Friday, 20 April 2012

လွှတ်တော်ပြင်ပ ညီလာခံမှသာ ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟု UNFC ပြော


ချင်းမိုင်(မဇ္စျိမ) ။       ။ လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်မှာ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးတရပ် ကျင်းပနိုင်မှသာ ဖြစ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်အတွင်း အင်အားချိန်ခွင်လျှာနှင့် ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအရ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်ရေးမှာ မဖြစ်နိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

“တမျိုးသားလုံး ညီလာခံက ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ မလွယ်ဘူး။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲက ပြင်လို့ မရဘူး။ ၇၅ ရာခိုင်နုန်းဆိုတာ ခံနေတာ။ ဒါကြောင့် ဖွဲ့စည်းပုံထဲက ဖြုတ်ဖို့ ပြင်ဖို့ဆိုတာ တမျိုးသားလုံး ညီလာခံဆိုတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကနေပြီးတော့ လွှမ်းမိုးနိုင်မှသာလျှင် ပြင်လို့ရမယ်။ ဒါကြောင့် ဒီညီလာခံက ၂ဝဝ၈ ကို ပြင်ဖို့အတွက် အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒါကို ဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ကြာသာပတေးနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် UNFC ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ‘တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီး’ ကျင်းပနိုင်ရန် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

UNFC တွင် ပါဝင်သော ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ လက်မှတ်ရေးထူးပြီး ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

“UNFC အဖွဲ့ဝင်တွေဟာ တချို့က အစိုးရနဲ့ ဆက်ဆံရေး ကောင်းနေတယ်။ တချို့ကလည်း သတ်ဖြတ်နေတယ်။ အဲဒီလိုဖြစ်တောက UNFC မှာ သဘောထားကွဲသွားပြီလား ထင်ကြမယ်လေ။ ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုပဲ ခြိန်းခြောက်ပါစေ။ စည်းလုံးနေတယ်။ တိုက်လည်း မကြောက်ဘူး။ ချော့လည်းပဲ မပျော့ဘူးဆိုတာပဲ”ဟု သူက ပြောသည်။

UNFC ၏ တောင်းဆိုချက်များထဲတွင် ဦးစွာအားဖြင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် UNFC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ‘နိုင်ငံရေးဆွေးနွေးပွဲ ပဏာမအဆင့်’အဖြစ်
တွေ့ဆုံကြရန် ဖြစ်သည်။

ထို့နောက် UNFC အဖွဲ့ဝင်မဟုတ်သည့် အခြားတိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံအပြီးတွင် ပြည်ထောင်စုအစိုးရ ပါဝင်သည့် တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးအား လွှတ်တော်ပြင်ပတွင် ကျင်းပခေါ်ယူသွားရန် တောင်းဆိုထားခြင်း
ဖြစ်သည်။

တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးမှ အများသဘောတူချက်များအပေါ် တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက် National accord ရရှိရန် အင်အားစုများအားလုံး ပါဝင်လက်မှတ်ရေးထိုးကြရန်နှင့် တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်တို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

UNFC အား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဂျပန်ခရီးစဉ် စတင်မည်

သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ ၅ ရက်ကြာခရီးစဉ်အဖြစ် မနက်ဖြန်တွင် စတင်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂျပန်နှင့် မဟာမဲခေါင် နိုင်ငံများ၏ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲ ပြင်ပတွင်လည်း ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆွေးနွေးပြောဆိုရန်လည်း ရှိကြောင်း သိရှိရသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသော ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးတွင် တွေ့ရသည့် ထိုစဉ်က ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)

နှစ်ပေါင်းများစွာ အထီးကျန်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးဆီသို့ အသွင်းကူးပြောင်းရေး အထောက်အပံ့ဖြစ်စေရန် တစိတ်တပိုင်းအနေဖြင့် ဂျပန်နိုင်ငံက ငွေကြေး ကူညီမည့်အစီအစဉ် ပြန်လည် စတင်နိုင်ရေး ဧပြီလ ၂၂ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ် မစ္စတာ ယိုရှိဟိကိုနိုဒ က ကြေညာနိုင်ဖွယ်ရှိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားသည်။
ယခု သမ္မတ ဦးသိန်းစိန်၏ ဂျပန်ခရီးစဉ်သည် နှစ်ပေါင်း ၂၈ နှစ်တာအတွင်း မြန်မာနိုင်ငံမှ အဆင့်အမြင့်ဆုံး နိုင်ငံ့ခေါင်းဆောင်တဦး၏ ပထမဆုံးခရီးစဉ် ဖြစ်ကြောင်း အဆိုပါ ဂျပန်အရာရှိက ပြောသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှ ထိပ်သီး စီးပွားရေးသမားများနှင့် အစိုးရ ၀န်ကြီးတချို့လည်း လိုက်ပါမည်ဖြစ်ကြောင်း၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန် စီးပွားရေးဝန်ကြီး အပါအ၀င် ဂျပန် အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူများ၊ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်နေမှုများကြောင့် လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးနှင့် တချို့သော နည်းပညာ အကန့်အသတ် အကူအညီပေးမှုများမှလွဲ၍ အဓိက အကူအညီ ပေးမှုများဖြစ်သည့် ပြည်ပနိုင်ငံများအား ဂျပန်၏ ဖွံ့ဖြိုးတိုးတက်ရေး ကူညီမှု (ODA) ကို ရပ်ဆိုင်းခဲ့သည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလတွင် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ခန်ဂျိနာဂအိသည် မြန်မာအစိုးရ စစ်သားတဦး၏ သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရပြီးနောက်ပိုင်း ဂျပန်-မြန်မာ ဆက်ဆံရေး တင်းမာခဲ့သည်။

ဂျပန်နိုင်ငံသည် ဘဏ္ဍာနှစ် ၁၉၈၇ ခုနှစ်ကတည်းက အခြေခံ အဆောက်အဦများ တည်ဆောက်ရန်အတွက် အတိုးနည်း ချေးငွေများ မြန်မာကို စတင်ချေးခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံက ဂျပန်နိုင်ငံအား ကြွေးမြီ ဂျပန်ယန်းငွေ စုစုပေါင်း ဘီလီယံ ၄၈၀ ခန့် ပေးရန်ရှိကြောင်း၊ တချို့သော ကြွေးမြီများကို ၂ နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ဆွေးနွေးပြီးနောက် လျှော့ပေါ့ပေးနိုင်ကြောင်းလည်း သတင်းများက ဆိုသည်။
အတိုက်အခံ နိုင်ငံရေးပါတီများ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီးနောက် ဧပြီ ၁ ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သည်။

ထို့နောက်ပိုင်း ဂျပန်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ပြီး ဂျပန်ဘက်မှ မြန်မာနိုင်ငံ၏ ငွေကြေးပြဿနာ အခက်အခဲများ ပြေလည်စေရေးအတွက် လာမည့် ၂၀၁၅ ခုနှစ်မှ စတင်လည်ပတ်နိုင်မည့် စတော့ဈေးကွက် ပေါ်ထွန်းရေးကို အထောက်အကူပြုမည့် နည်းပညာနှင့် ငွေကြေး ကုမ္ပဏီတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဂျပန်ဘက်က ကမ်းလှမ်းခဲ့သည်။
ထို့အပြင် ဂျပန် လေကြောင်း ကုမ္ပဏီတခုဖြစ်သည့် All Nippon Airways (ANA) ကလည်း မြန်မာနိုင်ငံသို့ မကြာမီ ပြန်လည် ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

Ref: ဧရာဝတီ

အလုပ်သမား ၂ သိန်းခေါ်ယူခွင့်ပြုရန် မြန်မာအစိုးရထံ ထိုင်း တောင်းခံ


ဘန်ကောက်မြို့တနေရာက မြန်မာအလုပ်သမားများ
နောက်လမှာ မြန်မာနိုင်ငံ၌ပြုလုပ်မည့် နှစ်နိုင်ငံ အာဏာပိုင်များပါဝင်သည့် အစီးအဝေးတွင် အစိုးရအဆင့် တိုက်ရိုက်ဆက်သွယ်ပြုလုပ်ရေး အစီအစဉ်ကို အတည်ပြုပြီးပြီးဆိုတာနှင့် ထိုင်းနိုင်ငံအတွင်း လစ်လပ်နေတဲ့နေရာတွေအတွက် မြန်မာနိုင်ငံမှ အလုပ်သမား ၂ သိန်း ငှါးရမ်းမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Anusorn Kraiwatnusorn က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။  

ထိုင်းနိုင်ငံအတွင်း အလုပ်သမားပြတ်လပ်မည့်အရေးကို ကားကွယ်ရန်အတွက် ထိုကဲ့သို့ ၂ နိုင်ငံ အစိုးရအဆင့် တိုက်ရိုက်ဆက်သွယ် အလုပ်သမားခေါ်ယူရန် ရေးဆွဲထားသော အဆိုပါ အစီအစဉ်ကို သဘောတူညီမှုရရှိပါက အလုပ်သမားများအနေနှင့် ဘန်ကောက်ကို လေကြောင်းခရီးဖြင့် တိုက်ရိုက် ၀င်ရောက်နိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ မြို့တော်တော်များများမှာ အလုပ်သမားအမြောက်အများကို ရရှိနိုင်ပြီး၊ အလုပ်ခန့်အပ်မည်ဆိုပါက မဆိုင်းမတွ ချက်ချင်းပင် လက်ခံကြမည်ဖြစ်ကြောင်း အလုပ်သမားရေးဝန်ကြီးဌာနမှ အကြံပေး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Anusorn Kraiwatnusorn က ပြောကြားသည်။  

Ref: The Nation

တရုတ် ကြေးနီကုမ္ပဏီကို ရွာလုံးကျွတ် ဆန္ဒပြ

မြစ်ဆုံစီမံကိန်းအာ ကန့်ကွက်ဆန္ဒပြခဲ့ကြပုံ
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။

စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့ တရုတ်ကုမ္ပဏီ ကားကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြတယ်လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြ ကန့်ကွက်နေကြစဉ်အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ် လူစုခွဲရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက၀ိုင်းထားဆဲ ဖြစ်ကြောင်းလည်း ဆည်တဲရွာသူက နောက်ဆုံးအခြေအနေကို
 ပြောဆိုခဲ့ပါတယ်။

ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီတစ်ခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်းနယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ခိုင်းထားတဲ့ ရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေက သူတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့အတွက် အခုလို ကားတွေနဲ့ လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စုပုံနေတာဖြစ်ကြောင်း ရွာသူရွာသားတွေက ပြောဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တောနဲ့ ရွာသာရွာက တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်မှာ မြန်မာယမ်စီ ကုမ္ပဏီက ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက် စုပုံခဲ့တဲ့အတွက် သီးနှံတွေပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀) လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြပါတယ်။
တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
Ref: RFA

မြန်မာ့ကြွေးမြီ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ရန်ဂျပန်စီစဉ်

ဂျပန်က မြန်မာနိုင်ငံ၏ အကြွေးဒေါ်လာ ၃ ဒသမ ၇ ဘီလျံ(ယန်း ၃၀၀ ဘီလျံ)ကို လျော်ပေးမည်ဖြစ်ပြီး ဆိုင်းငံ့ထားသော အထောက်အပံ့များ ပြန်ပေးရန် စီစဉ်နေကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် ဧပြီလ ၂၁ ရက်နေ့တွင်တွေ့ဆုံစဉ် ကြွေးမြီလျော်ပေးရေး အစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ကြေညာဖွယ်ရှိကြောင်း သတင်းစာကဆိုသည်။ ကြွေးမြီလျော်ပေးမည့် အစီအစဉ်ကို ကြေညာမည့်အပြင် မြန်မာနိုင်ငံအတွက် ချေးငွေအစီအစဉ်ကိုလည်း ဂျပန်ကကြေညာဖွယ်ရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာခေါင်းဆောင်တစ်ဦး၏ ၂၈ နှစ်အတွင်း ပထမဆုံးဂျပန်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

ကြွေးမြီလျော်ပေးရေး အစီအစဉ် ပထမအဆင့်အနေဖြင့် သဘောတူညီထားသည့် ယန်း ၁၂၇ ဒသမ ၄ ဘီလျံလျော်ပေးရေးအစီအစဉ်ကို ကြေညာမည်ဖြစ်ပြီး ဒီမိုကရက်တစ်လုပ်ငန်းစဉ်များ တိုးတက်မှုအရှိန်အဟုန်ကို မူတည်ပြီး ကျန်သည့် ယန်း ၁၇၆ ဒသမ ၁ ဘီလျံကို လျော်ပေးမည်ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ယခုသတင်းကို အတည်ပြုပေးရန်ငြင်းဆိုခဲ့ပြီး ''ကြွေးမြီအရေးကိစ္စ၊ မြန်မာနိုင်ငံကို ဂျပန်ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးရေးအစီအစဉ်တို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံဆွေးနွေးနေသည်မှာ မှန်ကန်ကြောင်း'' ပြောကြားခဲ့သည်။

Ref: EMG

 ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ်အရေးယူပိတ်ဆို့ထားမှု အားလုံးကို တစ်နှစ်ရပ်ဆိုင်းမည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှုများ အနက် လက်နက် တင်သွင်းတင်ပို့မှုမှလွဲပြီး ကျန်အရေးယူပိတ်ဆို့မှု အားလုံးကို တစ်နှစ်ကြာရပ်ဆိုင်းထားရန် သမဂ္ဂ၀င်နိုင်ငံများက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မည့် အစီအစဉ်ကို ယခုလကုန်မှ စတင်ပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ယခုလအစောပိုင်းတွင် ပြောကြားထားပြီး ဖြစ်သည်။
Ref: EMG

လွှတ်တော် တက်ရေး၊ မတက်ရေး အပါအ၀င် လွှတ်တော်တွင်း ဆောင်ရွက်ရမည့် ကိစ္စများကို ဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကျင်းပ

b5_3_11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးမကျင်းပမီ တွေ့ရစဉ်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်မှ မွန်းတည့် ၁၂ နာရီ အထိ ကျင်းပခဲ့ပြီး လာမည့်ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တက်ရေး၊ မတက်ရေး ကိစ္စများနှင့် လွှတ်တော်တွင်း ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ဆိုရမည့် စာပိုဒ်ပြင်ဆင်ရေးကိစ္စနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းသည် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ သွားရောက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆိုပါသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်သို့ တက်ရောက်မည်၊ မတက်ရောက်မည်ကို အတည်မပြုနိုင်သေးကြောင်း ဦးအုန်းကြိုင်က ဆက်လက်ပြောပါသည်။

''ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်း ဒီနေ့ နေပြည်တော်ကို ဟိုက ဖိတ်ခေါ်လို့ သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရုံးက ခေါ်တာပါ။ ဦးဉာဏ်ဝင်း ဒီနေ့ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မယ်လို့ ဥက္ကဋ္ဌကပြောပါတယ်။ ဦးဉာဏ်ဝင်းဆီက report မရသေးပါဘူး''ဟု ဦးအုန်းကြိုင်က ပြောပါသည်။

အဆိုပါ ကျမ်းကျိန်ဆိုရမည့် စာပိုဒ်ပါ 'ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်' စာသားကို 'ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာ'ဟု ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါသည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်အသစ်များ တက်ရောက်သည် ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးမှာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က တက်ရောက်ရမှာပါ။ ကျွန်တော်က ဥပဒေကြမ်း ပူးပေါင်းကော်မတီ အထူးအစည်းအဝေးကိုပါ တက်ရောက်ရမှာ။ ၂၁ ရက်၊ ၂၂ ရက်နေ့မှာတက်ရမှာပါ။ အခုဟာက ကတိသစ္စာပြုခြင်းနဲ့ပဲ ဆိုင်တဲ့အတွက်ကြောင့် ကျွန်တော်က ကတိသစ္စာပြုပြီး ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေအနေနဲ့သာ ကတိသစ္စာပြုဖို့ ပြင်ဆင်ရေးအတွက် လုပ်ဆောင်ဖို့ တာဝန်တွေရှိနေလို့ ကျွန်တော်က တက်ရမှာပါ''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါသည်။ ဧပြီလ ၁၉ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီလ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
Ref: EMG

သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေ


သမ္မတ ဦးသိန်းစိန်ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးနေရာ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး Financial Times သတင်းစာက ဖော်ပြလိုက်ပါတယ်။

အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ပေါ့ သွားရေး အတွက် ရည်ရွယ်ပြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေထဲက သဘောထား တင်းမာသူလို့ ယူဆရသူတွေကိုဝန်ကြီးနေရာ ပြောင်းရွှေ့တာ၊
လုပ်ပိုင်ခွင့်တွေ လျှော့ချပစ်တာတွေ စီစဉ်ဖို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ စဉ်းစားနေတာလို့ ဆိုထားပါတယ်။

တချိန်တည်းမှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ရပ်ဆိုင်းထားမယ်ဆိုတဲ့ တုန့်ပြန်ချက်ဟာ သဘောထား တင်းမာသူတွေကို အားကြီးစေပြီးမြန်မာနိုင်ငံက အပြောင်းအလဲတွေကို ထိခိုက် စေနိုင်တယ်လို့လည်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။

အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူတွေ အဖြစ် သတ်မှတ် ခံထားရသူတွေကတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးအောင်သောင်း၊ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
 
RFA
Ref: MNN

အရှင်ဂမ္ဘီရ လူဝတ်လဲပြီ


အရှင်ဂမ္ဘီရ
 ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းမှာ ဦးဆောင်ခဲ့မှုနဲ့ ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရာက မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုညီညီလွင် (အရှင်ဂမ္ဘီရ) ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း ၂ ရက်နေ့က လူဝတ်လဲလိုက်ပြီလို့ ပြောပါတယ်။

လွတ်လွတ် လပ်လပ်နေချင်လို့ လူဝတ်လဲလိုက်တာဖြစ်ပြီး မိတ္ထီလာမြို့ မိတ္ထီလာစက်မှုဇုန်မှာရှိတဲ့ မိဘတွေရဲ့ နေအိမ်မှာပဲ နေထိုင်တယ်လို့ ကိုညီညီလွင်က ပြောပါတယ်။

လူထွက်လိုက်တာဟာ အပြီးထွက်လိုက်တာဖြစ်ပြီး အပြင်မှာ ဘာတွေလုပ်ကိုင်စားသောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

ကိုညီညီလွင်ခေါ် အရှင်ဂမ္ဘီရဟာ သာသနာဘောင်မှာ ၁၃ ၀ါနေထိုင်ခဲ့တယ်လို့ ပြောပါတယ်။  
Ref: DVB


ပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမား ၂ ဦး အပူရှိန်လွန်၍ သေဆုံး

photo-manager online
ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာပြီး နယ်စပ်ပြန်ပို့ခံရတဲ့ သူတွေထဲက မြန်မာအလုပ်သမား ၂ ဦးဟာ ကားထဲမှာ အပူရှိန်လွန်ပြီး သေဆုံးသွားတယ်လို့ မဲဆောက်ရဲစခန်းက တာဝန်က ရဲမှုးကြီးအပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

”ဧပြီ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ကနေ မောင်းနှင်လာတဲ့ ဆယ်ဘီးကားဟာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ ရပ်နားတုန်း အခြားအလုပ်သမားတွေ အကုန်ဆင်းသွားကြပါတယ်။ မဆင်းဘဲ ကျန်နေတဲ့ ၂ ယောက်ကို ကြည့်လိုက်တဲ့အခါ သေဆုံးပြီလို့ ယူဆရတဲ့အတွက် တာဝန်ကျ ရဲမှုးကြီး ၀ရိခ်ျချုမ့်ယင်ဆီ အကြောင်းကြားခဲ့တယ်” လို့ ယာဉ်မောင်းသူက ပြောပါတယ်။

ရဲမှုးနဲ့အတူ မဲဆောက်ဆေးရုံက ဆရာဝန်နဲ့ တာ့ဆိုင်လွတ်ရပ်ကွက်က ကယ်ဆယ်ရေး အဖွဲ့တွေရောက်လာပြီး စစ်ဆေးကြည့်တော့ မကြာခင်ကမှ သေဆုံးသွားကြောင်း သိရပါတယ်။

ကားပေါ်မှာ အချိန်ကြာမြင့်စွာ ကျပ်ကျပ်တည်းတည်းစီးခဲ့ရပြီး ရာသီဥတု ပူပြင်းတဲ့ဒဏ်ကို မခံနိုင်လို့ ရှော့ခ်ဖြစ်ပြီး သေဆုံးသွားတယ်လို့ ဆရာဝန်က ပြောကြောင်း၊ သေဆုံးသူ ၂ ယောက်ဟာ မောင်စိုး အသက် ၂၅ နှစ်နဲ့ မမိလာ အသက် ၃၆ နှစ်တို့ ဖြစ်ပြီး သက်ဆိုင်သူ ဆွေမျိုးတွေ လာရောက်ဆက်သွယ်ဖို့ အလောင်းကို မဲဆောက်ဆေးရုံမှာ ထားရှိကြောင်း မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

Ref: DVB

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့စကားရပ်နဲ့ ကျိန်ဆိုရမှာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို တင်ပြထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နေပြည်တော် အခြေခံဥပဒေခုံရုံးက ဒီစကားရပ်ကို ပြန်လည်ပြင်ဆင်ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့ တင်ပြချက် အဆင်မပြေသေးကြောင်း သိရတာပါ။ ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်းက RFA ကို အခုလိုပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်း သူကရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူး မဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတစ်ခုပဲ ဖြစ်သေးတဲ့အတွက် သမ္မတအပါအဝင် အစိုးရတစ်ဖွဲ့လုံးရဲ့ သဘောထား မဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးက ပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေ အနေနဲ့ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကို အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလည်း ဒီစကားရပ်နဲ့ ကျမ်းကျိန်ရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ကာကွယ် စောင်ရှောက်ပါမည် ဆိုတဲ့စကားရပ်ကို ပြင်ဆင်ခွင့် တင်ပြထားတာ ဖြစ်ပါတယ်။

Ref: RFA

မြန်မာ အတွက် ဂျပန် ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မည်

Burmese President Thein Sein delivers his speech at Parliament in Naypyitaw, Burma, March 1, 2012.
ဓာတ်ပုံ AP
မြန်မာ သမ္မတ ဦးသိန်းစိန်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ချေးငွေ အထောက်အပံ့တွေ ပြန်ပေးနိုင်ရေးကိစ္စ မြန်မာနဲ့ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေကြတာဟာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ သောကြာနေ့ စတင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဒီကိစ္စကို အပြီးသတ် ဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကနေ မြန်မာလူထု အကျိုးကျေးဇူး ခံစားရ စေဖို့အတွက် ဒီအကူအညီတွေ ပြန်ပေးဖို့ လိုအပ်ပါတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။

ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပေးခဲ့ပြီး ရပ်ဆိုင်းထားခဲ့တဲ့ ODA ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ချေးငွေတွေ၊ ရန်ပုံငွေ အထောက်အပံ့တွေ နဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပြန်ပေးဖို့အတွက် မြန်မာနဲ့ ဂျပန်တို့က တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာပါ။ ဒီလိုပြန်ပေးရေးကိစ္စမှာ အဓိကရှိနေတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံက ဂျပန် နိုင်ငံကို ပြန်ပေးဆပ်ဖို့ ရှိနေတဲ့ ချေးငွေတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိနေတဲ့ ချေးငွေစုစုပေါင်းက ဒီကနေ့ ဈေးကွက် ပေါက်ဈေးနဲ့ဆိုရင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၃,၃၀၀ ကျော်ရှိပါတယ်။

မြန်မာနိုင်ငံကို အထောက်အပံ့ ပေးရေး ဂျပန်နိုင်ငံရဲ့ လက်ရှိမူဝါဒကို ပြန်လည် သုံးသပ်နေပြီး ချေးငွေ ပြန်လည်ပေးဆပ်ရေး ဆိုင်ရာ ပြီးပြည့်စုံတဲ့ အဖြေတခုရဖို့ အစီအစဉ် တခုလုံးအတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါပြီလို့ ဂျပန်နိုင်ငံခြား ရေးဌာနရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စတာ မဆရု ဆတို့ (Masaru Sato) က ဗွီအိုအေကိုပြောပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြုသဘောဆောင် ပြုပြင်ပြောင်းလဲရေးတွေကို အပြည့်အ၀ အရှိန်မြှင့်နိုင် ဖို့အတွက်ဆိုရင် အခြေခံ အဆောက်အအုံတွေ တိုးတက်ကောင်းမွန်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် ODA ချေးငွေတွေကို ပြန်ပေးဖို့လိုအပ်ပါတယ်။” လို့ မဆရု ဆတို့က ပြောပါတယ်။

ဒီနှစ်အကုန်ထိဆိုရင် ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အထိ ရန်ပုံငွေ ကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီထဲမှာ ODA ချေးငွေပမာဏ မပါသေးပါဘူး။ နောက်ထပ်ချေးငွေတွေ ထပ်ပေးဖို့ကိစ္စက အရင်ပေးဆပ်ဖို့ ကျန်နေ သေးတဲ့ချေးငွေတွေကို ဘယ်လို ပြန်ဆပ်မလည်းဆိုတာ အရင်ပြေလည်ဖို့ လိုပေမဲ့ ODA ပြန်ပေးဖို့က အင်မတန် အရေးကြီးပါ တယ်လို့ မစ္စတာ မဆရုက ပြောပါတယ်။

“မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အထောက်အပံ့ပြုဖို့အတွက်ရာ ဂျပန်နိုင်ငံရဲ့ အကူအညီကို အပြည့်အ၀ တိုးချဲ့ပြီး ODA ချေးငွေတွေကို ပြန်ပေးဖို့ကိစ္စဟာ အင်မတန်ကို အရေးကြီးပါတယ်။” လို့ မစ္စတာမဆရုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာအခြေအနေတွေ၊ ရေရှည်ခိုင်မြဲတဲ့တိုးတက်မှု ဖြစ်စေရေးကိစ္စတွေ၊
 မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဂျပန်နိုင်ငံ ကထောက်ခံပါတယ်ဆိုတာတွေကို သောကြာနေ့ မှာစတင်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေး ပြောဆို ကြပါမယ်လို့ မစ္စတာ မဆရုကပြောပါတယ်။

ချေးငွေပြန်ဆပ်ရေးဆိုင်ရာ ပြည့်စုံတဲ့အစီအစဉ်ကို ဂျပန်အစိုးရအဖွဲ့အတွင်းမှာရော၊ မြန်မာနိုင်ငံ ကတာဝန်ရှိသူတွေနဲ့ပါအပြင်းအထန်ဆွေးနွေးနေပြီးစနေနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ
 ဆွေးနွေးကြတဲ့ အခါ တင်ပြဖို့ နောက်ဆုံးအဆင့် ပြင်ဆင် နေတာပါလို့လည်း သူကပြောပါတယ်။ အစည်းအဝေးတွေ ပြီိးတဲ့အခါမှာတော့ အစီအစဉ်ကို ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ တွေ ပေးလာခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ ကာလတွေ မှာတောင်မှပဲ ပေးနေ ခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးတော်ပုံ ကာလမှာ ဗုဒ္ဓဘာသာ သံဃာတော် တွေကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တဲ့ထဲ ဂျပန်နိုင်ငံသား သတင်း ထောက်တဦးပါ သေဆုံးခဲ့ ရပြီးတဲ့ နောက် အကူအညီ အတော်များများကို ရပ်ဆိုင်းထားခဲ့ပါတယ်။

အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံမှာ အင်မတန့်ကို အပြုသဘောဆောင်တဲ့ လမ်းကြောင်းသွား နေတာ တွေ့ခဲ့ရတဲ့ အတွက် အကူအညီတွေ ပြန်ပေးဖို့ လုပ်လာတာ ဖြစ်ပါတယ်လို့ မစ္စတာမဆရု က ပြောပါတယ်။

“မြန်မာလူထုအနေနဲ့ အပြောင်းအလဲတွေကို တကယ့်ကိုခံစားရစေဖို့အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်းပဲ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို အပြီးသတ်နိုင်ဖို့ ဂျပန်နိုင်ငံ က အပြင်းအထန် လုပ်ဆောင်နေတာပါ။” လို့ ဂျပန်နိုင်ငံခြားရေးဌာန၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ မဆရု ဆတို့က ပြောသွားပါ တယ်။

သမ္မတဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သောကြာနေ့မနက်ပိုင်းမှာ ရောက်မှာဖြစ်ပြီး လေးကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးကို စနေနေ့မနက်ပိုင်းမှာ တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂျပန် ၀န်ကြီးချုပ်နဲ့ သီးခြား တွေ့ဆုံပြီးနှစ်နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးကြပြီးတဲ့နောက် အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေး ထိုးပွဲရှိပါတယ်။ ထိပ်သီး ဆွေးနွေးပွဲပြီးရင်တော့ သတင်းထုတ်ပြန်ချက် တရပ် ထွက်ဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကနေ ဧပြီလ ၂၄ ရက်၊ အင်္ဂါနေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ မစ္စတာမဆရုကပြောပါတယ်ခင်ဗျား။
Ref: VOA

ဒေါ်အောင်ဆန်းစုကြည် အောင်မြင်မှု နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ ချီးကျူး

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။

The Elders အဖွဲ့ရဲ့သဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောဆိုရာမှာတော့ ကျနော့်အနေနဲ့ ကျနော့်ရဲ့ ညီမငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားပါတယ်၊ သူ့ရဲ့လွှတ်တော် ရွေးကောက်ပွဲအနိုင်ရမှုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ထိတွေ့ခွင့်ရတဲ့အချိန်ပဲဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအပြင် တခြား နိုင်ငံရေး ပါတီတွေ လိုအပ်နေတာက လွှတ်တော်ထဲမှာ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ လှုပ်ရှားဆောင်ရွက်ခွင့် နေရာတွေ ရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော ကျနော်တို့ အားလုံးအတွက်ပါ ဒါက သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်လို့ ဘုန်းတော်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လမှာ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့တာ အပါအ၀င် အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ၊ မီဒီယာ တင်းကျပ်မှုတွေကို ဖြေလျှော့တာနဲ့ NLD ကို ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့တာတွေကိုလည်း The Elders အဖွဲ့က ကြိုဆိုခဲ့ပါတယ်။ ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ပိုအားကောင်းစေဖို့ အတွက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ထပ် လွှတ်ပေးဖို့နဲ့ လွှတ်ပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း လွတ်လပ်စွာ ပြောဆို လှုပ်ရှားခွင့် ပြုဖို့တွေကိုလည်း The Elders အဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ထိ ရောက်အောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတကာကို အကြံပေးရာမှာတော့ မြန်မာအစိုးရဘက်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်နေတာကို ပိုပြီး အကူအညီပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့နဲ့ အစိုးရကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းသွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအကူအညီအတွက် လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားဖို့နဲ့ နိုင်ငံမှာ လိုအပ်နေတဲ့ စာနာထောက်ပံ့ရေးတွေအတွက် အကူညီပေးသွားဖို့လည်း The Elders အဖွဲ့က အကြံပေးထားပါတယ်။
Ref: VOA

Thursday, 19 April 2012

အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေ

တိုးတက် ပြောင်းလဲလာနေသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ အရှိန် ရလာသည်နှင့် အမျှ ချမှတ်ထားသော ရည်ရွယ်ချက်များကိုထိရောက် အောင်မြင်နိုင်ရေး နေပြည်တော် အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေပြီဟု သတင်းရရှိသည်။
ယခုအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို ၂၀၁၁ ခုနှစ်က အခမ်းအနားတခု၌ တွေ့ရစဉ် (ဓာတ်ပုံ - AP)

နေပြည်တော်အစိုးရနှင့် နီးစပ်သူများက ဝန်ကြီး ၃၇ ဦး ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို လာမည့် ရက်သတ္တပတ်များအတွင်း သမ္မတအနေဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ရာ နီးစပ်ရာ “ပြုပြင်ပြောင်းလဲလိုသူ” များနှင့် အကျိုးအပြစ်တို့ကို တိုင်ပင်နေကြောင်း သိရသည်။ ၄င်းတို့က “ခေါင်းမာသူ” များသည် “တာဝန်ပြောင်းခံရ” သို့မဟုတ် “တာဝန်လျှော့ချခံရ” နိုင်ကြောင်းလည်း ဆိုသည်။

လန်ဒန်ထုတ် ဖိုင်နန်ရှယ်တိုင်းမ် (Financial Times – FT) သတင်းစာ အွန်လိုင်း သတင်းတပုဒ်တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်နိုင်သွားခြင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု တဝက်တပျက်သာ လျှော့ချခြင်းတို့ကြောင့် “ခေါင်းမာသူ” များအကြား လက်ရှိပြုပြင်ပြောင်းလဲရေးကို သံသယများ တိုးလာနေသောကြောင့် အစိုးရအဖွဲ့တွင်းနှင့် လွှတ်တော်တွင်းတွင် အာဏာလွန်ဆွဲလာရသည်ဟု ရေးသားထားသည်။
 
“ဖြစ်ခဲ့တဲ့ ဖြစ်ထွန်းမှုတွေနောက်မှာ အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အချိန်ကောင်းပါ” ဟု နေပြည်တော်အစိုးရနှင့် နီးစပ်သူတဦးက FT ကိုပြောထားသည်။ “အခုဆို စိန်ခေါ်မှုအသစ်တွေက ဘယ်မှာလိုနေသလဲ၊ ပိုထက်တဲ့ ပိုအားကောင်းတဲ့သူတွေ ဘယ်မှာလိုနေသလဲ စသဖြင့် ပိုရှင်းလာနေပါတယ်။ ဘယ်သူဘယ်ဝါကို ချန်ထားရစ်မယ်၊ ဘယ်တာဝန်တွေ ဘယ်သူ့ပေးမယ် ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟုလည်း ဆက်လက်ပြောသည်။

အစိုးရနှင့်နီးစပ်သူ တခြားတဦးကလည်း ပြုပြင်ပြောင်းလဲရေး ရှေ့ဆက် အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့်အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့မှာ “ချိန်ခွင်လျှာသစ်” ဖြစ်ကြောင်း ဆိုသည်။

၎င်းက “အကြီးဆုံးစိန်ခေါ်မှုက ဒီချိန်ခွင်လျှာသစ်ကို ဘယ်လိုတည်ဆောက်မလဲ။ ဒီသုံးဦးဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဘက်က ခေါင်းမာသူတွေရဲ့ ထိုးနှက်ချက်တွေကို တန်ပြန်ဖို့ အင်အားကောင်းရမယ်။ ဒီပုံစံနဲ့ အလုပ်ဖြစ်မှာပါ” ဟု ဆိုသည်။

လူအများက “ခေါင်းမာသူ” များစာရင်းတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ကို ထိပ်ဆုံးတွင် နေရာပေးကြသည်။

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ ဧပြီလ ၁၂ ရက်နေ့က ရေးသားခဲ့သော “လူမှန်နေရာမှန်” ဆောင်းပါးတွင် “ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ စီမံကိုင်တွယ်မှုတွေမှာ အရည်အချင်းရောရှိရဲ့လား၊ အလုပ်ရော တကယ်လုပ်နိုင်ရဲ့လား၊ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်” ဟု တိုက်တွန်းရေးသားခဲ့သည်။

“သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တနှစ်ကျော်တဲ့အထိ အလုပ်မဖြစ်ဘူး၊ အရင် စစ်အစိုးရတုန်းကလိုပဲ အမူအကျင့် မပြောင်းဘူး၊ နေရာမှန်မှာ ရှိနေတာ မဟုတ်ဘူးဆိုရင်တော့ သမ္မတ ဦးသိန်းစိန် အစိုးရက သင့်တော်တဲ့လူတွေ၊ အရည်အချင်း ရှိသူတွေနဲ့ ရဲရဲဝံ့ဝံ့ အစားထိုးပါလို့ တိုက်တွန်းပါရစေ” ဟုလည်း ရေးသားထားသည်။
Ref: ဧရာဝတီ

ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်

ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည် အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှအမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။

သူက ဦးခင်ညွန့်ကိုနေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်အခါက ပြည်ပ မီဒီယာများနှင့်တွေ့ဆုံခြင်း မပြုရန်၊ တပ်မတော်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့အတွင်းရေးသတင်းများကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်၊စည်းကမ်းချိုးဖေါက်ပါက ကျန်ရှိ ထောင်ဒဏ်များကို ပြန်လည် ကျခံရမည်ကို
သိရှိပါကြောင်း လက်မှတ်ရေးထိုးခဲ့ရကြောင်း ရှင်းပြပါတယ်။

 ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ကနေဒါရောက်မြန်မာတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပဲယင်း အရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်လှမ်းရေး တပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ် ဆိုပြီး ဦးခင်ညွန့်က ပြောဆိုတယ်လို့ ဖော်ပြထားတဲ့အတွက် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း က သွားရောက် စစ်ဆေးမေးမြန်းခဲ့ရပါသေးတယ်။ 

အဲဒီ့ အချိန်က ရဟန်းဘောင်ဝင်နေတဲ့ ဦးခင်ညွန့်က ဦးမြင့်ဆွေကို သတင်းထောက်တစ်ယောက် အနေနဲ့ မဟုတ်ပဲ သုတေသီ တစ်ဦးအနေနဲ့သာတွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပြောဆိုမှုတွေကိုလည်း မည်သည့်မီဒီယာတွင်မှရေးသားဖော်ပြခြင်း မပြုရန် ကြိုတင် သဘောတူညီချက် ရယူခဲ့ကြောင်း၊
ဒီပဲယင်းကိစ္စလည်း မပြောကြောင်း စသဖြင့် ရှင်းပြတယ်လို့ သိရပါတယ်။

ဒီဗွီဘီ 
Ref: MNN

မြန်မာ့ဆန်တင်ပို့မှု ၅၇% တိုးမြှင့်လာ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန်သည်။

FAO ၏ အာရှ ပစိဖိတ်ဒေသ စားနပ်ရိက္ခာဆိုင်ရာ လေ့လာချက်များအရ ဧပြီလ ၁ ရက်နေ့မတိုင်မီ ဘဏ္ဍာနှစ်အတွင်းပြည်ပသို့ ဆန်တန်ချိန် ၈၄၄,၂၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ဝင်ငွေရရှိခဲ့သည်ဟု မြန်မာအစိုးရ ကိန်းဂဏန်းများအား ကိုးကား၍ ဖော်ပြထားသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်အတွင်းတွင်မူ ဆန်တန်ချိန် ၅၃၆,၈၀၀ တင်ပို့နိုင်ခဲ့သည်။
Rice
မြန်မာ့ဆန် ပြည်ပတင်ပို့မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ၅၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO က ထုတ်ပြန် (ဓါတ်ပုံ မဇ္ဈိမ)

ယခုဘဏ္ဍာနှစ် ၂၀၁၂-၂၀၁၃ အတွင်းတွင် တန်ချိန် တသန်းအထိ တင်ပို့ကာ ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်မည်ဟုမြန်မာအစိုးရက ရည်မှန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းကို တနှစ်အတွင်း ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသားကူညီထောက်ပံ့ရေး အေဂျင်စီ INLA တို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းကမူ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် ဖူလုံလောက်ငှရေးကို ဦးစားပေးပြီးမှ ပြည်ပတင်ပို့မှုကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ကျနော်တို့နိုင်ငံအတွက် အရန်ဆန် မရှိဘဲနဲ့ နိုင်ငံခြားကိုပဲ အတင်းစာချုပ်တွေ ချုပ်ပြီး ပို့လိုက်လို့ ပြည်တွင်းဈေးတွေ ကမောက်ကမ ဖြစ်သွားရင် ပြည်တွင်းဈေးတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမယ်လေ။ ပြည်တွင်း လိုအပ်ချက် ဖူလုံအောင် အရန်ဆန် ထိန်းသိမ်းထားပြီးမှ လုံလောက်တယ်ဆိုမှ ပြည်ပပို့ဖို့ ကျနော်တို့စဉ်းစားတာပါ” ဟု အသင်း ဒု-ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် က ပြောသည်။

မြန်မာနိုင်ငံမှ ထွက်သည့်ဆန်များကို အနောက် အာဖရိကနိုင်ငံများသို့ အများဆုံး တင်ပို့ပြီး ဘင်္ဂလားဒေရှ်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့လည်း တင်ပို့သည်။

မြန်မာနိုင်ငံ တနိုင်ငံလုံး၏ စပါးစိုက်ပျိုးမှုနှုန်းမှာ ဧက ၂၀.၄၃ သန်းရှိပြီး မိုးစပါး စိုက်ပျိုးမှု ဧကမှာ ၁၇.၂၇ သန်း ဖြစ်ကာနွေစပါးစိုက်ပျိုးမှုမှာ ဧက ၃.၁၆ သန်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ မှတ်တမ်းများ အရ သိရသည်။

ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး တနှစ်လျှင် တန်ချိန်ပေါင်း ၃,၅၀၀,၀၀၀ မျှ တင်ပို့နိုင်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ်တွင်ကား လယ်ဧက ၉,၀၀၀,၀၀၀ သာ လုပ်ကိုင်နိုင်၍ နိုင်ငံခြားသို့ ဆန်တန်ချိန်ပေါင်း ၁,၅၀၀,၀၀၀ သာ တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

pyitordar

 လွန်ခဲ့သော ၆၇ နှစ်က မြန်မာပြည်တွင် မဟာမိတ်တပ်များ လျို့ဝှက်မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေ

b5_3_07
Battle of Britain တိုက်ပွဲတွင် Spitfire များ အုပ်စုဖွဲ့ပျံသန်းစဉ်

လွန်ခဲ့သော ၆၇ နှစ် ဒုတိယကမ္ဘာစစ် ပြီးစီးလုနီးအချိန်နှင့် ပြီးစီးခဲ့ပြီးအချိန်တွင် မဟာမိတ်တပ်များက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ မြန်မာနှင့်ဗြိတိန် အာဏာပိုင်များသည် ယင်းလေယာဉ်များ ရှာဖွေတူးဖော်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ဒေါင်းနင်းလမ်းမှ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ တူးဖော်ရေး အကောင်အထည်ပေါ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ ဗြိတိန်အရာရှိများအဆိုအရ မြန်မာနိုင်ငံဘက်ကလည်း ယခုကိစ္စအတွက် အထူးပင်စိတ်အား ထက်သန်နေသည်ဟုဆိုသည်။ တူးဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မိုးရာသီမ၀င်မီ လုပ်ဆောင်ဖြစ်မည်ဟုသိရသည်။ SkyNews ၏ ဖော်ပြချက်တွင်မူ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေး စီမံကိန်းတစ်ခု စတင်ရန်အတွက် သဘောတူညီမှုရသည်ဟု ဖော်ပြထားသည်။ လေယာဉ်များမှာ အစိတ်အပိုင်း တစ်ခုစီဖြုတ်ပြီး သယ်ယူလာခဲ့ခြင်းဖြစ်ပြီး မတပ်ဆင်ရသေးမီတွင် မြှုပ်နှံခဲ့သည့် လုံးဝအသုံးမပြုရသေးသော အသစ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ မြှုပ်နှံထားသည့်နေရာကို သိရှိထားပြီဟု ၁၅ နှစ်ကြာ လိုက်လံရှာဖွေနေခဲ့သူ ဗြိတိန်မှ ဒေးဗစ်ကွန်းဒဲလ် အပါအ၀င်ရှာဖွေရေး လုပ်ဆောင်နေသူအချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်မထားပေ။ 
တူးဖော်ရေးအတွက် ကျန်ရှိနေသောအခက်အခဲမှာ နိုင်ငံတကာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ မြန်မာနိုင်ငံအတွင်း၊ အပြင် စစ်လက်နက် တင်သွင်းတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ မကြာမီ အရေးယူပိတ်ဆို့မှုများသာ ရုပ်သိမ်းနိုင်ပါက တူးဖော်သယ်ယူရေးမှာ အဆင်ပြေလာနိုင်ပြီး မြန်မာအစိုးရဘက်မှလည်း တူးဖော်မှုကို ခွင့်ပြုချက်ပေးနိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လအတွင်းတွင် Spitfire Mark XIV အမျိုးအစား မတပ်ဆင်ရသေးသည့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ဗြိတိန်ရှိ ကာဆယ်ဘရွန်းဝစ်ခ်ျအရပ်ရှိ စက်ရုံမှမြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်များတွင် ယခင်အမျိုးအစားကဲ့သို့ မဟုတ်ဘဲ မာလင်းစ်အင်ဂျင်များ မတပ်ဆင်ဘဲ ရိုးရွိုက်စ်ဂရစ်ဖွန်အင်ဂျင်များ တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။

မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် လေယာဉ်များမှာ လိုအပ်ချက်ထက် ပိုလွန်နေခဲ့သည်။ စစ်ပွဲမှာ နောက်ဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲများမှာ ပစိဖိတ်ဒေသတစ်ဝိုက်ရှိ ဂျပန်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်ယူရာနေရာများကိုသာ ဦးစားပေးတိုက်ခိုက်မှုကို တိုးမြှင့်အာရုံစိုက်နေရသည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ မြေပြင်အခြေစိုက် Spitfire လေယာဉ်များမှာ လေယာဉ်တင် သင်္ဘောဖြင့် သယ်ယူနိုင်သော Seafire များကဲ့သို့ ကျွန်းများကို တိုက်ခိုက်ရာတွင် မဆင်မပြေသောကြောင့် အသုံးဝင်မှုနည်းပါးလာခဲ့သည်။

သို့ဖြစ်သောကြောင့် မတပ်ဆင်ရသေးသော Spitfire ၁၂ စင်းကို သေတ္တာပုံးများအတွင်းမှ မထုတ်ရသေးမီ အချိန်တွင်ပင် မြှုပ်နှံထားရန် အမိန့်ထွက်ခဲ့သည်ဟုဆိုသည်။

Spitefire လေယာဉ်များ မြန်မာပြည်သို့ရောက်ရှိလာပြီး နှစ်ပတ်အကြာတွင် ဟီရိုရှီးမားတွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ် Spitefire ရှစ်စင်းကို ထပ်မံမြှုပ်နှံ သိမ်းဆည်းခဲ့သည်ဟု ယူဆရပြီး စုစုပေါင်း အစင်း ၂၀ အထိ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ဟု ယူဆရသည်။ Spitfire လေယာဉ် အစင်းရေ ၂၁၀၀၀ အထိ ထုတ်လုပ်ခဲ့ဖူးသော်လည်း ယနေ့အခါတွင် ပျံသန်းနိုင်သော Spitfire အရေအတွက်မှာ ၃၅စင်းသာ ရှိတော့သည်ဟု သိရသည်။

Ref; Telegraph,BBC,AFP,AP

b5_3_08
Spitfire နှင့် Auster လေယာဉ်များကို ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်မြို့တွင် တွေ့ရစဉ်


b5_3_09
Spitfire တစ်စင်းကို မြန်မာနိုင်ငံတွင် မြှပ်နှံရန်ပြင်ဆင်နေစဉ်

Ref: ဧရာဝတီ

မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း လူ ၈ ဦး သေဆုံးပြီး ၁၆၆ ဦး ဒဏ်ရာ ရရှိခဲ့

၂၀၁၂ ဧပြီ ၁၈ ရက်နေ့ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၅

 
 


၂၀၁၂ ဧပြီ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း အမှုပေါင်း ၁၉၂ မှု ဖြစ်ပွားကာ လူ ၈ ဦး သေဆုံး၍ ၁၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁၂ ဧပြီ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၅ တွင် ဖော်ပြထားပါတယ်။ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အတွင်း သေဆုံး၊ ဒဏ်ရာ ရရှိခဲ့တဲ့ အရေအတွက်ဟာ မြန်မာနှစ်သစ်ကူးနဲ့ တချိန်ထဲလိုလို ကျင်းပတဲ့ ထိုင်းနိုင်ငံက နှစ်သစ်ကူးပွဲတွင် သေဆုံး ဒဏ်ရာ ရရှိသူ အရေအတွက်ထက် အတော့်ကို နည်းနေတာ တွေ့ရပါတယ်။
 
 ယခုနှစ် ထိုင်းနိုင်ငံ နှစ်သစ်ကူး စွန်ခရမ် (Songkran) ပွဲတော်အတွင်း သေဆုံးသူ စုစုပေါင်း ၃၂၀ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူပေါင်း ၃,၃၂၀ ဦး ရှိကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီးက ဧပြီ ၁၈ ရက်နေ့တွင် ကြေငြာခဲ့ပါတယ်။ ထို ဖြစ်ရပ်များအနက် ဧပြီ ၁၇ ရက်နေ့ တရက်ထဲ မတော်တဆမှု ၂၅၇ မှု ဖြစ်ပွားခဲ့ကာ ၃၈ ဦး သေဆုံးခဲ့ပြီး ၂၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက် အခြေစိုက် သည် နေရှင်း (The Nation) သတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက နှစ်သစ်ကူး အတာသင်္ကြန်ပွဲ မတော်တဆမှုများတွင် ယာဉ်တိုက်မှု ၁၇ မှု၊ ခိုက်ရန် ဖြစ်ပွားမှု ၈၂ မှု၊ ၀တ္တရား နှောက်ယှက်မှု နှစ်မှု၊ မူးယစ် ရမ်းကားမှု ၁၇ မှု၊ ခါးပိုက်နှိုက်မှု ၅၃ မှု၊ စည်းကမ်းပျက် ရေကစားမှု သုံးမှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု ခုနှစ်မှု၊ သေမှုသေခင်း လေးမှု၊ မုဒိန်းမှု တမှု၊ ပေါ့ဆမှု တမှု၊ ခိုးမှု တမှု၊ လက်နက်မှု လေးမှု၊ စုစုပေါင်း ၁၉၂ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ သုံးဦး၊ သေမှုသေခင်းကြောင့် သေဆုံးသူ လေးဦး၊ ပေါ့ဆမှုကြောင့် သေဆုံးသူ တဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၅၉ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ ၁၀၅ ဦး၊ ၀တ္တရားနှောက်ယှက်မှုကြောင့် ဒဏ်ရာရသူ နှစ်ဦး၊ စုစုပေါင်း ဒဏ်ရာ ရရှိသူ ၁၆၆ ဦး ရှိကြောင်း ကြေးမုံသတင်းတွင် ဆက်လက် ဖော်ပြထားပါတယ်။
 
 ဒီနှစ် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု၊ မတော်တဆဖြစ်မှုများ ကြီးကြီးမားမား မဖြစ်ပွားခဲ့သော်လည်း မကွေးတိုင်း၊ ကံမမြို့နယ်တွင် ဧပြီ ၁၃ ရက်နေ့ညက မြန်မာလူမျိုးတဦးနဲ့ အိန္ဒိယနွယ်ဘွားတဦးတို့ အချင်းများရာက အစပြုကာ ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒီဗီဘီသတင်းတွင် ဖော်ပြထားပါတယ်။
 
 နောက်ဆက်တွဲသတင်းများအရ ထို မငြိမ်မသက်ဖြစ်မှုဟာ အေးချမ်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ သင်္ကြန်ကာလအတွင်း မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) တွင် လူပြောများ သွားခဲ့တဲ့ကိစ္စကတော့ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ မြန်မာအမျိုးသမီးငယ်များရဲ့ ကော့ကော်ကံကားဓါတ်ပုံများနဲ့ ဗီဒီယို အပိုင်းအစများ၊ လူမြင်ကွင်းတွင် လူငယ်စုံတွဲအချို့ နမ်းနေကြတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုအပိုင်းအစများနဲ့ ဆက်နွယ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ထို မှတ်တမ်းများကို နေရာ နှစ်နေရာ သုံးနေရာတွင် ရိုက်ထားဟန် ရှိပြီး ထိုသို့ ဓါတ်ပုံရိုက်ကူးကာ မဖော်ပြသင့်ကြောင်း ပြောကြသလို ခေတ်လူငယ်များရဲ့ မြန်မာ့ယဉ်ကျေးမှု ထိမ်းသိမ်းမှုနဲ့ ရှေ့အလားအလာများနဲ့ ပတ်သက်ပြီး စောကြောသူများလည်း ရှိနေပါတယ်။
 
 သို့သော်လည်း ဖိနှိပ်မှုများ၊ ကြောက်ရွံ့မှုများနဲ့ ယဉ်ပါးနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ ၁၃၇၃ ခုနှစ် မဟာသင်္ကြန်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ပင်ခံထားရတဲ့ သံချပ်များကို ပြန်လည် ကြားလာခဲ့ရသလို ပြည်သူတွေရဲ့အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်များလည်း မြင်တွေ့နေရပြီ
 ဖြစ်ပါတယ်။ 
 
Ref: Burma Today

တရုတ်ကြောင့် အာရှနိုင်ငံတွေ လက်နက်ပိုဝယ်

အာရှနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ စစ်လက်နက်နည်းပညာတွေကို အဓိကဝယ်ယူရာ တိုင်းပြည်တွေ ဖြစ်လာနေ တယ်လို့ ရုရှားအစိုးရရဲ့ စစ်လက်နက်ရောင်းချမှုဆိုင်ရာ အေဂျင်စီက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားနိုင်ငံထုတ်လက်နက်တွေ ပြည်ပတင်ပို့ရောင်းချမှုတွေရဲ့ ၄၃% ဟာ အာရှနိုင်ငံတွေမှာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံတကာ လက်နက်ကုမ္ပဏီ ရိုဆိုဘိုရွန်အိတ်စပို့ (Rosoboron Export) က ပြောလိုက်တာပါ။

အာရှ-ပစိဖိတ်ဒေသဟာ ကမ္ဘာတဝှမ်း လက်နက်ဝယ်ယူတင်သွင်းမှုတွေရဲ့ ၄၄ % အထိ ရှိနေပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း လက်နက်တင်သွင်းမှုတွေမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေဖြစ်တယ်လို့လည်း စတော့ဟုမ်း နိုင်ငံ တကာ ငြိမ်းချမ်းရေးသုတေသနဌာနက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောထားတာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသား၊ စစ်ဘက်ရေးရာ ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ မက်ဆင် ပျတ်တူရှကင် (Maksin Pyatushkin) ကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အား ကြီးထွားလာရာက အိမ်နီးချင်း တိုင်းပြည်တွေ စစ်လက်နက်ကို ခေတ်မီအောင်တပ်ဆင်လာကြတာလို့ ဒီတပတ်ထဲမှာပဲ ဗွီအိုအေ ကို ပြောခဲ့တာပါ။ ဒီလို စစ်တပ် ခေတ်မီအောင်လုပ်ရာမှာ ရုရှားနိုင်ငံက လက်နက်တွေကို အားကိုးလေ့ရှိ တယ်လို့လည်း သူက ပြောပါတယ်။

Ref: VOA

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတချို့ အမေရိကန် လျှော့ပေါ့လိုက်ခြင်း

ဧပြီလအစောပိုင်းကကျင်းပခဲ့တဲ့ အထင်ကရကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံမှာ
 နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေဆက်ပြီး ဖြစ်လာအောင်တွန်းအားပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့
 မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက တချို့ကို အမေရိကန်က ဒီတပတ်အတွင်း လျှော့ပေါ့ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း လူသားချင်း စာနာကူညီတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေ၊ ဘာသာရေးနဲ့ တခြားသော လူမှုရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခွင့်ပေးသွားမယ့်အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအထဲမှာ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အကူအညီတွေ၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ ပညာရေးနဲ့ အားကစားလို ကဏ္ဍတွေအပြင် စီးပွားရေးအမြတ်ထုတ် ဆောင်ရွက်တာမျိုးမဟုတ်တဲ့ စာသင်ကျောင်း၊ စာကြည့်တိုက်နဲ့ ဆေးရုံ စတာတွေ တည်ဆောက်ရေး စီမံကိန်းတွေ ပါဝင်ပါတယ်။

ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ ဘုရားကျောင်း အပါအ၀င် ဘာသာရေး အဆောက်အဦးတွေ နဲ့ မိဘမဲ့ကလေးဂေဟာ စတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခွင့် ရမှာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် မေလက လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မြန်မာပြည်သူတွေကို ငွေကြေးအကူအညီတွေ ပေးနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ အေဂျင်စီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အမေရိကန်က ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။

အမည်ခံ အရပ်သားအစိုးရ ရွေးကောက်တင်မြောက်တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလကတည်းကစလို့ မြန်မာအစိုးရကို အထီးကျန်ထားတဲ့ အမေရိကန်ရဲ့ နှစ်ရှည်လများစွာ မူဝါဒတွေကနေ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့အညီ တုံ့ပြန်တဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းပေးသွားမယ်ဆိုတဲ့ မူဝါဒကို အမေရိကန် အိုဘားမား အစိုးရက ပြောင်းလဲ ချမှတ်လာခဲ့တာပါ။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ အချိန်ပြည့် တာဝန်ထမ်းဆောင်မယ့် သံအမတ်ကြီးအဆင့် ခန့်အပ်ဖို့လည်း အမေရိကန်အစိုးရက စီစဉ်ထားပါတယ်။ တချို့သော မြန်မာအစိုးရ အရာရှိတွေနဲ့ လွှတ်တော်အမတ် တချို့ကိုလည်း အမေရိကန်ပြည်ထောင်စုကို လာရောက် လည်ပတ်ခွင့် ပြုမှာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွေအပေါ် ယခင် မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက ငြင်းဆန်ခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့သလို အကြီးတန်း မြန်မာအစိုးရ အရာရှိတွေ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၁၉၉၇ ခုနှစ်မှာ အဲဒီအချိန်က သမ္မတ Bill Clinton ရဲ့ အုပ်ချုပ်ရေးအာဏာနဲ့ အမေရိကန်က ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို တားမြစ်တဲ့ ဥပဒေတွေကို ချမှတ်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံက သွင်းကုန်တွေကို တားမြစ်တဲ့ Burmese Freedom and Democracy Act ဥပဒေကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ စစ်အစိုးရ အရာရှိတွေ၊ သူတို့ရဲ့ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအပါတွေကို အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်ကို သုံးစွဲခွင့် ပိတ်ပင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေကိုတော့ ၂၀၀၇ ခုနှစ်မှာ အဲဒီအချိန်က သမ္မတ George W. Bush ရဲ့ အမိန့်နဲ့ ချမှတ်ခဲ့သလို ကန့်ကွက်ခံရသူတွေရဲ့ စာရင်းကို ၂၀၀၈ ခုနှစ်မှာ ထပ်တိုးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာပဲ Tom Lantos Block Burmese JADE Act လို့ခေါ်တဲ့ နောက်ထပ် ပိတ်ဆို့မှု ဥပဒေတရပ်ကို ကွန်ဂရက်စ်လွှတ်တော်က ချမှတ်ခဲ့ပါတယ်။ ဒီဥပဒေ ချမှတ်နိုင်ရေး ဦးဆောင်ခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် Tom Lantos နံမည်တပ်ထားတဲ့ ဒီဥပဒေအရ မြန်မာနိုင်ငံက ပတ္တမြားနဲ့ ကျောက်စိမ်းတို့လို အဖိုးတန် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားပါတယ်။

မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတချို့ လျှော့ချပေးမယ်လို့ ကြေညာခဲ့တဲ့တချိန်တည်းမှာလည်း
 မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး အများကြီး ရှေ့ဆက် လုပ်သွားရဦးမယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သတိပေးပြောဆိုခဲ့ပါတယ်။ ပိုပြီးတော့ပြည့်ဝတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို မြန်မာအစိုးရဘက်က ဆက်ပြီး ဆောင်ရွက်နေတာနဲ့အမျှ အမေရိကန် ပြည်ထောင်စုဘက်ကလည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆက်ပြီး လျှော့ပေါ့ပေးသွားမယ့်အကြောင်းလည်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့ပါတယ်။

Ref: VOA

Wednesday, 18 April 2012

“ပတ်စ်ပို့နှင့် နေထိုင်ခွင့်ဘတ် ရှိသည့် အလုပ်သမား (၇၂)ဦးအား နယ်စပ်သို့ပို့”

20120418a 



ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ဘူထောင်မြို့၊ ဘတ်လပ်ယိုင်ကျေးရွှာ၊ ဘန်ကွေစိုင်နွိုင် ခြံအမှတ် (၄၈/၁၂၄-၁၃၁) တွင်ရှိသော ထောက်ကယ်နွိုင် Tao Kae Noi ရေညှိမုန့် စက်ရုံတွင် မတ်လ (၉)ရက်နေ့က ၀င်ရောက် ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများအား ယမန်နေ့ညဥ့်က နယ်စပ်သို့ ပြန်ပို့လိုက်ပြီးဖြစ်သည်။
နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အပြည့်အစုံရှိသည့် မြန်မာအလုပ်သမား (၁၀၆)ဦးအား အလုပ် လုပ်သည့် နေရာနှင့် စာရွက်စာတမ်းပါ နေရာလွဲနေသည်ဟုဆိုကာ ဒေသခံ အာဏာပိုင်များက ပြီးခဲ့သည့် မတ်လ (၉)ရက်နေ့က ဖမ်းဆီးခဲ့သည်။ အလုပ်သမားအချို့ ငွေအမြောက်အများ အကုန်အကျခံပြီး လွတ်မြောက် သွားခဲ့သော်လည်း အမျိုးသမီး(၂၈)ဦးနှင့် အမျိုးသား(၄၄)ဦးတို့မှာ နွန်ထဘူရီ အကျဉ်းထောင်တွင် အကျဉ်းချ ခံထားခဲ့ရပြီး ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရသည်။

မြန်မာသံရုံးနှင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT)အပြင် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)အဖွဲ့တို့ ပူးပေါင်း၍ အလုပ်သမားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

FED အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ ကိုယ်တိုင်ရယ်၊ ကျနော်တို့ အလုပ်သမားအရေးလုပ်တဲ့ လူတွေရယ်နဲ့ မြန်မာအစိုးရတို့ဟာ စနစ်တကျ ပုံစံတစ်ခုချပြီးတော့ သေသေချာချာ ထိထိရောက်ရောက် လုပ်ဖို့ လိုပြီးဆိုတာ ပြလိုက်တဲ့ သဘောပဲဗျ”ဟု ပြောသည်။

အလုပ်သမား မနန်းဝေက “အလုပ်ရုံကို အလုပ်သွင်းပေးတဲ့ ကိုမင်းလှိုင် ဆိုတဲ့ ဗမာပွဲစားနဲ့ အလုပ်ရုံက ထိုင်းတစ်ယောက်တို့ ကျနော်တို့ကို စာရွက်စာတမ်း ပြောင်းပေးဖို့ တစ်ယောက်ကို ဘတ် (၄၀၀၀)စီ ယူထားပြီးဖြစ်တယ်။ သူတို့ ထုတ်ချင်တဲ့ လူတွေကို ထုတ်ပြီး ဒီလူ ခုရှောင်နေတယ်”ဟု ပြောသည်။

အလုပ်သမားများ လွတ်မြောက်ရေးအတွက် တရားရုံး၊ ရဲစခန်းနှင့် အလုပ်ရုံသို့ ရှေ့နေနှင့်အတူ သွားရောက်ပြီး ၀ိုင်းဝန်း ကြိုးပမ်းခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက “ထိုင်းမှာ  ကျင့်သုံးနေတဲ့ အလုပ်သမား ဥပဒေက ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကာအကွယ်ပေးတဲ့ ဥပဒေ မဟုတ်ဘူး။ လုပ်ငန်းရှင်နဲ့ အာဏာပိုင်တွေ မြန်မာအလုပ် သမားတွေကို လုပ်ချင်တိုင်း လုပ်လို့ရအောင် လုပ်ထားတဲ့ ဥပဒေမျိုးဖြစ်တယ်။ အလုပ်သမား တွေကိုကြတော့ တစ်ခုခု လွဲနေတာနဲ့ ထောင်ချတယ်။ နယ်စပ် ပြန်ပို့တယ်။ ဥပဒေကို ချိုးဖောက်တဲ့ ထိုင်းလုပ်ငန်းရှင်တွေကို ဘယ်တုန်းကမှ အပြစ်ပေး အရေးယူတာ မရှိဘူး။ မြန်မာ အလုပ်သမားတွေက အခံသက်သက်ပဲ”ဟု ပြောသည်။

သန်းချီရှိသည့် မြန်မာအလုပ်သမားများတွင် ယာယီပတ်စ်ပို့နှင့် စာရွက်စာတမ်းများ အပြည့်အစုံ ရှိနေကြပြီး ဖြစ်သော်လည်း ထိုင်းရဲနှင့် ထိုင်းလုပ်ငန်းရှင်များက နေရာတိုင်းတွင် နည်းအမျိုးမျိုးဖြင့် အခွင့်အရေး ချိုးဖေါက် အနိုင်ကျင့်လျက် ရှိနေသော်လည်း လုံလောက်သည့် အကာအကွယ်များ မရရှိပဲ ရှိနေဆဲဖြစ်သည်။

Ref: GHR

ဇွန်လအတွင်း ဒေါ်စု ဗြိတိန်နှင့် နော်ဝေသို့ သွားမည်


ချင်းမိုင် (မဇ္ဈိမ) ။       ။ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးသော နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် နော်ဝေနိုင်ငံများသို့ ခရီးသွားရောက်ရန်ရှိသည်ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဟုတ်ပါတယ်၊ ဇွန်လထဲမှာ သွားဖို့ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၁၉၈၈ ခုနှစ်က နာမကျန်းဖြစ်နေသည့် မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန်  မြန်မာနိုင်ငံသို့
 ဒေါ်အောင်ဆန်းစုကြည်ပြန်ရောက်လာအပြီး ပထမဆုံးအကြိမ် လည်ပတ်မည့် ပြည်ပ ခရီးစဉ် ဖြစ်သည်။

ဗီဇာ လျှောက်ထားမှုနှင့် နိုင်ငံကူးလက်မှတ်တို့နှင့် ပတ်သက်၍ မိမိအနေဖြင့် သိရှိထားမှုမရှိသော်လည်း မြန်မာအစိုးရ အနေဖြင့် ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
dcmeds
ဗြိတိန်ဝန်ကြီးချုပ် David Cameron သည် ဒေါ်အောင်ဆန်းစုကြည်ကို “သူမြတ်နိုးလှသည့် Oxford” သို့ ပြန်လည် လာရောက်လည်ပတ်ရန် ဖိတ်ကြား (ဓါတ်ပုံ မဇ္ဈိမ)


ဧပြီလ ၁၃ ရက်နေ့အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်းဒေါ်အောင်ဆန်းစုကြည်ကို “သူမြတ်နိုးလှသည့် Oxford” သို့ ပြန်လည် လာရောက်လည်ပတ်ရန် သောကြာနေ့ကတွေ့ဆုံစဉ် ဖိတ်ကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူသာ ဆန္ဒရှိမယ်ဆိုရင် ဒီနိုင်ငံကနေ ထွက်ခွါသွားဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တော့မှာ ပြန်လာခွင့်ပြုမှာ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဂျွန်လထဲမှာ ယူကေနိုင်ငံကို လာဖို့ ကျနော် ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ခင်ဗျားမြတ်နိုးလှတဲ့ Oxford ကိုလည်း သွားလည်ဖို့ပေါ့။ ဒီတခါတော့ သွားလို့ရော ပြန်ဝင်လို့ရော ရမယ်လို့ ထင်ပါတယ်” ဟု မစ္စတာကမရွန်းက ဖိတ်ကြားလိုက် သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဆိုင်းမတွပင် “လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းတုန်းကတော့ ဒီလိုဖိတ်ခေါ်မှုမျိုးကို ကျမကကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး စိတ်မကောင်းစွာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်အခုတော့ ဖြစ်ကောင်း ဖြစ်လာနိုင်ခြေ ရှိပါတယ်လို့ ကျမ ပြောနိုင်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

Oxford တက္ကသိုလ်တွင် ၁၉၇ဝ စုနှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်လည်း ထိုတက္ကသိုလ်မှ ပါရဂူတဦး ဖြစ်ခဲ့သည်။

နော်ဝေနိုင်ငံ နိုဘယ်ကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ချီးမြှင့်ခဲ့သည့် နိုဘယ် ငြိမ်းချမ်းရေးဆုကြီး လက်ခံရရှိသည့် မိန့်ခွန်းစကား ကိုယ်တိုင် လာရောက်ပြောကြားရန် အော်စလိုသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်သည်။

နော်ဝေနိုင်ငံသည် မြန်မာ့ ဒီမိုကရေစီအရေးကို အစဉ်ထောက်ခံအားပေးခဲ့ပြီး မိမိ ပြည်ပနိုင်ငံများကို သွားရောက်ခွင့်ရပါက ပထမဆုံးသွားရောက်မည့်နိုင်ငံသည် နော်ဝေနိုင်ငံဖြစ်ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့်အတူ နော်ဝေနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့ ကတည်းက ရောက်ရှိနေသည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဒေါက်တာကျော်ရင်လှိုင်က
 နော်ဝေနိုင်ငံရှိ NGO များမှ တာဝန်ရှိသူများက သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ကို နော်ဝေသို့ အလည်လာရောက်
စေချင်ကြသည်ဟု မဇ္ဈိမကို ပြောသည်။

“NGO ခေါင်းဆောင်တွေက အစပေါ့။ သမ္မတကြီးကော ဘယ်တော့လာမှာလဲ။ ဒါမျိုးတွေကအစ သူတို့မေးလာကြ တယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ ဖိတ်ချင်တယ် ဒါမျိုးတွေ ပြောတယ်” ဟု ဒေါက်တာကျော်ရင်လှိုင်က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် ၆၇ နှစ်မြောက်မွေးနေ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ပြည်ပနိုင်ငံတွင် ကျင်းပဖွယ်ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

KIA တပ်ဖွဲ့ဝင် ၄၀ ကျော် အစိုးရစစ်တပ်နှင့် ပူးပေါင်း

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် ၄၂ ဦးက လက်နက်များနှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ဒေသတွင် လှုပ်ရှားနေသည့်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၃၇ တပ်ဖွဲ့ဝင်များထံ ယခုရက်ပိုင်းအတွင်း သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
KIA ရဲဘော်တဦးအား လိုင်ဇာမြို့ ဆင်ခြေဖုန်းလမ်းပေါ်တွင် ပြည်သူများအကြား တွေ့ရစဉ် (ဓာတ်ပုံ - ဘကောင်း / ဧရာဝတီ)

KIA ခေါင်းဆောင်ပိုင်း တချို့နှင့် သဘောထား မတိုက်ဆိုင်သောကြောင့် အစိုးရတပ်ထံ ပူးပေါင်းသွားရခြင်းဖြစ်ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“လုံခြုံရေးအရ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ရွာထဲဝင်ပြီးတော့ သင်္ကြန်တွေ ဘာတွေ ဆင်နွှဲဖို့ အခြေအနေတွေ မပေးတော့ အဲဒီ ခေါင်းစဉ်နဲ့ ပြောဆိုကြတဲ့အခါမှာ အခြေအနေ တင်းမာပြီးတော့ ရွာထဲ ပြန်ဝင်သွားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

အစိုးရထံ သွားရောက် ပူးပေါင်းသူများသည် တာလောကြီးကျေးရွာ လုံခြုံရေးအတွက် KIA က လက်နက်များ ထောက်ပံ့၍ ဖွဲ့စည်း ပေးထားသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဦးလနန်က ရှင်းပြသည်။

“အမှန်က သူတို့က ပြည်သူ့စစ်တွေပါ။ KIO ကနေပြီးတော့ ဖွဲ့ပေးထားတာ။ ကိုယ့်ရဲ့ဌာနေ ကိုယ့်ရဲ့ကျေးရွာ လုံခြုံရေးအတွက် အရန် အင်အားပေါ့ဗျာ။ လက်နက်တော့ ထုတ်ပေးထားတာတော့ ရှိတယ်။ လိုအပ်ရင် လိုအပ်သလို တိုက်ပွဲတွေ ၀င်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ထုတ် အစိုးရ သတင်းစာကမှု ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို ဆက်လက်ဆင်နွှဲလိုခြင်း မရှိတော့သည့် KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် အဓမ္မ စစ်တိုက်ခိုင်းခဲ့သည့် အုပ်ချုပ်သူ ခေါင်းဆောင်အား ဆန့်ကျင်၍ အစိုးရတပ်နှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရနှင့် လာရောက်ပူးပေါင်းခဲ့သော KIA တပ်ဖွဲ့ဝင်များ၏ မိသာစုဘ၀ လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း အစိုးရသတင်းစာ၌ ရေးသားထားသည်။
ယခု ရက်ပိုင်းအတွင်း အစိုးရနှင့် KIA တပ်ဖွဲ့ဝင်များ နေ့စဉ်နီးပါး တိုက်ပွဲများ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း၊ ဧပြီလ ဆန်းပိုင်းမှ စတင်၍ ယမန်နေ့အထိ ပြုစုထားသော စာရင်းအရ တိုက်ပွဲပေါင်း ၆၆ ကြိမ်ရှိကြောင်း ဦးလနန်က ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ နှင့် မြစ်ကြီးနာမြို့နယ် တာလောကြီး တပ်မဟာ ၅ ဒေသတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် မတ်လအကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။
Ref: ဧရာဝတီ

ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ

နော်နိုရင်း DVB ၁၈ ဧပြီ ၂၀၁၂

အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ မြ၀တီမြို့နယ်အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်းလေ့လာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက် ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကေကေအိုအတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။

“သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာချထားပေးပေမယ့်ဟာကို ကျနော်တို့ဆီလာပြီး ဘယ်နေရာချထားပေးရင် အဆင်ပြေမလဲဆိုတာကို ဆွေးနွေးတာပေါ့။ ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့ အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာအစိုးရတို့ ဆွေးနွေးပြီးမှ ဒါက လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။”

တွေ့ဆုံဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့အဖွဲ့ဟာ ဝေါ်လေကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး ဖွံ့ဖြိုးရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် သွားရောက်မှာဖြစ်တယ်လို့ စောဂုဏ်အောင်က ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ် မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည် ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ မြင်လာမယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့ (တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
DVB
Ref: MNN

အမေရိကန် အဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေလွှဲနိုင်ပြီ

မြန်မာနိုင်ငံတွင် လူမှုရေး၊ ဘာသာရေးနှင့် တခြား ကုသိုလ်ဖြစ်လုပ်ငန်းများကို အားပေးကူညီရန် ရည်ရွယ်၍ သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများမြန်မာနိုင်ငံသို့ တိုက်ရိုက် ငွေကြေးလွှဲပြောင်းမှုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီဖြစ်သည်။
အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးကဲ့သို့သော အကူအညီများ အရေးတကြီး လိုအပ်နေသည် (ဓာတ်ပုံ - Reuters)

ဤသို့ အမေရိကန် အကူအညီပေးရေး အဖွဲ့များအား မြန်မာနိုင်ငံကို တိုက်ရိုက် ငွေကြေးလွှဲပြောင်းခွင့်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သော်လည်း ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်နှင့် စီးပွားရေးဆိုင်ရာ ငွေအလွှဲအပြောင်းကိုမူ ဆက်လက် ပိတ်ပင်ထားဦးမည်ဟု သိရသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒဏ်ခတ်မှုကို ကြီးကြပ်သော နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး၏ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် (၁) အခြေခံ လူ့လိုအပ်ချက်များအတွက် လုပ်ဆောင်နေခြင်းများ၊ (၂) ဒီမိုကရေစီ တည်ဆောက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာ အထောက်အကူပြုလုပ်ငန်းများ၊ (၃) ပညာရေးဆိုင်ရာ လုပ်ငန်းများ၊ (၄) အားကစား၊ (၅) ကုန်သွယ်စီးပွား မဟုတ်သည့် လူထုအကျိုး ပြုလုပ်ငန်းများနှင့် (၆) ဘာသာရေးလုပ်ငန်းများ စသည့် ကုသိုလ်ဖြစ်လုပ်ငန်းများအတွက်  မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာအစိုးရ ခေါင်းဆောင်များအား ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုခြင်း၊ အမေရိကန်အစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရုံးကို မြန်မာပြည်တွင် ဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ခြင်းတို့ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

တချိန်တည်းတွင် ဩစတြေးလျကလည်း ငွေကြေးဝန်ဆောင်မှုနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ထားသည့် မြန်မာအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များကို ဧပြီလ ၁၆ ရက်နေ့မှစ၍ ရုပ်သိမ်းပေးလိုက်ပြီဖြစ်ရာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများ တိုးတက်လာနိုင်ဖွယ် ရှိနေသည်။

ဩစတြေးလျ အစိုးရကြေညာချက်အရ ပိတ်ပင်ခံထားရသူ ၃၉၂ ဦးမှ ၁၃၀ အထိ လျှော့ချပေးခဲ့ရာ သမ္မတ ဦးသိန်းစိန် အပါအဝင် “ပြုပြင်ပြောင်းလဲလိုသူများ” ကို စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ သို့သော် စစ်ဘက်အရာရှိကြီးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် သံသယရှိသူများကိုမူ ဆက်လက် ဒဏ်ခတ်ထားမည်ဟု ဆိုသည်။ ၁၉၉၁ မှစတင်ခဲ့သော စစ်လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကိုလည်း ဆက်ထိန်းထားဦးမည်ဖြစ်သည်။

ဩစတြေးလျ အစိုးရအနေဖြင့် အမေရိကန်ကဲ့သို့ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး လုံးဝမလုပ်ရဟု ပိတ်ပင်ခြင်း မရှိခဲ့ပေ။ နှစ်နိုင်ငံ ကုန်သွယ်ရေး ၂၀၁၀ စာရင်းများအရ မြန်မာက ဩစတြေးလျသို့ ဒေါ်လာ ၁၆ သန်း၊ ဩစတြေးလျမှ မြန်မာသို့ ဒေါ်လာ ၈၁ သန်းဖိုး အပြန်အလှန် ကုန်တင်ပို့ခဲ့ပြီး အများစုမှာ ဂျုံ၊ ပင်လယ်စာနှင့် တခြား စားသောက်ကုန်ပစ္စည်းများ ဖြစ်သည်။

အမေရိကန်နှင့် ဩစတြေးလျ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချခြင်းသည် ဧပြီလ ၂၃ ရက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ပေါ်ထွက်လာဖွယ်ရှိသော မြန်မာပြည်ဆိုင်ရာ မူဝါဒ၏ ရှေ့ပြေးသဖွယ် ဖြစ်သည်။

ဧပြီ ၁၃ ရက်တွင် မြန်မာပြည်သို့ လာရောက်လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံပြီးနောက် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပြုရန် ပိတ်ဆို့မှုများ လုံးဝ မရုပ်သိမ်းသေးသော်လည်း လျှော့ချပစ်ရန်နှင့် ဆက်ထိန်းထားပြီး လိုအပ်လာပါက ပြန်အသုံးပြုရန် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ တိုက်တွန်းချက်ကလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပေါ် လွှမ်းမိုးမည် ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်က အကယ်၍ ပြုပြင်ပြောင်းလဲမှုများ ပျက်ဆီးလာစေမည်ဆိုပါက ဒဏ်ခတ်မှုများ ပြန်ကြုံရမည်ဟု ရှင်းလင်းစေရန် ထိုသို့ ဆက်ထိန်းထားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း သဘောတူသည်ဟု ပြောသည်။

ဥရောပသမဂ္ဂအနေဖြင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကိုမူ ဆက်လက် ထိန်းထားမည်ဖြစ်သော်လည်း ကျောက်မျက်သယံဇာတများ တင်သွင်းမှု ပိတ်ပင်ထားခြင်း၊ လူ ၅၀၀ နှင့် စီးပွားရေးလုပ်ငန်း ၉၀၀ တို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်း အပါအဝင် ပြစ်ဒဏ်ခတ်မှုများ ဖြေလျှော့ရန် ရှိနေကြောင်း သိရသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ထောက်ခံ အသိအမှတ်ပြုသည့်အနေဖြင့် ဖေဖော်ဝါရီလတွင် သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင် ၈၇ ဦးအား ပြည်ဝင်ခွင့် ပိတ်ပင်ထားခြင်းကို ဥရောပသမဂ္ဂက ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ပိုင်ဆိုင်မှု ထိန်းချုပ်ထားခြင်းကိုမူ ဆက်ထိန်းထားခဲ့သည်။

အမေရိကန်အနေဖြင့်လည်း မြန်မာနှင့် သံတမန်ဆက်ဆံရေး အသစ်တဖန် ပြန်လည် စတင်ရန်ရှိနေပြီး လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းများ ဒဏ်ခတ်မှုလျှော့ချသွားရန် ရှိနေကြောင်း သိရသည်။

သို့ရာတွင် အမေရိကန်၏ ဒဏ်ခတ်မှုမှာ ဩစတြေးလျ၊ ဥရောပသမဂ္ဂတို့နှင့်မတူ ဥပဒေပြုထားသောကြောင့် ပြဌာန်းထားချက်များဖြစ်သော နိုင်ငံရေးအကျဉ်းသားများ လုံးဝလွှတ်ပေးရေး၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ရေးများ အကောင်အထည်ဖော်မှသာ ဥပဒေ ရုပ်သိမ်း၍ရမည်ဖြစ်သည်။
Ref: ဧရာဝတီ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes