Friday, 6 July 2012

ထိုင်းနိုင်ငံသား ၈၀ ခန့် မြန်မာ စစ်တပ် ဖမ်းဆီးထား

ထိုင်း-မြန်မာ နယ်စပ် ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်ကို မြေပုံ၌ တွေ့ရစဉ်(ဓာတ်ပုံ – ဘန်ကောက်ပို့စ်)

ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီတိုင်း ကော့သောင်း ခရိုင်အတွင်း ကျူးကျော် ၀င်ရောက် နေထိုင်နေသည့် ထိုင်းနိုင်ငံသား ၈၀ ခန့်ကို မြန်မာအစိုးရ စစ်တပ်က ဖမ်းဆီးထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ ရော်ဘာပင် စိုက်ပျိုးရန်  လုပ်ကိုင်နေသူများကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ထိုင်းနိုင်ငံသားများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ထွက်ပြေး လွတ်မြောက်သူ တချို့မှာ တောထဲတွင်တိမ်းရှောင် နေရကြောင်း၊ ယင်း ဒေသတွင် အသုံးပြုနေသည့် မြေသယ် မြေတူးစက် Backhoe ကား ၈ စီးနှင့် Pick Up ကားများကိုလည်း သိမ်း ဆည်းထားကြောင်း ထိုင်း သတင်းများက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ မြန်မာ အစိုးရစစ်တပ်က ထိုင်း နိုင်ငံသားများအား လာမ၀ိုင်းခင် သေနတ်ကို မိုးပေါ် ထောင်၍ တနာရီ နီးပါး ခြိမ်းခြောက် ပစ်ခတ်မှုများ ပြုလုပ်ကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသူ ထိုင်းနိုင်ငံသား ၃ ဦးက ထိုင်းတာဝန်ရှိသူ တချို့နှင့် တွေ့ဆုံ၍ ထွက်ပြေး တိမ်းရှောင်နေသူများနှင့် အဖမ်းခံရသူများကို အဆက်အသွယ် ရရှိရန် ကြိုးစားနေကြောင်းလည်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။

ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအ၀င် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံ ဖော်မြို့နယ်များမှ မိသားစုဝင် များသွားရောက်နေထိုင်နေကြပြီး ခန့်မှန်းခြေ လူဦးရေ ၈၀၀ ခန့် ရှိကြောင်း သိရသည်။
ကလဘူရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးက“အဖမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာအာဏာပိုင်တွေ ကိုဆက် သွယ်နေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရက ထိုင်းနိုင်ငံသားများကို ယာယီ ထိန်းသိမ်းထားခြင်း ဖြစ်ပြီး မစိုးရိမ်ရကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ဒု ၀န်ကြီးချုပ် ယုထဆက် ဆာစီပရာပ(Yuthasak Sasiprapa)က“အဖမ်းခံရတဲ့လူတွေ ပြန်လွတ် လာအောင် ထိုင်းနိုင်ငံ မှာရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံထဲက တာဝန်ရှိသူတွေကို ကူညီဖို့ ပြောထားတယ်၊ ထိုင်းနိုင်ငံသားတွေ အားလုံး အန္တရာယ် ကင်း ကင်း ပြန်လွတ်လာမယ်လို့ ယုံကြည်တယ်”ဟု ယနေ့ သတင်းထောက်များကို ပြောကြားသည်။

ယခုဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအရေးကို လာမည့် ဇူလိုင် လကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည့် သမ္မတ ဦး သိန်းစိန်ခရီးစဉ် မတိုင်ခင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

“ထိုင်း နိုင်ငံသားတွေက အဲဒီနေရာမှာ ကျူးကျော် ၀င်ရောက်နေထိုင်နေတာ ကြာပြီ ပြဿနာ တက်နိုင်တယ် ဆိုတာလည်း သက် ဆိုင်ရာ တာဝန်ရှိသူတွေက အသိပေးတယ်၊ ဒါပေမယ့် ဒေသခံတွေက မယုံကြဘူး၊ နောက်ဆုံးတော့ ပြဿနာ ဖြစ်တာပဲ”ဟု ကလပ်ဘူရီ မြို့နယ် တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ komchadluek အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

Ref: ဧရာဝတီ

U-22 တွင် သက်ကျော် ကစားသမားမရှိဟု အားကစားအဖွဲ့ချုပ်ငြင်းဆို

ရန်ကုန် (မဇ္ဈိမ) ။        ။ အသက် ၂၂ နှစ်အောက် အာရှ U-22 ခြေစစ်ပွဲတွင် မြန်မာအားကစားသမားများတွင် အသက်ကျော်လွန်သူများ ရှိနေသည်ဟူသည် ပြောဆိုရေးသားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးမှ ငြင်းဆိုလိုက်ပြီး ရင်ဆိုင်ရန် အသင့်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ အခုလို အောင်မြင်မှုရလာမှ ကျနော်တို့ကို တနည်းတဖုံနဲ့ ဒီလိုနှောက်ယှက်ဖို့ ကြိုးစားတာကတော့ ကျနော် တို့ အမှန်တရားအတိုင်း ရင်ဆိုင်ဖို့အသင့်ပဲ။ ကျနော်တို့ဘာမှ Twist (လိမ်လည်မှု) လုပ်ထားတာ မရှိဘူး။ အဲဒီအတွက် ကျနော်တို့ ဘာမှ အိပ်မပျော်စရာအကြောင်း မရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။

မလေးရှားနိုင်ငံ အခြေစိုက် New Straits Times အွန်လိုင်း သတင်းစာမျက်နှာတွင် မလေးရှားဘက်သို့ နှစ်ဂိုး သွင်းယူပေးခဲ့သူ ကောင်းစည်သူ အပါအဝင် မြန်မာအားကစားသမား အနည်းဆုံး ရှစ်ဦးခန့်သည် အသက် ကျော်လွန်နေကြ သူများဟု ယုံကြည်ရကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရေးသားထားသည်။

MFFသို့သော် ဦးစိုးမိုးက မိမိတို့ အားကစားသမားများမှာ အသက်ကျော်လွန်ခြင်း မရှိဘဲ အာရှဘောလုံးအဖွဲ့ချုပ် AFC မှ ထုတ်ပေးထားသည့် ကစားသမား မှတ်ပုံတင်ကဒ်များဖြင့် အထောက်အထားပြည့်စုံစွာ ကစားခဲ့ကြသူများ ဖြစ်ခြင်း
ကြောင့် ထိုစွပ်စွဲမှုများနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ မှန်ကန်တဲ့ အထောက်အထားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကျနော်တို့ ဘာမှ ကြောက်စရာ အကြောင်း မရှိဘူး။  AFC က တရားဝင် မှတ်ပုံတင်ထားတဲ့ Player ID Card နဲ့ ကျနော်တို့ ကစားထားတာ။ အဲဒီအတွက် ဘာမှ စိုးရိမ်စရာမရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှစတင်၍ U-22 ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာသည် တောင်ကိုရီးယားကို ဂိုးမရှိ သရေ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ မလေးရှား တို့ကိုအနိုင်ယူပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အာရှ U-22 ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည်။

ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ U-22 အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ညစာစားပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အသင်းအား အမေရိကန်ဒေါ်လာ နှစ်သိန်း ဆုချမည်ဟု ညစာစားပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု သိရသည်။

အသက် ၂၂ အောက် အာရှဖလား ပြိုင်ပွဲကို လာမည့် ၂၀၁၄ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် ထိုင်းနိုင်ငံနှင့် အိုမန်နိုင်ငံတို့မှ အာရှဖလား အဖွဲ့ချုပ်တို့က လျှောက်ထားပြီး၊ မြန်မာနိုင်ငံကလည်း ကျင်းပခွင့်ရနိုင်ရန် လျှောက်ထားမည်ဟုသိရသည်။

အာဆီယံ သွင်းကုန် ၇၅၀၀ ကျော် အခွန်ကင်းလွတ်ခွင့်ပြုမည်

အာဆီယံ လွပ်လပ်သောကုန်သွယ်မှုဒေသ(AFTA) ထူထောင်ရေးသဘောတူညီချက်အရ အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ သွင်း ကုန်ပစ္စည်း အမျိုးအစားပေါင်း ၇၅၀၀ ကျော် အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

AFTA ထူထောင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့တင်သွင်းသည့် ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်း အား အခွန်မကောက်ရန် သတ်မှတ်ထားရာ အခွန်ကင်းလွတ်ခွင့်ပြုမည့် ပစ္စည်းအမျိုးအစားများကို အာဆီယံအတွင်းရေးမှူးချုပ် ရုံး သို့ တင်ပြထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြော သည်။
“အာဆီယံနိုင်ငံတွေက သွင်းကုန် ၈၀ ရာခိုင်နှုန်းကို အကောက်ခွန် သုည ရာခိုင်နှုန်းလျှော့ချဖို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို ပေး ပို့ထားပါတယ်။ အဲဒီမှာ ဆွေးနွေးပြီးတဲ့အခါ ၀န်ကြီးကနေတဆင့် အစိုးရအဖွဲ့ဆီ တင်ပါမယ်။ အစိုးရအဖွဲ့က သဘောတူတာနဲ့ အမိန့်ထုတ်ပြန်ပါမယ်”ဟု ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ယမန်နေ့က ကျင်းပသည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးကျော်ဝင်းက ပြောဆိုသည်။

သတင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာပစ္စည်းများ အပါအ၀င် ၂၀၁၂ ခုနှစ်အတွက် အာဆီယံဒေသမှ တင်သွင်းသည့် ပစ္စည်းအမျိုးအစားပေါင်း ၉၅၅၈ မျိုးရှိနေပြီး ၎င်းတို့အနက်မှ ၈၀ ရာခိုင်နှုန်းဖြစ်သည့် ကုန်ပစ္စည်းအမျိုးအစားပေါင်း အနည်းဆုံး ၇၅၀၀ ကျော်မှာ အခွန်ကင်းလွတ်ခွင့် ပေးရမည်ဖြစ်သည်။
AFTA ထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်က လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ကာ အာဆီယံဒေသမှ သွင်းကုန် ၆၀ ရာခိုင်နှုန်းရှိ ပစ္စည်းအမျိုးပေါင်း ၄၉၄၂ မျိုးကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့သည်။

AFTA သတ်မှတ်ချက်အရ မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံများမှာ အာဆီယံနိုင်ငံများမှ သွင်းကုန်များအား ၂၀၀၈ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ တွင် ၁၀၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးရမည် ဖြစ်သည်။

“ကျနော်တို့ ၄ နိုင်ငံစလုံးကတော့ အခွန်ကင်းလွတ်ခွင့်ကို ၈၀ ပဲ ပေးမယ်လို့ တင်းခံနေကြတာဗျ။ မရရင်တော့ ၁၀၀ ရာခိုင်နှုန်း ပေး ရမှာပေါ့။ ပေးရင်တော့လည်း လုပ်ငန်းရှင်တွေအတွက် ပိုကောင်းမယ့် အနေအထား၊ ပိုပြီးယှဉ်ပြိုင်မှုတွေ များလာမယ့် အနေအထား ဖြစ်လာမှာပါ”ဟု အကောက်ခွန်ဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ဈေးကွက်ပြိုင်ဆိုင်မှု ပိုများလာမည်ကို အကောက်ခွန် ညွှန်မှူးက အကောင်းဘက်က ရှုမြင်နေသော်လည်း ပြည်တွင်း လုပ်ငန်းရှင် အများစုက AFTA ကြောင့် အခွန်မပေးရဘဲ ဈေးနှုန်းသက်သာလာမည့် အာဆီယံကုန်ပစ္စည်းများနှင့် မယှဉ်ပြိုင်နိုင်မည်ကို စိုးရိမ်နေကြ ကြောင်း ပြောဆိုကြသည်။

Ref: ဧရာဝတီ

Thursday, 5 July 2012

“ကလေးအလုပ်သမားများအစုလိုက်အပုံလိုက် ခြုံဖေါ်ပါနန်းတွင် ဖမ်းဆီး”


ဇူလိုင် ၎
မြတ်ညို (အလွတ်သတင်းထောက်)

     ထိုင်းနိုင်ငံတောင်ပိုင်း  ခြုံဖေါ် ပါနန်းငယ်  အရပ်တွင်ရှိသော pj ငါးမဲလုံး အပြာရောင် စက်ရုံတွင် ယမန်နေ့ ညနေပိုင်းက ထိုင်းပုလိပ် များ ၀င်ရောက်ဖမ်းဆီး စဉ် နေထိုင်အလုပ်လုပ်ကိုင်ခွင့် မရှိသည့် မြန် မာအလုပ်သမား ၁ကျော်အနက်အသက် ၁၈ နှစ်အောက် ကလေး အလုပ်သမား ၅၀ ခန့် ပါဝင်ကြောင်း သိရှိရသည်။

အသက် ၁၆နှစ်အရွယ် သမီးတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ်  သားတစ်ဦး တို့ ဖမ်းဆီးခံရသည့် ကိုကျော်ဦးက“ ဒီကလေးတွေမှာ ဘတ်မရှိ ဘူး။  ကျောင်း လည်း မတက်ရတော့ အလုပ်ဝင်လုပ်ကြတယ်။ ခြုံဖေါ်မှာ အခြားအလုပ်ရုံတွေ မှာ ကလေး အလုပ်သမားေ တွကို လက်မခံဘူး။ ဒီအလုပ်ရုံတစ်ရုံပဲလက်ခံတာ။ ခု အဖမ်းခံရတဲ့အလုပ်သမားတွေ အကုန် လုံး ပုလိပ်ကြေး တစ်လကို ဘတ်ငွေ ၃၅၀ စီ ပေးထားရပါတယ်” ဟုပြောသည်။

ယမန်နေ့ ညနေ သုံးနာရီ ကျော်အချိန်ခန့် တွင် ဖမ်းဆီး ခဲ့သည့် အဆိုပါ အလုပ်သမာများ အားလုံးတို့ ကို ခြုံ
ဖေါ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ပြီး မိဘများမှာ အထူးစိတ်ပူနေကြကြောင်း သိရှိရသည်။
သမီးငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည့် မကေသီဝင်း က“ ကလေးတွေကို နယ်စပ်ကိုပြန်ပို့ရင် လူကုန်ကူးသူတွေ လက်ထဲကို ရောက်ကုန်မယ်။ ဘယ်ကိုရောက်လို့ ရောက်မှန်းမသိ ဖြစ်သွားမယ်။ ခုထိ ကျမတို့ ကလေးတွေ
ကို တွေ့ခွင့်မရဘူး” ဟုပြောသည်။

ကလေးအလုပ်သမား ၅၀ ၀န်းကျင် တို့အား ချုံဖေါ် အချုပ်ကြီးတွင်ချုပ်နှောင်ထားပြီး လူကြီးအလုပ်သမား တစ်ရာကျော်တို့ကိုမူ ပါနန်းအချုပ်ခန်းထဲတွင် ချုပ်နှောင်ထားကြောင်း အလုပ်သမားများကပြောသည်။
ခြုံဖေါ်နယ်မြေတွင် မြန်မာအလုပ်သမား သောင်းပေါင်းများစွာ ရှိသော်လည်း ကျမ္မာရေး အင်ဂျီအို တစ်ခုမှ လွဲ၍ အလုပ်သမားကိစ္စ လုပ်ကိုင်သည့်အဖွဲ့အစည်းဟူ၍ မရှိကြောင်း အလုပ်သမားများကပြောသည်။ 

 Ref: Golden Workers

ဒုသမ္မတ ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထားရွေးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ ဗုဒ္ဓဟူးနေ့တွင် သဝဏ်လွှာပေးပို့ အကြောင်း ကြားသည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာအတွင်း ဦးတင်အောင်မြင့်ဦး ရာထူးမှ အနားယူသွားခြင်းနှင့်ပတ်သက်၍ ဒုသမ္မတ သည် ဧပြီလ ၁၈ ရက်နေ့တွင် စင်္ကာပူသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး ဇွန်လ ၃ဝ ရက်နေ့အထိ ဆေးကုသခွင့်တောင်းခံခဲ့သည်ဟု ပါရှိသည်ကို အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ယင်းနောက် ဇူလိုင်လ ၂ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ တရားဝင်တင်ခဲ့သည်ဟုလည်း သဝဏ်လွှာအတွင်း ပါဝင်သည်ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
meetlotdaw2
ဒုသမ္မတ ရာထူးမှ အနားယူသွားသော ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ ရာထူးနေရာကို တပ်မတော်သား လွှတ်တော်အမတ်များက ရွေးချယ်ကာ ဇူလိုင်လ ၁ဝ ရက်နေ့နောက်ဆုံးထား၍ လွှတ်တော်သို့ တင်ပြပေးရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ (ဓါတ်ပုံ မဇ္ဈိမ)
သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာတွင် လစ်လပ်သွားသည့် ဒုသမ္မတကို ရွေးချယ်ပေးခဲ့သည့် အစုအဖွဲ့မှာ တပ်မတော် သား လွှတ်တော်အမတ်များ ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်လည်း တပ်မတော်သားလွှတ်တော် အမတ်များမှပြန်လည်ရွေးချယ်ပေးရန် ဖြစ်သည်ဟု ပါဝင်ကြောင်းလည်း သိရသည်။

ဦးဖုန်းမြင့်အောင်က တပ်မတော်သား လွှတ်တော်အမတ်များ သမ္မတ ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အပေါ်တွင်သာ မူတည်သည်ဟု လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်အမတ်များ၏ အခြေအနေကို သူ၏ အတွေ့အကြုံပေါ်မူတည်၍ မဇ္ဈိမကို ပြောသည်။

"သူတို့က လွှတ်တော်ထဲမှာ ဆွေးနွေးစရာရှိရင်တောင် အထက်က အမိန့်အတိုင်းဆွေးနွေးရတာဗျ။ ဒီ သမ္မတ ရွေးချယ် မှုမှာလည်း ကာချုပ် မင်းအောင်လှိုင် အပေါ်မှာပဲ မူတည်မယ်ထင်တယ်။" ဟု မဇ္ဈိမကိုပြောသည်။

တပ်မတော်သား လွှတ်တော်အမတ်များမှ ရွေးချယ်ပြီးသည့် ဒုသမ္မတကို ပြည်သူ့လွှတ်တော်မှ လွှတ်တော်အမတ် ၃ ဦး၊ အမျိုးသားလွှတ်တော်မှ အမတ် ၃ ဦး၊ တပ်မတော်သား လွှတ်တော်အမတ် ၃ ဦးတို့ဖြင့် ဖွဲ့စည်းထားသည့် သမ္မတ အရည်အချင်းစစ်ကော်မတီမှ စိစစ်ကာ လွှတ်တော်သို့ ပြန်လည်တင်ပြ၍ အတည်ပြုရွေးချယ်ကြမည် ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၅၇ တွင်ပါရှိသည့် သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက် ၆ ချက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များရှိရမည့်အပြင် "မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်၊ သားသမီးတဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ဟု ပြဋ္ဌာန်းပါရှိသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင်ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်သို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးအနက် ခွင့်ဖြင့်ပျက်ကွက်သူ ၁၅ ဦးခန့်ရှိပြီး ၉၅ ရာခိုင်နှုန်း တက်ရောက်သည်ဟုလည်း သိရသည်။

လွှတ်တော်အစည်းအဝေးသို့ ခွင့်ယူထားသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့် စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သိန်းတို့လည်း ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ပခရီးစဉ်များအတွင်း ပင်ပန်းခြင်းကြောင့် ယခုလ ၆ ရက်နေ့အထိ လွှတ်တော်တက်ရန် ခွင့်ယူထားသည်ဟုလည်း NLD လွှတ်တော်အမတ်နှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းကို ဆွေးနွေး ခဲ့သည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခေါ်ယူကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဥပဒေနှင့် မီဒီယာဥပဒေတို့ကိုဆွေးနွေးရန်ရှိမည်ဟု လွှတ်တော်အမတ်များက ခန့်မှန်းကြသည်။

Wednesday, 4 July 2012

ဒုတိယ သမ္မတ နုတ်ထွက်

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ စတုတ္ထအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကြေညာခဲ့ပါတယ်။
Photo courtesy of Eye Press News
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး တက်ရောက်နေစဉ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကြေညာချက်ကို အခုလို ဖတ်ပြပါတယ်။
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးသည် ၄င်း၏ ကျန်းမာရေး အခြေအနေအရ ဆန္ဒအလျောက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ ဒုတိယ သမ္မတ ရာထူးတာဝန်မှ နုတ်ထွက်ပါကြောင်း"

ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် စင်ကာပူနိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့မှ စတင်ကာ မေလ ၁၄ ရက်နေ့အထိ ဆေးကုသမှု ခံယူခဲ့ပြီး ပြန်လည် သက်သာလာခြင်း မရှိတဲ့အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ၎င်းရဲ့နေအိမ်မှာ အနားယူနေခဲ့တယ်လို့ သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သူဟာ ရေရှည်ဆေးဝါးကုသဖို့ လိုအပ်တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဒုတိယ သမ္မတ အဖြစ်က နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ သူ့ရဲ့နေရာကို စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့က ခုနှစ်ရက်အတွင်း ရွေးချယ်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောပါတယ်။

"လစ်လပ်သွားသော ဒုတိယ သမ္မတရာထူးနေရာတွင် ဖြည့်စွက်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေ ၂၄၊ ၂၅ နှင့်အညီ ဒုတိယ သမ္မတ တစ်ဦးအား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက် (အင်္ဂါနေ့) နောက်ဆုံးထား ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ ပါ သတ်မှတ် အရည်အချင်းများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည့် ကိုယ်ရေး အချက်အလက်များနှင့်အတူ ဒုတိယ သမ္မတ အမည်စာရင်းကို နာယကထံ တင်ပြရန် ဖြစ်ကြောင်း ညွန်ကြားပါတယ်"

အသစ်ရွေးချယ် တင်မြှောက်မဲ့ ဒုတိယ သမ္မတဟာ ပြည်သူအများ ယုံကြည်အားထားမှုရှိပြီး တိုင်းပြည် အေးချမ်းသာယာရေး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သူမျိုး ဖြစ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဒီစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်ကို အကုန်လုံး လိုက်လျောညီထွေမှုရှိအောင် ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ တိုင်းရင်းသားတွေနဲ့ စည်းစည်းလုံးလုံးနဲ့ ပဋိပက္ခကို အဆုံးသတ်နိုင်တဲ့ လမ်းကြောင်းကို ရှာနိုင်တဲ့ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ပေးနိုင်တယ် ဆိုလို့ရှိရင် ငြိမ်းချမ်းမှု ဖော်ဆောင်တဲ့ ကဏ္ဍမှာလည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ထဲမှာလည်း ကျေနပ်နှစ်သိမ့်သွားနိုင်ပါတယ်။ ပြည်သူ ပြည်သားတွေရဲ့ ရင်ထဲမှာလည်း ဝမ်းပန်းတသာ ကြိုဆိုကြမှာ ဖြစ်သလို နိုင်ငံရေးပါတီ အားလုံးကလည်းပဲ သမ္မတကြီး သွားနေတဲ့ လမ်းကြောင်း ဖြောင့်ဖြူးနိုင်ဖို့အတွက် တပ်မတော်သားတွေ ကိုယ်နှိုက်ကိုက ရွေးပေးတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ ကျွန်တော်တို့ အကုန်လုံး ဝမ်းပန်းတသာ ကြိုဆိုကြရမဲ့ အဖြစ်မျိုး ဖြစ်အောင် ပုံဖော်နိုင်မဲ့ ဒီမြင်ကွင်းမျိုး ဖြစ်ဖို့ ကျွန်တော်တို့ ဆန္ဒပြုပါတယ်"

လစ်လပ်နေပြီဖြစ်တဲ့ ဒုတိယ သမ္မတ နေရာအတွက် လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့  အမှတ် ၂ စက်မှု ဝန်ကြီး ဦးစိုးသိန်းတို့ကို ထင်ကြေးပေး ပြောဆိုနေကြပါတယ်။

ဒီအတောအတွင်း သမ္မတ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေကို အစားထိုး ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ဖို့ရှိပြီး သဘောထား တင်းမာသူတွေအဖြစ် သတ်မှတ်ခံနေရတဲ့ ဝန်ကြီး ၃ ဦးကို ဖယ်ရှားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref: RFA

“အသက်၁၇ နှစ်အရွယ် မြန်မာအလုပ်သမတစ်ဦး သတ်ဖြတ်ခံရ”

                                 
ဇူလိုင်  ၂   ကိုတီး (ထိုင်းဘာသာပြန်  သတင်းထောက်)

            ထိုင်းနိုင်ငံ  မြောက်ပိုင်းအစွန်ဆုံးတွင်ရှိ   ဘန်ကောက်နှင့် ကီလိုမီတာ ၇၈၅  ကွာဝေးသော  ချိုင်းလိုင်းခရိုင် မဲ့ကျဲမ်မြို့  ကောင်း ခဲ ကျေးရွာ  နယ်မြေအမှတ်  ၂၄  တွင် ရှိသော ကြက်သွန်စိုက်ခင်း တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအလုပ်သ ငယ်တစ်ဦး ကျည် ဒဏ်ရာ ကိုးချက်ဖြင့် သေဆုံးနေကြောင်း ယနေ့ထုတ် ထိုင်းဘာ
သာဖြင့်   ထုတ်ဝေသည့်  ထိုင်ရတ်သတင်းစာတွင်ဖေါ်ပြထားသည်။  
  ယမန်နေ့ နံနက်ပိုင်းက အသက်၁၇နှစ်အရွယ်  မြန်မာအလုပ်သမ မဟန်လုံးလင့်သည်  နေအိမ်မှရွာအနီးရှိကြက် သွန်ဖြူ ခင်း  စောင့် ရန်သွားခဲ့သည်။ နေ့လည်ပိုင်းတွင် ဖခင်ဖြစ်သူမှာလည်း   ကြက်သွန် ခင်းသွားကြည့်ရာ    သမီးကိုမတွေ့ ၍   အနီးတဝိုက် လိုက်ရှာသော အခါ   အလောင်းကိုတွေပြီး  အံဩမတတ်ဖြစ်ခဲ့ရသည်။
ဖခင်ဖြစ်သူမှာ    နီးစပ်ရာနယ်မြေရဲစခန်းသို့ အကြောင်းကြားပြီး    ကယ်ဆယ်ရေးအဖွဲ့ က  အလောင်းကို   ချင်းမိုင် မဟာရ နခေါ ဆေးရုံသို့ သယ်ဆောင်သွားခဲ့သည်။   အလောင်း၏ဘယ်ဖက်ခြမ်းတွင်    ကျည်ကိုးချက်ဒဏ်ရာကို  တွေ့ ရှိရသည်။

ဆေးရုံ၏စစ်ဆေးချက်အရနှင့်သက်ဆိုင်ရာနယ်မြေရဲစခန်းတို့ ၏    ထင်မြင်ချက်အရ    သေဆုံးသူ မိန်းခလေးမှာ  တစ်ယောက်တည်း ကြက်သွန်စိုက်ခင်း စောင့်နေစဉ်   အမျိုးသားတစ်ဦးလာ၍   မဖွယ်မရာအတင်းအဓမ္မပြုကျင့်ရာ  လက်မခံ၍   အခြေအတင်အချင်းများကြရာမှ  သူ့ တွင်ပါလာသောေ သနတ်ဖြင့်     ပစ်သတ်သွားတာဖြစ်နိုင်ကြောင်း    ဖခင်ဖြစ်သူနှင့် ဆွေမျိုးများကို   ပြောကြားခဲ့သည်။ အမှုမှန်ပေါ်ပေါက်ရေးအတွက်   သက်ဆိုင်ရာနယ်မြေရဲစခန်းက   စုံစမ်းစစ်ဆေးလျက်ရှိကြောင်း    ရေးသားဖော်ပြထားသည်။  

Ref: Golden Workers

UNICEF ချစ်ကြည်ရေးအထူးသံ Jackie Chan မြန်မာနိုင်ငံ ဒီသီတင်းပတ်သွားမည်

မြန်မာနိုင်ငံ၊ ပြည်သူလူထုနဲ့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ   ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ် မြန်မာနိုင်ငံကို ဒီသီတင်းပတ်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ်တွေ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ မင်းသားကြီးဂျက်ကီချဲန်းက ဆိုပါတယ်။ အကြောင်းစုံကိုတော့ UNICEF ကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကျနော်ရုပ်ရှင်ရိုက်တဲ့အခါ ကလေးသူငယ်တွေအရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကိစ္စရပ် အတော်များများကို  အလေးပေးရိုက်ကူးပါတယ်။ ဒါကြောင့် ဂျက်ကီချန်းရဲ့ ရုပ်ရှင်ကို ကြည့်တဲ့အခါ အဓိပ္ပာယ်အမျိုးမျိုး ဖော်ညွှန်းထားတာ တွေ့ရမှာပါ။ နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ ယဉ်ကျေး မှု၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့်တို့ကို အလေးပေးထားတာမို့ ရုပ်ရှင်ပရိတ်သတ် အားလုံးနားလည်သဘောပေါက်ကြလိမ့်မယ် - လို့ မျှော်လင့်တဲ့အကြောင်း ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းက သူ့ရဲ့ facebook မှာ အခုလို ပြောကြားထားတာပါ။ အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တရုတ်သိုင်း ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ၂၀၀၄ ခုနှစ်ကစလို့  ကုလသမဂ္ဂ UNICEF ချစ်ကြည်ရေးသံတမန်အဖြစ် ကလေးများအခွင့်အရေးအတွက် ကြိုးပမ်းပေးခဲ့သူ ဖြစ်တဲ့အတိုင်း ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

Peter Smerdon ဟာ UNICEF ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
“ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်တဦး အဖြစ်နဲ့  မြန်မာနိုင်ငံ ကို ဇူလိုင်လ ၅ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း လူကုန်ကူးမှုဒဏ် ခံရပြီးတော့ လက်ရှိမှာ ပြန်လည်နာလံထူလာဖို့ ကြိုးစားနေကြတဲ့ ကလေးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကလေးငယ်ပေါင်း ၁.၂ သန်းဟာ လူကုန်ကူးမှုဒဏ် ခံနေရပြီးတော့ အဲဒီဒဏ်ဟာ ကလေးတွေကို အတော်ကလေး စိတ်ဝေဒနာ ခံစားစေတာဖြစ်ပါတယ်။”

သူ့ရဲ့ခရီးစဉ်အတွင်း ဂျက်ကီချဲန်းဟာ ရောင်းစားခံခဲ့ရပြီး နေအိမ်ပြန်ရောက်လာတဲ့ ကလေးသူငယ်တွေ အသက်မွေးဝမ်းကျောင်းအတွက် တက်တဲ့ သင်တန်းတွေကိုလည်း သွားရောက်ကြည့်ရှုမယ့် အပြင် ရောင်းစားခံရဖွယ် အန္တရာယ်ရှိတဲ့မိဘမဲ့ ကလေးငယ်တွေ၊ လေလွင့်ကလေးငယ်တွေကို UNICEF အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတချို့ကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြန်မာအစိုးရ အရာရှိတွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ Peter Smerdon က ပြောပါတယ်။

“ဂျက်ကီချဲန်းဟာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်တွေနဲ့သာ မကပါဘူး။ လူကုန်ကူးမှုကို ထိရောက်အောင် ဘယ်လို တိုက်ဖျက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစိုးရအရာရှိတွေအပြင် မန္တလေးမှာရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။”

အရွယ်မရောက်သေးသူတွေရဲ့ လုပ်အားကို အသုံးပြုမှုအတွက် ကလေးသူငယ်တွေကို လူကုန်ကူးတာဟာ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုကြီးဖြစ်တယ်လို့လည်း ဂျက်ကီချဲန်းက ခံယူထားတဲ့အတိုင်း သူ့ရဲ့ ခရီးစဉ်အတွင်း ကလေးသူငယ်တွေ လူကုန်ကူးမခံရလေအောင် နိုးကြားမှုရှိစေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

UNICEF ပြောခွင့်ရ မစ္စတာ Peter Smerdon က-
“ကလေးတွေဟာ ရောင်းကုန်တွေ မဟုတ်ကြဘူးဆိုတဲ့အချက်နဲ့ ဒီလို ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို ဝိုင်းဝန်း တိုက်ဖျက်ကြဖို့ နိုးကြားမှုရှိဖို့လိုတယ်ဆိုတာ သူ့ခံယူချက်ဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ကိုယ် သူတို့ ရောင်းစားခံရတဲ့ဘဝမရောက်အောင် အကာအကွယ်ယူတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လုတွေကို မယုံကြဖို့၊ တဘက်နိုင်ငံမှာ အလုပ်အကိုင်ကောင်းရမယ်ဆိုတဲ့ မက်လုံးတွေကို အယုံမလွယ်ဖို့၊ ကိုယ်မသိတဲ့နေရာကို မသွားဖို့၊ ကိုယ့်နာမည်၊ ကိုယ့်အသက်၊ ကိုယ့်မိဘ၊ ကိုယ့်လိပ်စာကို သိဖို့၊ ဒါမှလည်း လူကုန်ကူးမှု မခံရအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၁၂ ခုအတွက် အဆင့် ၂ ဖြစ်တဲ့ Watch List စောင့်ကြည့်ခံနိုင်ငံအဆင့်မှာ သတ်မှတ်ထားပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လိင်လုပ်ငန်းတွေမှာ အသုံးပြုခံရဖို့ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းစားခံနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ကလေးလုပ်အားအသုံးပြုမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ကလေး စစ်သားတွေအသုံးပြုမှု၊ အိမ်တွင်းလုပ်ငန်းတွေ၊  စိုက်ပျိုးခင်းတွေမှာနဲ့ တောင်းစားတဲ့ဘဝမှာ အသုံးပြု ခံနေကြရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ UNICEF ချစ်ကြည်ရေးအထူးသံ ဂျက်ကီချဲန်းအနေနဲ့ သူ့ရဲ့ သတ္တိနဲ့ ဟာသနှောထားတဲ့ လူကြိုက်များလှတဲ့ သိုင်း ရုပ်ရှင်ကားတွေကတဆင့် သူ့အပေါ် လူငယ်တွေရဲ့အားကျမှုကို အခြေပြုပြီး အရွယ်မရောက်သေးသူတွေ လူကုန်ကူး မခံရလေအောင် မျိုးဆက်သစ်တွေကြား နိုးကြားမှုရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် တယ် လို့လည်း သိရပါတယ်ရှင်။

Ref: VOA

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်

_DSC0063
ယနေ့နံနက်ပိုင်း္ပ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူအချို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့
ရုံးခန်းသို့ ရောက်ရှိလာပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် တွေ့ရစဉ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈ဝ) ဦးတို့အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက် အပြည့်အစုံမှာ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရှိစေရေးအတွက်လည်းကောင်း၊ လူသားချင်း-စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နှင့်အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ကိုးဦး စုစုပေါင်း ၄၆ ဦး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး တို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး စုစုပေါင်း ၈၀ ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ပထမဝါဆို လပြည့်နေ့(ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးခဲ့ကြာင်း သိရှိရသည်'' ဟု နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ပါသည်။

ဇူလိုင်လ ၃ ရက်နေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီး ၎င်းတို့ထဲတွင် ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည်ထောင်မှ ကိုပြည့်ဖြိုးအောင်၊ ကသာထောင်မှ ကိုအောင်အောင်ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့တွင် ကိုအေးအောင်သည် ပုဒ်မ် ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူဖြစ်ပြီး ကိုသန်းဇော်မှာ  ပုဒ် ၁၂၂(၁) ၊ ၅(ည)၊ ၃၀၂(၁) တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နှစ် ၂၀ ကျခံနေရသူ ဖြစ်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ၉ ဦးလွတ်မြောက်လာပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ဦး ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ၉ ဦးတွင် ၆ ဦးမှာ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြင်းခြံထောင်၌ ထောင်ဒဏ် ၁၉ နှစ်ကျခံနေရသူ ဒေါက်တာကျော်ကျော် ပြန်လည် လွတ်မြောက်လာပြီး မြင်းခြံအကျဉ်းထောင်၌ပင် အကျဉ်းကျခံနေရသော ကယန်းနိုင်ငံရေးသမား ကောရိယိုလည်း လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရပါသည်။ ဒေါက်တာ ကျော်ကျော် ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရရှိထားပြီး ကောရိယို ပြန်လည် လွတ်မြောက်လာခြင်းကို အတည်ပြုချက် ရယူနေဆဲ ဖြစ်ပါသည်။

ထို့အပြင် ထားဝယ်ထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေး အကျဉ်းသား ၃ ဦးပါဝင်ပြီး မ၀ါ၊ မဦးနှင့် ကိုမင်းလွင်တို့ ဖြစ်ကာ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ်ကျ ခံနေရသူများ ဖြစ်ပါသည်။ ကော့သောင်းထောင်၌ ပုဒ်မ ၁၇/၁၊ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဒေါ်ဝင်လည်း ပြန်လည် လွတ်မြောက် လာသူများ ထဲတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယနေ့နံနက်ပိုင်း၌ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသူများ စာရင်း

၁) စောဝီလျံ( ၁၇/၁၊ ၁၃/၁)
၂) စောဖရန်စစ် (၁၇/၁)
၃) အန်ထော်နီ (၁၇/၁)
၎) ထွန်းမြတ်သူ (၁၇/၁)
၅) ကိုမြင့်ကြိုင် (၁၇/၁၊ ၁၃/၁)
၆) ကိုအေးသိန်း(ခ) ရန်နိုင် (၁၇/၁၊ ၁၃/၁)
၇) ကိုဇော်မင်းအောင် (၁၇/၁)
၈) ကိုစောနိုင်ဝင်း (၁၇/၁)
၉) ကိုမိုးသီး(ခ) အောင်မိုးဇော် (အသင်းအဖွဲ့ ၇၊ ၁၃/၁)
၁၀) မအေးအေးနွယ် (၁၇/၁၊ ၁၃/၁)
၁၁) မဇာဏီဦး (၁၇/၁၊ ၁၃/၁)

Updated 12:45 PM 
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံသားအကျဉ်းသား ၄၆ ဦးတွင် လက်ရှိအချိန်အထိ (မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်အထိ) နိုင်ငံရေးအကျဉ်း ၂၁ ဦးပါဝင်ကြောင်း အတည်ပြုပြီး သတင်းများအရ သိရှိရပါသည်။
Updated 1:00 PM
ကယန်းနိုင်ငံရေးသမား ကောရိယို ပြန်လည်လွတ်မြောက်သည်မှာ မှန်ကန်ကြောင်း ကယန်းလူငယ်အဖွဲ့မှ အတည်ပြုချက် ပေးခဲ့ပါသည်။

ဘားအံထောင်မှ ကိုအောင်နိုင်လည်း ပြန်လည်လွတ်မြောက် လာကြောင်း သိရပါသည်။

လက်ရှိအချိန်အထိ လွတ်မြောက်လာသူ နိုင်ငံသား အကျဉ်းသား ၄၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦး ပါဝင်ကြောင်းကို အတည်ပြုပြီး သတင်းများအရ သိရပါသည်။
Update 1:25 PM
မန္တလေး အိုးဘိုထောင်မှ ဦးဝီရိယ (ခ) တိုက်ကြီး(ခ) ခင်ဇော်ဝင်း အသက်(၃၅) နှစ် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ ဦးဝီရီယသည် စစ်ကိုင်းတောင်ရိုး၊ သာသနသိပ္ပံကျောင်းမှ သံဃာတစ်ပါးဖြစ်ပြီး ၂၅-၁၁-၂၀၀၉ ခုနှစ်တွင် ပုံနှိပ်နှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။ 

လက်ရှိအချိန်အထိ လွတ်မြောက်လာသူ နိုင်ငံသားအကျဉ်းသား ၄၆ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦး ပါဝင်ကြောင်းကို အတည်ပြုပြီး သတင်းများအရ သိရပါသည်။
Updated 2:38 PM
ယနေ့နံနက်ပိုင်းတွင် ကလေးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုအေးအောင်အား ကလေးမြို့ရှိ တည်းခိုရာ နေအိမ်၌ တွေ့ရစဉ်။ ကိုအေးအောင်သည် ၁၉၉၈ ခုနှစ်တွင် ထိန်းသိမ်းခံရပြီး ၁၉၉၉ ခုနှစ်တွင် ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံနေရသူ ဖြစ်ပါသည်။
w739p
Updated 2:40 PM
မန္တလေး အိုးဘိုထောင်မှ ပြန်လည် လွတ်မြောက်လာသော ဦးဝီရိယ (ခ) တိုက်ကြီး(ခ) ခင်ဇော်ဝင်းကို တွေ့ရစဉ်။ ဦးဝီရီယသည် စစ်ကိုင်းတောင်ရိုး၊ သာသနသိပ္ပံကျောင်းမှ သံဃာတစ်ပါးဖြစ်ပြီး ၂၅-၁၁-၂၀၀၉ ခုနှစ်တွင် ပုံနှိပ်နှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသူ ဖြစ်သည်။
w739p2
Ref: EMG


Tuesday, 3 July 2012

"လည်ပင်းကို လှီးသတ်ဖြတ်သည့်မြန်မာတစ်ဦးအား၂လအကြာတွင်ဖမ်းမိ"


ဇူလိုင် ၂ ကိုတီး(ထိုင်းဘာသာပြန်သတင်းထောက်)

       ထိုင်းနိုင်ငံ အနောက်ပိုင်း ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀၀ ကွာဝေးရှိ  လရှ်ဘူလီမြို့နယ် ခုပိုးဝါးရွာ နယ်မြေ အမှတ် ၁ ဘန့်စွယ် လွမ့်ကျိုင် လမ်းစွယ် တွင် လူသတ်မှုကျူးလွန်ခဲ့သူဟု ယူဆရသူ
 အသက်၂၃ နှစ်အရွယ် ကိုစောထွန်း အား ယမန်နေ့ က ဖမ်းဆီးရမိေ ကြာင်း ထိုင်းဘာသာဖြင့်ထုတ်ဝေ သည့် ခေါင်စွတ်သတင်းစာတွင်  ရေးသားဖေါ်ပြထားသည်။

ပြီးခဲ့သည့် ၂လခန့်က ဆိုင်ကယ်တက္ကဆီ ပြေးဆွဲနေသော ထိုင်းလူမျိုး နိုင် ဝိစစ် စုဖုန်း အသက် ၃၉ နှစ် အား အလည်ရန် ငှားရမ်းပြီး လူပြတ်သည့် နေရာအရောက်တွင် အပေါ့သွားရန် ဆိုင်ကယ် ပေါ် မှ ဆင်း၍ ယူဆောင်လာသော ဓါးနှင့် ဝမ်းဗိုက်ကို ထိုးခဲ့ ကြောင်း ကိုစောထွန်း ကထွက်ဆိုကြောင်း  သတင်းတွင်း  ရေးသားထားသည်။

ဆိုင်ကယ်မောင်းသူမှာ ဓါးဒဏ်ရာဖြင့် ထွက်ပြေးခဲ့သော်လည်း မလွတ်ဘဲ ဓါးဖြင့် လည်ပင်းကို လှီးပြီး  ဓါးကို နီးစပ်ရာတွင် လွှင့်ပစ် ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူတွင် ပါလာသော ဘတ်ငွေ ၃၆၂၀ ယူ၍ လရှ်ဘူလီမြို့နယ်ရှိ ဖိုးထလန်း ရွာတွင်တိမ်းရှောင်ခဲ့စဉ် ယ္ခု ကဲ့သို့ အဖမ်း ခံခဲ့ရသည်။

Ref: Golden Workers

Saturday, 30 June 2012

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန်မှာ ထိုင်း စိုးရိမ်

မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ နှစ်အနည်းငယ်အတွင်းမှာ ပြည်တော် ပြန်သွားနိုင်တာကြောင့် လိုအပ်လာမယ့် အလုပ်သမား အခက်အခဲတွေအတွက် အမြန်ဆုံး ကြိုတင်ပြင်ဆင်ကြဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Trang ခရိုင်စက်မှုဇုန် ဥက္ကဋ္ဌ Withee Supitak က ဇွန်လ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တခုမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့တဲ့ မေလက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့  ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်းမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာတွေ အမိမြေကို လာမယ့်နှစ် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်လာနိုင်ပြီး အလုပ် လုပ်နိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ပေးနိုင် လိမ့်မယ်လို့ Mr. Withee Supitak က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆို ထားပါတယ်။
“အထူးသဖြင့် ထုတ်ကုန်လုပ်ငန်းတွေမှာ ဒီရွှေ့ပြောင်း အလုပ်သမားတွေကိုပဲ မှီခို အားထားနေရတာကြောင့် အလုပ်သမား ပြတ်လပ်မှု အခက်အခဲဖြစ်လာမှာကို Trang က စက်မှု လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
Trang စက်မှုဇုံမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းအထိ တနံတလျားက ထိုင်းနိုင်ငံသားတွေကို ထိုင်းရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အလုပ်အကိုင်တွေ ခန့်ထားပေးနေတာကြာပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့ ဒေသနယ်မြေတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အရင်ကထက် ပိုရှိလာပြီး ၀င်ငွေနဲ့ လုပ်အားခကလည်း ဒီကပေးတဲ့ ပမာဏလောက်ရှိတော့ ကျနော်တို့ဘက်ကို အလုပ်လာရှာတဲ့ လူတွေ နည်းလာတယ်လို့ သူက ဆက်ပြောတယ်။
“ရွှေ့ပြောင်း အလုပ်သမားတွေဟာလည်း သူတို့ရဲ့ မိခင်နိုင်ငံကို ပြန်သွားကြမယ်ဆိုရင် တောင်ပိုင်း စက်ရုံလုပ်ငန်းတွေမှာ အစားထိုးနိုင်ဖို့ အပြောင်းအလဲတွေ အမြန်လုပ်ရလိမ့်မယ်။ ပြီးတော့ အလုပ်သမား နည်းပါးလာမှုကို တခြား စက်ယန္တယားတွေနဲ့ ဘယ်လို အစားထိုးမလဲဆိုတဲ့ နည်းလမ်းတွေလည်း အမြန် ရှာရလိမ့်မယ်” လို့ Mr. Withee Supitak က ဆိုပါတယ်။
ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ ၁၀ ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်းအထိ ဆက်တိုက် အရှုံးပေါ်နေပြီး Trang ခရိုင်ရဲ့ စီးပွားရေးဟာလည်း ပုံမှန်ထက် နှေးကွေးနေကြောင်း၊ နိုင်ငံခြား တိုင်းပြည်ကနေ မှာယူတင်သွင်းရတဲ့ ရော်ဘာတို့၊ ဆီအုန်း တို့မှာလည်း အရှုံးပေါ်သလို ထိုင်းဘတ်ငွေဈေး ကျလာတဲ့အပြင် ပြည်တွင်း လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းတွေကလည်း ကျလာတယ်လို့ သူက ဆက်ပြောထားပါတယ်။
“လူတွေဆီက ဆန္ဒမဲရဖို့ အစိုးရကလည်း အစောပိုင်းမှာ မူဝါဒပိုင်းလောက်သာ ကောင်းတာကြောင့် အစိုးရအပေါ်မှာလည်း ဒီက စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ မှီခိုလို့ မရဘူး။ ဒါကြောင့် လုပ်ငန်း လုပ်ကိုင်ရတာလဲ အဆင်မပြေဘူး” လို့ သူက ထောက်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းချီရှိတဲ့အထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားက ၂ သန်းကျော်ရှိပါတယ်။
အဲဒီအထဲက ၁ သန်းကျော်ကိုသာ ထိုင်း-မြန်မာ အစိုးရတို့ ပူးပေါင်းပြီး အထောက်အထား စာရွက်စာတမ်း ထုတ်ပေးနိုင်ပါသေးပြီး တခြား တရားမ၀င် ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အနည်းဆုံး ၁ သန်းကျော် ရှိနေသေးတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်က လာရောက်ပြီး အလုပ်ကြမ်းအလုပ် လုပ်ကိုင်နေတဲ့  အသက် ၂၂ အရွယ် မောင်နေအောင်ကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာရယ်၊ သူတို့ရဲ့ တောင်ယာတွေကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၀င်ငွေနဲ့ လုပ်အားခ ထိုက်သင့်တဲ့ ထိုင်းနိုင်ငံကို လာတာလို့ ပြောပါတယ်။
“လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီလို့ သတင်းတွေမှာ ပြောပေမယ့် အလုပ်အကိုင်ရဖို့တို့ နောက် ပိုက်ဆံရဖို့ ဆိုတာတွေက ချက်ချင်းကြီး ဒီ ထိုင်းနိုင်ငံလောက် မရနိုင်လောက်သေးဘူးလို့ပဲ ကျနော်ထင်တယ်။ ကိုယ့်နိုင်ငံက ပိုအဆင်ပြေရင်တော့ ဒီထိုင်းထက် ပိုရရင်တော့ မြန်မာပြည်ပြန်မှာပေါ့” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်ဟာ လုပ်အားခသက်သာပြီး အောက်ခြေသိမ်း လုပ်ငန်းများမှာ လုပ်ကိုင်နိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်အားကို အကြီးအကျယ် မှီခိုနေကြရပါတယ်။

Ref: ဧရာဝတီ

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို


ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။
ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူများအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
''ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေကြားက  ဥရောပခရီးကို သွားခဲ့တာလို့ ယုံကြည်မိပါတယ်။  အဲဒီနိုင်ငံတွေမှာလည်း သူ့အကျိုးစီးပွားအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဈေးကွက်သဘောအရပြောရင် မြန်မာနိုင်ငံအတွက် သူ ပရိုမိုးရှင်းဆင်းတာပဲ။ သူ့ကြောင့် ကမ္ဘာမှာ မြန်မာဆိုတာ ၀င့်ကြွားနိုင်ခဲ့ရပါပြီ။ ဒါကြောင့် မနက် ၇ နာရီလောက်ကတည်းက လာစောင့်ကြိုဆိုတာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝင်းက ပြောပါသည်။ ထို့အတူ အသက် ၁၆ နှစ်အရွယ် မဖြူသီက ''အခုလိုလာကြိုတဲ့ သူတွေအများကြီးတွေ့ရတာ ပျော်ပါတယ်။ သမီးတို့က အမေစုကိုချစ်လို့ လာကြိုတာပါ''ဟု ပြောပါသည်။
''အမေစုကို အရင်ကတည်းက တကယ်ကို သဘောကျခဲ့တာပါ။ စိတ်ရင်းစိတ်ထားက ပြည်သူလူထုအတွက် အရမ်းကို ကောင်းအောင် လုပ်ပေးလိုတဲ့စိတ် ရှိတယ်။ အခုလာ ကြိုတာ။ အမေတစ်ယောက်ကို လာကြိုရသလိုပဲ ခံစားရတယ်။ တကယ်ကို ၀မ်းသာနေပါတယ်''ဟု မင်္ဂလာဒုံ မြို့နယ်တွင်နေထိုင်သူ ချင်းတိုင်းရင်းသူ ဒေါ်လွန်းက ပြောပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင်လည်း စောင့်ဆိုင်းကြိုဆိုသူများနှင့် လေဆိပ်မှ လိုက်ပါလာသောသူများကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပငါးနိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)  ညီလာခံတွင် မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအတွက် နိုဗယ်လ်မိန့်ခွန်းပြောကြားခြင်း၊ အိုင်ယာလန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) မှ ချီးမြှင့်သော Ambassador of Conscience ကို လက်ခံယူခြင်း၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်တွင် နေထိုင်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသား ချားလ်တို့နှင့် သီးခြားစီတွေ့ဆုံခြင်း၊ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန်မှ Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောကြားခြင်း၊ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် လန်ဒန်မြို့တွင် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့ဘက်တွင် ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ထို့အတူ ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖိုဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံ၌ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်ဒ်၊ နိုင်ငံခြားရေးဝန်ကြီး LaurentFabius၊ ပါရီမြို့တော်ဝန် Bertrand Delanoe၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှ ဇွန်လ ၂၉ ရက်နေ့မှ ထွက်ခွာလာခဲ့ရာ ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

Ref: EMG

Sunday, 24 June 2012

တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ



ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက်ရှိ ပြည့်တန်ဆာ လုပ်ငန်း လုပ်သည် အဆောက် အဦးပုံ

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။

”သိပ်မကြာသေးဘူး ။ ဂျာနယ်တစ်စောင်က ဒီပြည့်တန်ဆာအိမ်တွေကြောင့်…. ရပ်ကွက်ထဲကသမီးရှင်တွေအိမ်ပြောင်းပြေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ရေးလိုက်တာ တွေ့ လိုက်ရတယ်….. ဒီတော့ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကြီးကိုသိပြီးအရေးယူတော့မယ်ထင်တာပေါ့.. ပြီးတော့ ဒီပြည့်တန်ဆာအိမ်တွေကြောင့် ဒီရပ်ကွက်ကပါလို့ ကိုယ့်ကိုယ်ကို မပြောရဲရှာတဲ့ သမီးပျိုတွေအတွက်လည်း အခြေအနေတွေကောင်းလာတော့မယ်ထင်တာပေါ့…. ဒါပေမယ့် ဒီပြည့်တန်ဆာအိမ်တွေကဖွင့်မြဲဖွင့် လာနေတဲ့သူတွေကလည်း လာမြဲပဲဗျာ….. ဒီအိမ်တွေကို တာဝန်ရှိသူတွေအရေးမယူကြတော့ဘဲ ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလားဟု ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများမှသိရှိလိုကြောင်း
 မြို့ ခံတဦး က Myanmar  News Now ကို ပြောပါသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဘ-၃)ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာဂေါင်း မြင့်သန်း နှင့်ဇနီးဖြစ်သူ တင်တင်အေး တို့မှ တရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဥပဒေအရ အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းပေါ်ပေါက်ခြင်းမရှိဘဲ ၄င်းပြည့်တန်ဆာအိမ်မှ ငွေကြေးရယူပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအား မသိကျိုးကျွံပြု မှုနေသဖြင့် ၄င်းပြည့်တန်ဆာလုပ်ငန်းမှာ အတင့်ရဲစွာ ရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင်လုပ်ကိုင်ဆောင်ရွက် ဆဲဖြစ်ပါသည်။

ညပိုင်းအချိန်များတွင် ကျန်စစ်သားလမ်းပေါ်တွင် ၄င်းပြည့်တန်ဆာနေအိမ်သို့ လာရောက်ပျော်ပါးသည့် သူများ၏ ဆိုင်ကယ်များဖြင့်ပိတ်ဆို့နေပြီး ရပ်ကွက်လူထု သွားလာမရဖြစ်နေကြောင်း ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်း ဒီလိုမကောင်းတဲ့အိမ်တွေ ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာ ရွာအရမ်းနာတယ် ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကို ရုန်းကန်နေရတဲ့ သမီးပျိုလေးတွေရော၊ ကျောင်းသူလေးတွေအတွက်ပါ ဒီအိမ်တွေရဲ့ အကျိုးဆက်က အများကြီးသက်ရောက်မှုရှိတယ်လို့  မြို့ ခံက Myanmar  News Now ကို ဆက်လက်ပြောပြထားပါသည်။

ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။  ဒါကြောင့် ပြည်တန်ဆာအိမ်တွေကို အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ရပ်ကွက်ပြည်သူလူထုမှ လိုလားလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ၄င်းပြည့်တန်ဆာနေအိမ်အား ထိရောက်သောအရေးယူဆောင်ရွက်မှုများအားပြုလုပ် ပေးပါရန် မြို့ ခံများက ပြောပြပါသည်။


ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက် ပြည့်တန်ဆာဂေါင်း မြင့်သန်း မိသားစု နေအိမ်ပုံ

တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန်

တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့ တ၀က်စီခွဲယူရန် အမိန့်ချမှတ် ဟု သတင်းထွက်
ဂျာနယ်ကောက်နုတ်ချက်၊ ဇွန် ၂၄၊ ၂၀၁၂
ဇွန်လ ၂၂ နေ့စွဲဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ရာတွင် မြန်မာ့ထုံးတမ်းဓလေ့ ဥပဒေအရ ဗဟန်းမျြိ့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း။ အမှတ် ၄၅/၄၆ နေအိမ်နှင့် ခြံဝင်းကို အစ်ကို အောင်ဆန်းဦးနှင့် ညီမ ဒေါ်အောင်ဆန်းစုကြည်တို့က အမွေဆိုင်အဖြစ် တ၀က်စီခွဲယူကြရန် ဆုံးဖြတ်လိုက်သည်ဟု ဆိုသည်။
 
အဆိုပါသတင်းကို ရန်ကုန်ထုတ် သတင်းအချစ်တော် အပတ်စဉ်ဂျာနယ် (Favorite News)  အချပ်ပိုတွင် ဖော်ပြထားသည်ကို အင်တာနက်နှင့် ဖေ့စ်ဘွတ်တို့တွင် လက်ဆင့်ကမ်း သတင်းပြန့်လျက်ရှိသည်ကို တွေ့ရသည်။
 
သတင်းတွင် သက္ကရာဇ် ၂၀၀၀ ကတည်းက အမေရိကန်ပြည်နေ အကိုဖြစ်သူ အောင်ဆန်းဦးက အဆိုပါနေအိမ်ကို အမွေဆိုင်အဖြစ် ခွဲပေးရန် မြန်မာတရားရုံးသို့ လျောက်ထားစွဲဆိုခဲ့ကြောင်း၊ နိုင်ငံခြားသားဖြစ်၍ အမှုရှုံးနိမ့်ခဲ့ကြောင်း၊ နောင်တဖန် ၂၀၀၁ တွင် အမွေခွဲဝေပေးရန် ထပ်မံ လျှောက်ထားခဲ့ရာ ယခုတခါတွင် တ၀က်စီ ခွဲယူရန် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
 
ယခုကဲ့သို့ အမိန့်ချမှတ်သည်ဆိုသည့် သတင်းထွက်ပေါ်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥရောပ၊ ဗြိတိန် ခရီးစဉ်အဖြစ် ပြည်ပသို့ ရောက်ရှိနေသည်။
 
Suu
Fef: MoeMaKa

ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ


ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ညွှန်ချုပ် နဲ့ ဒုညွှန်ချုပ် တို့ လာရောက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်ရှင်က ဘာကိုမှ လိုက်လျောပေးမှာ မဟုတ်ဘဲ ကျေနပ်တဲ့သူလုပ် မကျေနပ်တဲ့သူမလုပ်ဖို့ သာ တုန့်ပြန်ပြောဆိုခဲ့ကြောင်း  အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုနေလွင်ထွန်း  က RFA ကို ပြောပါတယ်။

အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတဦး ပိုင်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။

မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။ သူတို့ကို အခြေခံလုပ်ခ လစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာ တိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

Ref: RFA

Saturday, 23 June 2012

ဒေါ်စု၏ ပုဂ္ဂလိက ခရီးစဉ်အတွက် နိုင်ငံတော်မှ သတင်းထုတ်ပြန်ရန် မလိုအပ်ဟု ဦးရဲထွဋ်ဆို

D_oxfordefefဒေါ်အောင်ဆန်း စုကြည်၏ ဥပရောပ ခရီးစဉ် များသည်၊ ပုဂ္ဂလိက ခရီးစဉ်မျှသာ ဖြစ်၍ နိုင်ငံပိုင် Media များ၌ သတင်း ဖော်ပြရန် မလိုအပ် ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်မှ ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့၌ ဒိန်းမတ် နိုင်င်ငံ ကိုပင်ဟေဂင် မြို့ ၌ ပြောဆို ခဲ့ပါသည်။

“အစိုးရ မီဒီယာ အနေနဲ့ သတင်းဖော်ပြရာမှာ သက်ဆိုင်ရာ ပါတီ လှုပ်ရှားမှု သက်သက်ဆိုလျှင် ဖော်ပြပေးဖို့ မရှိပါဘူး၊ စည်းကမ်းချက်တွေ ချမှတ်ထားတာ ရှိပါတယ်၊ လွှတ်တော် ကိုယ်စားပြု အနေနဲ့ သွားမယ်ဆိုရင် အသင်းအဖြစ် ဖော်ပြပေးသွားမှာပါ” ဟု ပြန်ကြားရေး ညွှန်ကြား ရေးမှူး ဦးရဲထွဋ်မှ Denmark နိုင်ငံတွင် ပြုလုပ်သည့် International Media Support Press Conference with Burma (Myanmar) အခမ်းအနား၌ ပြောကြား သွားပါသည်။

သို့သော် ဦးရဲထွဋ္ဋ်တင်ပြချက်အပေါ် British Council မှ ဒေါ်မိုးမိုးတုန့်ပြန်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ခေါင်းဆောင် သက်သက်မဟုတ်ကြောင်း ၊ ယခု နိုဘယ်လ်ဆုပေးပွဲ ကိုကြည့်လျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့ ခေါင်းဆောင်များမှ ၄င်းအား အထူးလေးစားသည်ကို တွေ့မြင်နိုင်ကြောင်း ၊ ဒေါ်စုကို သာမန် အမတ် တစ်ယောက်အနေဖြင့် နှိုင်းယှဉ်ပြီး မတွက်ဆ သင့်ကြောင်း Freedom of Press ၊ Media Reform ၌ ပြောကြားခဲ့ပါသည်။

ထို့အပြင် "ဦးရဲထွဋ် ပြောကြားချက်သည်၊ စကားအားဖြင့် ပြောကြားနေသော်လည်း လက်တွေ့၌ မြန်မာ ပြည်သူများအတွက် အဖြစ်မှန် သတင်းများ တင်ပြပေးမှု မရှိကြောင်း” ထပ်မံပြောကြားခဲ့ပါသည်။
D_London_farmilyဒေါ်အောင်ဆန်း စုကြည်၏ ဥရောပ ခရီးစဉ်ကို နိုင်ငံတကာ သတင်းဌာနများ၌ အသားပေး ဖော်ပြ ခဲ့သော်လည်း နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြ ခြင်း မရှိခဲ့ပေ။

 (၂၂) နှစ်အတွင်း ပထမဆုံး ဥရောပ (၅) နိုင်ငံများသို့ သွားရောက်သည့် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၁၃) ရက်နေ့၌ စတင်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ NLD မှ ကိုဖြိုးဇေယျာသော် ၊ ဦးခွန်သာမြင့်နှင့် ဒေါက်တာ တင်မာထွေးတို့ လိုက်ပါ သွားခဲ့ပါသည်။

ဥရောပ ခရီးစဉ် တစ်လျှောက်၌ ဒေါ်အောင်ဆန်း စုကြည်သည် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ၌ မိန့်ခွန်း ပြောကြားခြင်း၊ AI အဖွဲ့မှ ချီးမြုင့်သည့် Ambassador of Conscience ဆုအား လက်ခံ ရယူခြင်း၊ အောက်စဖိုဒ့် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံ ရယူခြင်း၊ U2 အဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက် အားပေးခြင်း ဗြိတိန် လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းနှင့် ပြင်သစ် နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

ရသာကောင်း ချိုချဉ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံ တက္ကသိုလ် လမ်းဆုံမှာ ရှိတဲ့ ရသာကောင်း ချိုချဉ်စက်ရုံက အလုပ်သမား (၂၀၀) ကျော်က အခြေခံ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် ဒီကနေ့မှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
RFA
မရမ်းကုန်းရှိ အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရှာဖွေရေးရုံးတွင် မေလ ၉ ရက်နေ့က စက်ရုံ ၃ ခုမှ အလုပ်သမားများစုပေါင်း တောင်းဆိုနေကြပုံ ဖြစ်ပါသည်။ စက်ရုံ အလုပ်သမားများ အခြေခံ ရပိုင်ခွင့် အတွက် တောင်းဆိုဆန္ဒပြမှုများ ဧပြီလကစပြီး ဆက်တိုက် ဖြစ်ပေါ်နေပါသည်။
အခြေခံ လုပ်ခလစာနဲ့ အချိန်ပို လုပ်အားခ ခံစားခွင့် ရရှိရေး၊ တစ်ရက် အလုပ်ချိန် (၈) နာရီ သတ်မှတ်ပေးရေး၊ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းများ မခိုင်းစေရေး စတာတွေ အပါအဝင် အချက် (၉) ချက်ကို တောင်းဆိုနေပါတယ်။

ဒီအတွက် ညှိနှိုင်းမှုတွေကို ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပြီး အချက်တစ်ချက်မှာသာ ညှိနှိုင်းမရ ဖြစ်နေဆဲပါလို့ အလုပ်သမားတွေနဲ့ နီးစပ်တဲ့ အလုပ်သမား တစ်ဦးက အခုလို ပြောပါတယ်။

“အခုက သူတို့က အပြင်ကို ထွက်ခွင့်မရှိဘူး ဖြစ်နေတယ်၊ အချက်အလက်တွေ ကတော့ ညှိတုန်းပဲ ရှိသေးတယ်။ အခုဟာက အမျိုးသမီး ဝန်ထမ်းတွေကို တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်ခိုင်းတဲ့ အချက်မှာလေ၊ အဲဒီအချက်ကို သဘောမတူနိုင်ဘူး ဖြစ်နေတယ်တဲ့။ ကျန်တဲ့ အချက်အလက်တွေကိုတော့ သူပေးထားတယ်ပေါ့။ ဒါပေမယ့် ဒီအမျိုးသမီးတွေကိုတော့ သဘောမတူဘူးလို့ ပြောတယ်၊ ပြီးတော့ အထက်ကနေပြီးတော့ပေါ့နော်။ ဒီညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့နဲ့ ဆွေးနွေးတဲ့ ခေါင်းဆောင်တွေ ကပေါ့နော်။ ကျနော်တို့ အလုပ်သမားထုဆီကို လာပြီးတော့ ဘာကြောင့် သဘောမတူတာပါ ဆိုတဲ့ အကြောင်းပြချက်လည်း မပေးသေးဘူး။”

ဒီစက်ရုံမှာ အမျိုးသား (၂၀၀) နီးပါးကိုသာ လခစား အဖြစ် သတ်မှတ်ထားပြီး အမျိုးသမီးတွေ ကိုတော့ နေ့စား အဖြစ်သာ သတ်မှတ်ထားရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမားတွေက လုပ်ငန်းခွင် ထိခိုက်နစ်နာမှုများ တာဝန်ယူပေးရေး၊ သိမ်းဆည်းထားသော မှတ်ပုံတင်များ ပြန်ပေးရေးနဲ့ အားလပ်ရက်မှာ ပြင်ပ သွားလာခွင့်ရရေး၊ ပိတ်ရက်မရှိ အလုပ်လုပ်နေရတဲ့ အတွက် အလုပ်ပိတ်ရက် သတ်မှတ်ပေးရေး၊ စည်းကမ်းချက်တချို့ ပယ်ဖျက်ရေး၊ အလုပ်သမားကဒ် ပြုလုပ်ပေးရေး အပါအဝင် အမျိုးသမီး အလုပ်သမားတွေကို လခစားဝန်ထမ်း သတ်မှတ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ဆန္ဒ့ပြတောင်းဆိုတာကို မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင်၊ အလုပ်သမား ဌာနက တာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းပေးနေတယ် လို့လည်း  အလုပ်သမားတွေကို သွားရောက်ကူညီပေးနေတဲ့ ဗကသ ကျောင်းသား တစ်ဦး ဖြစ်တဲ့ ကိုမိုးထက်နေက အခုလို ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ သိထားတာကတော့ သူ့စက်ရုံ ပိုင်ရှင် ရှိမနေဘူး၊ နောက် အပြင်ကနေပြီးတော့မှ ညှိနှိုင်းရေး အဖွဲ့တွေ ဆိုပြီးတော့ အစိုးရ အရာရှိတွေရယ် နောက် လုပ်ငန်းရှင်တွေပေါ့ဗျာ၊  အစိုးရ အရာရှိက မြို့နယ် အုပ်ချုပ်ရေးမှူး ပါတယ်၊ အလုပ်သမားရေးရုံးက မြို့နယ်ဦးစီးမှူး တစ်ယောက် ပါတယ်၊ နောက်တခါ လုပ်ငန်းရှင်တွေပေါ့ဗျာ။ ဒီလိုလူမျိုးတွေ အားလုံးပေါင်း (၁၁) ယောက်ဖွဲ့ထားတဲ့အဖွဲ့က ကြားကနေပြီးတော့ ညှိပေးတယ်။ ဟိုဘက်ကနေပြီးတော့ စက်ရုံပိုင်ရှင် မပါတဲ့ အုပ်ချုပ်ရေး အဖွဲ့က ဒိုင်ခံပြီး ညှိပေးတာပေါ့နော်။ ဒီဘက်က အလုပ်သမား ကိုယ်စားလှယ်ကတော့ ကျနော်သိထားတာ (၁၀) ယောက်လို့ သိထားတယ်၊ အဲဒီ (၁၀)ယောက်နဲ့တွေ့ပြီး ညှိနေတယ်”

အလုပ်သမားတွေကို ဦးကိုကိုကြီး ဦးဆောင်တဲ့ အလုပ်သမား၊ လယ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့၊ ကုန်ဈေးနူန်း ကျဆင်းရေး အဖွဲ့နဲ့ ဗကသ ကျောင်းသားများ အဖွဲ့တွေက ထမင်းထုပ်ပေါင်း (၄၀၀) ခန့်နဲ့ သောက်ရေတို့ ကူညီပေးနေတယ်လို့လည်း သိရပါတယ်၊ ဒီစက်ရုံမှာ အလုပ်သမားပေါင်း (၄၅၀) ခန့်ရှိတယ်လို့လည်း သိရပါတယ်။

Ref: RFA

 အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲ၏ အုပ်စု(ဆ) ခြေစစ်ပွဲစဉ်များတွင် တောင်ကိုရီးယား၊ မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်းများ အနိုင်ရ


မြန်မာအသင်းတိုက်စစ်မှုး ကျော်ကိုကို ဖိလစ်ပိုင်အသင်းဘက်သို့ ထိုးဖောက်ဂိုးသွင်းနေစဉ်
အာရှယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စု(ဆ) ခြေစစ်ပွဲစဉ်များကို ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပခဲ့ရာ တောင်ကိုရီးယားယူ-၂၂အသင်း၊တရုတ် (တိုင်ပေ) ယူ-၂၂အသင်းနှင့် မြန်မာယူ-၂၂ ဘောလုံးအသင်းတို့ ပွဲဦးထွက်ပွဲစဉ် များတွင် နိုင်ပွဲများ ရရှိခဲ့ကြကြောင်း သိရှိရသည်။

သုဝဏ္ဏကွင်းတွင် ပထမပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော တောင်ကိုရီးယားအသင်းနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်သည် အပြန်အလှန်ရှိခဲ့ပြီး တောင်ကိုရီယားအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော တရုတ်(တိုင်ပေ)အသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်တွင် ဗီယက်နမ်အသင်းက ပိုမိုထိုးဖောက်ကစားနိုင်ခဲ့သော်လည်း ပွဲအပြီးတွင် တရုတ်(တိုင်ပေ)အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

သုဝဏ္ဏကွင်းတွင် ဒုတိယပွဲစဉ်အဖြစ် မြန်မာယူ-၂၂အသင်းနှင့် ဖိလစ်ပိုင်ယူ-၂၂အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅-၁) ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိသွားခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းစတင်ပြီး မကြာမီမှာပင် ပင်နယ်တီ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဖိလစ် ပိုင်အသင်းကို ဦးဆောင်ဂိုးပေးလိုက်ရပြီး ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို တိုက်စစ်မှူးကျော်ကိုကို အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းတို့က နှစ်ဂိုးစီ ရန်အောင်ဝင်းက တစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပွဲစဉ်များက စားအပြီးတွင် မြန်မာယူ-၂၂အသင်းက ဂိုးကွာခြားမှုဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။

အသင်းများ၏ ရပ်တည်မှု
အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
မြန်မာ - -
တောင်ကိုးရီးယား - -
တရုတ်(တိုင်ပေ) - -
ဗီယက်နမ် - - -
မလေးရှား - - -
ဖိလစ်ပိုင် - - -

 တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဆီလုံးဝမဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိ၊ ဆီမဟုတ်သည့်အရာများ မှောင်ခိုတင်သွင်းရောင်းချသူများကို အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သို့ အသိပေးထား

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟုဆိုသော ဆီများမှာ စားသုံးဆီ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ဆီမဟုတ်သည့်အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက်အတွင်း ဆီမဟုတ်သည့်အရာများအား စစ်ဆေးအရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထားကြောင်း သိရသည်။

ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ မြင့်တက်နေသည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င်တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင်တူသော်လည်း ဆီမဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါဆီများကို တရားမ၀င် တင်သွင်းဖြန့်ဖြူးသူဟု ယူဆရသူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ဖော်ထုတ်ထားပြီး စစ်ဆေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

"ဆွေးနွေးပွဲက မှောင်ခိုတင်သွင်းတဲ့ ကိစ္စလျော့ကျဖို့ အတွက်ပါ။ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ဌာန တာဝန်ရှိသူတွေက ထိုင်း၊ တရုတ် စသဖြင့် နယ်စပ်တွေကနေ တရားမ၀င်ကုန်သွယ်တဲ့ ကိစ္စတွေကို စုံစမ်းတယ်လို့ သိရတယ်။ မြ၀တီ၊ မြိတ်နဲ့ ကော့သောင်း၊ မူဆယ် အဖွဲ့သုံးဖွဲ့ခွဲဆင်းကြတယ်။ ဆင်းတဲ့အခါမှာ No Profile နဲ့ ညွှန်ကြားရေးမှူးတွေကအစ သာမန် အရပ်သားအနေနဲ့ ဆင်းတယ်။ တရားမ၀င် ကုန်သွယ်မှုတွေကို ဓာတ်ပုံမှတ်တမ်းပါ ယူထားတယ်။ အခု အဲ ဒီမှတ်တမ်းတွေနဲ့ စုံစမ်းထောက်လှမ်းထားတဲ့ သက်သေတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက အစိုး ရအဖွဲ့တွေကို ခေါ်ယူပြီး ချပြလိုက်တယ်။ ဒါကို ထိမ်းသိန်းဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အနေနဲ့ ပိုပြီးလုပ်ကိုင်ရဖို့ရှိတယ် ဆိုပြီး ဆွေးနွေးကြတာပါ။ အဲဒီပွဲမှာ တရုတ်နယ်စပ်က တရားမ၀င်သွင်းလာတဲ့ စားသုံးဆီဆိုတဲ့ဟာတွေကို ဓာတ်ခွဲစမ်းသပ်လိုက်တာ ဆီနဲ့သာတူတာ ဆီမဟုတ်ကြောင်း တွေ့ရတယ်ဆိုတာကိုပါ ထုတ်ဖော်ပြော ကြားတော့ လန့်တောင်လန့်သွားကြတယ်။ ဈေးကွက်ထဲမှာတွေ့လို့ FDA ကို ပို့ပြီးစစ်တာ လို့ပြောတယ်။ အဲဒီကိစ္စကို တရားမ၀င်တင်သွင်းတယ်လို့ ယူဆရတဲ့သူ၊ သူနဲ့ ပတ်သက်ဆက်စပ်နိုင်တဲ့ သူတွေရဲ့ နာမည်အချို့နဲ့ လမ်းကြောင်းအချို့ကိုပါ ထုတ်ပြောသွားတယ်။ အတိအကျ မဟုတ်ပေမယ့် အဲဒီလမ်းကြောင်း အတိုင်းဆို ဘယ်သူဖြစ်နိုင်တယ်။ ဘယ်ဈေးကွက်ထဲရောက်နိုင်တယ် ဆိုတာကို အနီးစပ်ဆုံးခန့်မှန်း ပြောကြားတဲ့သဘောပါ။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီး မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း စစ်ဆေးလို့ရအောင် အသိပေး ဆွေးနွေးတာတွေ့ရတယ်။ ဒီဆီတွေကို စစ်ဆေးတွေ့ရှိဖို့ကတော့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥပမာ-ဈေးကွက်ထဲက စားသုံးဆီက တစ်ပိဿာ ၂၀၀၀ ကျပ်ဆိုရင် အဲဒီဆီအတုက တစ်ပိဿာကို ၃၀၀၊ ၄၀၀ လောက်ပဲရှိတယ်။ ဒီတော့ သူ့ချည်းပဲ သွင်းတဲ့သူက မရောင်းဘူး။ ဈေးကွက်ထဲက စား သုံးဆီတွေနဲ့ ရောရောင်းတာမျိုး ဖြစ်နိုင်တော့ တော်တော်ဆိုးပါတယ်"ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

စားအုန်းဆီ ပြည်ပမှ ၅ နှစ်အတွင်း တရားဝင် တင်သွင်းမှုပမာဏ(အမေရိကန်ဒေါ်လာ၊သန်း)
 ဘဏ္ဍာနှစ် စားအုန်းဆီ
၂၀၀၆-၂၀၀၇ ၇၄ .၄၁၀
၂၀၀၇-၂၀၀၈ ၂၀၂ .၄၄၀
၂၀၀၈-၂၀၀၉ ၂၉၁ .၇၅၀
၂၀၀၉-၂၀၁၀ ၁၇၈ .၂၉၀
၂၀၁၀-၂၀၁၁ ၁၉၈ .၇၆၂

ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ

ဘင်္ဂလားဒေ့ရှ်  နိုင်ငံမှ စက်လှေဖြင့် ကပ္ပလီ ပင်လယ်ပြင်ကို ဖြတ်ကာ မြန်မာပြည် တောင်ပိုင်း
ရေးမြို့နယ်၊  ခေါဇာမြို့နယ်ခွဲ  ကော့လှိုင်ကျေးရွာ အုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီး ခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစခန်းက ပြောသည်။

“သူတို့အင်အား များတဲ့အတွက် အားကစားရုံပဲ တရားခုံရုံး ဖွဲ့ပြီး ရေး တရားသူကြီးက တနှစ်စီ ချလိုက်တာပါ။ ကလေးနှစ်ယောက်က လွဲပြီး အားလုံးကို အမိန့်ချလိုက်တာ” ဟု ရေးမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

အင်္ဂါနေ့တွင် ရေးမြို့ အားကစားရုံ၌ ယာယီတရားခုံရုံး ဖွဲ့ကာ ထိုနေ့တွင်ပင် အမိန့်ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင် သို့ ပို့လိုက်ခြင်း ဖြစ်သည်။ အဖမ်းခံရသူ ၈၄ ဦးအနက် အမျိုးသမီး တဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

မလေးရှားနိုင်ငံသို့အသွား စက်ချို့ယွင်းမှုကြောင့် ကပ္ပလီ ပင်လယ်ပြင်တွင် ရက်အတန်ကြာ မျောပါနေသည့် ထိုစက်လှေကို ရေးမြို့နယ်၊ အံဒင်ကျေးရွာ အုပ်စု ငါးမျှားစခန်းမှ ငါးဖမ်းလှေများ၏ ကယ်တင်မှုကြောင့် မေလ ၂၃ ရက်နေ့တွင် ငါးမျှား စခန်းသို့ ရောက်ရှိခဲ့သည်။

ပင်လယ်ပြင်တွင် မျောပါစဉ်က ၁၇ ဦး သေဆုံးခဲ့ပြီး ငါးမျှားစခန်းသို့ ရောက်ရှိစဉ်တွင် ကလေးနှစ်ဦး၊ အမျိုးသမီးတဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအာဏာပိုင်များက ဒုက္ခသည်များကို လာရောက်စစ်ဆေးသော်လည် တစုံတရာ အရေးယူ ဆောက်ရွက်ခဲ့ခြင်း မရှိဘဲ ဒေသခံများက စက်ပြင်ဆင်ပေးခြင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာအချို့ ထောက်ပံ့ကူညီပေးခြင်းဖြင့် မေလ ၂၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဇွန်လ ဒုတိယပတ်တွင် လှေချွတ်ယွင်းပြီး ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျည်းရွာသို့ ရောက်ရှိကာ စက်လှေ ပြင်ဆင်ရန်အတွက် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ တဖန် ဆိုက်ကပ်စဉ် ထားဝယ် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ရေးမြို့ အာဏာပိုင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သဲခုံရွာသို့ ရောက်ရှိစဉ်တွင် မြန်မာစကား အနည်းငယ် ပြောတတ်သူ နှစ်ဦး အပါအဝင် လှေစီးခရီးသည် ၈၆ ဦး ရှိသည်။ ထိုအထဲမှ နှစ်ဦးမှာ ညတွင်းချင်းပင် ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ကွန်းချမ်း - စံခလပူရီ (မဇ္ဈိမ)

လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းအစိုးရ ပြော

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၌ အသင့်အတင့် ကာကွယ်သည့် အဆင့်တွင်သာ ရှိနေသေးသဖြင့် လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထိုင်းလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဌာနမှ အမျိုးသမီးတဦးဖြစ်သူ ဒါရိုက်တာ Chuliporn က ပြောကြားလိုက်သည်။
IMG_6254
လူကုန်ကူးမှုတိုက်ဖျက်ရေး၌ လုံးဝအကာအကွယ်ပေးနိုင်သည့် အဆင့်၊ အသင့်အတင့် ကာကွယ်ပေးနိုင်သည့် အဆင့်နှင့် လစ်လျူရှုထားသည့် အဆင့်ဟူ၍ အဆင့် ၃ဆင့်ထဲတွင် ထိုင်းနိုင်ငံသည် ယင်းအဆင့်သာ ရှိနေသေး ကြောင်းကို ယနေ့ မဲဆောက်မြို့၌ နံနက် ၈နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သည့် “ထိုင်းလူကုန်ကူးမှု ပပျောက်ရေးနေ့” အခမ်းအနားတွင် သူမက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လူလူချင်းရောင်းစားတဲ့ လူကုန်ကူးမှုတွေ ကျူးလွန်နေတာဟာ လုံးဝ မရှိသင့်ဘူး။ နောက် လူကုန်ကူးတဲ့သူ တွေကိုလည်း ဖမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အဆင့် မဟုတ်ပါဘူး။ အခုလို မျိုးပညာပေးပွဲလေး လုပ်ဖြစ်သွားတော့ အားလုံးလည်း ဗဟုသုတတွေရရှိပြီး ကျမတို့နဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ပူးပေါင်းသွားကြစေချင်ပါ တယ်။”ဟု ပြောသည်။

ထိုင်းလူဝန်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုင်းနိုင်ငံ လူကုန်ကူးမှုများကို တိုက်ဖျက်သည့် အနေဖြင့် စွတ်ခွန်ထိုင်း နှင့် တာ့ခ်ခရိုင်တို့တွင် စခန်းများထားရှိပြီး တရားဝင် မဟုတ်သူများ ကူးသန်းသွားလာ ပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ပေးနေကြောင်း ပြောသည်။

ယနေ့ အခမ်းအနားတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အစိုးရဌာနဆိုင်ရာများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရဌာနများမှ တာဝန်ရှိသူများ၊ လူထုအခြေပြုအဖွဲ့အချို့မှ ပုဂ္ဂိုလ်များနှင့် ထိုင်း-မြန်မာနယ်စပ် ရွေ့ပြောင်းမြန်မာစာသင် ကျောင်းမှ ကျောင်းသူကျောင်းသားများအပါအ၀င် လူထု ပရိဿတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း-FED က ကိုရန်မျိုးနိုင်က “ဒီလိုပွဲလေး လုပ် လိုက်ခြင်းဖြင့် အားလုံးလည်း ဗဟုသုတအသိတွေ ပိုများလာမယ်။ အရင်ကဆို တခုခုဖြစ်ရင် ဘယ်နေရာသွား တိုင်ရမှန်း မသိဘူး။ အခုလို ကူညီမယ့်အဖွဲ့အစည်းလည်း ရှိတယ်ဆိုတာ သိသွားတော့ လူကုန်ကူးမှုကြုံလာရင် ဘယ်လို တိုင်ကြားလို့ ရမယ်ဆိုတာကို သိလာမယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အခမ်းအနားတွင် တက်ရောက်သည့် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းများဖြစ်သည့် ဆာ့သူးလေ၊ ပါရမီ၊ ခွဲကဘောင်၊ အာရုံဦး၊ နေ့သစ်၊ CDC ကျောင်းသူကျောင်းသားလေးများက လူကုန်ကူးမှုတိုက်ဖျက်ရေး ပြဇာတ်၊ တေးသီချင်း၊ သံချပ်၊ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သလို ပန်းချီပြိုင်ပွဲများလည်း ကျင်းပခဲ့သည်။

ခွဲကဘောင်ကျောင်းမှ ၁၂ တန်းကျောင်းသူ နော်ဒါးဒါသူးက “အခုထိုင်းနယ်စပ်မှာ လူကုန်ကူးမှုတွေ ခေတ်စား နေတယ်လေ။ ဒီပွဲကို တက်တဲ့အတွက် သူများရဲ့ အလိမ်မခံရအောင် အသိတွေ အများကြီးရလာတယ်။ တခြား မသိသေးတဲ့ သူတွေကိုလည်း သမီးသိထားတာလေးတွေ ပြန်ပြောပြမယ်။”ဟု ပြောသည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာအသိအမှတ်ပြု လူကုန်ကူးမှုခံရသူများအား ကာကွယ်ရေးအက်ဥပဒေ-TVP ကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က စတင်ကာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းလူမှု့ဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

Ref: KNG

ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်

ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။

UKIT အုပ်စုနဲ့အတူ အခြားဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လိုက်ပါလာကြမယ်လို့ သိရပါတယ်။ အခု သွားရောက်ကြမယ့် အုပ်စုဟာ ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုတွေ ပြန်လည် ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားမယ့် ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်အုပ်စု ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရေးကြီးပုံကို လတ်တလော ဗြိတိန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆို ခဲ့ပြီးတဲ့နောက် အခုလို ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက် ခဲ့တာ ဖြစ်ကြောင်း ဗြိတိန်စီးပွားရေး သတင်းစာတစ်စောင် က ဖော်ပြပါတယ်။

ဒီအတောအတွင်း United Bank of India ရဲ့ကိုယ်စားလှယ်ရုံးကို ရန်ကုန်မှာ ဖွင့်ဖို့အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် ရရှိခဲ့ပြီဖြစ်ပြီး၊ ဒါဟာမြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရ တဲ့ အိန္ဒိယဘဏ် ဖြစ်တယ်လို့ United Bank of India ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိမိတို့ဘဏ် ကိုယ်စားလှယ်ရုံး အနေနဲ့ လောလောဆယ်မှာ ငွေကြေး အထုတ်အသွင်း ကိစ္စတွေ ဆောင်ရွက်နိုင်ဦးမှာ မဟုတ်ပေမဲ့ နောက်ပိုင်း မှာ မိမိတို့ရဲ့ ဘဏ်ခွဲတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်လို့ United Bank of India ရဲ့ အမှုဆောင် ဒါရိုက်တာက ပြောပါတယ်။

Ref: RFA

အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အတိုက်အခံဆိုတာ တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံဖို့လိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက် ပါ တယ်။

လန်ဒန်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ မြန်မာသတင်းထောက်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

"Shadow Government ဆိုတာ အများအားဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပေါ့။ အခု အန်တီတို့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေက အင်မတန် နည်းပါသေးတယ်။ ဒါကတော့ တစ်ဆင့်ချင်း လုပ်သွားရမဲ့ ကိစ္စပါ။ အဲဒီလိုပဲ ဦးတည်ရမှာပဲ။ ဒီမိုကရေစီ ပြည့်ပြည့်ဝဝ ရဖို့ဆိုတာဟာ အတိုက်အခံ ဆိုတာဟာ ဒီအစိုးရ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာကို ကျွန်မတို့ နိုင်ငံက လက်ခံဖို့လိုတယ်။ အခုထိတော့ ဒီသဘောတရားကိုတော့ သိပ်နားလည်သေးတယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဒါနားလည်အောင်လည်း အန်တီတို့က လုပ်သွားရင်း ကိုယ့်ဘက်ကကိုယ် ဆောက်တည်သွားရမယ်"

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း တဲ့အခါ -

"ဒီကိစ္စနဲ့ ပတ်သက်လို့ ခဏခဏ ကျွန်မပြောပြီးပါပြီ။ သမ္မတကြီး ဦးသိန်းစိန်က တကယ်ပဲ ပြုပြင်ပြောင်းလဲမှု လိုချင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ သမ္မတကြီး တစ်ယောက်တည်းနဲ့ပဲ လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒီအစိုးရ တစ်ခုတည်းနဲ့ တောင်လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ တပ်မတော်ကလည်း ပါမှ ဖြစ်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ် အခါခါ ပြောတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်တွေ့ကျကျ အခြေအနေကို ကြည့်ပြီး ပြောတာပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးကတော့ ပြည်သူပါဖို့ပဲ။ ပြည်သူက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းပေါ်မှာ ယုံကြည်မှု ရှိရမယ်။ ဒီယုံကြည်မှု အရ ခိုင်ခိုင်မာမာနဲ့ ဆက်ပြီးတော့ ရပ်တည်သွားမယ် ဆိုလို့ရှိရင် ဒီပြုပြင်ပြောင်းလဲရေးဟာ ဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်တယ်"

အလုပ်သမား ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံက အလုပ်သမား ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒါမှသာ တတ်သိနားလည်သူတွေက အချိန်မီ ထောက်ပြ ပြုပြင်နိုင်မှာ ဖြစ်ကြောင်း အခုတော့  ဥပဒေတွေ ထွက်လာမှသာ ပြည်သူတွေ သိခွင့်ရကြောင်း ပြောဆို ခဲ့ပါတယ်။

ပြည်ပခရီးစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့မြင် ခံစားမိပုံကိုလည်း -

" အခု ဥရောပ ရောက်တော့လည်း ကျွန်မထင်တာထက် ပိုပြီးတော့ ဒီဥရောပနိုင်ငံက ပြည်သူ ပြည်သားတွေရော အစိုးရတွေရောက မေတ္တာ ကရုဏာနဲ့ ပြုစုစောင့်ရှောက်တယ်၊ ကြိုဆိုတယ် ဆိုတာ တွေ့ရတဲ့ အခါကျတော့ ဒါကျွန်မတို့ ကမ္ဘာကြီးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်သလို ကျွန်မမှာလည်း ဒီကမ္ဘာကြီးမှာ အားလုံးပိုပြီးတော့ ခင်ခင်မင်မင် အေးအေးချမ်းချမ်း နေနိုင်ဖို့ ကြိုးစားဖို့ တာဝန်ရှိသွားတယ်လို့ မြင်ပါတယ်"

မနေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံပွဲ အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဗြိတိန်နိုင်ငံကို ခေတ္တရောက် ရှိနေတဲ့ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးနဲ့ ဟာသ အနုပညာရှင် ကိုဇာဂနာတို့ကလည်း သီရိမောင်မောင် ဆိုင်းအဖွဲ့နဲ့အတူ ခန်းမဆောင် အပြည့် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ် ကို ဖျော်ဖြေခဲ့ကြပါတယ်။

Ref: RFA

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အစိုးရ မီဒီယာတွေမှာ မဖော်ပြ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု လက်ခံပွဲအပါအ၀င် ဥရောပခရီးစဉ်ကို နိုင်ငံပိုင် သတင်း မီဒီယာတွေက လုံးဝ မဖော်ပြခဲ့ပါဘူး။ အဲဒီလို မဖော်ပြတဲ့အကြောင်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေး ခရီးစဉ် သက်သက် ဖြစ်နေတဲ့ အတွက်ကြောင့် ထုတ်လွှင့် ဖော်ပြမှု မရှိ တာဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန အမှုဆောင် ညွန်ကြားရေးမှုးချုပ် ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လအတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်ကို AFP သတင်းဌာနမှ ဖော်ပြထားပုံ ဖြစ်ပါသည်။

ဥရောပကို ရောက်ရှိနေတဲ့ ဦးရဲထွဋ်ဟာ သူရဲ့ခရီးစဉ်အတွင်း ဇွန်လ (၁၉) ရက်နေ့ ဒိန်းမိတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်မှာ ကျင်းပတဲ့ မြန်မာသတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပြောဆိုခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု အခမ်းအနား သတင်းနဲ့တကွ တခြားဥရောပခရီးစဉ်တွေကို ဘာကြောင့် အစိုးရ သတင်းမီဒီယာတွေက မဖော်ပြတာပါလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြန်လည်ဖြေကြားခဲ့ပုံကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒိန်းမတ်အခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က မခင်မိုးမိုးက ပြောပြပါတယ်။

"သူဖြေတာကတော့ အဲဒီ USDP က ကိုယ်စားလှယ်နဲ့ NLD ကပါတီ ကိုယ်စားလှယ် တစ်ယောက်နဲ့ အတူတူပါပဲ။ သာမာန်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ အထူးတလည် မျက်နှာလိုက်ပြီး ဖော်မပြနိုင်ဘူး ဆိုတာမျိုး သုံးနှုန်း ပြီးတော့ ပြောဆိုသွားတယ်"

ဒါ့အပြင် အစိုးရ မီဒီယာအနေနဲ့ ပါတီတွေရဲ့သတင်းတွေကို ဖော်ပြ ရာမှာ စည်းကမ်း သတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး ခရီးစဉ်နဲ့ သက်ဆိုင်ရာ ပါတီတွေရဲ့လှုပ်ရှားမှု သက်သက်ဆိုရင် ဖော်ပြတာမျိုး မရှိဘူး လို့ ဦးရဲထွဋ်က ပြောဆိုကြောင်း၊ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ကိုယ်စားပြုပြီး သွားမယ်ဆိုရင်တော့ သတင်း အဖြစ် ဖော်ပြမှာ ဖြစ်တယ်လို့ ဆိုကြောင်းလည်း မခင်မိုးမိုး က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ ကတော့ -

"လူပုဂ္ဂိုလ်တဦးချင်း အနေနဲ့ ခရီးမို့လို့ နိုင်ငံပိုင်သတင်းစာမှာ မဖော်ပြတာ မဟုတ်ဘူး ဆိုရင်တော့ သတင်းအမြင်နဲ့ ကြည့်ရင်တော့ တစ်မျိုးဖြစ်မယ်လေ။ ဒါဟာ သတင်းထူး တစ်ခုပေါ့လေ။ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ သတင်း၊ ကိုယ့်တိုင်းပြည် အတွက် ဖော်ပြသင့်တဲ့သတင်း ဟုတ်လား၊ မဟုတ်ဘူးလား အဲတာကတော့ ဒါကိုတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဒီသတင်းကို ဟို အမှောင်ချတယ်ဆိုတဲ့ သဘောကတော့ မဟုတ်ဘူးပေါ့လေ၊ ဒီကျွန်တော်တို့ ပြည်တွင်း ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်တွေမှာကတော့ တော်တော်ကြီးကို အကျယ်တဝင့် ထည့်ကြတယ်"

CNN/ BBC/ Al-Jazeera အပါအ၀င် ကမ္ဘာ့သတင်း မီဒီယာကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ်အတွင်း လှုပ်ရှားမှုတွေကို အဆက်မပြတ် ထုတ်လွှင့်ပြသနေပါတယ်။

Ref: RFA

Friday, 22 June 2012

“မြန်မာပြည်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်”

ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယူပြီးခါစ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံက တက္ကသိုလ်တွေကို လုံခြုံရေးအမြင်နဲ့ ထိန်းချုပ်နေတာကြောင့် တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။

“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိ ကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေဟာ မပီပြင် ပျက်ဆီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မ ရပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပြောခဲ့တာပါ။
 
ဒေါ်အောင်ဆန်းစုကြည်ကို အောက်စ်ဖို့ဒ် တက္ကသိုလ်က ၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် မြို့ပြနှင့် ဒေသန္တရ ဥပဒေ ပါရဂူ (Honorary Doctorate in Civil Law) ဘွဲ့ကို လက်ခံရယူပြီးတဲ့ အချိန်မှာ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ် တက္ကသိုလ်နယ်မြေကို ၂၄ နှစ်ကြာမှ ပြန်ရောက်ခဲ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့ St. Hugh တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့လည်း  ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရဂူ ဘွဲ့မိန့်ခွန်းက နိုဘဲလ်ငြိမ်းချမ်းရေး မိန့်ခွန်းနဲ့မတူဘဲ ပေါ့ပေါ့ပါးပါး ပြောသွားတာ ဆိုပေမယ့် နားထောင်သူတွေကို ပြန်လည်နုပျိုသွားပြီး ကျောင်းသားဘဝတွေကို ပြန်အမှတ်ရသွားလောက်အောင် ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ သူငယ်စဉ်က ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပညာ သင်ကြားခဲ့ရပုံတွေ၊ သမိုင်း နောက်ခံ အမျိုးမျိုးနဲ့ ရောက်လာတဲ့၊ အတွေးအမြင် မတူသူ သူငယ်ချင်းတွေနဲ့ အမြင် ဖလှယ်ခွင့် ရခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်းပြောပြရင်း မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့တော့ ကွာခြားတယ်လို့ သူက ပြောသွားပါတယ်။

တက္ကသိုလ်ဆိုတာ၊ ကျောင်းဆိုတာ လူငယ်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်တဲ့ အကြောင်း၊ ဒါမှမဟုတ်ရင်လည်း လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနဲ့ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေကတော့ အနှစ်သာရ ကင်းမဲ့နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ် ဆိုတဲ့အကြောင်း သူက ဆိုပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပညာရေးစနစ်က အလွန်အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပိုမို ကောင်းမွန်လာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံကို ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အချိန်မှာ လူ့ယဉ်ကျေးမှု ပညာရပ်ကို သင်ယူခဲ့ရတဲ့အတွက် အကျိုးများတယ်၊ ပညာရပ်တွေကို လေ့လာ ရာမှာ ကျောင်းသင်္ခန်းစာ တခုတည်းက လေ့လာတာထက် လူ့ယဉ်ကျေးမှု ဘ၀ကြီးထဲက သင်ယူတာက ပို အကျိုးရှိတယ် ဆိုတဲ့အကြောင်း တွေလည်း ထည့်ပြောသွားပါတယ်။

လန်ဒန်ကနေ အောက်စဖို့ဒ်မြို့လေးဆီ ကားစီးလာတဲ့အချိန်မှာ ကားလမ်းက ပြေပြစ် ချောမွေ့နေပေမယ့် ကားမူးတဲ့ ဝေဒနာကို ခံစားရတယ် ဆိုတဲ့အကြောင်း၊ မြန်မာပြည်က လမ်းတွေကတော့ ကြမ်းတမ်းပေမယ့် သူ့အနေနဲ့ ခံနိုင်ရည် ရှိနေပြီ ဆိုတဲ့အကြောင်း ရယ်စရာ နှောပြီး ပြောဆိုချိန်မှာ နားထောင်တဲ့ပရိသတ်က လက်ခုပ်တီး ရယ်မောကြပါတယ်။

“အခုအချိန်မှာ မြန်မာနိုင်ငံဟာ လမ်းကြောင်းတခုပေါ် စပြီး လျှောက်လှမ်းနေပါပြီ။ ဒါပေမယ့် ဒီလမ်းဟာ အင်္ဂလန်မှာ အခု တွေ့နေရတဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောမွေ့မှု သိပ်မရှိသေးသလို၊ သေချာ ပြုပြင် ထိန်းသိမ်းထားတာလည်း မရှိသေးပါဘူး။ ပြောရမယ်ဆိုရင် အခုကျမတို့ ခရီးက ပန်းတိုင်ကို ရောက်သေးတာ မဟုတ် ဘူး” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် St. Hugh’s College မှာ ၁၉၆၄ ခုနှစ်က စတင် တက်ရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဖီလော်ဆော်ဖီ၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်တွေနဲ့ B.A ဘွဲ့ကို ရခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ့  School of Oriental and African Studies ကနေပြီးတော့လည်း ၁၉၈၅ ခုနှစ်မှာ ဒေါက်တာ ဘွဲ့ကို ရရှိခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် နေ့ကလည်း လန်ဒန်မှာ ရောက်ရှိနေတဲ့ တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ၁ နာရီနီးပါး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန် ၂ ရပ်မှာ မိန့်ခွန်း ပြောကြားမှာပါ။
မြန်မာ အတိုက်အခံခေါင်းဆောင်၊ လွှတ်တော် အမတ်၊ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗြိတိန် ပါလီမန်မှာ စကား ပြောခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေး ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အရင်က ဗြိတိန် ပါလီမန် ၂ ရပ်မှာ အမေရိကန်နိုင်ငံ လက်ရှိ သမ္မတ ဘာရက် အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI တို့လည်း မိန့်ခွန်းပြောကြား ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ ကြင်ယာတော်တို့ကလည်း သူတို့ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့အပြင် ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် အပါအ၀င် ဗြိတိန် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့လည်း West minister ခမ်းမမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန် ခရီးစဉ်အတွင်းမှာ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရ၀ ပြုခဲ့ ပါသေးတယ်။
Ref: ဧရာဝတီ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes