နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အချို့ကို ၂၀၁၁ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ် |
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒအမှန်နှင့် အခက်အခဲများကို ကိုယ် စားပြုတင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများ က မျှော်လင့်နေကြပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပြောင်းလဲစေခဲ့သည့် လွှတ်တော်များ ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပခဲ့သည်။
ထိုသို့ ခေါ်ယူရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ ပထမအကြိမ်ပုံမှန် အစည်းအဝေးများကို ယင်းနေ့တွင် တစ်ချိန်တည်း ကျင်းပခဲ့သည်။
ဒီတစ်ခေါက် လွှတ်တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ခုတည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း ဝေဖန်ထောက်ပြစေချင်ပါတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုပေမယ့် တရားသူကြီးတချို့ဟာ ခုထိဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေကြောင့် ပြည်သူတွဟာ နစ်နာခံစားနေရဆဲဖြစ်ပါတယ် . . . |
လွှတ်တော်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို စတင်နိုင်ခဲ့သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သစ် ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့် အစိုးရအဖွဲ့သစ်ကိုလည်း ဖွဲ့စည်း နိုင်ခဲ့သည်ကို တွေ့ရသည်။
ယင်းလွှတ်တော်များတွင် အစိုးရ အဖွဲ့သစ်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ရွေးချယ်ခန့်အပ် တာဝန်ပေးသည့် လုပ်ငန်းဆောင်တာ များကိုသာ အဓိကဆောင်ရွက်နိုင်ခဲ့ သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန် အစည်းအဝေးသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူကျင်းပခဲ့သည့် အစည်းအဝေးဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ဖွဲ့ စည်းခြင်း၊ အမြဲတမ်းကော်မတီများ ဖွဲ့စည်းခြင်း၊ ပူးပေါင်းကော်မတီများ ဖွဲ့စည်းခြင်းများကို ပြုလုပ်နိုင်ခဲ့ကာ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေ စာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီတို့ကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
ထို့ပြင် လွှတ်တော်များမှ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များရွေးချယ်ခြင်း၊ ဒုတိယသမ္မတများ ရွေးချယ်ခြင်းနှင့် သမ္မတရွေးချယ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော်မှ ၀န်ကြီးဌာန ၃၄ ခုနှင့် ၀န်ကြီးဦးရေ ၃၀ တို့အား လည်းကောင်း၊ အခြေခံဥပဒေဆိုင် ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရှစ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခြောက်ဦး၊ ပြည် ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရား သူကြီး ခြောက်ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်တို့အား ရွေးချယ်တင်မြှောက် ခဲ့သည်။
ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်း ၁၀၆ ခု နှင့် အဆို ၄၃ ခုတို့အား တင်သွင်း မေးမြန်းခဲ့ပြီး မေးခွန်း ၁၀၆ ခုကို ဖြေကြားခဲ့ကာ အဆို ၄၃ ခုတို့အား ဆွေးနွေးဆုံးဖြတ်ခဲ့သည်။
ယခုအခါ အစိုးရသစ်တက်ပြီးနောက် ပထမအကြိမ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးများကို နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူခြင်း မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌများနှင့် နာယက က ခေါ်ယူ၍ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် စတင် ကျင်းပတော့မည်ဖြစ်ရာ ယခုတစ်ကြိမ် လွှတ်တော်တွင် ပြည်သူများ၏ ဆန္ဒ အမှန်နှင့်အခက်ခဲများ ကိုယ်စားပြု တင်ပြဆွေးနွေးမည့် နှစ်ပေါင်း ၅၀ အတွင်း ဒီမိုကရေစီအကျဆုံး လွှတ်တော်ဖြစ်လာရန် ပြည်သူများက ယုံကြည် မျှော်လင့်နေကြခြင်း ဖြစ်ကြောင်း ပြည်သူများကဆိုပါသည်။
နိုင်ငံတော်အချုပ်အခြာ အာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က) တွင် ပြဋ္ဌာန်း ထားသည်ဖြစ်ရာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်း မဖြစ်ပေါ်စေရန်ကို အလေးထား ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမှ တာဝန်ရှိပုဂ္ဂိုလ် များအားလုံးအနေဖြင့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရား စီရင်ရေးအာဏာတို့တွင် တစ်ခုနှင့် တစ်ခု ၀င်ရောက်စွက်ဖက်ခြင်း၊ ရောထွေးခြင်းတို့ ပြုလုပ်မည်ဆိုပါက ဖွဲ့ စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံ တစ်ဦး က ရှင်းပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး အာဏာနှင့် အဓိကသက်ဆိုင်သူများမှာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာနှင့် အဓိကသက်ဆိုင်သူများ မှာနိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များ၊ ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးမှ အစိုးရ အရာရှိများဖြစ်ကြောင်း၊ တရားစီရင်ရေး အာဏာနှင့် အဓိက သက်ဆိုင်သူ များမှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီးများ အပါအ၀င် အခြားသော တရားရေးအရာရှိများ အားလုံးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)အရ သိရသည်။
နိုင်ငံတော် အချုပ်အခြာအာဏာ ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း တို့ပြုကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၁၁(က)တွင် ပြဋ္ဌာန်းထားသည် ဖြစ်ရာ ဥပဒေပြုရေး အာဏာနှင့် အဓိက သက်ဆိုင်သူများမှာ လွှတ် တော်ကိုယ်စားလှယ်များဖြစ်သည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို လွှတ်တော် အစည်းအဝေးများမှ တစ်ဆင့် ထောက်ပြဝေဖန်ရမည့် အရေးအပါဆုံး သူများ ဖြစ်နေသည်။
လွှတ်တော်တွင် အဓိကတာဝန်ကြီး နှစ်ရပ်ရှိကြောင်း၊ ယင်းတို့မှာ ဥပဒေပြုရေး တာဝန်၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့တို့ အပြန်အလှန် ထိန်းကျောင်းမှု reciprocal control of check and balance လုပ်နေရေးပင်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများအား တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့်ပြည်သူများ အနေဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်များနှင့် ၀န်ကြီး များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စွပ်စွဲပြစ်တင်နိုင်သည့် အချက်ငါးချက်နှင့် ပတ်သက်၍ စွပ်စွဲပြစ် တင်စရာကိစ္စရပ်များ ပေါ်ပေါက်လာပါက လွှတ်တော်ကိုယ်စားလှယ်များ သိရှိစေရန် ဆောင်ရွက်နိုင်ရန်မှာလည်း များစွာအရေးပါကြောင်း ဥပဒေ ပညာရှင်တစ်ဦးက အကြံပြုခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားစီရင်ရေးစနစ်ကို check and balance လုပ်ပေးနိုင်တာ လွှတ်တော်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်း ဒေသကြီးလွှတ်တော်တွေဟာ ဒီတာဝန် ကိုအများဆုံးယူသင့်ပါတယ်။ အခု ခန့်အပ်တဲ့ တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးတွေ အထဲမှာ ယခင်စနစ်ဟောင်းက အငွေ့အသက် မကင်းတဲ့ အဂတိတရားလိုက်စားနေ ဆဲဖြစ်တဲ့ တရားသူကြီးတွေ ပါဝင်တဲ့ အတွက် နစ်နာနေဆဲ ပြည်သူတွေရဲ့ နစ်နာမှုတွေကို လွှတ်တော်ကကြား နာပြီးစွပ်စွဲပြစ်တင်တာတွေလုပ်သင့် ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာရှေ့နေတွေ ပါဝင်ပြီး တရားရုံးအဆင့်ဆင့် မည် သို့မည်ပုံ လာဘ်ယူနေကြတယ်၊ တရားသူကြီးအဆင့်ဆင့်က မလျော် သြဇာသုံးပြီးအမှုကိုစီရင်ဆုံးဖြတ်နေ ကြတယ်ဆိုတာ လက်တွေ့သိရှိပြီး ဖြစ်တဲ့အတွက် လွှတ်တော်က တရား သူကြီးတွေကို စွပ်စွဲပြစ်တင်လုပ်တဲ့ အခါ တိတိကျကျလုပ်နိုင်မှာ ဖြစ်ပါ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီး လိုမျိုးမှာ စပြီး တရားစီရင်ရေးကို ထိန်းကျောင်းကြားနာမယ့် ကော်မတီ ဖွဲ့ပြီး ပြည်သူတွေရဲ့နစ်နာမှုတွေကို ဖော်ထုတ်သင့်ပါတယ်”ဟုဥပဒေ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့ အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်း လုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက်ပြီး တရားစီရင်ရေးကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ တရား စီရင်ရေးကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ် . . . |
“တစ်နိုင်ငံလုံးမှာရှိတဲ့ ကိစ္စ အားလုံးကို လွှတ်တော် ကိုယ်စားလှယ် တွေက အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စွပ်စွဲ ပြစ်တင်ချင်စရာရှိလာရင် သက်ဆိုင် ရာပါတီတွေကနေတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်တွေသိရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လွှတ် တော်ကိုယ်စားလှယ်တွေက သိရှိမှ စွပ်စွဲပြစ်တင်မှုကို လွှတ်တော်မှာ တင်ပြနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီအကျဆုံး၊ လွတ်လပ်ပြီး ပြောရေးဆိုခွင့်အရှိဆုံး၊ စည်းကမ်းအရှိဆုံး နိုင်ငံရေးစနစ် တစ်ခုကို အားယူပြောင်းလဲနေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် အခု ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေဟာ ပြည်သူတွေအတွက် များစွာ အရေးပါပြီး ကိုယ်စားလှယ်တွေက လည်း ပြည်သူတွေလိုအပ်ချက်တွေ ကို ဒီမိုကရေစီကျကျ ကိုယ်စားပြု တင်ပြ အဆိုတင်သွင်းနိုင်ဖို့ ပြည်သူ တွေကမျှော်လင့်နေတာဖြစ်ပါတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုပါသည်။
“ဒီမိုကရေစီဆိုတာ ပေးလို့ရ တာမျိုးမဟုတ်ဘဲ၊ ဒီမိုကရေစီ ကျင့် စဉ်တွေကို လက်တွေ့ကျင့်သုံးရတာ ဖြစ်တဲ့အတွက် လွှတ်တော်အဆင့် ဆင့်မှ ကျင့်စဉ်တွေကိုစတင်ကျင့်သုံး သင့်ပါတယ်။ ဒီတစ်ခေါက် လွှတ် တော်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခု တည်းကိုပဲ ဝေဖန်ထောက်ပြတာမျိုး မဟုတ်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို လည်း ဝေဖန် ထောက်ပြစေချင်ပါ တယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူ မှမရှိစေရ ဆိုပေမယ့် တရားသူကြီး တချို့ဟာ ခုထိ ဥပဒေအထက်မှာ ရှိပြီး ဥပဒေကို လက်တစ်လုံးကြား လုပ်နေတယ်။ တရားရေးဆိုင်ရာ မကျွမ်းကျင်မှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေကြောင့် ပြည်သူတွေ ဟာနစ်နာခံစားနေရဆဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရား စီရင်ရေးစနစ်မှာအားနည်းချက်ရှိနေ တာ၊ တရားသူကြီးတွေကို အခွင့် အာဏာ အလွန်အကျွံ ပေးထားတာ တွေကို ပြင်ဆင်စေချင်ပါတယ်။ ဂျူရီစနစ်မရှိတဲ့ အတွက် အဂတိတရား လိုက်စားမှုတွေ၊ ငါတကောကော နေနိုင်တာတွေကိုလည်း စိစစ်ဝေဖန် သုံးသပ်စေချင်ပါတယ်။ တရားရေး မဏ္ဍိုင်က တရားသူကြီးတွေကို ဒီထက်ပိုပြီး ထိန်းကျောင်းနိုင်မယ့် ဥပဒေတွေကိုလည်း ပြဋ္ဌာန်းစေ ချင်ပါတယ်။ အခုလွှတ်တော်နှစ်ရပ် သာမဟုတ်ဘဲ တိုင်းဒေသကြီးလွှတ်တော်တွေ အားလုံးမှာလည်း ပြည်သူတွေ နစ်နာခံစားနေရတဲ့ တရားရေး ဆိုင်ရာကိစ္စတွေကို လွှတ်တော်ကိုယ် စားလှယ်အသီးသီးက ဝေဖန်ထောက်ပြ စေချင်ပါတယ်။ မဏ္ဍိုင်သုံးရပ်က သီးခြားစီရပ်တည်ရမှာ ဖြစ်ပေမယ့် ပြည်သူတွေကို တိုက်ရိုက်နစ်နာစေတဲ့ တရားစီရင်ရေးစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်ဆွေးနွေးပေးကြဖို့ ဥပဒေပြုမဏ္ဍိုင်နဲ့ သတင်းမီဒီယာ မဏ္ဍိုင်ကို တိုက်တွန်းပါတယ်”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
“ Eleven Media Group အပါအ၀င် သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့အမှုတွေ အားလုံးကို အရှုံးပေး ဆုံးဖြတ်ခဲ့တာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေကို ကာကွယ် တဲ့ ဥပဒေစီရင်ထုံး၊ ဥပဒေရှိသင့်တယ်ဆိုတာ သဘောပေါက်မှာ ဖြစ်ပါတယ်။ အသရေဖျက်မှုနဲ့ ပတ်သက်တဲ့ တရားစီရင်မှုတွေ၊ စီရင်ထုံးတွေ၊ တရားရုံးမထေမဲ့မြင်ပြုမှုနဲ့ ပတ်သက်တဲ့ စီရင်ထုံးတွေ လေ့လာကြည့်ရင် သတင်းမီဒီယာတွေ အတွက် လုံလောက်တဲ့ တရားဥပဒေကာကွယ်မှု မရှိဘူးဆိုတာ သိသာပါတယ်။ ကျွန် တော်တို့ Eleven Media Group ဟာ ငါးနှစ်တာကာလအတွင်းမှာ တရားရုံး အဆင့်ဆင့်နဲ့ ပတ်သက်ပြီး အတွင်း ကျကျ (Investigative Reporting) ရယူထားပြီး အတွေ့အကြုံ ရှိထားပါတယ်။ တရားစီရင်ရေးမှာ ပတ်သက်ပါဝင်သူ အဆင့်ဆင့်က ပြည်သူလူထုအပေါ် ပြုမှုဆက်ဆံတာမျိုး တွေကို အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်တဲ့အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေမှာ အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အာဏာအပြည့် အ၀ရှိဖို့လိုပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ ဥပဒေကိုမျှော့ကြိုးလို သုံးစွဲ မှုတွေ၊ အမှုဆင်မှုတွေကို တခြားလူ မပြောနဲ့ ကျွန်တော်ကိုယ်တိုင် ခံစားဖူးတာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးနဲ့အညီ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ သတင်းမီဒီယာတွေသာမက ဘဲ လွှတ်တော် အဆင့်ဆင့်ပါ တာဝန်ယူ ပေးကြဖို့ တိုက်တွန်းတာပါ”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြော ကြားခဲ့သည်။
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့၌ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကျင်းပပြီးစီးခဲ့သည့် လွှတ်တော် အသီးသီး၏ အစည်းအဝေးများသည် မိမိတို့ အားလုံးအတွက် ပထမဆုံး အတွေ့အကြုံများပင်ဖြစ်ပါကြောင်း၊ နောက်နောင်တွင် ပိုမိုရင့်ကျက်လာ ကြမည်ဖြစ်ပြီး ပြည်သူ၏အကျိုး စီးပွားကိုယခုထက် ပိုမိုတွင်ကျယ်စွာ ထမ်းဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း ကိုလည်း နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွေမှာ ပြည်သူတွေအတွက် ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေထက် ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်”ဟု လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင် ရွက်နေသည့် ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။
“အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက မဆလခေတ် (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်)ကနဲ့ မတူဘူး။ ပါတီစုံလွှတ်တော်ဖြစ်တယ် ဆိုတော့ အဆင့်ပိုမြင့်တယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးမှာက အတွေ့အကြုံက နည်းသေးတဲ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အသားမကျသေးဘူး။ အခု လွှတ်တော် ကိုယ်စားလှယ်တွေမှာ အတွေ့အကြုံလည်း ရှိလာပြီ။ လုပ်ချင်ကိုင်ချင် စိတ်လည်း ပိုများလာကြတော့ အခုကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေက ပိုပြီးအဆင့်မြင့်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ပြီးကတည်းက ဒီမိုကရေစီပါတီတွေ က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့အသံကို လိုက်စုပြီးလာမယ့် လွှတ်တော် အစည်းအဝေးတွေ မှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ် နိုင်မယ့် အကြောင်းအရာတွေကို တင်ပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါကြောင့် လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံတွေ ပိုမိုထင်ဟပ် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။
“ပထမ အစည်းအဝေးကတော့ မီးဖိုတည်လိုက်တဲ့ သဘောပါပဲ။ ဖိုခနောင့်တွေ ဆိုင်လိုက်တယ်။ အလုပ် လုပ်ဖို့အတွက်အဖွဲ့တွေဖွဲ့ခဲ့ကြတယ်။ အခု ဒုတိယ အစည်းအဝေးကတော့ တကယ် အလုပ်လုပ်တော့မယ့် လွှတ်တော်လို့ ယူဆပါတယ်။ ပြည်သူတွေကလည်း ဒီမိုကရေစီကျကျ ဆွေးနွေးနိုင်မယ့် လွှတ်တော် အစည်းအဝေးလို့ ယုံကြည်နေကြတယ်။ မျှော်လင့်နေ ကြတယ်။ စိတ်ဝင်စားမှုလည်းရှိနေ ကြပါတယ်။ ပြည်သူတွေဘက်က တော့ အခု လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာတွေ ရှိတယ်။ ဆန္ဒစောတာတွေရှိနေတယ်။ ဒီလိုတွေ ရှိနေတာကြောင့်ပဲ အခုလုပ်မယ့် အစည်းအဝေးကို ပိုမျှော်လင့်နေကြတာ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့သစ်က သူတို့လုပ်နိုင်တာတွေ ထက် ပိုလုပ်ဖို့ကြိုးစားနေတာကို ကျေးဇူးတင်ပါတယ်။ ဟိုဟာတွေ လျှော့ပေးနေတယ်၊ ဒီဟာတွေ လျှော့ပေးနေတယ်။ ဒီအရာတွေက ကျေးဇူးတင်စရာတွေပါ။ ဒါပေမယ့် အဲဒါတွေနဲ့ မလုံလောက်သေးပါဘူး။ တကယ့်အပိုင်းတွေ ရှိနေသေးပါတယ်။ ဒီအပိုင်းတွေကို အခု လုပ်မယ့် အစည်းအဝေးကစပြီး အစိုးရအဖွဲ့သစ်က တစ်ဆင့်ချင်း လုပ်ဆောင်သွားနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု တရားလွှတ်တော် ရှေ့နေဦးသန်းမောင်(စစ်တွေ) က ပြောကြားခဲ့သည်။
“ပြည်သူတွေ မျှော်လင့်တာနဲ့ မခြား ကျွန်တော်တို့ကလည်း ပိုပြီး မျှော်လင့်ထားပါတယ်။ ဒုတိယ အစည်းအဝေးမှာ ဒီမိုကရေစီကျကျ ပိုပြီး ဆွေးနွေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပထမ အစည်းအဝေးတုန်းကလည်း ကျွန်တော်တို့ ကိုယ်တိုင် တော်တော်လေး အံ့သြမိပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ဆွေးနွေးခွင့်ရခဲ့လို့ပါ။ အဲဒီတုန်းကဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးရော၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ပြောခဲ့တာရှိပါတယ်။ အားလုံးဟာ အခုမှစတာဖြစ်တဲ့အတွက် သင်ကြားရင်းနဲ့လုပ် ဆောင်သွားကြမယ်ဆိုတာပါ။ ပထမ အစည်းအဝေးမှာတော့ လွတ်လွတ် လပ်လပ်ပဲ ကျွန်တော်တို့ တင်သမျှ အဆိုတွေကို ဆွေးနွေးခွင့်ရခဲ့ပါတယ်။ အခု ဒုတိယ အစည်းအဝေးမှာတော့ ပထမအကြိမ်ကထက်ပိုပြီးတော့ နှစ် ပေါင်း ၅၀ အတွင်း ဒီမိုကရေစီ အခွင့်အရေးနဲ့အညီ အပြည့်အ၀ ဆွေးနွေးခွင့်ရမယ့် လွှတ်တော်အစည်းအဝေး ဖြစ်လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ရေးသား ခွင့်၊ အဲဒီမှာစတုတ္ထမဏ္ဍိုင်ကိုပဲ နိုင်ငံတော် သမ္မတကအစ လွှတ်တော် ဥက္ကဋ္ဌအဆုံး အသိမှတ်ပြုလာတဲ့ ကာလပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စကားလုံးအရ စာရွက်ပေါ်မှာရေးသားထားတာ မဟုတ်ဘဲနဲ့ တကယ်အသက်ဝင်နေတယ်ဆိုတာ ပြဖို့ အတွက် အခြေခံဥပဒေဆိုင်ရာ ကနေ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မီဒီယာကို ကွပ်ကဲနိုင်တဲ့ စာနယ်ဇင်းကောင် စီလို၊ သတင်းမီဒီယာ သမားတွေကို ကာကွယ်ပေးတဲ့ဥပဒေ ကျွန်တော်တို့နိုင်ငံမှာ လိုပါတယ်။ ကျွန်တော် တို့ အခုဝန်ထမ်း တစ်ယောက်ကို တရားစွဲမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာနက ခွင့်ပြုချက်ယူရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပြစ်မှုတွေ ရှိပါတယ်။ အဲဒီလိုပဲပေါ့ ဂျာနယ်လစ် တစ်ယောက်ဖြစ်ဖြစ်၊ စာရေးဆရာ တစ်ယောက်ကိုဖြစ်ဖြစ် တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက် တောင်းခံတာတို့၊ ညှိနှိုင်း ပေးတာတို့။ အခုကျွန်တော်တို့ ဥပဒေမှာမရှိတဲ့အခါကျတော့ ဥပဒေပေါ်လာဖို့ လိုအပ်ပါတယ်”ဟု ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Parkroyal Hotel တွင် Hot News Journal ကပြုလုပ်ခဲ့သည့် SSC ၀န်ဆောင်မှုအပေါ် ရေးသားခဲ့သော သတင်းဆောင်းပါးနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
“လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ပြည်သူတွေရဲ့အသံကို ထင်ဟပ်စေမယ့်၊ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်သွင်းဆွေးနွေး သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က “ဒီမိုကရေစီလမ်းကို တကယ်လျှောက်ရင် မြိုင်မြိုင်ဆိုင်ဆိုင်လေး လုပ်ကြသလို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် တွေမှာလည်း ပြည်သူတွေရဲ့အသံတွေကို တင်ပြနိုင်တဲ့၊ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်နိုင်တဲ့ မေးခွန်းနဲ့အဖြေကဏ္ဍကို ထည့်သွင်းလုပ်သင့်ပါတယ်။ ဘာလို့ လဲဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်လို့ပါ။ နောက် ပြီး တရားစီရင်ရေး ကဏ္ဍကို ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် တွေအနေနဲ့ တရားစီရင်ရေး ကဏ္ဍကို စောင့်ကြည့်ဖို့ လုံးဝတာဝန်ရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း တရားစီရင်ရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်တင်ပြ သွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့ သည်။
ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်းအရာငါးချက်
- နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း
- ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
- အကျင့်သိက္ခာ ပျက်ပြားခြင်း
- ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၏ အရည်အချင်းပျက်ယွင်းခြင်း
- ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း
ထူးခြားချက်- ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများအား ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကသာမက နိုင်ငံတော်သမ္မတကပါ စွပ်စွဲပြစ်တင်နိုင်ပြီး ထိုသို့ စွပ်စွဲ ပြစ်တင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်နှင့် ထောက်ခံချက် မလိုအပ်ကြောင်း သိရသည်။
Source: Eleven Media Group
0 comments:
Post a Comment