငံတော် ဒုတိယအကြီး အကဲ ကိုယ်တိုင် စစ်ရေးပြ အခမ်းအနားဖြင့် ကျောင်းဆင်းပေးသော ဘွဲ့ ရ ပညာတတ်များ ဖြစ်လျှက်နဲ့  ထိုလက်မောင်းတွင် ရာထူးပေးထားသော အခြားအဆင့် ဆရာကြီးများလောက်တောင် ရိုသေစွာ ဆက်ဆံ မခံရပါ။ စစ်သည်တို့ ၏ အမျိုးသမီးများမှာလည်း ကျွန်တော်တို့ အား အရာရှိ အဆင့်များ မဟုတ်ဟု သတ်မှတ်ကာ ဟေ့၊ နင်၊ ငါ စသည့်အသုံးအနှုန်း များဖြင့် ရိုင်းပြစွာ ဆက်ဆံကြပါသည်။ ကျွန်တော်တို့  ၏ ခံစားချက်များကို အဘများစာနာ ကြည့်ပေးစေချင်ပါသည်။ ကျွန်တော်တို့ မှာ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေကြပြီး စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ တပ်များတွင်လည်း မည်သူနှင့်မျှ မတည့်ဖြစ်ကာ စစ်သည်ချင်း သွေးကွဲလျှက် တစ်ယောက်နဲ့  တစ်ယောက် အငြိုးထား ရန်စောင်းကာ နေထိုင် ဆက်ဆံနေရပါသည်။ တပ်မတော်ဆိုသည်မှာ စစ်သည် အချင်းချင်း စည်းလုံးမှု ရှိရန် အထူးလိုအပ်ပါသည်။ ယခုအခါ ထိုကဲ့သို့ မဟုတ်ဘဲ အခြား အဆင့်စစ်သည်များ မှာလည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ဟုဆိုကာ ရိုင်းပြစွာ ဆက်ဆံသည့်အတွက် ကျွန်တော်တို့ မှာ အနာပေါ် တုတ်ကျသကဲ့သို့  နာကျင်စွာ ခံစားကြရပြီး ထိုအခြားအဆင့် စစ်သည်ဆရာကြီးများဖြင့် ပြသနာပဋိပက္ခများ ရင်ဆိုင်နေရပါသည်။
ထိုဖြစ်ရပ်သည် ရန်ကုန် သမက၁/၃၀၀စစ်ဆေးရုံနှင့် ၁/၁၀၀၀ စစ်ဆေးရုံကြီး များတွင် ဖြစ်ပွားခဲ့ပါသည်။ ၁/၃၀၀တွင် ဖြစ်ပွားပုံမှာ တပ်ကြပ်အဆင့်ရှိ ဆရာ တစ်ဦးမှကျွန်တော်တို့ ထဲမှ တစ်ဦးအား ဟေ့ကောင်၊ ညီလေး၊ မင်း၊ ငါဟု ပြောဆို ဆက်ဆံရာ ထိုသူနာပြုမှ အထက်အကြီးအကဲ သူနာပြုအုပ်ကိုတင်ပြရာ သူနာပြုအုပ်က ပြောဆိုလိုက်ပုံမှာ"အဲ့ဒီ ဆရာက နင်တို့ ထက် အသက်ကြီးတာပဲ" ဟု ပြောဆိုပြီး ပြန်လွတ်လိုက်ပါသည်။ တပ်မတော် တွင် အသက်ဖြင့် အုပ်ချုပ်သည် မဟုတ်ပါ။ ရာထူးဖြင့်သာ အုပ်ချုပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ဆေးရုံထဲတွင် WARDMANANGER တာဝန်ကို ထမ်းဆောင်ရသူများ ဖြစ်ပါသည်။ WARD ထဲတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော SISTERS အမများမှ မောင်လေး ဆရာကြီးကို ဒါလုပ်ခိုင်း လိုက် ပါ၊ ဟိုဟာလုပ်ခိုင်းလိုက်ပါဟု တစ်ခုခုခိုင်း၊ ခိုင်းလျှင် ကျွန်တော်တို့ မှာ ဆရာကြီး များအား ခိုင်းလို့ မရသည့် အပြင် ပြသနာပါကြုံရပါတော့သည်။ ထိုအခါခိုင်းလို့  မရသော ကြောင့် ရအောင် ခိုင်းသော အခါ ဆရာကြီးများမှ ကျွန်တော်တို့  အားအငြိုးဖွဲ့  ကာ ညအချိန်တွင် လက်နကများဖြင့် ချောင်းရိုက်ခြင်းများ စတင် ခဲ့ပါသည်။ ထိုဖြစ်ရပ်သည် ရန်ကုန် ၁/၁၀၀၀ စစ်ဆေး ရုံကြီး တွင် လွန်ခဲ့သော (၃)နှစ် ကျော်ခန့်  က ဖြစ်ပွားခဲ့ပါသည်။ စစ်သူနာပြု နှစ်ယောက်မှာ ည(၉) နာရီ လောက်တွင် နှာခေါင်းကိုတုတ်ဖြင့် ချောင်းရိုက်ခံရပြီး ချက်ချင်း ဆေးရုံ တက်ခဲ့ ရပါသည်။ ထိုကဲ့သို စစ်သည် အချင်းချင်း မညီညွတ် ရန်သူကဲ့သို့  သဘောထားပြီး မသင့်မြတ် ဖြစ်ကြရပါသည်။ အရာရှိ များနှင့် ဆက်ဆံသည့်အခါတွင်လည်း ကျွန်တော်တို့ အား ဒီကောင်တွေက အရာရှိ မဟုတ်ကြ ဘူးဆိုကာ အနှိမ်ခံ ဆက်ဆံခံရပါသည်။ တပ်များတွင်လည်း ကျွန်တော်တို့  အား အခြား အဆင့် စာရင်းထဲတွင် ထည့်သွင်း ရေးဆွဲခံ ရပါသည်။ ကျွန်တော်တို့  မှာ ဘွဲ့  ရပညာတတ်ကာ နိုင်ငံတော် ဒုတိယအကြီးအကဲကိုယ်တိုင် အသိအမှတိပြု ကျောင်းဆင်းသူများ ဖြစ်ကာ တပ်များတွင် အခြား အဆင့်ကဲ့သို့  ထားသည်မှာ ရင်ထဲတွင် အလွန်တရာခံစားရကာ စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဖြစ်ရပါသည်။ ထိုကဲ့သို့  စစ်သူနာပြုတိုင်း စိတ်ဓာတ်ကျဆင်းနေကြရပါသည်။ တစ်ချို့  ဆိုလျှင် ကိုယ့်ဘ၀ကို ကိုယ် စိတ်ဓာတ်ကျလွန်း ပါသဖြင့် အရက်ကိုပဲအမြဲသောက်ကာ အရက်သမား ဘ၀ကို ရောက်ကြ ရပါသည်။ တစ်ချို့ မှာ ကိုယ့်ကိုကိုယ် တမင်တကာ ရောဂါဖြစ်အောင် ဖန်တီးပြီး ဆေးကို ပုံမှန် မသောက်ပဲ ရောဂါ ကျွမ်းသွားအောင် ကိုယ့်ဘဝကို ဖျက်ဆီးပစ်ကြသူများလည်း ရှိပါသည်။ ထိုသူသည် ယခုလက်ရှိ အမှတ်၁/၁၀၀၀ ဆေးရုံကြီးတွင် ဆေးရုံတက် ဆေးကုသမှုခံနေရပြီး (ဒီနေ့ လား၊ မနက်ဖြန်လား) သေရမဲ့နေ့ ကိုစောင့်နေရသူဖြစ်ပါသည်။ ထိုသူသည် TBေ၇ာဂါဖြစ်ကာ ခံစားနေရသူဖြစ်ပါသည်။ စိတ်ဓာတ်ကျဆင်းလွန်းပါသဖြင့် TBဆေးကို ပုံမှန်မသောက်သည့် အတွက် ဆေးယဉ်သွားကာ ရောဂါကိုကုမရတော့ပါ။ ယခုအခါ အဆုတ်နှစ်ခုလုံးပျက်စီးနေပြီး ဘ၀ပျက်သွား ပါသည်။ ၂၀၀၈ခုနှစ် မှာဆိုလျှင် သင်တန်းသားတစ်ယောက်သည် စိတ်ညစ်လွန်းပါသဖြင့် ဆွဲကြိုး ချကာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံခဲ့ပါသည်။ သင်တန်းတွင် အကောင်းဆုံး သင်တန်း သား ဆုရသူများ မှာလည်း စိတ်ဓာတ်ကျကာ မိမိဘ၀ကို မိမိ တန်ဖိုးမထားဘဲ အရက် ကိုပဲ အမြဲ သောက်ကာ အပြစ်များကျူးလွန်ပါသဖြင့်  ရဲဘော်ဘဝသို့  အဆင့်ချ ခံရကာ ဒုက္ခရောက် နေကြ ပါသည်။ အပါတ်တ်စဉ်(၁)နှင့် အပါတ်စဉ်(၂)မှ (BC)ဆုရ စစ်သူနာပြု နှစ်ယောက်မှလွဲပြီး အောက်အပါတ်စဉ် (BC)ဆုရ သူနာပြုများမှာ အဆင့်လျှော့ချခြင်း ခံရပြီး၊ အချုပ်ကျခံရခြင်းများဖြင့် ဘဝပျက် နေကြ ပါသည်။ ကျွန်တော်တို့ မှာ လစာမတိုးခင် သင်တန်းစခေါ်စဉ်အခါက လစာ (၉၀၀၀ိ/) ဒုဗိုလ်လစာဖြင့် ခေါ်ပြီး လစာ တိုးသောအခါ ကျွန်တော်တို့မှာ ဒုဗိုလ် လစာ မရတော့ဘဲ လစာလျော့ခြင်း ခံလိုက်ရပါသည်။
ထိုမှ တစ်ဖန်နေပြည်တော်တွင်လည်း အိမ်ထောင်သည် များအား လွန်ခဲ့သောနှစ်နှစ်ခန့် က အရာရှိ အိမ်များဖြင့် နေရ ပါသည်။ အရာရှိအသုံးအဆောာင် FACILITIES များခံစားခွင့် ရရှိပါသည်။ ယခုအခါ စစ်သူနာပြု အိမ်ထောင် သည်များမှာ အခြားအဆင့် စစ်သည်များနှင့် တန်းတူ အခြား အဆင့် စစ်သည် လိုင်းတွင်သာ နေထိုင်ကြရပါသည်။ ပိုဆိုးသည်မှာ ကျွန်တော်တို့ အား အရင်က ထုတ်ပေးထားသော အရာရှိ အသုံးအဆောင်များကို ပြန်လည် သိမ်းဆည်း ခြင်း ခံရပါသည်။ ကျွန်တော်တို့ မှာ တဖြေးဖြေးနှင့် ပိုပြီး အဆင့်နိမ့်၊ နိမ့်လာပြီး ပိုပြီး အနှိမ်ခံရမှုများကာ အလွန့်  အလွန် စိတ်ဓာတ် ကျဆင်းမူ များစွာဖြင့် ကြုံတွေ့ နေရပါသည်။
သို့ ဖြစ်ပါသဖြင့် ကျွန်တော်တို့ ၏ ထိုဆင်းရဲခြင်းများအား စာနာငဲ့ညှာ သနားပေးနိုင်ပါရန် နိုင်ငံတော် အကြီးအကဲ အဘများအား ကျွန်တော်တို့  အားလုံးမှ စုပေါင်းပြီး ရိုသေစွာအသနားခံ တင်ပြအပ်ပါသည်ခင်ဗျား။
ရိုသေလေးစားစွာဖြင့်…
အထက်တန်း စစ်သူနာပြုများ
Posted in: ၁၄။ ပေးစာဒေါ်စု ပဲခူးခရီးစဉ် ချောမွေ့အောင်မြင်
ဓာတ်ပုံ ASSOCIATED PRESS မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖွင့်လှစ်ပေးနေစဉ်။ သြဂုတ် ၁၄၊ ၂၀၁၁။ |
Posted in: ၀၃။ မြန်မာ့ သတင်းဆရာမျိုးဟန်ကို - 2011, August လ အတွက် ဗေဒင် ဟောစတမ်း ....
ဒီလတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရာထူးတိုးကိန်း ရှိပါသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။
ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများ အတွက်နဲ့ ငွေကုန်ကျမှုများ ရှိပါသည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီခရီးထွက်ရမည်။ သူငယ်ချင်းများနဲ့ ပြန်လည် ဆုံတွေ့ရမည်။
ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ ဆက်လက်ကြိုးစားပေးပါ။
ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ချစ်သူနဲ့ နီးရက်နဲ့ ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ အဆင်ပြေနေသော အချိန်လေးပါ။
ဒီလအတွက် ကျန်းမာရေးမှာ သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စာအုပ်တစ်အုပ်ထဲတွင် ငွေ ၅ ကျပ်ထည့်လိုက်ပြီး မိမိနေအိမ် ရှိစားပွဲ တစ်နေရာရာတွင် တင်ထားလိုက်ပါ။ ကံကောင်းလာမည်။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 5 8 8
ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။
ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။
ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။
ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။
ယခုလ အတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လက်ကိုင်ပဝါတစ်ထည်ကို ရေမျှော၍ ဆုတောင်းလိုက်ပါ။
ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 8 0 5
ယခုလ အတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများထက် လူမှုရေး ကိစ္စများနေမည်။ သူတစ်ပါး ကိစ္စများတွက် မိမိ ပါဝင်နေရမည်။
ငွေကြေးကိစ္စများ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရလိုက် ကုန်လိုက် ဖြစ်နေပြီး လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။ မိသားစုအတွင်း စီးပွားရေး တိုးတက်လာမည်။ အင်္ဂါနံ ပစ္စည်းများ ဝင်မည်။
ပညာရေး ကြိုးစားနေမည့် အချိန်လေးပါ။ ကူညီသင်ပြပေးသူ ပေါ်မည်။
ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေရသော အချိန်လေး ဖြစ်ပါသည်။ အဆင်ပြေလာမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများမှာ ရန်စကားများနေရသော အချိန်လေးပါ။
ဒီလအတွင်း ကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်မည်။
ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းအဖြူရောင် ၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 5 0 6
ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကောင်းမွန် အဆင်ပြေနေသော အချိန်လေးဖြစ်ပါသည်။ အလုပ်အကိုင် ကိစ္စများတွင် အခုလက်ရှိ ကံကောင်း အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ စကားပြောဆိုများ အဆင်ပြေပါသည်။
ငွေကြေးကိစ္စများ ယခုလအတွင်း ကံကောင်းလာမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ငွေဝင်မည်။ အများကြီး မဟုတ်ပါ။ ပုံမှန်ဝင်မည်။ မိသားစုဝင်များ နှင့် ခဏတာ ခွဲခွာနေရမည်။ စနေနဲ့ ပစ္စည်းများဝင်မည်။ သောကြာနံများ ဝင်ပါက မကောင်းပါ။
ပညာရေး သင့်တင့် ရှိပါသည်။ ဆက်လက် ကြိုးစားပါ။
အချစ်ရေးမှာ အဆင်မပြေသေးပါ။ စိတ်ဆိုးနေ စိတ်ကောက်နေ တုန်းပါပဲ။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။
ယခုလ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက် အား သကြားလုံး ၁၇ လုံး လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 5 4 4
ဒီလ အတွင်းမှာ အဆင်မပြေသေးပါ။ အလုပ်အကိုင်များ နေရာများ ပြောင်းရွှေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။
ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေမည်။ ခရီးယာယီ ထွက်ရမည်။ စက်ပစ္စည်းများ ပျက်မည်။
ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ ဆက်တက်ရမည်။
ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။
ဒီလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။
ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် မိမိနှစ်သက်ရာ သစ်သီး ၅ မျိုးကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 5 5
ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ နေထိုင်မှုကိစ္စများ ပြသနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေသော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီပေးသူ ပေါ်မည်။
ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ ရသလောက် ကုန်ကျမှု များရှိနေမည်။
ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။
အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိ နှင့် မိမိ ချစ်သူအကြား ပြသာနာမရှိပေမဲ့ သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေရမည်။
ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ၊ ကျန်းမာရေးညံ့မည်။
ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းညွှန့် ၁၂ ညွန့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 78 2
ယခုလ အတွင်းမှာ အလုပ်ကိစ္စများ အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။
ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဝင်ငွေ များသလို ထွက်ငွေလည်း များနေမည်။ ငွေစုမိမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ စက်စ္စည်း ဝင်မည်။ ထီကံစမ်းပါ။ ခရီးယာယီများ မကြာခဏ ထွက်ရမည်။ နေရာတိုင်းလိုလို စိတ်တိုင်းမကျပဲ စိတ်တိုနေမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။
အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေး စန်းပွင့်နေသော အချိန်လေး ဖြစ်ပါသည်။ ယခုလ အိမ်ထောင်ရေးကိစ္စများမှာ တကျက်ကျက် နဲ့ စကားများနေရသော နေ့ရက်တွေများနေမည်။
အခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။ ဗိုက်အောင့်မည်။
ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက်အား ငွေ ၁၀ လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 7 9 0
Source :http://www.myohanko.br.ms/
Posted in: ၁၅။ ဗေဒင်မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ်သစ်ပြုလုပ်နေ
ယခုသြဂုတ်လ တစ်ရက်နေ့မှ စတင်၍ တစ်လအတွင်း မလေးရှားအစိုးရမှ ပြုလုပ်ပေးနေသည့် နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပါမစ်သစ်ကို ပြုလုပ်သူအလွန်များလာသည်ဟု ပီနန်မြို့မှ တရားမဝင် သွားရောက်လုပ်ကိုင်နေသည့် ကိုမင်းသိန်းက ပြောသည်။
“ကျနော် အဲဒီပါမစ်သစ်ကို မနေ့က သွားလုပ်ခဲ့တယ်၊ အလုပ်လုပ်မှာလား၊ ပြန်မှာလားလို့ မေးတယ်၊ အလုပ်လုပ်မယ်ဆိုရင် စည်းထုပေးတယ်၊ ပြန်မယ်ဆိုရင်လည်း ပြန်မယ့်စည်းကို သူတို့ထုပေးမယ်၊ ပြီးရင် လက်ဗွေရာ နှိပ်ရတယ်၊ ဓါတ်ပုံ ၂ ပုံနဲ့အတူ သူဌေးက ထောက်ခံချက်ပေးရတယ်၊ ၅၀၀ ရင်းဂစ်ပေးရတာကို သူဌေးတာဝန်ယူပေးတယ်” ဟု ၄င်းကပြောသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ခွင့်ပါမစ်ခ ၃၅၀ ရင်းဂစ်သာ ပေးဆောင်ရမည်ဖြစ်ကြောင်း မလေးရှားတီဗွီသတင်းဌာနများတွင် ကြေငြာခဲ့သော်လည်း နယ်မြို့များတွင် ပွဲစား၊ အေးဂျင့်များမှတဆင့်ပြုလုပ်ပါက ရင်းဂစ် ၅၀၀ အထိပေးဆောင်နေရသည်ဟု သိရသည်။
အလုပ်လုပ်ခွင့်ပါမစ် ရရှိပြီးနောက် ၆ လတာကာလအတွင်း နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်ရမည်ဖြစ်ပြီး ၄င်းပတ်စပို့ ရရှိသည့်အချိန်တွင် နောက်ထပ် ၂၀၀၀ ရင်းဂစ် ပေးဆောင်ရမည်ဖြစ်သည်။
“ပတ်စပို့က သက်တမ်း ၂ နှစ်ရမယ်၊ ဒီခြောက်လအတွင်းမှာ အဖမ်းအဆီးမရှိဘူးလို့ ပြောတယ်၊ ၆ လပြည့်လို့ ဘာစာအုပ်မှ မရှိဘူးဆိုရင် ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု အလုပ်လုပ်ခွင့်ပါမစ် ရရှိထားပြီးသူ ကိုအောင်က ပြောသည်။
မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေသူ UN ကဒ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအားလုံးက ၄င်းမလေးရှားအလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ခွင့် မရှိကြောင်းနှင့် UN ကဒ် ကိုင်ဆောင်ထားသူများ ပြဿနာတစ်စုံတစ်ခု ဖြစ်လာပါက UN မှ တာဝန်ယူပေးမည်ဟု ထုတ်ပြန်ထားကြောင်း မလေးရှားနိုင်ငံ ကွမ်လလမ်ပူမြို့မှ မြန်မာအလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းသုမွန်က ပြောသည်။
“ကုမ္ပဏီမှာ လုပ်နေတဲ့ အလုပ်သမားတွေက ဒီ Work permit ကိုလုပ်တာများတယ်၊ အချို့လုပ်ငန်းအသေးစား လုပ်ကိုင်နေသူတွေကြတော့ ထောက်ခံပေးမယ့်သူ မရှိတော့ မလုပ်ချင်ကြဘူး” ဟု ကိုမင်းသုမွန်က ဆက်ပြောသည်။
“ကျနော်အဲဒီပါမစ်ကဒ် မလုပ်ရဲဘူး၊ ကျနော့်တို့ကို ထောက်ခံပေးမယ့် သူဌေးမရှိဘူး၊ မွန်ဒုက္ခသည်ကဒ်ပဲ သွားလုပ်တော့မယ်၊ ပိုက်ဆံနည်းနည်းပါးပါးပဲ ကုန်တယ်” ဟု တရားမဝင် ကြွေပြားခင်း အလုပ်သမားမိသားစုက ပြောသည်။
ထို့အပြင် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း၏ ကဒ်များ ကိုင်ဆောင်ထားသူများလည်း ၄င်းအလုပ်လုပ်ခွင့်ပါမစ်ကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မပြုလုပ်ပါက မလေးရှားအာဏာပိုင်များ ဖမ်းဆီးခွင့်ရှိသည်ဟု ကိုမင်းသုမွန်က ဆက်ပြောသည်။
မလေးရှားအစိုးရမှ ပြုလုပ်ပေးသည့် အလုပ်လုပ်ခွင့်ပါမစ်နှင့် နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်သူများသည် နိုင်ငံတကာ အလုပ်သမားများ ခံစားခွင့် ဥပဒေအတိုင်း ခံစားခွင့်ရှိပြီး တရားဝင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားအလုပ်သမားများနည်းတူ အခွင့်အရေး အကျိုးထူးများခံစားရမည်ဖြစ်ကြောင်း ကြေငြာထားသည်။
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်းအတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကို နေရပ်ရင်းပြန်ပို့ခြင်း လုပ်ငန်းများပါဝင်သည်။
မလေးရှားတွင် တရားဝင်အလုပ်သမား ၂ သန်းခန့်၊ တရားဝင် ၂ သန်းခန့်အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်ကြသူများခန့်မှန်းထားပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
Source: http://www.burmese.monnews.org/?p=2833
Posted in: ၀၂။ နိုင်ငံတကာသတင်းတရားမ၀င် ခရီးသွားသူ မြန်မာနိုင်ငံသား ဘင်္ဂလီ ၁၅၀ ဦး ဖမ်းမိ
ရခိုင်ပြည်နယ် သံတွဲခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကိုကိုမောင်ကို ကိုးကားပြီး အဆိုပါ ဂျာနယ် အွင်လိုင်း သတင်းတပုဒ်တွင် ထိုသို့ ရေးသား ဖေါ်ပြသည်။
ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင် မောင်တောဘက်မှ နေပြီး ပြည်မထဲ ဝင်ရန် စစ်တပ် လုံခြုံရေးများ သဖြင့် သံတွဲဘက်မှနေ လှည့်ဝင်ရန် လုပ်လာကြသူများ ဖြစ်ပြီး တချို့မှာ ခရီးသည် ကားများနှင့် ပါလာတတ်သူများ ဖြစ်ကြကာ တချို့မှာ ညဘက်တွင် စစ်ဆေးရေး ဂိတ်ဘေးမှ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းစဉ် ဖမ်းဆီးခံရသူများ ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မတိုင်မှီက သူတို့ကို ဖမ်းမိခြင်း ဖြစ်ပြီး သံတွဲ မြို့အထွက်စာနီတောင် စစ်ဆေးရေး ဂိတ်နှင့် သံတွဲမြို့ အထွက် နေရာအချို့တွင် ငါးလခန့်အတွင်း ဖမ်းမိခြင်းဖြစ်သည်ဟု ဦးကိုကိုမောင်က ပြောသည်။
ဇူလိုင်လ ၁၈ ရက်နေ့မှ စပြီး တိုင်းရင်းသား မိဘနှစ်ဦးမှ မွေးဖွားခဲ့သူဖြစ်ြပီး အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ထားသော အစ္စလာမ်ဘာသာဝင်များအား လဝက ၏ထောက်ခံချက် မလိုဘဲ မြန်မာနိုင်ငံ အတွင်း ခရီးသွားလာခွင့် ပြုခဲ့သည်ဟု သိရသည်။
သို့သော်လည်း ထို ခွင့်ပြုချက်ထဲတွင် ရခိုင်ပြည်နယ်တွင် နေထိုင်သူ ဘင်္ဂလီများ ပါဝင်ခြင်း မရှိဘဲ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်းသားများနှင့် ဗုဒ္ဒဘာသာ ကိုးကွယ်သူ မာရမာကြီးများသာ ထိုခွင့်ပြုချက်ထဲတွင် ပါဝင်သည်ဟု သိရသည်။
မြန်မာ အစိုးရသည် ၂၀ဝ၂ ခုနှစ်မှ စတင်ပြီး "ဘင်္ဂလီ လူမျိုးများ ပြည်မသို့ ထိုးဖောက်ဝင်ရောက်မှု တားဆီးရေးအဖွဲ့" ကိုဖွဲ့စည်းပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူ ဘင်္ဂလီများ၏ ပြည်မသို့ သွားရောက်ရေးကို ပိတ်ပင် တားဆီးခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေး ကိစ္စများအတွက်သာ လဝက ၏ ထောက်ခံစာဖြင့် ခရီးသွားခွင့်ပြုခဲ့သည်။
ဘင်္ဂလီ လူမျိုးများမှာ မြန်မာ တိုင်းရင်းသားများ မဟုတ်၍ ကန့်သတ် နယ်မြေထက် ကျော်လွန် သွားလာပါက ဖမ်းဆီးမည်ဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောကြောင်း ဂျာနယ်က ဖေါ်ပြသည်။
"တိုင်းရင်းသားမိဘနှစ်ပါးက မွေးတဲ့တိုင်းရင်းသားတွေနဲ့ အခွင်အရေး အတူတူလိုချင်လို့တော့မရဘူး" ဟု သူက ပြောသည်ဟု ဂျာနယ်က ဆိုသည်။
မြန်မာနိုင်ငံ အစိုးရမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် နေထိုင်သူ အစ္စလာမ် ဘာသာဝင်များကို ဘင်္ဂလာဒေခ်ျ့မှ ခိုးဝင်လာသူများ ဖြစ်သည်ဟု ဆိုကာ ဘင်္ဂလီ အစ္စလာမ်ဟု အမျိုးသား မှတ်ပုံတင်တွင် တရားဝင် ဖေါ်ပြထားသည်။ သို့သော်လည်း ပြည်ပရောက် ဘူးသီးတောင်- မောင်တောဘက်မှ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့မှာ ဘင်္ဂလီများ မဟုတ်ဘဲ " ရိုဟင်ဂျာ" လူမျိုး ဖြစ်သည်ဟု ဆိုကာ မြန်မာနိုင်ငံတွင် တိုင်းရင်းသား အခွင့်အရေးများကို တောင်းဆိုလျှက်ရှိကြောင်း သတင်း ရရှိသည်။
Source: နိရဉ္စရာ
Posted in: ၀၃။ မြန်မာ့ သတင်းထိုင်းရေတပ်က မြန်မာ ၅၅ ဦးအား ဖမ်းဆီး
သူတို့အား ဘုတ်တစီးဖြင့် အန္တမန်ပင်လယ် ရေလမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံ ရနောင်းခရိုင် အနောက်ဘက် Phayam ကျွန်းသို့ ၀င်ရောက်လာစဉ် သြဂတ်စ်လ ၉ ရက်နေ့ နံနက် ၃ နာရီတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ထိုအထဲမှ ဘုတ်ပဲ့နင်း ဖြစ်သူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
ဖမ်းဆီခံနေရသည့် မြန်မာများတွင် ခရီးသွားလာခွင့် တရားဝင် မည်သည့်သက်သေ အထောက်ထားများမှ မပါရှိကြောင်း ထိုင်းအာဏာပိုင်မှ ပြောကြားသည်။
ထိုနည်းတူစွာ လွန်ခဲ့သော ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဘုတ်တစီးဖြင့် ရေလမ်းကြောင်းမှ တဆင့်ထိုင်းနိုင်ငံ သို့ တရားမ၀င် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၄ ဦးအား ထိုင်းရေတပ်၏ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
Source: နိရဉ္စရာ
Posted in: ၀၁။ အလုပ်သမားများ သတင်းဒုက္ခသည်ဈေးဆိုင်များ ထိုင်းအာဏာပိုင်များထံ လစဉ်အခွန် ပေးဆောင်ရ
ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်အတွင်းရှိမယ်လ အူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းနှစ်ခုမှလူသုံးကုန် နှင့် စားသောက်ကုန် ရောင်း ဈေးဆိုင်များကို ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းအုပ်ချုပ်ရေးအဖွဲ့က ယခုလဆန်းပိုင်းမှစ၍ လစဉ် ဆိုင်အခွန်ငွေ ကောက် ခံခဲ့သည်ဟု သိရသည်။
မယ်လအူး ဒုက္ခသည်စခန်း ထိုသို့ ကောက်ခံရန် စခန်းဆိုင်ရာ ထိုင်းအာဏာပိုင်များက ကရင်ဒုက္ခသည်ကော်မတီ(KRC)ကို အသိပေး ပြောဆိုခဲ့သည့်အ ပေါ် စခန်းတာဝန်ရှိသူများက သြဂုတ်လ ၁ရက်နေ့တွင် လိုက်လံကောက်ခံခဲ့ခြင်းဖြစ်သည်ဟု မဲ့စရင်းမြို့ရှိ KRC က ကေအိုင်စီ ကို ပြောပြသည်။
အသစ်က တလတကြိမ် ကောက်ခံ သွားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
KRC ၀န်ထမ်းတစ်ဦးက “အရင်ကတော့ စခန်းတစ်ခုလုံးက ဆိုင်အားလုံးပေါင်း တနှစ်ကို ဘတ်ငွေ၁သောင်း ပေးရတယ်။ အခု အသစ်ပြောင်းလာတဲ့ ပလာကတော့ တစ်လ ၅သောင်း တောင်းတယ်။ အဲဒါ စခန်းက ဈေးသည်တွေအနေနဲ့လည်း ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် စခန်းမှာရှိတဲ့ ဈေးဆိုင်တွေရဲ့အခြေအနေ ကိုကြည့်ပြီး ကောက်ပေးခဲ့တယ်။”ဟု ပြောသည်။
မယ်လအူး ဒုက္ခသည်စခန်းတွင် ဈေးဆိုင်စုစုပေါင်း ၂၀၀နီးပါးရှိပြီး ယခုကောက်ခံမှုမှာ ဆိုင်အကြီးအငယ် အလိုက် ဘတ်ငွေ ၂၀ မှ ၂၀၀အထိ ကောက်ခံခဲ့သလို အပြင်မှ ကားနှင့်လာရောက်၍ ဈေးရောင်းနေသည့် ထိုင်းဈေးသည်များအား ကားတစ်စီးလျှင် ၄၀၀၀ဘတ် ကောက်ခံခဲ့သည်ဟု စခန်းဈေးသည်တစ်ဦးက ယခုလို ပြောပြသည်။
မယ်လအူး ဈေးဆိုင်ပိုင်ရှင်တစ်ဦးက “ကျနော်ဈေးရောင်းလာတာတော့ ၆နှစ်လောက်ရှိသွားပြီ။အရင်နှစ် တွေကတော့ ကျနော် ဆိုင်ကြီးဖွင့်ပေမဲ့ ၃၀ဘတ်ပဲ ပေးရတယ်။ ဒီနှစ်တော့ ကျနော်လည်းဈေးသိပ်ရောင်း မကောင်းလို့ ဆိုင်မှာ အနည်းအကျဉ်းပဲ ရောင်းတော့တယ်။ ဒါပေမဲ့ အခုအခွန်အတွက် ကျနော့်ဆိုင်က ဘတ် ၅၀ပေးလိုက်ရတယ်။”ဟု သူက ပြောသည်။
မယ်လအူးနှင့် မယ်ရာမိုစခန်းနှစ်ခုကို ထိုင်းအာဏာပိုင်တစ်ဦးတည်းက အုပ်ချုပ်နေခြင်းဖြစ်ပြီး ယင်းသို့ဆိုင် အခွန်များ လစဉ် ကောက်ခံနေပါက စခန်းအတွင်းရှိ ဈေးသည်များအနေဖြင့် ရှေ့ဆက် ဈေးရောင်းရန်အခက် အခဲရှိနိုင်ကြောင်း ဒုက္ခသည်များက ပြောဆိုနေကြသည်။
မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၈၀ကျော် ကွာဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လူဦးရေ ၁၇,၀၀၀ကျော်ရှိပြီး မဲ့စရင်းမှ ၁၅၀ ကီလိုမီတာကွာဝေးသည့် မယ်လအူးဒုက္ခသည်စခန်းတွင် လက်ရှိ လူဦးရေ၁၆,၀၀၀ကျော်ရှိ ကြောင်း (KRC)မှတ်တမ်းများအရ သိရသည်။
Posted in: ၀၄။ ထိုင်းသတင်းကမ္ဘာ့ အဆိုးသွမ်းဆုံး လူ ၆ ဦး
ကင် ဂျူံးအီလ်၊ မြောက်ကိုရီးယား
အထီးကျန် ရသေ့နိုင်ငံ မြောက်ကိုရီးယားကို ၁၉၉၄ ခုနှစ်ကတည်းက ဖိနှိပ် အုပ်ချူပ်နေသူဖြစ်သည်။ သူ့ဖခင် ကင်အီလ်ဆွန်း က ၄၆ နှစ် အုပ်ချုပ်ခဲ့ပြီး၊ အဖေနဲ့ သားပေါင်းလျှင် မြောက်ကိုရီးယား အာဏာကို သံမဏိလက်သီးဖြင့် ချုပ်ကိုင်ထားသည်မှာ ၆၃ နှစ် ရှိပြီ။ ကင် ဂျူံးအီလ်က ၁၉၉၈ ခုနှစ်တွင် အခြေခံဥပဒေကို ပြောင်းရေးဆွဲပြီး သမ္မတမှ အမြင့်ဆုံး စစ်ကော်မရှင် ဥက္ကဌ ရာထူး အမြဲကိုင်ထားနိုင်ဖို့ လုပ်ခဲ့သည်။ လူထုကို ပြည်ပ သတင်းများ နားထောင်ခွင့်မပြု။ နိုင်ငံခြား ဖုန်းအ၀င်များကို သတိထား စောင့်ကြပ်သည်။ အင်တာနက် ပိတ်ပင်ထားသည်။ စစ်အေးခေတ် ကွန်မြူနစ်ပုံစံအချိုးကို လုံးဝ မပြောင်း။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှ ၀ါဒဖြန့် မှုများ ပုံမှန်လွှင့်နေတုန်းပင်။ လုပ်အားပေး စခန်းများနဲ့ အတိုက်အခံပြုသူများအတွက် အကျဉ်းစခန်းများမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ အကျဉ်းစခန်းများတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀,၀၀၀ ရှိမည်ဟု တောင်ကိုရီးယား အစိုးရက ခန့်မှန်းထား သည်။
ယခု ကျန်းမာရေး မကောင်းတဲ့အတွက် အသက် ၂၇ ရှိ သူ့သား ကင်ဂျုံအန်း ကို သူ့အရိုက်အရာ ဆက်ခံဖို့ စီစဉ်နေသည်။
လွန်ခဲ့တဲ့ ၄၁ နှစ်တွင် ကပ္ပတိန်လေး မွမ်မာ အယ်လ် ကဒါဖီ က လစ်ဗျား စစ်တပ်ကို ဦးဆောင်ပြီး ဘုရင် အိုင်ဒရစ် ထံမှ အာဏာသိမ်းယူခဲ့သည်။ ယခု အသက် ၆၈ ရှစ်နှစ်ရှိ ကဒါဖီမှာ အမေရိကန် သမ္မတ ရစ်ချဒ် နစ်ဆင် ပထမ သက်တမ်း ကတည်းက လစ်ဗျားအာဏာရယူထားသူ ဖြစ်ပြီး၊ နစ်ဆင်က သူ့ကို အရှေ့အလယ်ပိုင်းရဲ့ ‘ခွေးရူး’ လို့ နာမည်ပေးခဲ့သည်။ ၁၉၆၉ ခုနှစ် ကဒါဖီ အာဏာရယူကတည်းက လစ်ဗျားကို အာရပ် အမျိုးသားရေးဝါဒ၊ ဆိုရှစ်လစ်ဝါဒနဲ့ အစ္စလာမ် တို့ကို ရောသမမွှေပြီး မရေမရာ ကျင့်သုံးခဲ့သည်။ အတိုက်အခံပြုသူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး၊ လက်ရှိ အကျဉ်း ထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းထားသူ ၅၀၀ ကျော် ရှိသည်။ ရေနံကြောင့် ကြွယ်ဝသော်လည်း အဂတိ လိုက်စားမှုများ ထူပြောလျက်ရှိသည်။
ရောဘတ် မူဂါဘီ၊ ဇင်ဘာဘွေ
အာဖရိက ခေါင်းဆောင်များအနက် ရောဘတ် မူဂါဘီ ကိုလည်း အနောက်နိုင်ငံများက သူတို့ ဟီးရိုးအဖြစ် အရင်က သတ်မှတ်ခဲ့ကြသေးသည်။ လူဖြူ ရိုဒီးရှား အုပ်စိုးမှုကို တော်လှန်ပြီး လူမည်း နိုင်ငံ ဖန်တီးဖို့ ကြိုးစားတဲ့အတွက် ဒုတိယ မင်ဒဲလား အဖြစ် မြှောက်ကြည့်ခဲ့သေးသည်။ သို့သော် အစကတည်းက မူဂါဘီ ရဲ့ စရိုက်က အကြမ်းဖက် အုပ်ချုပ်မှုကို လိုလားကြောင်း ပြသခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ကို ဆန့်ကျင်တဲ့ မျိုးနွယ်စု လူ ၃၀,၀၀၀ ကို သတ်ဖြတ်ပြီး သားသတ်သမားဘွဲ့ ရသွားသည်။ ပြီးခဲ့တဲ့နှစ်တွေမှာ မူဂါဘီ က အတိုက်အခံတွေကို နှိပ်ကွပ်ရင်း သူရက်စက်ကြောင်း ပိုပြသခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ အမျိုးမျိုး ကြံစည်သည်။ ကျူးကျော် ရပ်ကွက် အိမ်ယာ ၇၀၀,၀၀၀ ကို ဘူဒိုဇာတွေနဲ့ ထိုးကော်ပစ်သည်။ အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံ ဘ၀ ရောက်ရှိသွားပြီး၊ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှင့် ၁၀ နှစ် ဆက်တိုက် ဂျီဒီပီ အနှုတ်လက္ခဏာ ပြနေခဲ့သည်။
သို့သော် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ MDC ပါတီက အားကောင်းခဲ့ပြီး မူဂါဘီရဲ့ လူသတ် အုပ်ချုပ်မှုကို စိန်ခေါ်လာခဲ့သည်။ အခု အီဂျစ်တော်လှန်ရေး အောင်ပွဲကို ဇင်ဘာဘွေ အတိုက်အခံများနဲ့ လူထုက အားကျလေ့လာနေပြီး၊ မူဂါဘီ နေရမယ့် ရက်ကို လက်ချိုးရေတွက်နေကြသည်။
ကက်စထရို ညီအစ်ကို၊ ကျူးဘား
၁၉၅၉ ခုနှစ်တွင် အာဏာရှင် ဘာတစ်စတာ အစိုးရကို တော်လှန်ဖြုတ်ချခဲ့တဲ့ ဖီဒယ်လ် ကက်စထရို က နှစ် ၅၀ ကြာ ကျူးဘားကို ကွန်မြူနစ်နိုင်ငံ အဖြစ် ပြောင်းအုပ်ချုပ်ခဲ့သည်။ ၂၀၀၈ တွင် ကျန်းမာရေး မကောင်းတာကြောင့် သူ့ညီ ရာဟူး ကက်စထရို ကို တရားဝင် အာဏာ လွှဲပေးခဲ့ပေမဲ့၊ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး တစ်ပါတီ ကွန်မြူနစ်စနစ်အောက်တွင် နိုင်ငံရေး အခွင့်အရေး၊ အရပ်သား လွတ်လပ်ခွင့် တွေကို ထိန်းချုပ် ထားတုန်းပင် ဖြစ်သည်။
နိုင်ငံရေးသမားထားတဲ့ ကျူးဘား အကျဉ်းထောင်များမှာ ကြွက်ပေါလွန်းတာကြောင့် အချို့ သတ်သေကြသည်။ ကျူးဘား ကျွန်းမှ ထွက်ပြေးဖို့ ကြိုးစားသူများကို ရက်ရက်စက်စက် နှိပ်ကွပ်သည်။ မီဒီယာ၊ စာပေနဲ့ ပညာရပ်စာတမ်းများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည်။
ရာဟူး ကက်စထရို လက်ထက် စီးပွားရေး တံခါး အသင့်အတင့် ဖွင့်လာပေမဲ့ အစိုးရ၀င်ရောက်စွက်ဖက်မှုက ကြီနေဆဲ ဖြစ်သည်။ ယခု အီဂျစ် ပြဿနာကြောင့် ကျူးဘား နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးလိုက်သည်။
အလက်ဆန်ဒါး လူကာရှန်ကို၊ ဘီလာရပ်စ်
လူကာရှန်ကို ကို ဥရောပ နောက်ဆုံး အာဏာရှင် အဖြစ် သတ်မှတ်ထားသည်။ ၁၆ နှစ်ကြာ သူ့အုပ်ချုပ်မှုအောက်တွင် ဘီလာရပ်စ် စီးပွားရေး နိုင်ငံရေးမှာ အဖတ်ဆယ်မရအောင် ရှိနေသည်။ လူကာရှန်ကိုမှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်ဇညက် ခေတ်မှ လက်ကျန်လူ ဖြစ်ပြီး၊ သူ့ ရဲအဖွဲ့ကို ‘ကေဂျီဘီ’ လို့ အမည် ပေးထားကြသည်။ အာဏာရှင်စနစ် သင်ရိုးပေါင်းစုံကို နောကြေထားသူပီပီ အတိုက်အခံကို အမျိုးမျိုး လှည့်စား
နှိပ်ကွပ် သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိတယ်ဆိုပြီး လူထုကို လိမ်ညာခဲ့သည်။ မဲပေးသူ ထောင်ပေါင်း များစွာက ပေါက်ကွဲပြီး လမ်းပေါ်ထွက်လာတော့ သူ့ လက်မရွံ့ ရဲများက ရာချီပြီး ဖမ်းဆီးခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် များကိုလည်း ဖမ်းဆီးထားသည်။
ဘီလာရပ်စ်မှာ ပိုလန်၊ လစ်သူနီးယား၊ လတ်ဗီးယား တို့နဲ့ အိမ်နီးချင်း ဖြစ်သည်။ ထိုနိုင်ငံ အားလုံးမှာ ယခင် ကွန်မြူနစ် နိုင်ငံများဖြစ်ခဲ့ကြပြီး၊ ယခု ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒီမိုကရေစီ နိုင်ငံများ ဖြစ်နေကြပြီ။ ယခု အရှေ့အလယ်ပိုင်း တော်လှန်ရေးများ ဆက်တိုက်ပေါ်ထွက်လာမှုကြောင့် လူကာရှန်ကိုမှာ အအိပ်ပျက်ညတွေ များနေသည်။
သန်းရွှေ၊ မြန်မာ
မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆိုသူမှာ နှလုံးသားမရှိသူ၊ မွေးရာပါ အဏာရှင် ဗီဇသဘာဝ ရှိသူဟု အမရိကန် အစိုးရက သတ်မှတ်ထားသည်။ အတိုက်အခံ ၂၀၀၀ ကျော်ကို ပြန်ပေးဆွဲ ဆန်ဆန် ဖမ်းဆီးထားပြီး၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့ အမြဲတောင်းဆိုနေသူ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်နှိပ်နင်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် အရေးပေါ် ဖြစ်နေချိန်တွင် ပြင်ပမှ လူသားချင်းစာနာ ကူညီထောက်ပံ့မှုများကို ငြင်းပယ်ပြီး၊ လူထုဆန္ဒခံယူပွဲကို အတင်း လိမ်ညာ လုပ်ယူသွားခဲ့သူ ဖြစ်သည်။ နှစ် ၂၀ အတွင်း စီးပွာရေး တိုးတက်အောင် တစုံတရာ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ သဘာဝဓါတ်ငွေ့များ၊ ကျောက်မျက် ရတနာများနှင့် အခြား သဘာဝ သံယံဇာတများကို ရောင်းချဖြုန်းတီးပစ်နေသူ ဖြစ်သည်။ သူ့စစ်ဝတ်စုံတွင် ဆုတံဆိပ် ၂၀ နီးပါး ချိတ်ဆွဲထားတတ်သော်လည်း၊ မီဒီယာများရှေ့ စကားပြောဖို့ ကြောက်ရွံ့ပြီး၊ မဲပုံး လူထုရှေ့ ရိုးသားဖြောင့်မှန်စွာ ချပေးဖို့ သူရဲဘောကြောင်သူ ဖြစ်သည်။
August 12, 2011 ရက် ၊ 2:59pm တွင် သားသား ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
http://www.parade.com/dictators/index.html
http://8888newgenerations.blogspot.com/
Posted in: ၀၈။ ဆောင်းပါး


21:02
Unknown

