Tuesday, 11 January 2011

ရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်း၊

၂၀၁၁ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်း၊ အစိုးရ၀န်ကြီးအဖွဲ့ အစည်း အဝေး မှတ်တမ်း
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်

ဝန်ကြီးအဖွဲ့၏အစည်းအဝေးကို ယနေ့မနက်( ၉ )နာရီတွင် ၀န်ကြီးချုပ်ရုံး၏ဒုတိယထပ်ရှိ အစည်းအဝေး ခန်းမ၌ ၀န်ကြီးချုပ် အဘိဆစ် ဝေ့ချာချီဝမှ ဦးဆောင်ကျင်းပခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာလက်ထောက်အတွင်းရေးမှူး တွဲဘက်ပါမောက္ခ ပနိထန် ၀ပ်ထနာရာကွန်မှ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်၎င်း၊ နိုင်ဆူဖချိုင်း ကျိုင်စမွတ်၊ နိုင်ဝပ်ခ်ျရ ကန်နိကာ နှင့် နိုင်မာလွတ် ဖတ်စရ၀ါနစ် တို့မှ ၀န်ကြီးချုပ်ရုံး၏တွဲဖက်ပြောရေးဆိုခွင့် ရှိသူများအဖြစ်ဆောင်ရွက်ပြီး ၀န်ကြီးအဖွဲ့၏ အစည်းအဝေး ရလဒ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲ၏အကျဉ်းချုပ်မှာ-

၇။   ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရွှေ့ဆိုင်းလိုက်ခြင်း။  
           
ဝန်ကြီးအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော ……………… ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
           
အလုပ်လုပ်ခွင့်သက်တမ်းတိုးလျက်ရှိသော မြန်မာ၊ လာအို၊ ကမ္ပောဒီးယား နိုင်ငံတို့မှအလုပ်သမားများ၏ လစာထဲမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေအား ဖြတ်တောက် ရယူခြင်းသည် ၎င်းတို့၏စားဝတ်နေရေးကိုအခက်အခဲ ဖြစ်စေပြီး အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းမပြုလုပ်တော့ပဲ တရားမ၀င်အလုပ်သမားများအဖြစ် ပြန်လည်နေထိုင်ကြသည်။ အလုပ်ရှင်ဘက်မှလည်း အလုပ်သမားလိုအပ်ချက် ပြဿနာများရှိကာ တရားမ၀င်အလုပ်သမား များကိုပြန်လည် အသုံးပြုနေရသည်။ ထို့ကြောင့်အစိုးရမှာ တရားမ၀င်အလုပ်သမား ပြဿနာများအားစီမံခန့်ခွဲရန်အတွက် သတင်းအချက် အလက်များမရရှိနိုင်ပါ။ ထို့အပြင်တရားမ၀င် နေထိုင်မှုကြောင့် အခြားပြဿနာများလည်းကြုံတွေ့နိုင်ပါသည်။ ထို့ပြင်အလုပ်သမားများမှာ ကျန်းမာရေး စစ်ဆေးမှုများမရရှိသောကြောင့် ကူးစက်ရောဂါများကျရောက်နိုင်ပါသည်။ ထိုတရားမ၀င်အလုပ်သမားများ ဒုစရိုက်မှုများကျူးလွန်ပါကလည်း ရှာဖွေစုံစမ်းရန်ခက်ခဲလှပါသည်။ ထို့ပြင်တရားမ၀င် အလုပ်သမား ကိုယ်တိုင်၌ကလည်း ဥပဒေကြောင်းအရအခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။ အစိုးရ၏ တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်မှုပြဿနာများကိုဖြေရှင်းရာတွင် ရည်မှန်းထားသည့် အတိုင်းဖြေရှင်းနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးလုပ်ငန်း များကိုလည်းထိခိုက် စေပါသည်။ 
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ် သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည် ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့် ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့်ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာသွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃(၁)(၂)၊ နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့် သူများမှလည်း အကြံအဥာဏ်ရယူသွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ဆိုင်းငံ့

အလုပ်သမားရှာဖွေရေးဌာန ဒု-ညွှန်ကြာရေးမှုးမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးအား ဆိုင်းငံလိုက်ကြောင်း ထုက်ပြန်

အလုပ်သမားရှာဖွေရေးဌာနမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံခြင်းအား တစ်နှစ်အထိ ရွှေ့ပြောင်း လိုက်ကြောင်းထုက်ပြန်ကြေညာခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အလုပ်သမားရှာဖွေရေးရုံး၏ (၁၀) လွှာရှိအစည်းအဝေးခန်းမ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အလုပ်သမားရှာဖွေရေးဌာနမှ ဒု-ညွှန်ကြားရေးမှုး နိုင်ပရ၀ိ ခယိန်းဖွန် မှပြောကြာရာတွင်  ၂၀၀၈ ခုနှစ် ရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ ၂၀၁၀ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ပို့ရေးရန်ပုံငွေကောက်ခံရန်ဥပဒေ သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းကောက်ခံမည်ဖြစ်သည်။ ရန်ပုံငွေကို (၆) ကြိမ်ခွဲ၍ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာနှင့် လာအိုနိုင်ငံသားများသည်တစ်လလျှင်( ၄၀၀ ) ဘတ်ဖြင့် (၂၄၀၀)ဘတ် ၊ ကမ္ပောဒီးယားနိုင်ငံသားများအတွက်တစ်လလျှင် (၃၅၀) ဘတ်ဖြင့် (၂၁၀၀) ဘတ်ကိုပေးသွင်းရမည် ဖြစ်သည်။  လုပ်ငန်းခွင် နှင့် အိမ်များတွင်အလုပ်လုပ်လျှက်ရှိသော မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယားအလုပ်သမားများ၏ အလုပ်ရှင်များကတာဝန်ယူကာ ၎င်းတို့၏လုပ်အားခမှဖြတ်ကာ အလုပ်သမားဝန်ကြီးဌာနသို့ပေးဆောင်ရမည်ဖြစ်သည်။ သို့သော်ယခုအခါတွင် မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယား နိုင်ငံတို့မှအစိုးရများသည် မိမိတို့နိုင်ငံသားများအား နိုင်ငံသားစိစစ်မှုများပြုလုပ်ကာ အလုပ်သမားများမှာ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ရရှိပြီး တရားဝင်အလုပ်သမားများ အဖြစ်ရောက်ရှိလာခဲ့သဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများသည် ဤရန်ပုံငွေကိုပေးသွင်းရန်မလိုတော့ပေ။ ထို့ပြင်ရန်ပုံငွေကောက်ခံချိန်နှင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးချိန်တို့မှာ တိုက်ဆိုင်နေသောကြောင့် သက်တမ်းတိုးခြင်းကို ထိခိုက်စေပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံတော်လုံခြုံရေးကိုပါထိခိုက်နိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။
           
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင် ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့် ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာ သွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃(၁)(၂)၊ နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင်ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမား ၀န်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့်သူများမှလည်း အကြံအဥာဏ်ရယူ သွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့်အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော  နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
(တရားဝင်ဘာသာပြန် မဟုတ်ပါ)

Saturday, 8 January 2011

အန္တရာယ်ကြားက ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်တို့ဘဝ



(မဇ္ဈိမ) စိုးနေလင်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် 
တကယ်လို့ အလုပ်သမားဝန်ကြီး ချလမ်ချိုင်း ဆရီယွန်ကသာ ဆက်လုပ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမားတွေအားလုံး သူတို့နေရင်းတိုင်းပြည်ကို ပြန်ပို့ခံကြရပါလိမ့်မယ်။
ရှင်တို့သာ အဲဒီကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမား တယောက်ဖြစ်မယ် ဆိုရင် ဘာလုပ်မလဲ။
စဉ်းစားကြည့်ပါ ရှင်တို့မှာ ကိုယ်နဲ့တွဲနေတဲ့သူကို ကာကွယ်မှုရှိတဲ့ လိင်ဆက်ဆံမှုရအောင် ပြောဆိုနိုင်တဲ့စွမ်း
အား မရှိဘူးဆိုရင်၊ ကိုယ့်ဘဝဟာ ဖိနှိပ်မှုတွေ အကြောက်တရားတွေကြောင့် အကြမ်းဖက်ခံရ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား အပြုခံရနိုင်တဲ့ အခြေအနေ ဖြစ်နေရင်ဆိုပြီး စဉ်းစားကြည့်ပါ။ ကလေးတယောက် မွေးမြူပြုစုဖို့ မတတ်နိုင်တဲ့ အခြေအနေမှာ ငတ်မွတ်ခေါင်းပါး ဆိုးဝါးတဲ့ ဆင်းရဲခြင်းနဲ့ နိုင်ငံရေးအရ မတရား ရက်ရက်စက်စက် ပြုခံရဖို့သာရှိတဲ့ အိမ်ပြန်ရမယ့် အခြေအနေဆိုရင်၊အဲဒီ အခြေအနေတွေ အောက်မှာ ရှင်တို့ ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဘာလုပ်ကြမှာပါလဲ။

မထူးဆန်းဘူးလားရှင်၊ ဘုန်းကြီးကျောင်းမှာ ဆိုးဝါးရက်စက်တဲ့ ကိုယ်ဝန်ဖျက်ချထားတဲ့ သန္ဓေသား၂၀၀၀
လောက်တွေ့ပြီးတဲ့နောက် ကိုယ်ဝန်ဖျက်ချမှုအပေါ် ပြည်သူလူထုက ဒေါသထွက်နေကြတဲ့အချိန်မှာမှ မစ္စတာ ချာလမ်ချိုင်းရဲ့ မူဝါဒက ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ ဒေါသထွက်နေကြတဲ့ ကိုယ်ကျင့်တရား မှန်ကန်ဖြောင့်မတ်တဲ့ သူတွေအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားကြတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းတွေကို ပိုမြန်မြန် ပြေးကြရမယ့်ကိန်း ဆိုက်စေတဲ့ မစ္စတာချာလမ်ချိုင်းရဲ့လုပ်ရပ်က ဘာပြဿနာမှ မရှိပါဘူး။ဘာဖြစ်လို့ပါလဲ။
သေချာတာကတော့ ဒီဖမ်းဆီးပြန်ပို့မယ့် မူဝါဒက မရေမတွက်နိုင်အောင် များပြားတဲ့ အမျိုးသမီးတွေကို အသက်အန္တရာယ်ရှိပြီး စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှု လုပ်လာအောင် တွန်းအားပေးတော့မယ် ဆိုတာပါပဲ။ အတော်များများ စိုးရိမ်ရတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ခံစားကြရပါလိမ့်မယ်။ အများကြီး သေကြပါလိမ့်အုံးမယ်။

ဒါနဲ့တောင် ကျမတို့က ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့ပါလဲ။ ခါတိုင်းလိုပဲ ကျမတို့က ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတွေကို အကျင့်ပျက်တွေ လိင်ပိုင်းဆိုင်ရာအရ ဖောက်ပြန် ပျက်စီးသူတွေအဖြစ် အပြစ်တင်ကြဖို့ပါပဲ။ ဘာသာရေးကို အသုံးပြုပြီး မကောင်းမှု အကုသိုလ်အဖြစ် ကိုယ်ဝန်ဖျက်ချမှုကို ပြစ်တင်ရှုံ့ချ၊ အဲဒီ အမျိုးသမီးတွေရဲ့ခက်ခဲလှတဲ့ ဘဝအခြေအနေတွေ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားပေးကြဖို့ ငြင်းပယ်လိုက်ကြဖို့ပါပဲ။ အဲဒီအကျင့်ပျက်နေတဲ့ အမျိုးသမီးတွေကို အပြစ် ပေးသင့်တယ်ဆိုတဲ့ ယုံကြည်တွေးခေါ်မှုနဲ့ပဲ ကျမတို့က သူတို့ကို အကူအညီပေးဖို့ကိုလဲ ငြင်းဆိုခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ ကျမတို့ဟာ အမျိုးသမီးတွေကို နာကျင်ခံစားရမယ့် လမ်းကြောင်းကို တွန်းပို့ပေးနေတဲ့
ထွေပြားတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊လူမှုဘဝ အလေ့အကျင့်တွေနဲ့ နိုင်ငံတော် မူဝါဒတွေကို လက်ခံကျင့်
သုံးနေကြပါတယ်။ မစ္စတာချာလမ်ချိုင်းရဲ့ကိုယ်ဝန်ဆောင်တွေကို ဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ အဲဒါနဲ့ တဆက်ထဲပါပဲ။ သူ့လိုပါပဲ ကျမတို့တော်တော်များများက ရွှေ့ပြောင်း အလုပ်သမားတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့သာ သူတို့ကို ဒီမှာ မွေးဖွားခွင့် ပေးလိုက်လို့ရှိရင် သူတို့ရဲ့ကလေးတွေဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုပြဿနာတွေ ဖြစ်လာလိမ့်မယ်ပေါ့လေ။
 ဒီလိုဆိုရင် ကျမတို့က မစ္စတာချာလမ်ချိုင်းကို သဘောတူကြပါတယ်။ ဒါပေမဲ့ တကယ်လို့ ကျမတို့ရဲ့သဘောတူ ထောက်ခံမှုက ကျမတို့ရဲ့လက်တွေကို သွေးစွန်းစေတာနဲ့တူတဲ့ အမျိုးသမီးတွေကို ပိုပြီးကိုယ်ဝန် ဖျက်ချအောင် တွန်းပို့လိုက်သလို ဖြစ်သွားရင်ရောရှင်။ မဟုတ်ပါဘူး။ ဒီဖမ်းဆီးပြန်ပို့ရေး မူဝါဒဟာ ကျမတို့ရဲ့ လူမျိုးစု အာဃာတတခုထဲ မကပါဘူး။ပြဿနာက ဒီထက်ပိုပြီး နက်ရှိုင်းပါတယ်။ ယဉ်ကျေးမှုတွေကို ရိုက်ခတ် သက်ရောက်စေနိုင်တဲ့ လိင်ခွဲခြား ဖိနှိပ်မှုလဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ၊ ထိုင်းလူမျိုးတွေ ဒါမှမဟုတ် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သူတို့ဘဝနဲ့ လိင်အပေါ် ထိန်းချုပ် စီမံခွင့်၊ သူတို့ခန္ဓာကိုယ်ကို စီမံပိုင်ခွင့်စတဲ့ အမျိုးသမီး အခွင့်အရေးတွေ လုယူခံလိုက်ရတာဖြစ်တဲ့ သဘောထားနှစ်မျိုး ခွဲခြားဆက်စပ်မှု ထောင်ချောက်မှာ မိသွားကြတာပါပဲ။

အဲဒါဟာ စာရင်းဇယားတွေအားလုံးက ပြသနေတဲ့ ကျမတို့ရဲ့ အကြင်နာမဲ့တဲ့  ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး
ဥပဒေဟာ အမျိုးသမီးတွေကို သေစေ၊ နာကျင်ဒဏ်ရာရစေသလို တခြားသူတွေကို နာကျင်ခံစားရစေပေမယ့် သူတို့တွေက ကျမတို့ရဲ့ ရင်ထဲမှာ ရိုက်ခတ်လှုပ်ရှားသွားတဲ့ထိ အပြောင်းအလဲ ဖြစ်သွားအောင် မလုပ်နိုင်ခဲ့တဲ့ အကြောင်းပါပဲ။ ကိုယ်ဝန်ဖျက်ချမှုနဲ့ ဆက်နွယ်တဲ့ ရောဂါဝေဒနာတွေကြောင့် ဆေးကုသခံချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်အရ ခန့်မှန်းခြေ တနှစ်ကို အမျိုးသမီး ၄ဝဝ,ဝဝဝ ဝန်းကျင်လောက် ကိုယ်ဝန် ဖျက်ချနေကြတယ်လို့ ယူဆရပါတယ်။ အဲဒီရောဂါဝေဒနာတွေကြောင့် အမျိုးသမီး ၁ဝဝ,ဝဝဝ မှာ ၃ဝဝ လောက်သေဆုံးနေကြရပါတယ်။ ဆိုလိုတာကတော့ လုံခြုံစိတ်ချရမှုမရှိ၊တရားဝင် မဟုတ်တဲ့ ဆေးခန်းတွေကြောင့် တရားမဝင် ကိုယ်ဝန်ဖျက်ချမှုတွေကနေ တနှစ်ကို အမျိုးသမီး တသိန်းလောက်
သေဆုံးနေကြရတယ် ဆိုတာပါပဲ။

ဘယ်သူတွေက အလေးဂရုပြုကြပါသလဲ။ တကယ်လို့ အမျိုးသမီးတွေကြား အိပ်ခ်ျအိုင်ဗီ ပိုးကူးစက်မှုနှုန်းထားနဲ့ အစီအစဉ်မရှိတဲ့ ကိုယ်ဝန်ရှိမှုတွေ များပြားလာစေတဲ့ အမျိုးသားတွေရဲ့ ၁ ရာနှုန်းကသာ ကွန်ဒုံး သုံးစွဲကြတယ်ဆိုတာကို မိသားစု စီမံကိန်း စာရင်းဇယားတွေက ပြနေတယ်ဆိုရင်လဲ ကိစ္စမရှိတော့ပါဘူး။
ပြောလိုရင်းကတော့ ကိုယ်ဝန် ဖျက်ချချင်နေကြတဲ့ အမျိုးသမီး၇ဝ-၈ဝ ရာနှုန်းဟာ သူတို့တွေ အလုပ် ပြုတ်သွားမှာ စိုးလို့ဒါမှမဟုတ် နောက်ထပ် ပါးစပ်တပေါက် ထပ်ကျွေးဖို့ သိပ်ဆင်းရဲကြလွန်းလို့ ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဗဟိုဦးတည်ချက်ကတော့ လိင်စိတ်ကို ထိန်းချုပ်ဖို့ လိုနေတဲ့ အကျင့်ပျက် ဆယ်ကျော်သက် မိန်းကလေးတွေသာဖြစ်ပြီး ကျောင်းတွေရဲ့ နှလုံးသားကင်းမဲ့မှုတွေ၊လူမဆန်တဲ့ လုပ်ငန်းဆိုင်ရာ အလေ့အကျင့်တွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ရွေးချယ်ခွင့် ပိုရရှိစေနိုင်တဲ့ ဝန်ဆောင်မှုတွေကို အစိုးရက မပေးနိုင်တဲ့ အပေါ်မှာတော့ ဘယ်တုံးကမှ အပြစ်တင်လေ့မရှိပါဘူး။

ကျမတို့ရဲ့ လိင်အရဖိနှိပ်တတ်တဲ့ လောကအမြင်မှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပေးလိုက်ရင်ဆိုး
သွမ်းသွားပါလိမ့်မယ်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် စာရင်း ပိုဆိုးလာရတဲ့ အကြောင်းဟာ အဲဒါကြောင့်ပါ။ ကိုယ်ဝန်ဖျက်ချခံရတဲ့ သန္ဓေသားတွေရဲ့ အရေအတွက်ဟာလဲ ဒီလိုပါပဲ။ပိုမြင့်မားလာလေ အမျိုးသမီးတွေရဲ့ ရက်စက်မှုကို ပိုပြနိုင် အမျိုးသမီးတွေကို ပိုထိန်းချုပ်ဖို့လိုပြီဆိုပြီး ပိုပြောနိုင်ကြတာပေါ့ရှင်။ ဘုန်းကြီးကျောင်း အအေးခန်းမှာ ကြေကွဲစရာ ကိုယ်ဝန် ဖျက်ချမှုအပေါ် ဒေါသအမျက်ဟာ မစ္စတာ ချာလမ်ချိုင်းရဲ့ ဖမ်းဆီးပြန်ပို့မှု မူဝါဒ မှာရှိတဲ့ရက်စက်မှုကို ကျမတို့ သိမြင်လာအောင် မလုပ်နိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချမှု မူဝါဒကိုရော ပြောင်းသွားစေနိုင်ပါသလား။ အမျိုးသမီးတွေအပေါ် အပြစ်ပုံချနေဆဲ အချိန်မှာတော့ မဖြစ်နိုင်ပါဘူး။

အခုတော့ ခေါင်းကြီးပိုင်းလေသံက သန္ဓေသားတွေရဲ့ ခြောက်လှန့်နေတဲ့ ဝိညာဉ်တွေကို ငြိမ်းအေးအောင် ချော့မော့ဖို့ ပြောင်းလာပြီး သတင်းဖေါ်ပြမှု ရပ်ဆိုင်းသွားဖို့ နီးလာပါပြီ။ ဒီထိတ်လန့် တုန်လှုပ်မှုက ကရုဏာတရားကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ လိင်ပိုင်းအရ သဘောထားနှစ်မျိုး ခွဲခြားဆက်ဆံမှုကို ကိုင်မလှုပ်နိုင်ခဲ့ပါဘူး။ ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းလိပ်တခုလို အားလျော့ ပြေလျှော့သွားပြီး နောက်မှာ ဘာမှ မကျန်ရစ်ခဲ့တော့သလိုပါပဲရှင်။    ။


(Sanitsuda Ekachi ရဲ့ Pregnant and persecuted ဆောင်းပါးကိုပြန်ဆိုပြီး ဆောင်းပါးရှင် Sanitsuda ဟာ Bangkok Post ရဲ့လက်ထောက် အယ်ဒီတာတယောက် ဖြစ်ပါတယ်။)

နိုင်ငံတကာရောက် ကရင်အချို့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

ဇန်န၀ါရီလ ၃ရက်။ 


ဇန်န၀ါရီလ ၅ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၅၀ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို နိုင်ငံတကာရောက် ကရင်လူမျိုးအချို့က ကြိုတင်ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ မင်နီစိုးတားပြည်နယ်၊ ဆစ်ပေါလ်(St.Paul)မြို့တွင် ရောက်ရှိနေထိုင်သည့် ကရင်များက ယမန်နေ့ (တနင်္ဂ နွေ)နေ့တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ ကရင်လူထု ရာနှင့်ချီ၍ တက်ရောက်ခဲ့သည်ဟု သိရသည်။
ထိုနေ့သည် ကရင်လဖြစ်သည့် သလေလဆန်း ၁ရက်နေ့၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်သော်လည်း နိုင်ငံတကာသို့ ရောက်ရှိနေ သည့် ကရင်လူမှုအသိုင်းအ၀ိုင်းများက ၎င်းတို့ရောက်ရှိရာ နိုင်ငံ၏ အားလပ်ရက်များတွင်သာ နှစ်သစ်ကူးပွဲတော်ကို ကြိုတင် ကျင်းပလေ့ရှိသည်။
အလားတူ ဒီဇင်ဘာလ ၂၆ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Sacred Heart Convent School ခေါင်တိန်ဘုရားရှိခိုး ကျောင်းတွင် Oversea Karen Relieve Social Organization (OKRSO) မှ ဦးစီးကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်သို့ နာမည်ကြီး ပိုးကရင်အဆိုတော်များဖြစ်သည့် ကျော်လိုက်သိန့်၊ နန်းသိန်းလားဘောင်နှင့် နန်းမူးထွန့်အွာတို့ အပါအ၀င် ဧည့်ပရိ ဿတ်ပေါင်း ၅၀၀ကျော် တက်ရောက်ခဲ့သည်ဟု OKRSO အတွင်းရေးမှူး နန်းဖောင်အွာက ပြောသည်။
“ဘန်ကောက်မှာလုပ်တဲ့ ကရင်နှစ်သစ်ကူးပွဲက အဆိုတော် ကျော်လိုက်သိန့်က ဖီ့ဘူးယော်ရွတ်ဆိုပေးတယ်။ ဒီပွဲမှာ ပရိဿတ် ၅၀၀ကျော်တက်ရောက်တယ်။ နောက်ပြီး OKRSO က လူငယ်ကျောင်းသားဒုံးအဖွဲ့နဲ့ ပြည်ပရောက် ကရင်စာပေနဲ့ ယဉ်ကျေးမှု ဒုံးအဖွဲ့တွေအပြင် အုပ်စုလိုက်ရော၊ တစ်ကိုယ်တော် သီဆိုဖျော်ဖြေမှုတွေလည်း တင်ဆက်ခဲ့ကြတယ်လေ။ နောက်ပြီး ပြည်ပ ရောက် စောမူ့လျားဖောင်က ကရင့်ရိုးရာ စောင်းတူရိယာတီးခတ်မှုနဲ့ တင်ဆက်ခဲ့တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည် ၂၀၀နီးပါးရှိသည့် နော်ဝေနိုင်ငံမြောက်ပိုင်းရှိ ကရင်လူမှုအဖွဲ့(NNKC)ကလည်း (၂၇၅၀) နှစ် ကရင့်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့က နော်ဝေနိုင်ငံ ဟာစတပ်(Harstad)မြို့ရှိ မဲ့ရှီလာဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းအခမ်းအနားကို ရိုးရာကျွဲချိုမှုတ်ခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကရင်အမျိုးသားအ စည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ နှစ်သစ်ကူးဖြစ်ပေါ်လာပုံ၊ ကရင့်သမိုင်းကြောင်းနှင့် လက်ရှိကရင်လူမျိုးများ၏ အခြေအနေများကို ရှင်းလင်းဟောပြောခြင်း၊ သက်ကြီးရွယ်အိုများကို ရိုသေဂါရ၀ပြုခြင်းအပြင် တက်ရောက်လာသည့် ဧည့်ပရိ ဿတ်များကို ကရင်ရိုးရာ ဒုံးယိမ်းအကနှင့် ရိုးရာတူရိယာ အတီးအမှုတ်၊ သီဆိုမှုများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ဒိန်းမတ်နိုင်ငံရောက် ကရင်အမျိုးသားများသည် ယခုနှစ် ကျရောက်လာသည့် ကရင်နှစ်သစ် ကူးပွဲတော်အခမ်းအနားကို ကျင်းပပြုခဲ့ကြောင်း သိရသည်။

ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့သတ်မှတ်ပြီ

နတ်တော်လဆုတ် ၁၄ရက်။ဇန်နဝါရီ ၄၊၂၀၁၁။ 

ထိုင်းနိုင်ငံဒေသအသီးသီးမှ မွန်ရွှေ့ပြောင်းအလုပ်သမားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ  ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ် ဇန္နာဝါရီလ(၄)ရက်နေ့ကိုသတ်မှတ်ပြီး စံခလပူရီမြို့တွင် အခန်းအနားတစ်ခု ကျင်းပခဲ့သည်။

ထူးထူးခြားခြား လွတ်လပ်ရေးနေ့ကိုမှ ရာမညအလုပ်သမားသမဂ္ဂနေ့ ရွှေးချယ် သတ်မှတ်ရသည့် အပေါ် ရာမညအလုပ်သမားသမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှ ယခုလို ရှင်းပြပါသည်။

“
ဇန္နာဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့ဖြစ်တယ်။ အဲဒီလွတ်လပ်ရေးနေ့မှာ ကျွန်တော် တို့တိုင်းနိုင်ငံ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လွတ်လပ်ခွင့်မရှိသေးဘူး။ အဲဒီရှိလာအောင် သဘောမျိုးနဲ့ အဲဒီ အထိမ်းအမှတ်ကိုလဲယူတဲ့သဘောမျိုးလည်းဖြစ်တယ်။ နောက်အလုပ်သမားတွေရဲ့ဘ၀လွတ်မြောက်ရေးဆိုတာ အဲဒီဗမာပြည်လွတ်လပ်ရေးနဲ့ထပ်တူထပ်မျှဖြစ်အောင် ဒါကျွန်တော်တို့ကြိုးပမ်းတဲ့ အနေနဲ့ ဇန္နာဝါရီလ(၄)ရက်နေ့ကို အသိမှတ်ပြုရခြင်းဖြစ်ပါတယ်။”

တိုင်းတပါးနိုင်ငံတွင်အလုပ်ဝင်လုပ်နေသည့် မွန်ရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ၄င်းတို့၏ရပိုင်ခွင့် အခွင့်အရေးအတွက်၎င်း၊ အလုပ်သမားများ၏ခလေးများပညာရေး ကျန်းမာရေးစံနစ်အတွက်၎င်း အလုပ်သမား များ၏ ရသင့်ရထိုက်သောအခွင့်အရေးပိုပြီးနားလည်လာအောင်ကြိုးပမ်းသွားမည်ဖြစ်ပြီး  အလုပ်သမားများ၏ လုပ်ငန်းခွင်တွင်တွေ့ကြုံလာသည့် အတွေ့အကြုံပေါ်တွင်အခြေခံကာ နောင်တချိန်တိုင်းနိုင်ငံတည် ဆောက်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ထားသည်ဟု ရာမညအလုပ်သမား သမဂ္ဂ၏ဒါရိုက်တာဖြစ်သူ နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမည အလုပ်သမားသမဂ္ဂသည် ထိုင်းနိုင်ငံဒေသအသီးသီးဖြစ်သည့် မဲဆောက်ဒေသ ကိုးရတ်ဒေသ ဗန်ကောက် မဟာချိုင် ကျန်ပူရီ တာရပ် ရနောင်း ဖူးကက် ဖန်းငါး ပချွပ်ကရီကန် ချွန်ပူရီ စူရပ် ဟတ်ယိုင်ဒေသမှ အလုပ်သမားအဖွဲ့များနှင့်ဖွဲ့စည်းထားသည်ဟု နိုင်ကောင်းတလရွတ်မှပြောပါသည်။

ရာမညအလုပ်သမား သမဂ္ဂအဖွဲ့အနေနှင့် မွန်ဒေသကိုအခြေခံပြီး အောက်မြန်မာပြည်ဒေသမှ အလုပ်သမားအရေးတွေကိုလည်း လုပ်ဆောင်သွားမည်ဟုဆိုပါသည်။

(
၂၀၁၀)နှစ်ကုန်ပိုင်း ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များ ပြည်တွင်းမှကိုယ်စားလှယ်များ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် (၆၀)ကျော်နှင့် စံခလပူရီမြို့တွင် မွန်အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်၏ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး ဇန္နာဝါရီလ(၄)ရက်နေ့ကို ရာမညအလုပ်သမားသမဂ္ဂနေ့အဖြစ်သတ်မှတ်ခဲ့ပါသည်။

မြန်မာလုပ်သားများ ဆန္ဒပြ၊ ထိုင်းအလုပ်ရှင် လိုက်လျော

တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၉ မိနစ်

(မဇ္ဈိမ) ။       ။ အလုပ်သမား အခွင့်အရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဆိုင်ကယ်အပိုပစ္စည်း စက်ရုံမှ မြန်မာလုပ်သားများ ယနေ့ဆန္ဒပြရာ စက်ရုံဘက်က လိုက်လျောခဲ့ကြောင်း အလုပ်သမားများ အဆိုအရ သိရသည်။

စက်ရုံလုပ်ငန်းခွင်သုံး ဝတ်စုံများ ဝတ်ဆင်ပြီး အလုပ်မဆင်းဘဲ ဆန္ဒပြသည့် ဘန်ကောက်မြို့ ဖလန်ဆောင်အရပ် ထပ်ခမ်း ၈ လမ်းရှိ S.Y.K ဆိုင်ကယ် အပိုပစ္စည်းစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်က အလုပ်သမား ရပိုင်ခွင့် အခွင့်အရေးများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“
ကျနော်တို့ လိုချင်တဲ့ အချက်တွေကို တာဝန်ရှိသူတွေကို ထိုင်းလို ရေးပြီး တောင်းဆိုလိုက်တာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ကိုစိုးက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲကို မနက် ၈ နာရီတွင် စတင်ခဲ့ကာ ဒေသခံ ထပ်ခမ်းရဲစခန်းမှ ရဲအရာရှိများ လာရောက် ညှိနှိုင်းပေးခဲ့သည်။

မနက် ၁၁ နာရီခန့်တွင် အလုပ်သမား ကိုယ်စားလှယ် ၁၀ ဦး၊ နယ်မြေခံ ရဲစခန်းမှူးနှင့် စက်ရုံမန်နေဂျာ ဖိလစ်တို့ တရားဝင် ဆွေးနွေးညှိနှိုင်းပြီး အလုပ်သမားများ တောင်းဆိုသော အချက် ၆ ချက်ကို အပြည့်အဝနီးပါး လိုက်လျောခဲ့ခြင်း ဖြစ်သည်။

အချက် ၆ ချက်တွင် အစိုးရ သတ်မှတ်ထားသော အခါကြီးရက်များတွင် အလုပ်နားခွင့် ရရှိပြီး နေ့တွက် ခံစားခွင့်ပါ ရရှိရေး၊ လုပ်ငန်းခွင်အတွင်း ဖျားနာထိခိုက်မှုများ ဖြစ်ပေါ်ပါက ဆရာဝန်၏ ဆေးလက်မှတ်ဖြင့် အနားယူခွင့် ပြုရေး၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကြောင်း သိသာစေရန် မှတ်တမ်းတင် ကင်မရာများ တပ်ဆင်ပေးခြင်း၊ ယာယီ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် ပါမစ် (work permit) ပြုလုပ်ရာတွင် အလုပ်သမားတိုင်းအား စက်ရုံမှ တာဝန်ယူ လက်မှတ်ထိုးပေးရေးတို့ ပါဝင်သည်။

ထို့အပြင် အိမ်ပြန်ခြင်းနှင့် အလုပ်ထွက်ရန် ကြိုတင်အကြောင်းကြားရက်ကို ယခင် ရက် ၃ဝ သတ်မှတ်ထားခြင်းအစား ၁၅ ရက်အထိ လျှော့ချပေးပြီး ယခင်က တခါတရံ ပြန်ထုတ်မပေးတတ်သည့် အာမခံကြေးငွေ ဘတ် ၁၀၀၀ အား အဆိုပါ အလုပ်ထွက်သည့်နေ့တွင် ပြန်လည် ထုတ်ပေးရေး၊ လုပ်အားခ ထုတ်ပေးရာတွင် မှန်ကန်မှုရှိမရှိကို ပြန်လည်တင်ပြ တောင်းဆိုခွင့်ပြုရေး စသော အချက် ၆ ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အလုပ်ချိန်နှင့် အလုပ်ရက်များကို ရှင်းတမ်းမထုတ်ဘဲ လုပ်အားခ ပေးချေသောကြောင့် နစ်နာမှုများ ယခင်က ရှိခဲ့ကြောင်း အလုပ်သမား ကိုယ်စားလှယ်များက ပြောသည်။

“
တချို့တွေက ဒီမှာ ၃-၄ နှစ် ရှိပြီ။ အားလုံးက မတရားမှန်း သိပေမယ့် ဒီလိုပဲ ငြိမ်ခံနေကြရတယ်။ မပြောရဲ မပြောချင်ကြဘူးပေါ့နော်။ အခုလို တောင်းဆိုဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်းက ကျနော်တို့ အားလုံးကို လိုက်ပြီး စည်းရုံးခဲ့ရပါတယ်" ဟု ကိုစိုးက ပြောသည်။

ရခိုင်လွတ်မြောက်ရေး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုစိုးက "နိုင်ငံကူးလက်မှတ်တွေ ကိုင်ထားကြတာ။ ပတ်စ်ပို့ရှိတယ်၊ ဗီဇာရှိတယ်။ ကျနော်တို့ကို ရဲတွေက ဖမ်းလို့မရဘူး၊ ဖမ်းပိုင်ခွင့်မရှိဘူးဆိုတာ အားလုံးသိအောင် လိုက်ပြောပြခဲ့ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

S.Y.K. Autopart Import-export Co.,ltd
အမည်ရ အဆိုပါစက်ရုံသည် ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ပြီး မြန်မာ ၃၀၀ ကျော် အပါအဝင် အလုပ်သမား ၅၀၀ ခန့် လုပ်ကိုင်နေသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes