Wednesday, 14 December 2011

အစိုးရအလှူ KIO ဒုက္ခသည် ကော်မတီ လက်မခံ

ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံး အကြိမ် လှူဒါန်းသော ပစ္စည်းများကို လက်ခံသော်လည်း အစိုးရဘက်မှ လှူဒါန်း ပစ္စည်းများကို လက်မခံကြောင်း KIO  အရာရှိ တဦးက ပြောသည်။

UNICEF မှ စုစုပေါင်း အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈ဝဝ ကို လက်ခံသော်လည်း ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းအစုံ ၁,ဝဝဝ၊ ပြည်နယ်အမတ် ဦးသိန်းဇော်က ဆန်အိတ် ၃ဝဝနှင့် အနွေးထည် ၁,ဝဝဝ ၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ အိမ်တွင်းသုံးပစ္စည်း အစုံ ၄ဝဝ တို့ကိုမူ KIO ဘက်က လက်မခံခဲ့ခြင်း ဖြစ်သည်။

“လက်ခံလို့ မရဘူးလေ။ အစိုးရက ထိုးစစ်တွေ ဆင်နေတဲ့အချိန်၊ သူတို့အစိုးရဘက်က သူတို့ကူညီတာ လက်ခံတယ် ဆိုရင် တဖက်မှာ သတ်၊ တဘက်မှာ ထမင်းကျွေးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒီအချိန်မှာ လက်မခံနိုင်ဘူး”ဟု KIO  စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။
kachinnet
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံးအကြိမ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွကိ ပစ္စည်းများ လာရောက်လှူဒါန်း (Photo::Kachinnet)
ကုလသမဂ္ဂမှ လှူဒါန်းသည့်ပစ္စည်းများကိုမူ လက်ခံလိုက်ကြောင်း “အခု လောလောဆယ်က အိမ်ထောင်စု ၈ဝဝ ဖို့ အိမ်တွင်းသုံး အိုးခွက်ပန်းကန်၊ ဇွန်းကအစ၊ ခြင်ထောင်၊ မိုးကာတွေ ပါတယ်လို့ ပြောတယ်။ အဲဒါကိုတော့ လက်ခံ လိုက်တယ်”ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့ရှိ UNICEF မှ ဝန်ထမ်း ဦးမြတ်သာ၊ ဦးညီလင်းထက်၊ UNHCR မှ ဦးဂျိုးဇက်နှင့် UNOCHA မှ ဦးမိုးအောင် တို့ ၄ ဦးတို့က  ယမန်နေ့ ညနေပိုင်းက လှူဒါန်းမည့်ပစ္စည်းများတင်ဆောင်လာသော ကား ၈ စီးနှင့်အတူ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် သွားရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ သိသလောက် အထောက်အပံ့ supply တွေ တော်တော်နည်းနေတယ်လို့ ကြားတယ်။ ဆောင်းရာသီ လည်း ဝင်နေပြီ ဆိုတော့ ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပေးရမယ့် အခြေအနေရှိပါတယ်။ ကျနော်တို့လည်း သက်ဆိုင်ရာ အလှူရှင် နိုင်ငံတွေကို အကူအညီတောင်းနေပါတယ်။ အခုဒီလိုစပြီး သွားနိုင်ပြီဆိုကတည်းကလေ ကျနော်တို့ ထပ်ပြီးတော့ လက်လှမ်းမီနိုင်အောင် ကြိုးစားသွားဦးမှာပါ”ဟု ပြောသည်။

ပထမဆုံးလာရောက်၍ စစ်ဆေးခြင်းဖြစ်၍ စစ်ပြေးဒုက္ခသည်များအတွက် လုံလောက်ခြင်းမရှိသော်လည်း လက်ရှိ လိုင်ဇာမြို့အနီးတဝိုက် ရှိနေသော ဒုက္ခသည်စခန်း ၆ ခုတွင် စစ်ပြေးဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၄ဝဝဝ ကျော် ရှိသည်။

KIO ထိန်းချုပ်သော နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၂၂ ခုရှိပြီး လူဦးရေ ၄၆ဝဝဝ ရှိနေပြီဟု ဒုက္ခသည် ကူညီရေး ကော်မတီက ခန့်မှန်းသည်။

စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ အကူအညီပေးခြင်းကို လက်ခံ ကြိုဆိုကြောင်းနှင့် ဆက်လက် အကူအညီပေးရန် KIO အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ကျနော်တို့ ဒုက္ခရောက်နေတဲ့အတွက် စစ်က ဘယ်တော့ ပြီးဆုံးမယ်ဆိုတာ မသိသေးဘူး။ ဒါပေမယ့် ကျနော်တို့
ပြည်သူတွေဘက်ကနေ စစ်ပြေးဒုက္ခရောက်နေတဲ့အချိန် ဒီလိုကူညီတယ်ဆိုတာ ကြိုဆိုပါတယ်။ ပြည်သူတွေလည်း ဝမ်းသာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ကုလသမဂ္ဂမှ လာရောက်လှူဒါန်းသည့် ကိုယ်စားလှယ်များသည် စစ်ပြေး ဒုက္ခသည်စခန်းများသို့ လိုက်လံ ကြည့်ရှုခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာကြမည် ဖြစ်သည်။

ဒုက္ခသည် ၁၄,၀၀၀ ကျော်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များကလည်း ပထမဆုံးအကြိမ် ကျပ်သိန်း ၇၀၀ ကို တနင်္လာနေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံ ပေးအပ်ခဲ့သည်။

မြန်မာအစိုးရနှင့် KIO အကြား ပြီးခဲ့သည့် ဇွန်လမှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ လကြာသည်အထိ အစိုးရက ပြည်ပ အကူအညီနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော NGO များ အကူအညီထောက်ပံ့မှုကို ပိတ်ပင်ခဲ့ရာမှ ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂမှ သွားရောက် လှူဒါန်းခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ စနေနေ့က ညွန်ကြားထားသော်လည်း အင်္ဂါနေ့ ညနေ ၃ နာရီချိန်တွင် KIA တပ်မဟာ ၃ လက်အောက် တပ်ရင်း ၁၅ နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO က ပြောသည်။

Tuesday, 13 December 2011

မြန်မာစာစနစ်နှင့် OpenOffice 3.0 ကို အသုံးပြုချင်သူများအတွက်

ကျွန်တော်တို့ မြန်မာ ပညာရှင်တွေရဲ့ ကြိုးစား မှုတွေကြောင့် အခုနောက်ပိုင်းမှာ Myanmar Version Project တွေ တစ်ခုပြီး တစ်ခုထွက်ပေါ်လာနေတာ ဟာကျွန်တော်တို့လို အသုံးပြုသူများ အတွက်တော့ ၀မ်းသာစရာနဲ့ ပြီးတော့ ဂုဏ်ယူစရာပါပဲ။
အခုလည်း ညီလေးတစ်ယောက် စီဘောက်မှာ မေးထားလို့ ရှာကြည့်လိုက်ရင်းနဲ့ OpenOffice.org ရဲ့ Project တစ်ခုဖြစ်တဲ့ Microsoft Office ကဲ့သို့ မြန်မာစာ စနစ်ဖြင့် အသုံးပြု နိုင်တဲ့ OpenOffice 3.0 ကို အသုံးပြုချင်သူတွေ အတွက် OpenOffice 3.0 ကိုမိတ်ဆက် ပေးချင်ပါတယ် .. ကျွန်တော် အခုနောက်ထပ် စမ်းသပ် ဗားရှင်းအဖြစ် ထုတ်ထားတဲ့ OOo_3.0.0_081115_Win32 ကို အသုံးပြု ချင်သူတွေ အတွက် ဘယ်လို ဒေါင်းလော့ ချပြီး အသုံးပြုလို့ ရမယ်ဆိုတာကို ရေးပေးသွား ပါမယ် .. ။
Microsoft Office လောက် ပြည့်စုံမှုမရှိသေး ပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုး တွေ အတွက်တော့ မြန်မာစာစနစ်ဖြင့် အသုံးပြုလို့ ရမှာ ဖြစ်တဲ့ အတွက် စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်။
ဒါပေမယ့် Unicode 5.1 နှင့် လိုက်လျောညီထွေသော ( Padauk, Myanmar3, Parabaik ) တို့ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် မိမိတို့ ကွန်ပျူတာမှာ Unicode Font ကို Install လုပ်ထားဖို့ လိုပါလိမ့်မယ်။ Unicode Font ကို မိမိတို့ကွန်ပျူတာမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို မသိသေးတဲ့ သူတွေကတော့ ဒီလင့် မှာ ကျွန်တော် Zawgyi-One နှင့် Unicode နှစ်မျိုးလုံး သုံးချင်သူများအတွက် ဆိုပြီး ရေးပေးထားတာ ရှိပါတယ်။ ကျွန်တော် OpenOffice 3.0 ကို အသုံးပြုချင် သူတွေအတွက် ဒေါင်းလော့ ချတဲ့ အဆင့်ကနေ စပြီး ပုံလေးတွေနဲ့ ရှင်းပြပေး သွားပါမယ် ..
အရင်ဆုံး ဒီအောက်က လင့်လေးကနေ သွားလိုက်ပါ..
ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း Windows အောက်မှာ ရှိတဲ့ OOo_3.0.0_081115_Win32Intel_install_my.exe (md5sum) ကိုကလစ်ပြီး ဒေါင်းလော့ ချလိုက်ရုံပါပဲ ..
ဒေါင်းလော့ချပြီး သွားပြီ ဆိုရင်တော့ ဒီကောင်လေးကို ဘယ်လို Install လုပ်ရမယ် ဆိုတာကို ကျွန်တော် အောက်မှာ ပြပေးထားပါတယ် .. အရင်ဆုံး ဒေါင်းလော့ ချလို့ရလာတဲ့ File လေးကို Double Click လုပ်ပြီး ဖြည်လိုက်ပါ .. ပြီးရင် Auto Run သွား ပါလိမ့်မယ် ..
အောက်မှာ ကျွန်တော်တို့ အနေနဲ့ Microsoft Office မှာ အသုံးပြုသလို Word , Excel , Powerpoint တို့လို အသုံးပြု နိုင်မှာ ဖြစ်ပါတယ် .. Word အစား မှတ်တမ်းမှတ်ရာ စာသား ၊ Excel အစား ဖြန့်သော အလွှာချပ် Powerpoint အစား တင်ပြချက်တို့ကို ကလစ်ပြီး အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ..
အောက်က ပုံမှာတော့ ကျွန်တော် မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒီအောက်ကပုံကတော့ မှတ်တမ်းမှတ်ရာ စာသား မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် ..
ဒီအောက်က ပုံမှာတွေ့ရတဲ့ ပုံကတော့ ဖြန့်သော အလွှာချပ် မှာတွေ့ရတဲ့ မြင်ကွင်းကို ဖော်ပြပေး ထားတာ ဖြစ်ပါတယ် ..
ဒါကတော့ ကျွန်တော့် အနေနဲ့ OpenOffice 3.0 ကိုအသုံး ပြုချင်သူတွေ အတွက် ကျွန်တော် လေ့လာမိသလောက် ပြန်ပြီး မိတ်ဆက် ပေးတာပဲ ဖြစ်ပါတယ် ..
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..။

NLD ပါတီ ပြန်လည် ထူထောင်ခွင့် ပြုပြီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်ငံရေးပါတီ ထူထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်လိုက်ပြီ ဖြစ်သည်။
“ကျနော်တို့ကို တည်ထောင်ခွင့် ပေးတယ်ဆိုတာက Permission ပေးတဲ့ သဘောပေါ့။ ဒါကို ကျနော်တို့က နောက်ထပ် မှတ်ပုံ တင်ဖို့ လုပ်ရဦးမယ်” ဟု NLD ပါတီ၏ ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ဒီဇင်ဘာလ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက် ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။
ပါတီ ပြန်လည်ထူထောင်ခွင့် ရပြီးနောက် NLD ရုံးချုပ်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတည် တည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ် ခွင့်ပြုပေးလျှက်ရှိရာ ဦးတင်ဦးပါ ၂၁ ဦးတို့က လျှောက်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများဖြင့် ညီညွတ်ကြောင်း တွေ့ရသဖြင့် ကော်မရှင်က ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပါတီ ထူထောင်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်” ဟု သတင်းစာများတွင် ရေးသားထားသည်။
NLD ပါတီ တည်ထောင်ခွင့်ကို လွန်ခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နေ့စွဲဖြင့် လျှောက်ထားခဲ့ပြီး ယခု ပါတီ ထူထောင်ခွင့်ပြုမိန့် ကျပြီဖြစ်ရာ မှတ်ပုံတင်ရန်အတွက် လာမည့် သတင်းပတ်အတွင်း နေပြည်တော်သို့ သွားရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ရှင်းပြသည်။
ကော်မရှင်က စိစစ်ဆဲ ကာလတွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သူ ၂၁ ဦး၏ ကိုယ်ရေးရာဇ၀င်များကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဥပဒေအရ နိုင်ငံခြားမှ အကူအညီယူခြင်းရှိ၊ မရှိ တို့ကိုလည်း မေးမြန်းခဲ့ကြောင်း သူက ဆိုသည်။
NLD ပါတီသည် ယခင်အသုံးပြုခဲ့သည့် ခမောက် သင်္ကေတကို အသုံးပြုတော့မည် မဟုတ်တော့ဘဲ ယခုလက်ရှိ ပါတီအလံအတိုင်း အနီရောင် အောက်ခံတွင် အဖြူရောင် ကြယ်နှင့် ရွှေရောင် ခွပ်ဒေါင်းပုံ၊ အဖြူရောင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” စာတန်းကို အောက်ခြေတွင် ဖော်ပြထားသည့် အမှတ်တံဆိပ်အား အသုံးပြုမည်ဖြစ်ကာ အမှတ်တံဆိပ်၏ စံပြု အရွယ်အစားမှာ ထောင့်မှန်စတုဂံပုံ အလျား ၁. ၆၂ လက္မ၊ အနံ ၁ လက္ခ ဖြစ်ကြောင်း NLD က ဒီဇင်ဘာလ  ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်၏ နေအိမ်တွင် ၁ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ အလွတ်သဘော ဆွေးနွေးခြင်းသာဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ သိတာကတော့ ကောင်းကောင်းမွန်မွန် မိတ်ဆက်စကားပြောကြတာပါ။ အသေးစိတ်တော့ မသိပါဘူး။ ခေါင်းစဉ်တော့ မရှိပါဘူး။ မိတ်ဆွေတွေ ပြောကြတဲ့ပုံစံပါပဲ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
ဆက်လက်၍ ဦးဉာဏ်ဝင်းက တိုင်းပြည်နှင့် ပြည်သူလူထုအတွက် များစွာ ဆက်လက်လုပ်ဆောင် နေရဦးမည်ဖြစ်ပြီး အခုကဲ့သို့သော တွေ့ဆုံမှုများသည် အလားအလာကောင်းများ ဖြစ်သည်ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးခင်အောင်မြင့်တို့ တွေ့ဆုံမှုအပေါ် NLD လူငယ်များနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်များကလည်း မြန်မာနိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သည်ဟု ရှုမြင်ကြသည်။
“ကျနော်တို့ကတော့ အားလုံး အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကြရင် ကျနော်တို့ တိုင်းပြည်ကောင်းသွား မှာပဲလို့ ကျနော်တို့ သုံးသပ်တယ်” ဟု NLD လူငယ် ကိုကျော်စိုးနိုင်က ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်သည် NLD ပါတီအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း၊ အဆိုပါ ရလဒ်သည် ဖျောက်ဖျက်၍ ရသည့် ကိစ္စမဟုတ်ကြောင်း Yangon Times သတင်းဂျာနယ်နှင့် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံစဉ် ပြောခဲ့သေးသည်။
NLD ပါတီ မှတ်ပုံပြန်တင်မည် ဆိုပါက လွှတ်တော် အကြီးအကဲဖြစ်သည့် ၎င်းနှင့်အတူ လွှတ်တော်ထဲမှ ကိုယ်စားလှယ် များက ကြိုဆိုမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများက ရွေးချယ်တင်မြှောက်ပါက လွှတ်တော် တွင်းကို ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝ သည့် ပညာတတ်တယောက် ဖြစ်သောကြောင့် နိုင်ငံတည်ဆောက်ရေးအတွက် များစွာ အားကိုးရမည် ဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့သည်။

ကချင်ဒုက္ခသည်များကို ကုလသမဂ္ဂ ပထမဆုံးအကြိမ် ကူညီ

ကချင် စစ်ပြေးဒုက္ခသည်များ အတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့ တချို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာဒေသသို့ပထမဆုံး အကြိမ် သွားရောက်၍ အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေး ဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
“အဓိက လိုအပ်နေတဲ့ အိမ်သုံးပစ္စည်းတချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်၊ ဒုက္ခသည်တွေကို ကူညီပေးနိုင်ဖို့ ပထမဆုံး သွားရောက်ခဲ့တဲ့ လေ့လာရေး ခရီးစဉ်သဘောပါ၊ ဆက်လက်ကူညီပေးသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ရုံး၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ဧရာဝတီ ကိုပြောသည်။
ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(UNICEF)၊ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး(UNOCHA)တို့သည် ကချင်ပြည်နယ် သို့ ယမန်နေ့က ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေး ကိစ္စများကို KIA နှင့်ဆွေးနွေး၍ ဒုက္ခသည်များထံ ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း သိရသည်။
“အိမ်ထောင်စု ၃၀၀ အတွက် ပစ္စည်း ၆ မျိုးပါတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ တကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းတွေ၊ စောင်၊ အ၀တ်အထည်တွေကို ပေးခဲ့ပါတယ်”ဟု ရန်ကုန် အခြေစိုက် ယူနီဆက်ရုံး၏ ပြန်ကြားရေးအရာရှိ Mr. Zafrin Chowdhuryက
ဆိုသည်။
ကုလသမဂ္ဂ အဖွဲ့များသည် မြန်မာအစိုးရ၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့နှင့် သဘောတူညီမှုရရှိခဲ့ပြီး ဗန်းမော်မြို့မှ လိုင်ဇာဒေသသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။
အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေကြရသည့် KIA ထိန်းချုပ်ရာ ဒေသများမှ စစ်ပြေးဒုက္ခသည်များကို ဆက်လက် ကူညီထောက် ပံ့ ပေးခွင့်ရရန် မျှော်လင့်ထားကြောင်း Mr. Zafrin Chowdhury က ဆက်ပြောသည်။
ထိုအဖွဲ့များနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) အပါအ၀င် NGO များကိုပါ KIA ထိန်းချုပ်ဒေသသို့ သွားရောက်ကူညီခွင့် ကို အစိုးရ အာဏာပိုင်များက ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ယခု ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
“ယူအန်အဖွဲ့(ကုလသမဂ္ဂ)က ပုဂ္ဂိုလ် ၄ ဦးရယ်၊ ကား ၆ စီးနဲ့ စားနပ်ရိက္ခာပစ္စည်းတွေ ပါပါတယ်၊ ဆန်နဲ့ တခြားပစ္စည်းတွေပါ”ဟု လိုင်ဇာ အခြေစိုက် ကချင် စစ်ပြေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုလာရစ် က ဧရာဝတီကို ပြောသည်။
ကချင်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ဒုက္ခသည် ဦးရေ တိုးပွားလာနေကြောင်း၊ ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်သည့်အရာမှာ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့်ကလေးများ၏ ပညာရေးကိစ္စများ ဖြစ်ကြောင်းလည်း ၎င်း က ဆိုသည်။
KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ခန့်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း ကိုလာရစ်က ဆက်လက်ပြောဆိုသည်။
မြန်မာအစိုးရ ထိန်းချုပ်ရာဒေသ မြစ်ကြီးနားနှင့်မြို့နယ်တချို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) စသည့် လူမှုရေးအဖွဲ့များကလည်း ပစ္စည်းတချို့ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက လှူဒါန်းခဲ့သေးသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အားတိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ ထပ်မံ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားသည်ဟု
ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်များကို လှူဒါန်းသည့်အခမ်းအနားတခု၌ ပြောဆိုသွားခဲ့ကြောင်း ဒေသခံများ က ပြောသည်
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များက ငွေကျပ် သိန်း ၇၀၀ နှင့် အဝတ်အထည်များ လှူဒါန်းသည့် ယင်းအခမ်း အနား ကို ဒီဇင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်၍ ပြုလုပ်ခဲ့ရာ၌ ပြည်တွင်း မီဒီယာ တချို့နှင့်ဒေသခံ များ တက်ရောက်ခဲ့စဉ် ပြည်နယ် ၀န်ကြီးချုပ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကြားစာအား KIA မှ အတိအကျမသိသေးဟု ပြောဆိုပြီး အစိုးရသတင်းစာများကလည်း တရားဝင်ကြေညာ ခြင်း မရှိပေ။
“၁၀ ရက်နေ့မှာ သမ္မတက စာပို့ထားတယ်လို့ကြားပေမယ့် တိုက်ပွဲက ဒီနေ့အထိ ဖြစ်နေတုန်းပါ၊ စစ်တပ်အနေနဲ့ ဘယ်အတိုင်း အတာ အထိ လိုက်နာမလဲဆိုတာ စောင်ကြည့်ရဦးမှာပါ”ဟု KIA ၏ ပြောခွင့်ရသူ ဦးလနန် က ဆိုသည်။
၎င်းက“မနေ့က ဆိုရင်လည်းပဲ မြစ်ကြီးနားဘက်ကို ရထား၂ စီးနဲ့ စစ်သားတွေ အပြည့်ရောက်လာတယ်၊ ဗန်းမော်ဘက် ကို လည်း စစ်သဘောင်္ ၄ စီးရောက်လာတယ်၊၂ စီးက စစ်သားတွေ၊၂ စီးက စစ်လက်နက်တွေ အပြည့်ပါတယ်”ဟု ဆက်ပြော သည်။
အစိုးရစစ်တပ်သည် ရှေ့တန်း စစ်မျက်နှာ၌ တပ်အင်အား ထပ်မံတိုးချနေကာ လားရှိုးမြို့နယ်ဒေသ တ၀ိုက်တွင်လည်း တပ် အင်အား တိုးချနေသည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့က KIA နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရကြသေးဘဲ တိုက်ပွဲများ ဖြစ်နေကြောင်း၊ သို့သော် အစိုးရ ဘက်မှ တွေ့ဆုံရန် ကမ်းလှမ်းလာပါက ၎င်းတို့အနေနှင့် တွေ့ဆုံရန် အသင့်ရှိကြောင်း ဦးလနန် က ဆိုသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ် အခတ် ရပ်စဲခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလဆန်း မြန်မာပြည်သွားမည်

ဓာတ်ပုံ ASSOCIATED PRESS
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) တို့ အမေရိကန် နိုင်ငံခြားရေးဌာနတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဒီဇင်ဘာလ ၁၂၊ ၂၀၁၁)


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်န၀ါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်တယ်လို့ ၀ါရှင်တန်မြို့တော်မှာ ရောက်ရှိနေစဉ် တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ နှစ်နိုင်ငံကြား အရေးပါတဲ့ကိစ္စရပ်တွေ ဆွေးနွေးအပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ဗြိတိန်ဝန်ကြီး ၀ီလျံဟိတ်ဂ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးရောနီညိမ်းက တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ တွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အလေးထားပြီး စိုးရိမ်မကင်း ဖြစ်နေရတဲ့ကိစ္စရပ်တွေ ဖြစ်တဲ့ ဥရောပ စီးပွားရေး ပဋိပက္ခ၊ အီရန်အပေါ် တိုးမြှင့် အရေးယူဒဏ်ခတ်ရေးကိစ္စ၊ အာဖဂန်နစ္စတန်ရဲ့ အသွင်ကူးပြောင်းရေးကာလ ကိစ္စ၊ ပါကစ္စတန် အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံ အရေးကိစ္စ ကိုပါ ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဆွေးနွေးရာမှာ အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ ပိုမိုပါဝင်လှုပ်ရှားလာတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ၀န်ကြီးဟိတ်ဂ် က ကြိုဆိုထောက်ခံလိုက်ပြီး သူ့အနေနဲ့လည်း ရှေ့လ ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ဘုံဦးတည်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပိုပြီးတော့ ရလာစေဖို့ ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဒီလိုလွတ်လပ်ခွင့်တွေ ပိုရရေး ဦးတည်ချက်ကို ပိုပြီးတော့ အောင်မြင်အောင် ဆောင်ရွက်ဖို့ပါ။ ဒါက သိပ်ကိုအရေးကြီးပါတယ်။ ကျနော် ဇန်န၀ါရီလဆန်းထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာ့အရေး အပါအ၀င် တခြား ကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံက လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာတော့ ၀န်ကြီးကလင်တန်က လွတ်လပ်ခွင့်တွေအတွက် မြန်မာနိုင်ငံမှာ အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရပေမဲ့ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာအလုပ်တွေ အများကြီး ကျန်နေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် မိမိအနေနဲ့ ၀မ်းမြောက်ဝမ်းသာရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီးတော့ တရုတ်နိုင်ငံကလည်း ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် သွားရောက်မယ့်သတင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြိုဆိုကြောင်း သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
“ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်သတင်းကို ကျမ ကြိုဆိုပါတယ်။ သံတမန်ရေးအရ ဆက်လက် အရေးပေး ဆောင်ရွက်သွားခြင်းအားဖြင့် ကျမတို့အနေနဲ့ မြန်မာအစိုးရသစ်ကို စမ်းသပ်နိုင်ဖို့ အခွင့်အလမ်းကောင်း ရလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါ့အပြင် ၂၁ ရာစုမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအ၀ိုင်းကြား နေရာမှန် ရောက်နိုင်ဖို့ ကြိုးပမ်းမှုအတွက်လည်း အဟန့်အတားဖြစ်နေတဲ့ ကျန်ရှိနေသေးတဲ့ ပြဿနာတွေ ဖြေရှင်းရေးအတွက်လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လိုလမ်းမျိုး လျှောက်လှမ်းရမယ်ဆိုတာက ရှင်းပါတယ်။”
ဗြိတိသျှဝန်ကြီး ၀ီလျံဟိတ်ဂ် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံကို ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး အန်ဒရူးမစ်ချဲလ် သုံးရက်ကြာခရီး သွားရောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး အဲန်ဒရူးမစ်ချဲလ်ကလည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို သတိကြီးကြီးနဲ့ အကောင်းမြင် သုံးသပ်နေမယ်လို့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ ပြောဆိုခဲ့ပါတယ်။
Ref: VOA

Monday, 12 December 2011

ဥပဒေများပီပြင်မှ လွှတ်တော်လုပ်ငန်းများ ပီပြင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

7111
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လွှတ်တော်၏ အဓိကတာဝန် မှာ ဥပဒေပြုရေးသာ ဖြစ်ပြီး ဥပဒေများ ပီပြင်ပြည့်စုံစွာပြုနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပီပြင်မှသာ လွှတ်တော်လုပ်ငန်း တာဝန်များကို ပီပြင်စွာ ဆောင်ရွက်နိုင်မည်ဟု ခံယူထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့က ရန်ကုန် မြို့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ရန်ကုန်(ရုံးခွဲ) ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံရေးစနစ် အပြောင်းအလဲ ဟု ဆိုရာတွင်လည်း ဒီမိုကရေစီဟု ပြောင်းလိုက်ရုံဖြင့် ပြီးသွားသည် မဟုတ်ဘဲ ပြောင်းလဲလိုက်သည့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ လူမှုစီးပွားစနစ်ကောင်းမွန်ရန် လိုအပ်ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။
‘‘ကျွန်တော်တို့လွှတ်တော်ဟာ ဥပဒေပြုရမယ့် အဓိကတာဝန်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေ ပညာရှင်များကို ပြည့်စုံအောင်ဖွဲ့စည်းပြီး ဥပဒေများ ပီပြင်စွာပြုနိုင်မှ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်ကို ပီပြင်စွာ ဆောင်ရွက်နိုင်ပါမယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းမှ ပြောကြားခဲ့ပါသည်။
‘‘လွှတ်တော်များသည် ဥပဒေ ပြဋ္ဌာန်းဖို့အဓိက တာဝန်ရှိပါတယ်။ ဥပဒေပြဋ္ဌာန်းတယ် ဆိုတဲ့နေရာမှာ တည်ဆဲ ဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက်၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ ပါဝင်ပါတယ်။ ဒါဖြင့်ရင် တည်ဆဲဥပဒေများကို ဘယ်လိုပြင်ဆင်မလဲ၊ ဘယ်လိုပယ်ဖျက်မလဲဆိုတာနဲ့ ပတ်သက်ပြီး မေးခွန်းများ မေးလာမယ်ဆိုရင် ဥပဒေပြုတဲ့ နေရာမှာ ဥပဒေကြမ်းကော်မတီကို လွှတ်တော်က သတ်မှတ်ထားတဲ့ စိစစ်ချက် ၁၂ ချက်ရှိပါတယ်။ အဲဒီစိစစ်ချက် ၁၂ ချက်နဲ့ညီညွတ်မှ ဒီဥပဒေကြမ်းအဖြစ် ဆက်လက်ဆွေးနွေးနိုင်ဖို့ သတ်မှတ်ထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို မဖြစ်ထွန်းဘူး၊ ကာကွယ်မပေးတော့ဘူး ဆိုရင် ကျွန်တော်တို့ဟာ ဒီဥပဒေတွေကို အလျင်အမြန် ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီ အတိုင်းပဲ ဒီနေ့နိုင်ငံမှာ လိုအပ်ချက်အရ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးဖို့ လိုတယ်ဆိုလို့ရှိရင်လည်း ဒီကော်မရှင်က လွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုလို့ရှိရင် ပြင်ဆင်ဖို့လိုတဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်ဥပဒေက ဘယ်အပိုင်း ဘယ်အပိုဒ်မှာတော့ ဒီလိုဖြစ်နေတယ် ဒါကိုပြင်ဆင်မှသာလျှင် ဒီနေ့ လက်တွေ့ ဆောင်ရွက်နိုင်မယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ရဲ့ အကျိုးစီးပွားဖြစ်ထွန်းမှာ ဖြစ်တယ်ဆိုတာကိုလည်း ဒီကော်မရှင် က ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း တင်ပြပေးရမှာဖြစ်ပါတယ်’’ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
‘‘ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေရှိတယ် မှန်တယ် ကောင်းတယ်၊ အပြောင်းအလဲ ရှိမှလဲ  တိုးတက်မယ် တိုးတက်သော အပြောင်းအလဲအတွက်လည်း ကျွန်တော်တို့ လက်ခံဆောင်ရွက်ရမှာ။ အပြောင်းအလဲလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးစနစ် အပြောင်းအလဲက ဒီမိုကရေစီဆိုပြီး သွားရော။ ဒါပေမယ့် ဒီမိုကရေစီစနစ် ကို ဆက်လက်ရှင်သန်အောင် ဆောင်ရွက်နိုင်ဖို့က စီးပွားရေးအပြောင်းအလဲ တစ်ဆင့်ပြောရမယ် ဆိုလို့ရှိရင် လူမှုစီးပွားရေးစနစ် ကောင်းမွန်လာဖို့ ဒီဟာအရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ စနစ်အရ ပြုပြင်ပြောင်းလဲမှု တွေ တော်တော်များများ ဆောင်ရွက် ထားပြီးပြီ။ ဆောင်ရွက်နိုင်ခဲ့ပြီ။ အဲဒီနည်းတူ လွှတ်တော် ဘက်ကလည်း လွှတ်တော်ရေးရာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ကိစ္စများကို တော်တော်လေး ဆောင်ရွက်ပြီးပြီ။ သို့ရာတွင် နိုင်ငံမှာ ဒီနေ့ တစ်ကယ်လိုအပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်တော့ လုပ်ဖို့ အများကြီး ကျန်သေးတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်ဘဲနဲ့တော့ နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ဖြစ်ထွန်းမှာမဟုတ်ဘူး။ အဲဒီ နည်းတူပဲ လူမှုစီးပွားရေးတိုးတက် ကောင်းမွန်မှာမဟုတ်ဘူး။ ဒါကြောင့် မို့ စီးပွားရေးပြုပြင် ပြောင်းလဲနိုင်ဖို့ အတွက်လည်း လေ့လာပေးပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ဥပဒေများကို လည်း လေ့လာပေးပါ ဆိုပြီးတော့ ကော်မရှင်ကို တာဝန်ပေးပါတယ်’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေ မန်းက ပြောကြားခဲ့သည်။
Ref: EMG

ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားများအား အခမဲ့ ဆေးဝါးကုသခွင့်ပြု

20111209a
photo: flicker
ထိုင်းနိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသည့်(နိုင်ငံခြားသား) ရွှေ့ပြောင်း အလုပ်သမားများအား ဆေးဝါးအခမဲ့ ကုသနိုင်ရန် ထိုင်းအစိုးအရ ကျန်းမာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများသို့ (၂၈)ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။
“ရေဘေးဒဏ်ကြောင့် ပြည်နယ်ပေါင်းများစွာနှင့် အထူးစီးပွားရေးဇုံများ ပျက်စီးဆုံးရှုံး ရပ်တန့်သွားသည့်အတွက် စက်ရုံကြီးများနှင့် လုပ်ငန်းခွင် လည်ပတ်နိုင်ရေး ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် ဝင်ငွေ မရတော့သဖြင့် အချို့သော အလုပ်သမားများသည် အခြားဒေသများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရသည့်အတွက် ဆေးဝါးကုသမှု ခံယူနိုင်ရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသောကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေး အကျိုးဆောင် ကုသပေးနေသော ဆေးရုံး ဆေခန်းများသို့ ညွှန်ကြားချက် ထုတ်ပြန်ပေးခြင်းဖြစ်ပါသည်”ဟု အဆိုပါ အမိန့် ကြေညာစာ၌ ဖေါ်ပြထားသည်။
အဆိုပါ အမိန့်စာနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေး ဒုက္ခသည်များအား အရေးပေါ် အကူအညီများ သွားရောက် ကူညီ ဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်မှ “အခုလို ထိုင်းအစိုးရအနေနဲ့ ရေဘေးသင့် ရွှေ့ပြောင်း အလုပ်သမားတွေကို အခမဲ့ ဆေးကုသခွင့်ပေးဖို့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ တချို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆိုရင် မသန့်ရှင်းတဲ့ အစားအစာတွေ စားနေကြရပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေရတာကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။ တစ်ချို့ဆို ဆေးရုံ မရောက်ဘဲ သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို ဒေသဆိုင်ရာ ဆေးရုံတွေက လိုက်နာ ဆောင်ရွက်ဖို့လည်း အထူး လိုအပ်မယ်။ ပြီးတော့ ထိုင်းဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိုင်းအစိုးရ အနေနဲ့ ဆေးရုံတွေမှာ စကားပြန်တွေ ထားပေးနိုင်ရင် ပိုပြီး အကျိုးရှိမယ်လို့ ယူဆပါတယ်”ဟု ပြောကြားခဲ့သည်။
“အစိုးရမှ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းတိုင်း (သို့မဟုတ်) အစိုးရမှ ကျန်းမာရေးအာမခံ ထားရှိသော ဆေးရုံ ဆေးခန်းတိုင်းတွင် ဆေးဝါး ကုသနိုင်ပါသည်။ ဆေးဝါကုသမှု ခံယူပြီး ဆေးဖိုးဝါးခ မပေးနိုင်သည့် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ လိုအပ်သည့် ဆေးဖိုးကုန်ကျငွေကို ရှာဖွေထောက်ပံ့ ကူညီ သွားမည် ဖြစ်ပါသည်” ဟုအမိန့်စာ၌ ဆက်လက် ဖော်ပြထားသည်။
“ကျနော် နေမကောင်းတာ (၃) ရက်လောက်ရှိပြီ။ သိပ်အဆိုးကြီးတော့ မဟုတ်ဘူးပေါ့။ ရေကြီးလို့ အလုပ်မဆင်း နိုင်တာရယ်။ သူဌေးက ကျနော်ရစရာရှိတဲ့ လုပ်အားခတွေ မပေးတာကြောင့် ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ ပြောရမယ်ဆိုရင် ဆေးရုံသွားဖို့ ကားခတောင်မရှိဘူး။ ထိုင်းစကားလည်း မတတ်တော့ ဆေးရုံလည်း မသွားရဲပါဘူး”ဟု ရေမြုပ်နေသည့် ဆောက်လက်စ ဆောက်လုပ်ရေးဝင်းအတွင်း နေထိုင်နေသည့် ဆောက်လုပ်ရေး အလုပ်သမား မောင်အောင်အောင်က ပြောသည်။
အဆိုပါ အမိန့်ကြေညာချက်ကို ထိုင်းအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နိုင်ဆွန်ချိုင် နိဖါနစ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

Sunday, 11 December 2011

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ လစာတွေ ဘယ်လိုယူထားသလဲ

Kyaw Hla Maung (Kyauk Phyu) 's Article
Ref: ဒေါက်တာလွမ်းဆွေ

၈၈ မျိုးဆက် ထုတ်ပြန်ချက် သံဃာ့ တပ်ပေါင်းစု ထောက်ခံ

ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား ဦးဂမ္ဘီရ

ရွှေဝါရောင်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် သံဃာ့တပ်ပေါင်းစုက ၈၈ မျိုးဆက် ကျောင်းသားများ၏ ဒီဇင်ဘာ ၅ရက်နေ့ ထုတ်ပြန်ချက်ကို သဘောတူကြောင်း ယနေ့ ကြေညာလိုက်သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်အောင် လျှောက်လှမ်းနေချိန်တွင် ပြည်တွင်းပြည်ပမှ အင်အားစုများသည် မိမိတို့ သဘောထား ရပ်တည်ချက်ကို နည်းလမ်း ပေါင်းစုံဖြင့် ဖော်ထုတ်ခွင့် ရှိပြီး တဦးနှင့်တဦး ပုတ်ခတ် ပြောဆိုခြင်းမျိုးကို ရှောင်ရှားကာ ဟန်ချက်ညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သံဃာ့တပ်ပေါင်းစုက ဆိုသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် လွှတ်တော်တွင်း နိုင်ငံရေး တစ်ခုတည်းဖြင့် မြန်မာနိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ ၀င်ရောက် ယှဉ်ပြိုင်စေခြင်း များအား ပြုလုပ်မည် မဟုတ်ဟူသော အချက်ကို အပြည့် အ၀ ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
ထို့အပြင် ဦးဂမ္ဘီရနှင့်တကွ သံဃာ့ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လုံးဝ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ၈၈မျိုးဆက် ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။
“ဒီလို ၀န်းရံလို့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ၈၈တို့၊ သံဃာ့ တပ်ပေါင်းစုတို့ ဆိုတာ လုပ်နိုင်တဲ့လူက ဆက်လုပ်သွားဖို့ အရင်ကတည်းက သဘောတူပြီးသားပါ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ လုပ်ဖို့ အစောကြီးကတည်းက တာဝန်ရှိမှုနဲ့ တာဝန် ယူကြပါတယ်။ စုပေါင်း ခေါင်းဆောင် စုပေါင်း လုပ်ဆောင်မှုနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သွားတာပါ။ ၂၀၀၆ တုန်းက ကိုမင်းကိုနိုင်တို့ အဖမ်းခံရတုန်းက ကိုဂျင်မီတို့၊ ကိုမြအေးတို့ လုပ်ခဲ့တယ်။ အခု အပြင်မှာ ရှိတဲ့၊ ဆက်လုပ်နေတဲ့ လူတွေက အထဲက လူတွေကို တာဝန်ယူတယ်။ အထဲကလူတွေကလဲ အပြင်ကလူတွေလုပ်တာကို မကန့်ကွက်ပါဘူး” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် စမ်းချောင်း ကိုကိုကြီးက ပြောပြခဲ့သည်။

နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့သူတွေထဲက နိုင်ငံ့အရေးဆောင်ရွက်မယ့်သူမျိုးကို ဦးစားပေးလွှတ်သွားဖို့ နီးပါပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်ပွဲမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လွှတ်တော်ကိုသွားပြီး လေ့လာဖို့ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သွားမယ့်အစီအစဉ်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသိပေးခဲ့တဲ့ အကြောင်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာ အဓိကဖြစ်တယ်လို့ အမေရိကန်က ပြောနေချိန်မှာ မကြာခင် လွှတ်ပေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ကို ပြည်သူ့လွှတ်တော်မှာ တွေ့ဆုံစဉ်က ပြောခဲ့တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ယုဇနတာဝါမှာလုပ်တဲ့  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ရုံးခွဲဖွင့်ပွဲမှာ သူက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာနိုင်ငံမှာ မရှိပါဘူးဆိုတဲ့ မြန်မာအစိုးရနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန်ကြား အခေါ်အဝေါ် အငြင်းပွားနေမှုကို ဘေးဖယ်ထားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက ပြောခဲ့ပါတယ်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၊ နိုင်ငံရေးအကျဉ်းသား စတဲ့ စကားရပ်တွေအပေါ်မှာ ဘာမှ အငြင်းပွားမနေနဲ့။ အားလုံးပါဝင်နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားပြီးတော့လုပ်မယ့် ပုဂ္ဂိုလ်မျိုးကို အထူး ဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ့မယ်လို့ ဒီလိုပြောခဲ့တာရှိပါတယ်။ နောက်တစ်ခု ဘယ်ရက်လဲ ဆိုတာကျတော့ နီးလာပြီလို့ပဲ ပြောလို့ရတယ်လေ။”
ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ ပတ်သက်လို့ ပြောခဲ့တာကို သတင်းထောက်တွေကို ဦးရွှေမန်းက ပြန်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၃၀ ကနေ ဒီဇင်ဘာလ ၂ ရက်နေ့အထိလာသွားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာအာဏာပိုင်တွေနဲ့ ဒီကိစ္စ ဆွေးနွေးမှုဟာ အားတက်စရာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ ယုဇနတာဝါမှာ သတင်းထောက်တွေနဲ့ အမေးအဖြေလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်နေတာနဲ့ ပတ်သက်လို့လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဥပဒေပိုင်းနဲ့ ပတ်သက်လို့တော့ -
“တည်ဆဲဥပဒေတွေကို လေ့လာကြည့်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး၊ ပြီးတဲ့အခါမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ ထိခိုက်နေမယ်ဆိုရင်လဲ၊ ပြီးတဲ့အခါမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အကျိုးမဖြစ်ဘူး၊ ကာကွယ်စောင့်ရှောက်မှု မရှိဘူးဆိုတဲ့ ဥပဒေတွေကို ကျနော်တို့က အမြန်ဆုံး ဖျက်သိမ်းစေချင်တယ်။ ပြင်စရာရှိရင် အမြန်ဆုံး ပြင်မယ်။ ဒါကြောင့်မိုလို့ ကျနော်က ခုနကပြောတဲ့ လာမယ့်လွှတ်တော်တွင်းမှာ အရေးကြီးတဲ့ဟာတွေကို ပြုပြင်ဖို့ အဆိုလည်းတင်၊ တဘက်ကလည်း ခင်ဗျားတို့ ကျုပ်တို့လည်း လုပ်မယ်ဆိုရင် တိုးတက်မှုတွေ ရှိလာမှာပဲ။”
လွှတ်တော်တာဝန်ရှိသူတချို့၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်တချို့နဲ့အတူ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်အထိ အိန္ဒိယကိုသွားဖို့ ရှိတယ်ဆိုတာကိုလည်း ဦးရွှေမန်းက ခုလို အသိပေးခဲ့ပါတယ်။
“ကျနော်တို့က လေ့လာချင်တာကတော့ လွှတ်တော်။ လွှတ်တော်ကို လေ့လာတဲ့အခါမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဆက်သွယ်ရေး ဆက်ဆံရေး၊ လွှတ်တော်နဲ့ အခြားလွှတ်တော်များ ဆက်သွယ်ရေး ဆက်ဆံမှု၊ ပြီးတဲ့အခါမှာ ဒီထဲမှာ တကယ်လို့များ ကျနော်တို့က အချိန်ရမယ်ဆိုရင် တကယ်ကို လေ့လာသင့်တဲ့ကိစ္စက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။”
သူ့ခရီးစဉ်အတွင်းမှာ အိန္ဒိယလွှတ်တော်ကို အဓိကထား လေ့လာမယ့်အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွေ ဘယ်လိုပေးနေလဲ၊ နိုင်ငံရဲ့ အသုံးစရိတ် ဘက်ဂျက်ကိစ္စတွေကို လွှတ်တော်ထဲမှာဘယ်လို ဆွေးနွေး ဆောင်ရွက်ကြသလဲ၊ ဒါ့အပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လွှတ်တော်က ဘယ်အတိုင်းအတာအထိ လုပ်သလဲဆိုတဲ့ ကိစ္စတွေကို အိန္ဒိယခရီးစဉ်မှာ အဓိကထား လေ့လာသွားမယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးစနစ် ကောင်းမွန်တဲ့ ဗြိတိန်နိုင်ငံဆီက အမွေရထားတဲ့ အိန္ဒိယအုပ်ချုပ်ရေးစနစ်ကို လေ့လာဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေး မဟာဗျူဟာတွေ ချမှတ်တဲ့နေရာမှာလည်း လွှတ်တော်တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပေါင်းပြီး စဉ်စားသွားဖို့ လိုအပ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
Ref: VOA

Friday, 9 December 2011

၇ ရက်ကြာ ၀ူထောတိုက်ပွဲ တွင် မြန်မာအစိုးရစစ်သား ၃၀၀ ကျော်ကျ

kia-lahpai-post
နိုဝင်ဘာ ၁၅ရက် မြန်မာအစိုးရမှ သိမ်းပိုက်လိုက်သည့် ကန်ပိုင်တီလမ်းမှ KIA တပ်ရင်း၃ လဖိုင်စခန်း
ကချင်ပြည်နယ် အရှေ့ပိုင်း ၀ူထောဘွမ် (Wuhtau Bum) ၀န်းကျင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ၇ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရတပ်မှ ၃၀၀ ကျော်ကျ၍ ၂၀၀ ကျော်ဒဏ်ရာရရှိသည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

KIA တပ်မဟာ ၅ အောက် KIA တပ်ရင်း ၃ အခြေစိုက်စခန်း ၀ူထောဘမ်သည် မြစ်ကြီးနား-ကန်ပိုင်တီလမ်းနှင့် ဒဘတ်ချောင်း (Dabak Hka)ကြားတွင် တည်ရှိသည်။

ကျဆုံးသူများထဲမှ ၁၀၀ ကျော်သည် ယမန်နေ့ တစ်နေ့လုံးဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်ဖြစ်၍ ကလောအခြေစိုက် တပ်မ ၅၅ မှ အသစ်ရောက်လာကြသော မြန်မာအစိုးရတပ်သားသစ်များ ဖြစ်သည်ဟု ဒေသခံ ဆလန်တူး ပြောသည်။
wuhtaubum-m
ထိုနေ့မတိုင်ခင်က ကျဆုံးသွားသော မြန်မာအစိုးရစစ်သား ၂၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်မှာ မကွေးအခြေစိုက် တပ်မ ၈၈ မှ ဖြစ်သည်ဟု ဆက်ဆိုသည်။

ထို့ပြင် သေဆုံးသူများတွင် မြန်မာအစိုးရသစ္စာခံ အမျိုးသားလွှတ်တော်အမတ် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်နှင့် လဆန်အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

မိမိနယ်မြေထဲ ချီတက်လာသောမြန်မာအစိုးရတပ်အား ပြောက်ကျားနည်းဖြင့်တိုက်ခိုက်၍ KIA ဘက်မှ သေကြေဒဏ်ရာရရှိမှု မရှိဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် KIO ကြား ၂ ကြိမ် တွေ့ဆုံခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရသည် မြန်မာအစိုးရတပ်အင်အား ထောင်ချီကို ကချင်ပြည်နယ်သို့ စေလွှတ်၍ စစ်ဆင်နေဆဲဖြစ်သည်။
Ref: KNG

ဒုက္ခသည်နှင့် အထောက်အထားမဲ့အရေး အမြန်ဖြေရှင်းဖို့လိုဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုကြောင်း သူ၏
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။

“နာရပရာနှင့် ကူတူပလောင်စခန်းများအတွင်း နေထိုင်လျက်ရှိသော မြန်မာဒုက္ခသည်များကိစ္စနှင့် ဘင်္ဂလားဒေ့ရှ်
နိုင်ငံတွင်း အခြေချနေထိုင်လျက်ရှိသော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ၏ အရေးကိစ္စများကို ဆွေးနွေး ခဲ့ပြီး၊ ယင်းကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းနိုင်မှုသည် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရာတွင် ကောင်းစွာ အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်” ဟု ဒီဇင်ဘာလ ၆ ရက် ရက်စွဲဖြင့် ကြေညာချက်တွင် ပါရှိသည်။

ဒီဇင်ဘာလ ၈ ရက် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင်  မြန်မာအစိုးရအနေဖြင့် “ယခုကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း” ဖြင့် ထုတ်ပြန်ချက်ကိုပါ ဖော်ပြထားသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃၀၀ ဦးရှိပြီး ဒုက္ခသည်ကဲ့သို့
နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာအစိုးရက လက်မခံသော အသုံးအနှုန်းဖြစ်သည့်  ရိုဟင်ဂျာဆိုသော စကားရပ်ကို ပူးတွဲကြေညာချက်တွင် ထည့်သွင်းအသုံးမပြုခဲ့သော်လည်း ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Daily Star သတင်းတရပ်အရ ရိုဟင်ဂျာများကို မြန်မာအစိုးရက လက်ခံရန် သဘောတူခဲ့ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံနိုင်ငံမှ ဒုက္ခသည်များ ရှိနေခြင်းမှာ နိုင်ငံအတွင်း လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်ဟုလည်း မစ္စစ်ရှိတ်ဟာဆီနာ၏ ပြောစကားကို ကိုးကား၍ The Daily Star က ရေးသား ခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် အဆုံးသတ်သော မစ္စစ်ရှိတ်ဟာဆီနာ၏  သုံးရက်ကြာ ခရီးစဉ်အတွင်း မြန်မာနှင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ကန်သွယ်ရေးအပြင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းချင်း ချိတ်ဆက်ရေးကို ထည့်သွင်း
ဆွေးနွေးခဲ့သည်။ ယင်းအပြင် ရန်ကုန်မြို့တွင် ကုန်စည်ပြပွဲ ကျင်းပခွင့် ပေးရေးနှင့် ဒါကာ/စစ်တကောင်း - ရန်ကုန် တိုက်ရိုက် လေကြောင်းပျံသန်းရေးအတွက်ပါ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုခဲ့သည်ဟု ပူးတွဲကြေညာချက်တွင် ပါရှိသည်။

 “သမားရိုးကျမဟုတ်သော ရေယာဉ်များမှ နှစ်နိုင်ငံကြား သတ်မှတ်ထားသည့် ကုန်သွယ်မှု လမ်းကြောင်းများအတွင်း အပြန်အလှန်သွားလာနိုင်ရေး” ကိစ္စကိုပါ ဆွေးနွေးခဲ့သော်လည်း မြန်မာအစိုးရ ဘက်မှ ဆွေးနွေးမှုနှင့် ပတ်သက်၍
ဖော်ပြထားခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ စွမ်းအင်ဝယ်ယူလိုသော်လည်း  မြန်မာ့သဘာဝဓာတ်ငွေ့များမှာ တရုတ်နိုင်ငံသို့
ရောင်းချပြီးဖြစ်သည့်အတွက် အသစ်ထပ်မံ တွေ့ရှိ ပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေးရောင်းချမည်ဟု သမ္မတ ဦးသိန်းစိန်က ပြန်ကြားခဲ့သည်ဟု The Daily Star  ၏ ရေးသားချက်တွင် ပါရှိသည်။

ဘင်္ဂလားဒေ့ရှ်ထွက် အဝတ်အည်၊ ဆေးဝါး၊ ဂုန်လျှော်နှင့် ဆက်စပ်ပစ္စည်းများ၊ ကြွေထည်ပစ္စည်းများ မြန်မာဘက်က
ပြန်လည်ဝယ်ယူရန်လည်း မစ္စစ်ရှိတ်ဟာဆီနာက တိုက်တွန်းသွားခဲ့သည်ဟု သိရသည်။

၂ဝဝ၈ ခှုနှစ်အတွင်း မြန်မာနိုင်ငံအနောက်ဘက်ခြမ်းရှိ လူဦးရေ သန်း ၁၆ဝ ရှိ အိမ်နီးချင်းနိုင်ငံနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် ကိစ္စများ အတွက် နှစ်နိုင်ငံကြား ရေပိုင်နက်ပိုင်ဆိုင်ရေးဆိုင်ရာ အငြင်းပွားမှုများဖြစ်ခဲ့ရာ ပင်လယ်ပြင် ဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတရာ တရားရုံး - ITLOS တွင် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း “နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်း  တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်” နှင့် နှစ်နိုင်ငံ စက်မှုလက်မှုအသင်းချုပ်ချင်းအကြား “ပူးတွဲ စီးပွားရေး
ကောင်စီ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” ကို လက်မှတ်ရေးထိုးခဲ့သည်။

နေပြည်တော် သံတမန်ဇုန်တွင်လည်း ဘင်္ဂလားဒေ့ရှ်သံရုံး တည်ဆောက်ရန်အတွက်လည်း နေရာသတ်မှတ်၍ အုတ်မြစ်ချမှုကိုလည်း ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သေးသည်။

မြန်မာအာဏာပိုင်များဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များကို ပြန်လည် လက်ခံ မည်ဖြစ်ကာ ဒုက္ခသည် ပြန်ပို့ရေးအတွက် မြန်မာကိုယ်စားလှယ် အဖွဲ့တခုကိုလည်း မကြာမီ ဘင်္ဂလားဒေ့ရှ်သို့ လာရောက်ရန်ရှိသည်ဟု မစ္စစ်ရှိတ်ဟာစီနာ၏ သတင်းရေးရာအတွင်းဝန်  အဘူလ်ကလန် အဇက် Abul Kalam Azad က သတင်းထောက်များကို ဖြေကြားခဲ့သည်။

နာရပရာရှိ လူဦးရေ ၁၄၀၀၀ ရှိ Lada ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး  ဦးဂျာဘတ်ဗ်က
“ ကျနော်တို့က ဘယ်လိုသွားမလဲ။ သွားမယ့်ပုံစံက ဘာမှ မမြင်ရဘူး။ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေ ရမှ ဒီမိုကရေစီ အပြည့်အဝ ရမှ။ အဲဒါရမှ သွားမှာကိုး” ဟု  မဇ္ဈိမကို ပြောသည်။

ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခသည် ပြန်ခေါ်ရေးကိစ္စကိုမူ မြန်မာအစိုးရအနေဖြင့် ချက်ချင်း လုပ်ဆောင်ဖွယ် မရှိဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေသော ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ NUPA ၏ ဥက္ကဌ ဒေါက်တာခင်မောင်က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာတပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းမှာ  နိုဝင်ဘာလကုန်ပိုင်းက သွားရောက်လည်ပတ်ခဲ့သေးသည်။

ဖို့ဝိန်းက မြန်မာတိုင်းရင်းသားဒုက္ခသည်များအကြောင်း တစေ့တစောင်း ရုပ်သံ

ဖို့ဝိန်းက မြန်မာတိုင်းရင်းသားဒုက္ခသည်များအကြောင်း တစေ့တစောင်း ရုပ်သံ
ဂိုးလ်ဒင်းမွန်းရုပ်သံအစီအစဉ်၊ ဖို့ဝိန်း၊ ဒီဇင်ဘာ ၉၊ ၂၀၁၁
အမေရိကန်ပြည် စီးပွားရေးကြပ်တည်းနေချိန်မှာ ဖို့ဝိန်းမြို့ရောက် ရွှေ့ပြောင်းမြန်မာတိုင်းရင်းသား ဒုက္ခသည်များလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ရုန်းကန်နေကြရပါတယ်။ အဲသည်အခြေအနေတွေကို ဖို့ဝိန်းက မြန်မာရုပ်သံအစီအစဉ်တခုဖြစ်တဲ့ ဂိုးလ်ဒင်းမွန်းက ဦးသီဟဘကြည်၊ ဦးစိုးချိန်န်၊ ဦးမျိုးမြင့်တို့နဲ့အတူ လူမှုဝန်ထမ်းအလုပ်လုပ်ဆောင်သူ ဦးငြိမ်းချမ်းဝင်းတို့ စကားဝိုင်းမှာ တင်ဆက်ထားတာကို ပြန်လည် တင်ဆက်လိုက်ပါတယ

Ref: မိုးမခ

ထိုင်းဘုရင်စနစ်စော်ကားမှု အမေရိကန်တဦး ထောင်ဒဏ်လ ၃၀ ကျ

ထိုင်းနိုင်ငံခုံရုံးတခုက ထိုင်းဘုရင်စံနစ်ကို စော်ကားတဲ့ပြစ်မှုနဲ့ အမေရိကန်နိုင်ငံသား ထိုင်းနွယ်ဖွား တဦးကို  လပေါင်း ၃၀ ထောင်ဒဏ် အပြစ်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ရှိ ထိုင်းနိုင်ငံမှာ မွေးပြီး အမေရိကန်နိုင်ငံသားဖြစ်လာသူ Joe Gorden ဟာ ထိုင်းဘုရင့်မိသားစုကို သိက္ခာကျစေမယ့် စာအုပ်တခုကို သူရဲ့ အင်တာနက်ဘလော့ပေါ်မှာ တင်ခဲ့တဲ့အပေါ် အခုလို အပြစ်ပေးလိုက်တာပါ။
မစ္စတာ Gorden က နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် (Bhumibol Adulyadej) ရဲ့ ကိုယ်ရေးရာဇ၀င်စာအုပ်ကို အင်္ဂလိပ်လိုစာအုပ်ကို ထိုင်းလိုဘာသာပြန်ပြီး အမေရိကန်မှာရှိနေစဉ် အခုလို သူရဲ့ ဘလော့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
အမေရိကန်အနောက်အလယ်ပိုင်းက ကော်လိုရာဒို ပြည်နယ်မှာ နေခဲ့တဲ့ Gorden ဟာ ထိုင်းနိုင်ငံကို မေလမှာ သွားလည်စဉ် အခုလို အဖမ်းခံခဲ့ရတာပါ၊ အစပိုင်းတုန်းကတော့ ဘန်ကောက်မြို့က ပြစ်မှုဆိုင်ရာခုံရုံးတခုက သူကို ( ၅) နှစ်ထောင်ဒဏ်အပြစ်ချမှတ်ခဲ့ပေမယ့် အောက်တိုဘာလမှာ သူက အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့အတွက် ဒီပြစ်မှုကို လျော့ပေးလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် ကောင်စစ်ဝန်ချုပ် Elizabeth Pratt ကတော့ဒီပြစ်မှုအပြစ်ပေးတာ ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။
 Ref: VOA

Thursday, 8 December 2011

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးများ ဖွင့်လစ်တော့မည်


ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးတွေကို လာမည့်နှစ် ဇန်န၀ါရီလဆန်းကစပြီး ဖွင့်တော့မယ်လို့ ထိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ကိုကျော်သောင်းက ပြောပါတယ်။
မဟာချိုင်ဒေသရှိ မြန်မာငါးဖမ်းအလုပ်သမားများ။
“ထိုင်းအစိုးရ တရားဝင်ကြေငြာထားတာက လာမည့် ဇန်န၀ါရီ တရက်နေ့ကစပြီး ထိုင်းနိုင်ငံ ၅ နေရာမှာ ယာယီပတ်စ်ပို့ ထုတ်ပေးမယ်တဲ့။ ဘန်ကောက်မှာ ၁ ရုံးရှိမယ်၊ စမွန်စာကွန်ခရိုင်မှာ ၂ ခုရှိမယ်၊ ချင်းမိုင်မှာ တစ်ခုရှိမယ် ထိုင်းနိုင်ငံတောင်ပိုင်းမှာတခု။”
မြန်မာအလုပ်သမား အများဆုံးဝင်ရောက်ရာ လမ်းဖြစ်တဲ့ မဲဆောက်မှာလည်း နိုင်ငံသား စိစစ်ရေးရုံးနဲ့အလားတူ ၀န်ဆောင်မှုတွေကို ပေးလာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားဆိုင်ရာ နားလည်မှု စာချွန်လွှာအရ မြန်မာအစိုးရက ထိုင်းနိုင်ငံကို အလုပ်သမား ၁ သိန်းစေလွှတ်ပေးဖို့ ရှိနေပြီး အခုလောလောဆယ် ၃ သောင်းပဲ ရသေးတယ်လို့ထိုင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီးဌာနက ပြောပါတယ်။
မြန်မာဘက်ကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ကိုယ်စားလှယ် ၅ ဖွဲ့ကို ဒီလ တတိယအပတ်မှာ ထိုင်းနိုင်ငံကို စေလွှတ်ဖို့ရှိပြီး ဇန်န၀ါရီလဆန်းကစလို့ ထိုင်းနိုင်ငံမှာ နိုင်ငံသား စိစစ်ရေးရုံး စဆင်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
ထိုင်းအစိုးရက ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ နိုင်ငံခြား အလုပ်သမားတွေကို အလုပ်သမားမှတ်ပုံတင် လုပ်ပေးခဲ့တုန်းက မြန်မာအလုပ်သမား ၇ သိန်းလောက် လာရောက်စာရင်းပေးကြတယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ကြေငြာခဲ့ပါတယ်။
ဒါဟာ ထိုင်းမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၂ သန်းကျော်ထဲက ဖြစ်တယ်လို့ ထိုင်းအစိုးရနဲ့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ 
 Ref: DVB

အင်တာနက်စနစ်အပြင် ငွေကျပ်နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများကို ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်

b36_02


  အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။    
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။  အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။

ပြစ်မှုကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သည့် တရားခံများကို ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ဖမ်းဆီးမည် စီးပွားရေးလောကအတွင်း ကျပ်သိန်းသောင်းချီသည့် လိမ်လည်မှုများ ဖြစ်ပေါ်နေခြင်းမှာ တိုက်ရိုက်နစ်နာသူများကိုသာမက စီးပွားရေးဝန်းကျင် တစ်ခုလုံးအတွက်ပါ နစ်နာမှုများ ဖြစ်ပေါ်လာရ

စီးပွားရေးလုပ်ငန်းရှင်များအကြား ကျပ်သိန်းသောင်းချီသည့် လိမ်လည်မှုများ၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများ တိုး၍ဖြစ်ပေါ်နေခြင်းသည် တိုက်ရိုက်နစ်နာမှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကိုသာမက စီးပွားရေး အ၀န်းအ၀ိုင်းတစ်ခုလုံးအတွက်ပါ နစ်နာမှုများ ကြုံတွေ့နေရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့ကြသည်။ 
ယင်းကဲ့သို့  ကျပ်သိန်းပေါင်း ထောင်သောင်းချီ၍ လိမ်လည်ခဲ့သူများသည် ပြည်ပနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လေ့ရှိသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့၏ အကူအညီဖြင့် ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးသွားမည်ဖြစ်သည်ဟု သိရသည်။   ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် ယုံကြည်အပ်နှံ ဖောက်ဖျက်ခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူ စက်မှုလုပ်ငန်းရှင် ဇနီးမောင်နှံနှစ်ဦးဖြစ်သူ ဦးစိုးနိုင်ဝင်းနှင့် ဒေါ်အေးအေးပြုံးတို့က မှန်ချို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ၊ ပလတ်စတစ်ဘူး စက်ရုံလုပ်ငန်းများအား အကြောင်းပြုကာ မိတ်ဆွေများထံမှ ငွေကျပ်သိန်းနှစ်သောင်းကျော်အား ရယူခဲ့ပြီး သတ်မှတ်ကာလ အသီးသီးတွင် ပြန်လည်ပေးအပ်မည် ဟု ကတိပြုခဲ့ခြင်းကို ချိုးဖောက်ကာ အောက်တိုဘာလဆန်းပိုင်းက  ရန်ကုန်မြို့မှ တိမ်းရှောင်သွားခဲ့ကြောင်း နစ်နာသူ ကိုးဦးက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားသောဖြစ်စဉ် ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအချို့က ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်(ပ)၃၂၂/၂၀၁၁၊ (ပ)၃၃၃/၂၀၁၁၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၆၄/၂၀၁၁၊ ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၃၀/၂၀၁၁၊ သာကေတမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ)၃၄၆/၂၀၁၁၊ ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၂၉/၂၀၁၁၊ (ပ)၄၂၀/၂၀၁၁ ဖြင့် အမှုဖွင့်ခဲ့ကြပြီး ကျန်ရှိနေသူအချို့မှာလည်း အမှုဖွင့်တိုင်ကြားရန် စီစဉ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ''လိမ်လည်ရယူသွားတဲ့ ငွေကြေးပမာဏတွေထဲမှာ ကျပ်သိန်း ၄၀၀၀ ကျော်တဲ့ လူတွေတောင် ပါ ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာ ဒေါ်အေးအေးပြုံး ကျန်းမာရေး မကောင်းလို့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ပြန်ဆင်းလာတဲ့အခါ ဒီငွေကြေးကိစ္စကို ရှင်းလင်းပေးပါမယ်လို့ မိသားစုဝင်တွေက ပြောတဲ့အတွက် ကျွန်မတို့အားလုံး လူမှုရေးရှုထောင့်ကနေ ဆိုင်းငံ့ပေးထားတုန်းမှာ အောက်တိုဘာလ ၅ ရက်နေ့မှာ တိမ်းရှောင်သွားတာ ဖြစ်ပါတယ်''ဟု ယင်းဖြစ်စဉ်တွင် နစ်နာခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

ငွေကြေးပြဿနာတော်တော်များများမှာတော့ အဓိကပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး . . . 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ရဲတပ်ဖွဲ့စခန်းမှာ တရားလို ဒေါ်ခင်လဲ့ဝင်းက အမှုဖွင့်တိုင်ကြားထားတဲ့အတွက်(ပ)၁၉၉၁/၂၀၁၁နဲ့ အမှုဖွင့် ဆောင်ရွက် နေပါတယ်။ လိမ်လည်မှုကို ဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂျပန်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်'' ဟု ဒီဇင်ဘာလ ၅ ရက် နေ့က ပြောကြားခဲ့သည်။  ''စီးပွားရေးလောကမှာတော့ ဒီလိုယုံကြည်အပ်နှံ ဖောက်ဖျက်မှုတွေ၊ လိမ်လည်မှုတွေ အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ ဒါပေမယ့် ပမာဏ အလွန်များတဲ့ လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာ တွေ့လာရပါတယ်။ ပထမ တိုင်းရင်းဆေးနဲ့ ပတ်သက်တာ၊ နောက် ပဲလောက ဖြစ်စဉ်တစ်ခု၊ ဒီလိုဖြစ်စဉ်မှာ အဓိကလုပ်ကိုင်သွားတဲ့ ပုဂ္ဂိုလ်တွေ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ ဘယ်နိုင်ငံကို ထွက်သွားတယ်၊ ဘယ်နေ့က ဆိုတာကအစ သိလို့ သတင်းပေး သူတွေက ပေးကြတယ်။ ဒါကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါမှလည်း နောင်အလားတူ ပြဿနာတွေမှာ ဒီနည်းနဲ့ ဖြေရှင်းလို့တော့ မရနိုင်ဘူးဆိုတာ သိသွားကြမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက ပြောကြားခဲ့သည်။  အလားတူပင် ပဲလုပ်ငန်းရှင်များအကြား ကျပ်သိန်းပေါင်း ငါးသောင်းနီးပါး လိမ်လည်တိမ်းရှောင်မှု တစ်ရပ်လည်း ရန်ကုန်မြို့တွင် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ အထိရရှိသော စာရင်းအရ နစ်နာသူ ၅၉ ဦးက ရန်ကုန်တိုင်း ဒေသကြီးရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သတင်းပေးပို့ထားကြပြီး အဆိုပါဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူမှာ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။ 
ယင်းဖြစ်စဉ်မှာ စိန်နန်းထိုက်ကုမ္ပဏီမှ ဦးဇော်သန်းထိုက်(ခ) ဦးဇော်ငယ်က ပဲလုပ်ငန်းရှင်များထံမှ ကြိုတင်အပ်နှံထားသည့် မတ်ပဲတန်ချိန် ၅၀၀၀ နီးပါးကို ရောင်းချပေးပြီးနောက် ပေးရန်ရှိငွေများကို ရှင်းလင်းပေးချေရန်  ပျက်ကွက်ခြင်း၊ ချက်လက်မှတ် ရေးပေးသော်လည်း ဘဏ်တွင် ထုတ်ရန် ငွေလက်ကျန်မရှိသည့် ဖြစ်ရပ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည် ဒိုင်) က စိန်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးဇော်သန်းထိုက်နှင့်ပတ်သက်၍ နစ်နာမှုရှိသည့် ပဲလုပ်ငန်းရှင်များအနေဖြင့် လာရောက် ဆက်သွယ်ရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကလည်း စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ 
''ဒီဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ဦးဇော်သန်းထိုက်ဟာ အရောင်းအ၀ယ်လုပ်ငန်းတွေကို ကုန်စည်ဒိုင်အတွင်းမှာ ဆောင်ရွက်မှု ရှိနေသလို ကုန်စည်ဒိုင်ပြင်ပမှာလည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူနဲ့အရောင်းအ၀ယ် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှုကို ရယူထားသူတစ်ဦး ဖြစ်သော်လည်း ဒီပြဿနာ မပေါ်ပေါက်မီ နှစ်လ သုံးလခန့်အလိုမှာတော့ ဦးဇော်သန်းထိုက်ဟာ ကုန်စည်ဒိုင်ပြင်ပမှာ ပဲရောင်းဝယ်မှု လုပ်နေတာ တွေ့ရပါတယ်။ ဒီပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ ဦးဇော်သန်းထိုက်ဟာ မိသားစုနဲ့အတူ နိုဝင်ဘာလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာလို့ သိရပါတယ်။ သူပိုင်တဲ့ တိုက်ခန်းကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ရောင်းချသွားတယ်လို့ သိရပါတယ်။ ဂိုဒေါင်တွေနဲ့ ရုံးခန်းကလည်း ငှားရမ်းသုံးစွဲထားတယ်လို့ သိရတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့် ဆင့်ကို တင်ပြထားပြီးတော့ ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်ဖို့  ပြင်ဆင်နေပါတယ်''ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားခဲ့သည်။  ယင်းကဲ့သို့ ပဲလုပ်ငန်းရှင်များအကြား ဘီလျံ ၂၀၀ ကျော်သည့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပဲလုပ်ငန်းလုပ်ကိုင်သူများ အားလုံးနီးပါး အနည်းနှင့်အများ ထိခိုက်မှုရှိခဲ့သည့်အတွက် နိုင်ငံတော်အဆင့်မှ ၀င်ရောက်ဖြေရှင်းပေးခဲ့ရဖူးသည့် ဖြစ်ရပ်လည်း ရှိခဲ့ဖူးကြောင်း ပဲကုန်သည်တစ်ဦးက ဆိုပါသည်။ 
''ဒီလို စီးပွားရေးလောကမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်မှုတွေဟာ လိမ်လည်ခံရသူတွေသာ နစ်နာတာမဟုတ်ပါဘူး။ စီးပွားရေး အသိုင်းအ၀ိုင်းတစ်ခုလုံးမှာပါ မယုံကြည်မှုတွေအပြင် တိုးတက်မှုကိုပါ နှောင့်နှေးသွား စေပါတယ်။ အခုကျွန်တော်တို့ နိုင်ငံဟာ စီးပွားရေးနဲ့ပတ် သက်လာရင် လုပ်စရာတွေ အများကြီးပဲ ရှိနေပါတယ်။  စုပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံကြရမယ့် ကိစ္စတွေမှာ ဒီဖြစ်စဉ်တွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ကုန် မှာ သေချာ ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေ ထပ်မဖြစ်ရအောင် ကုန်စည်ဒိုင်တွေမှာလည်း ချမှတ်ထားတဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်သလို သက်ဆိုင်ရာတွေကလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း ပြောကြားလိုပါတယ်''ဟု ပဲလုပ်ငန်းရှင်တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးမင်းကိုဦးကလည်း ယခုဖြစ်စဉ်မှာ ပဲလုပ်ငန်းရှင်များအကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဖြစ်လာရသည်ဟု သုံးသပ်ပြီး နယ်တောင်သူနှင့် ကုန်သည်များ အကြားတွင်ရှိသည့် ယုံကြည်မှုကို အလွဲသုံးသွားသည့်ဖြစ်စဉ်ဟု ဆိုပါသည်။ ယင်းဖြစ်စဉ်သည် တိုင်းပြည်စီးပွားရေးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုဖြစ်စဉ်များအတွက် အနှောင့်အယှက်ဖြစ်စေသည့်အတွက် လူတစ်ဦးချင်းစီ၏  စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 
''ငွေကြေးပြဿနာ တော်တော်များများမှာတော့ အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ခိုလှုံရာနိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက် ဖမ်းဆီးသွားဖို့ရှိပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ၀ိုင်းဝန်းကူညီ သတင်းပေးကြဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်းက ပြောကြားခဲ့သည်။        
သတင်းအယ်ဒီတာအဖွဲ့
Ref: EMG

Wednesday, 7 December 2011

NLD အတွင်းရေးမှူးဦးလွင် ကွယ်လွန်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး တာဝန်ယူခဲ့သူ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က နိုင်ငံတော် ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေက ကွယ်လွန်သွားခဲ့ပါတယ်။ ဦးလွင်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု တချို့အကြောင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ရန်ကုန်၊ ကမ္ဘောဇရိပ်သာနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့၊ ည ၈ နာရီနဲ့ မိနစ် ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။
လာမယ့် ကြာသာပတေးနေ့ ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေးသုဿန်ကို ပို့ဆောင် မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။
ဦးလွင်ဟာ ၁၉၈၈ ခုနှစ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကတည်းက ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် NLD ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အချိန်မှာ NLD ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူပါ၊ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး ဦးဆောင် ဦးရွက်တာဝန်ယူခဲ့တဲ့ အရင် မျိုးချစ် တပ်မတော် အရာရှိဟောင်းတဦးဖြစ်သလို အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က အစိုးရရဲ့ ထိပ်တန်း တာဝန်ယူခဲ့တဲ့ ခေါင်းဆောင် အကြီးအကဲဟောင်းတယောက်လည်း ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးလွင်ဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  နိုင်ငံရေးပါတီ တခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးမှာ နှောင့်ယှက် ခြိမ်းခြောက်မှုတွေ အမျိုးမျိုးကြားက ရုန်းကန်နိုင်အောင်  NLD ဥက္ကဋ္ဌ ဦးအောင်ရွေကို အဓိက ကူညီပေးနိုင်ခဲ့သူတွေထဲက တဦးဖြစ်တယ်ဆိုပြီး ၁၉၉၅ ခုနှစ်နဲ့ ၉၆ ခုနှစ်တွေက ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာကို ရေးပို့ခဲ့တဲ့ မြန်မာပြည်ကလာတဲ့ စာမှာ ရေးသားခဲ့ဖူးပါတယ်။
ဒုတိကမ္ဘာစစ်ဖြစ်လို့ ဘီအိုင်အေ (BIA) ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို ၀င်ခဲ့တဲ့အချိန်မှာ ဦးလွင်ဟာ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ၁၉၄၃ ခုနှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံ Rikugan Shikan Gakko ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းတက်ဖို့ စေလွှတ်ခံခဲ့ရတဲ့ မြန်မာ အရာရှိလောင်းတွေထဲက တဦးလည်း ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်၊ သြဂုတ်လ မြန်မာအရာရှိငယ်လေးတွေ စစ်သင်တန်းပြီးတဲ့အချိန်၊ မြန်မာနိုင်ငံမှာ ဖက်ဆစ်တော်လှန်ရေး စနေတဲ့အချိန်၊ ဦးလွင်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် အရာရှိငယ်တွေဟာ ဂျပန်နိုင်ငံ Hakone မှာ ၁၉၄၅ ခုနှစ် အောက်တိုဘာလအထိ နေခဲ့ရပြီး သူတို့ စားဖို့ သောက်ဖို့ မီးသွေးဖုတ်ရောင်းခဲ့ရတယ်လို့ ပြောပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် ဦးလွင်ဟာ တပ်မတော်ထဲမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂလန်နဲ့ အနောက်ဂျာမဏီ နိုင်ငံတွေကို စစ်သင်တန်းတွေတက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ၁၉၅၉ ခုနှစ်က သူဟာ ၀ါရှင်တန်မြို့တော်မှာ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက ပြန်လာပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ရန်ကုန်မှာ ဒု-၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်ယူတာကို ခံခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခံခဲ့ရပြီးတဲ့နောက် ဦးလွင်ဟာ ဘဏ္ဏာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို နောက်ပိုင်းမှာ ဒုတိယ ၀န်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်ကောင်စီဝင်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ် NLD ရဲ့ အတွင်းရေးမှူးတာဝန်ယူပြီးတဲ့နောက်ပိုင်း- ဦးလွင်ဟာ အန်၊အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်အဖြစ်လည်း သတင်းဌာနတွေ တော်တော်များများနဲ့ ထိတွေ့ပြီး နိုင်ငံရေးအခြေအနေ၊ NLD ရဲ့ ရပ်တည်ချက်တွေနဲ့ သဘောထားအမြင်တွေကို ပြောခဲ့သူတယောက် ဖြစ်ပါတယ်။
ဦးလွင်နဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အများအပြားရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးခေါ် သံဃာ့လှုပ်ရှားမှုကာလ လုံခြုံရေးတပ်ဖွဲ့တွေ ဘုန်းတော်ကြီးကျောင်းတွေကို ဝင်သိမ်းတဲ့အချိန် သံဃာတော်တွေ ဖမ်းဆီးခံရတဲ့အချိန်မှာ VOA က ဦးလွင်ရဲ့ သဘောထားအမြင်ကို မေးမြန်းခဲဖူးပါတယ်။ အဲဒီအချိန်က ဦးလွင်က အခုလို ပြောခဲ့ပါတယ်။
“အန်ကယ့်သဘောထားပြောမယ်၊ နော်- အန်ကယ်အခု ၈၃ နှစ် ရှိပြီ။ ဒီလိုဟာမျိုး ဒီတခါပဲ မြင်ဖူးတယ်။ အဲဒါကလည်း အခုနက ပြောသလို ဒီအရေးအခင်းက နိုင်ငံရေးမှာ ကျနော်တို့က ဝင်ပြီး ပါသင့်တယ်ထင်လို့ ဝင်ပါလာတာ။ ၃ နှစ်ဆိုပြီး ပါလာတာ၊ အခု ၁၉ နှစ်ကြာပြီ။ အဲဒီတော့ တခါမှ မတွေ့ဖူး၊ မကြုံဖူးတဲ့ကိစ္စကို အခု ၁၉ နှစ်အကြာမှာ မြင်ရတယ်။ ၃ နှစ်တန်သည်၊ ၄ နှစ်တန်သည် ပြီးသင့်တဲ့ကိစ္စက ၁၉ နှစ်ကြာတယ်။ မပြီးတဲ့အပြင် အခုလို ဖြစ်ရပ်မျိုးကို အန်ကယ့်တသက်မှာ ဒီတခါပဲ မြင်ဖူးတယ်”
တခါက ဦးလွင် ဗွီအိုအေကို ပြောပြခဲ့ဖူးတာပါ။ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်၊ ဒီမိုကရေစီအရေးတော်ပုံ ခေတ်၊ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ဖူးတဲ့ ဦးလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိပြီ ဖြစ်ပါတယ်။
Ref: VOA

Oaklandရောက် မြန်မာပြည်သား ဒုက္ခသည်များ ဆင်းရဲတွင်း နက်


ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့တွင် မြန်မာပြည်မှ ဒုက္ခသည် အများအပြား ရှိရာ ၎င်းတို့အနက်မှ ၆၀ ရာခိုင်နှုန်းခန့်မှာ အလွန်အမင်း ဆင်းရဲ ချို့တဲ့နေကြသည်ဟု ယခုတပတ်အစောပိုင်းက ထွက်ပေါ်လာသော အစီရင်ခံစာတစောင်တွင် ရေးထားသည်။
San Francisco State တက္ကသိုလ် နှင့် the Burma Refugee Family Network တို့ ပူးတွဲ ပြုစုသော အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်နောက်ပိုင်း အမေရိကန်သို့ ရောက်လာသော မြန်မာဒုက္ခသည်အများအပြားအနက် Oakland မြို့သို့ ရောက်လာသူ အရေအတွက်မှာ ၄၀၀ ၀န်းကျင် ရှိသည်ဟု ဆိုသည်။
“မြန်မာပြည်က ဒီ ဒုက္ခသည်တွေဟာ အင်မတန် ဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေတယ်” ဟု San Francisco State တက္ကသိုလ် အာရှအမေရိကန်လေ့လာရေးဌာန ပါမောက္ခ တဦး ဖြစ်သူ Russell Jeung က ပြောသည်။
Oakland မြို့ရောက် ဒုက္ခသည် ၁၉၄ ဦးကို မေးမြန်း စစ်တမ်းကောက်ချက်မှ ရရှိလာသော တွေ့ရှိချက်ကို သူက ပြောပြခြင်း ဖြစ်သည်။
“သူတို့ကတော့ အလုပ်ခွင် သွားချင်တာပေါ့။ ဒါပေမယ့် အရွယ်ရောက်ပြီးသူတွေအတွက် အင်္ဂလိပ်ဘာသာရပ်သင်တန်းအတွက် ထောက်ပံ့တာတွေကို အစိုးရက ဖြတ်တောက်လိုက်တယ်။ အဲဒီတော့ အမေရိကန်လူ့အဖွဲ့အစည်းထဲ ၀င်ဖို့အတွက် သူတို့မှာ အင်္ဂလိပ်စကားသင်ဖို့၊ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတက်ဖို့ အခြေအနေ မပေးတော့ဘူး” ဟု Jeung က ဆက်ပြောပြသည်။
ဒုက္ခသည် အများအပြားမှာ ကရင်၊ ကရင်နီ (ကယား) မျိုးနွယ်စုများဖြစ်ပြီး တချို့မှာ မြန်မာပြည်၏ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်များမှ ရောက်ရှိလာသူများ ဖြစ်သည်။
ကိုးကား – http://www.care2.com

ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်

နယူးဒေလီ(မဇ္ဈိမ) ။        ။ အသစ်ပြန်လည်ဖွဲ့စည်းနေသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက်
မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“အဲဒီအထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြရမှာ တခုရှိတယ်။ အဲဒါကဘာလဲဆိုတော့  မြန်မာနိုင်ငံသားကနေ ဘယ်နိုင်ငံသားအဖြစ် ခံယူထားသလဲဆိုတာဖော်ပြဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံသားဆိုရင်လည်း နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသလား၊ မကိုင်ဆောင်ထားဘူးလား။ ကိုင်ဆောင်ထားရင်လည်း နံပါတ်ပေါ့။ ဘာလို့ဆိုတော့ ကျနော် တို့ မြန်မာနိုင်ငံသားတွေက အမျိုးမျိုးရှိတာဆိုတော့။ ကွဲကွဲပြားပြားသိအောင် လျှောက်လွှာထဲမှာ ဖော်ပြဖို့လိုမယ်”
ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

NLD ပါတီဝင် အဟောင်းအသစ်မရွေး မည်သူမဆို ပါတီဝင်အဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က  “ကျနော်ကိုယ်တိုင်လည်း လျှောက်လွှာတင်ပြီး ပါတီဝင် ပြန်လျှောက်ရမှာပါ” ဟု ဆိုသည်။

ပါတီဝင် ဆယ်သိန်းလက်ခံရန် စီစဉ်ထားသည့် NLD က ပါတီတည်ထောင်ခွင့် ကျလာပါက ပါတီဝင် လျှောက်လွှာ စတင်ထုတ်ပေးမည်ဖြစ်သည်။ ပါတီဝင် လက်ခံရေးအတွက် အသေးစိတ် အချက်အလက်များကို ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည်ဟုလည်း သိရသည်။

NLD ပါတီ၏ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့်
ရွေးကောက်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ဦးဝင်တင် အပါအဝင် ၂၁ ဦးဖြင့် ပါတီတည်ထောင်ခွင့်အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာရင်းသွင်း လျှောက်ထားခဲ့ ကြသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည်ဖြစ်ရာ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု NLD ထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းကနေ ဝင်မယ်ဆိုရင် လူထုရဲ့အနေအထား  ဆင်းရဲတဲ့ မြို့နယ်ကနေ ဝင်ချင်တယ်လို့ သူက ပြောဖူးပါတယ်။ အဲဒါတွေကို တွက်ချက်ပြီးတော့ ကော့မှုးကပဲဖြစ်မယ် မှန်းဆကြတာပါ။ တရားဝင်တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ၄၈ မြို့နယ်တွင်လည်း ၁၄ ရက်အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းရန်  NLD က ပြင်ဆင်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းမှတဆင့် တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်
အောင်နိုင်ရေး အဖွဲ့များအား ကြီးကြပ်သွားရန် NLD ရုံးချုပ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“အဖွဲ့မှာ နှစ်ပတ်အတွင်း အဆိုပြုရမှာပေါ့။ သက်ဆိုင်ရာ ပြည်နယ်တွေကို ပေးရမယ်။ သူတို့ ပေးတဲ့အပေါ်မှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ စီစစ်ပေးဘို့ ပေါ့။ လိုအပ်ရင် ခရိုင်အဖွဲ့တွေလည်း ဖွဲ့ဖို့ ကြေငြာချက် ထုတ်ထားတာပေါ့ ” ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့တွင် ပါဝင်သူ ဒေါ်မေဝင်းမြင့်က ပြောသည်။



ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ တာဝန်ခံမှာ ဦးတင်ဦးဖြစ်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသိန်းထွန်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊
ဒေါက်တာမေဝင်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူနှင့် ဦးစောတင်ဝင်း၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်းတို့ ပါဝင်သည်။

အခြားအဆင့် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့ရာ၌ အမျိုးသားဒီမိုကရေစီပါတီဝင်များအပါအဝင် ပြည်သူလေးစား ယုံကြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖ ပုဂ္ဂိုလ်များ၊ အမျိုးသမီးများနှင့် လူငယ်များ၊ တတ်သိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား အလုပ်သမားများ၊ ကုန်သည်စီးပွားရေးပုဂ္ဂိုလ်များ၊ နိုင်ငံရေးအစဉ်အလာရှိသူများ ပါဝင်ရန် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးဗဟိုအဖွဲ့အပြင်  ဆပ်ကော်မတီများအဖြစ် သတင်းပြန့်ကြားရေးနှင့် စာစောင် ထုတ်ဝေ
ရေး၊ စည်းရုံးလှုံဆော်ရေး၊ မဲဆွယ် ဟောပြောရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဥပဒေရေးရာကော်မတီ တို့ကို ဖွဲ့စည်းမည်
ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား မလွှတ်လျှင် ရွေးကောက်ပွဲ မဝင်ဟု ၈၈ ပြော

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး မလွတ်မချင်း အစိုးရမှ ကျင်းပသည့် ရွေးကောက်ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

အာလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်ပေါ်ထွန်းရေးအတွက် လိုလားပြီး ကျောင်းသား ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသား၊ သံဃာနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“၈၈ မျိုးဆက် ကျောင်းသားလူငယ်များ အဖွဲ့” ကို ရှစ်လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့သည့် ကျောင်းသား
ခေါင်းဆောင်များဖြင့် ၂၀၀၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၂၀၀၇ ခုနှစ်တွင် ကိုမင်းကိုနိုင် အပါအဝင် ခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရသည်။

အကျဉ်းထောင်ပြင်ပတွင် ကျန်ရစ်ခဲ့သူများမှာ မြေအောက်လှုပ်ရှားမှုပုံစံဖြင့်သာ လှုပ်ရှားနိုင်ခဲ့ပြီး အကျဉ်းထောင် များတွင် အဖွဲ့ဝင် ၂၆ ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း ၈၈ မျိုးဆက်များအတွင်း တသီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်မည်ဆိုပါက ကန့်ကွက် သွားမည် မဟုတ်သလို တစုံတရာ မှတ်ချက်ပေးခြင်းမျိုးကိုလည်း လုပ်ဆောင်သွားမည် မဟုတ်ဟု ထုတ်ပြန်ချက်မှ တဆင့် ပြောဆိုထားသည်။

၈၈ မျိုးဆက်အနေဖြင့် ရွေးကောက်ပွဲ ဝင်မည် မဟုတ်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲ ဝင်မည့်အပေါ် ထောက်ခံကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

NLD ၏ ဆုံးဖြတ်ချက်မှာ ဒီမိုကရေစီစနစ်အရ အများသဘောတူ ဆုံးဖြတ်ခြင်းဖြစ်ကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အထွေထွေ သဟဇာတဖြစ်ရေးအတွက် အသင့်တော်ဆုံးလမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီသွားမည်ဟုလည်း ပါရှိသည်။

ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ် အတွင်း အကျဉ်းသားအားလုံး လွှတ်ပေးရန်အတွက် တိုက်တွန်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းကလည်း လွှတ်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ကမူ “နိုင်ငံရေးအကျဉ်းသားဆိုတာ သူ့အချိန်စေ့ရင် ထွက်သွား မှာပဲ” ဟု လွှတ်တော်ကိုယ်စားလှယ်များအား ပြောဆိုခဲ့သည်။

အစိုးရမှ ခင်းပေးသည့် ရွေးကောက်ပွဲလမ်းကြောင်းသို့ ဝင်ရန်အတွက်မူ ယခုချိန်ထိ ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ အကျဉ်းထောင်တွင်း ကျခံနေရဆဲဖြစ်သည့် ရဲဘော်ရဲဘက်များ လွှတ်မြောက်လာမှသာလျှင် ထပ်မံညှိနှိုင်းဦးမည်ဟု
ပြင်ပရှိ ၈၈ ကျောင်းသားအဖွဲ့က ဆုံးဖြတ်ထားသည်။

“ကျနော်တို့ ညီအစ်ကိုတွေ ထွက်လာတော့မှပဲ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်ဗျ။ အခုက ကျနော်တို့ ညီအစ်ကို
တွေအားလုံး မဆုံကြသေးဘူးပေါ့နော်။ ဒါတွေက အဖွဲ့ထဲက တဦးတယောက်တည်းနဲ့ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ် ဘူး” ဟု ကိုစိုးထွန်းက ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံထောင်ရှိ ကိုမင်းကိုနိုင်အား မကွေးတိုင်း သရက်ထောင်သို့
ပြောင်းရွှေ့ခြင်း အပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၂၀၀၇ သံဃာ့ အရေးအခင်းခေါင်းဆောင် ရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အား ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။

အကျဉ်းသား၂၆,၀၀၀ ဘုရင်ကြီးမွေးနေ့ လွတ်ငြိမ်းခွင့်ရ

ဘုရင်ကြီးရဲ့ အသက် ၈၄နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၆,၀၀၀ ကို လွတ်ငြိမ်း ခွင့်ပေးဖို့ ဘုရင်ကြီးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဘုရင်ကြီးလက်မှတ်ရေးထိုးထားတဲ့ အမိန့်ဒီကရီ ကို ဒီမိုကရက် ပါတီဦးဆောင်တဲ့အစိုးရက မနှစ်က စတင် တင်ပြခဲ့တဲ့ မူတွေပေါ်မှာ အခြေခံထားပါတယ်။ နန်းတော်ပြန်တမ်းမှာ ထုတ် ပြန်တဲ့ ကြေညာချက်မှာ ပြစ်ဒဏ်ကျခံရသူတွေကို ဒုတိယအကြိမ် အခွင့်အရေးပေးရမယ်လို့ ဘုရင်ကြီးက ပြောဆို ထားပါတယ်။
ဒီနှစ် ဘုရင့်လွတ်ငြိမ်းခွင့်အတွက် ခံစားထိုက်တဲ့သူတွေဖြစ်ဖို့ဆို အကျဉ်းသားတွေဟာ တရားရုံး (ဒါမှမဟုတ်) အစိုးရ ဌာနတွေက ခွင့်ပြုထားတဲ့ အကျဉ်းထောင်တွေ (သို့မဟုတ်) ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားသူတွေ ဖြစ်ရ ပါမယ်။  ဒီနှစ်လွတ်ငြိမ်းခွင့်ဟာ မနှစ်ကနဲ့ ထူးထူးခြားခြားကို ကွာပါတယ်။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင် ကျနေတဲ့ ထောင်ဒဏ် ၈ နှစ်အောက် အကျဉ်းသားတွေ ပါနေလို့ပါပဲ။ အကျဉ်းဦးစီးဌာနက အကျဉ်းသားတွေရဲ့ အခြေအ နေကို စံမှတ်ကျောက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစစ်ဆေးရာမှာ အကျဉ်းသားပေါင်း ၂၆,၀၀၀ ဟာ လွတ်ငြိမ်းခွင့်နဲ့ ထိုက်တန်ကြောင်း တွေ့ရှိရပါတယ်။ ပထမအသုတ်ဖြစ်တဲ့ ၁၂,၀၀၀ ကို ကြာသပတေးနေ့မှာ လွှတ်မှာဖြစ်ပြီး၊ ကျန်သူ တွေကို တဖြည်းဖြည်း လွှတ်ပါမယ်လို့ အကျဉ်းဦးစီးဌာန၊ ညွှန်ချုပ် ရဲဗိုလ်မှူးကြီး ဆူချာ့တ် ဝေါင်ဂါ နန်ထာချိုင်းက ပြောပါ တယ်။
အစောပိုင်းတုန်းက ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရက အကျင့်ပျက်ချစားမှုနဲ့ပြစ် ဒဏ်စီရင်ခံထားရတဲ့ ၀န်ကြီးချုပ် ဟောင်း ထပ်စင်ရှီနာဝပ်ထ် လွတ်ဖို့  ဒီနှစ်လုပ်မယ့် နန်းတော်ရဲ့လွတ်ငြိမ်းခွင့်ကို အသုံးချမလားဆိုပြီး စိုးရိမ်ကြောက်လန့် နေကြပါတယ်။ ထပ်စင်အတွက် အကျိုးဖြစ်စေမယ့်အမိန့်ဒီကရီကို ရေးဆွဲပြဋ္ဌာန်းထားတာမလုပ်ဘဲ ပြည်သူလူထုရဲ့ ထင် မြင်ချက်ကို အလေးထားတဲ့အတွက် အစိုးရကို ကျေးဇူးတင်ကြောင်း ဒီမိုကရက်ပါတီ အမတ် ထဲ့ပ်ထိုင်း ဆင်ဖုန်က မနေ့ က ပြောဆိုပါတယ်။
ဒါပေမဲ့ အစိုးရအနေနဲ့ အခုထိ မေးခွန်း၂ခုကို မဖြေသေးဘူးလို့ ထဲ့ပ်ထိုင်းက ပြောပါတယ်။ ပထမတခုက နိုင်ငံခြားရေး ၀န်ကြီး ဆူလာဖုန် တိုဝိချု့က်ချိုင်ခူးလ်က ထပ်စင်ဟာ ၀ရမ်းပြေးဖြစ်နေတာတောင်မှ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ထပ်စင်ရဲ့နိုင်ငံကူးလက်မှတ် ကို ပြန်ပေးမှာလား ဆိုတာနဲ့ ဒုတိယတခုက သူ ၀ရမ်းပြေးဖြစ်နေတာတောင် ထပ်စင် နိုင် ငံခြားခရီးတွေသွားနေတာကို အစိုးရက ဘာလို့ကူနေတာလဲ ဆိုတာပါပဲ။ ဒီနှစ် ထုတ်ပြန်တဲ့ လွတ်ငြိမ်းခွင့်အမိန့် ဒီကရီက မနှစ်ကအတိုင်း ဖြစ်တာ။ ကို သူမအနေန့ကြေနပ်မိကြောင်း ဥပဒေ အာဏာတည်စေခြင်းနှင့်ဘုရင်စနစ် ကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အထက်လွှတ်တော်ကော်မတီ၊ ဥက္ကဋ္ဌ၊ မစ္စက် ဖေါန်ဖန်ဘွန်ညာလတ်က ပြောပါတယ်။
ဒီအမိန့်ဒီကရီက သီးသန့်လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ကူညီဖို့ ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ ဒါကြောင့် အ ထက်လွှတ်တော်အမတ်တွေအနေနဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဘယ်လုပ်ဆောင်မှုကိုမှ လုပ်မှာ မဟုတ်ဘူးလို့ သူမက ပြော ပါတယ်။ ထပ်စင်ကို နိုင်ငံကူးလက်မှတ်ပြန်ပေးတာဟာ ဥပဒေဆန့်ကျင်တာ မဟုတ်ပါဘူး၊ သူ့ကို တရားဥပဒေဘောင် ထဲကို ပြန်လာစေတာပဲ ဖြစ်တယ်လို့ ဖွေ့ထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူ ဖရွမ်ဖုန်နော့ပါဒစ်က ပြောပါတယ်။
ဒီဇင်ဘာ ၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြ၀တီမြို့သို့ ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရက တနှစ်ခွဲခန့်ပိတ်ထားရာမှ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် ရပ်နားထားရသည့် တရားဝင်နယ်စပ်ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်သည်။
နှစ်နိုင်ငံ တာဝန်ရှိသူများတက်ရောက်သော ချစ်ကြည်ရေးတံတားဖွင့်ပွဲကို တံတားအလယ်တွင်ကျင်းပခဲ့ပြီး မြန်မာဘက်က မြို့နယ် အဆင့် နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး သက်ခိုင်ဦးနှင့် ထိုင်းဘက်က ဗိုလ်မှူးကြီး အူကရစ်နို့ကန်ဖဲ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ဖဲကြိုးဖြတ်၍ ပြန်လည် ဖွင့်လှစ်ပေးနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)

ဖွင့်ပွဲတက်ရောက်လာသည့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က“အခုလို တံတားပြန်ဖွင့် ပေးလိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ပြုလုပ်နိုင်တော့ မှာ  ဖြစ်တယ်၊ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်တယ်”ဟု ပြောသည်။
တံတား ပိတ်ထားသည့် ကာလအတွင်း ထိုင်းကုန်သည်များဘက်က လစဉ် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့် ဆုံးရှုံး နေရသည့်
ပြဿနာများ မရှိနိုင်တော့သည့်အတွက် နှစ်ဘက်အစိုးရ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိသည်ဟု ထိုင်းကုန်သည်ကြီး နိုင်ဆူချိုင်း ကလည်း ပြောသည်။
“မြန်ဘက်က တံတားကို ပိတ်ထားတာ တနှစ်ခွဲရှိတော့မယ်၊ တံတား တလပိတ်ရင် ထိုင်းဘက်က ဘတ်သန်း ၃၀၀၀ လောက် ကုန်သွယ်မှုဆုံးရှုံးတယ်၊ တနှစ်ခွဲနီးပါးဆိုတော့ ဘီလီယံနဲ့ ချီးပြီးဆုံးရှုံးတယ်၊ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်မှီခိုသူတွေလည်း အခက်အခဲဖြစ်ကြရတယ်၊ ဒီနေ့ကစပြီးကုန်စည်တွေ မြန်မာဘက် စပို့ပြီဖြစ်လို့ ပုံမှန်ကုန်သွယ်ရေး ပြန်ရောက်ရှိတဲ့ အတွက် အားလုံးပျော်ရွှင်နေကြတယ်”ဟု နိုင်ဆူချိုင်း က ဆိုသည်။
ယနေ့နံနက်မှစ၍ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်သည့်ယာဉ်များ အပြန်အလှန်ပြေးဆွဲလျက်ရှိပြီး မြ၀တီရှိ ခရီးသည်ပို့ဆောင်ရေး ယာဉ်များလည်း မြ၀တီ-မဲဆောက် ခရီးစဉ်ကို ပြေးဆွဲနေပြီဖြစ်သည်။
မြန်မာနိုင်ငံ မြ၀တီမြို့မှ ကုန်သည်တဦးဖြစ်သည့် မရီက“တံတားဖွင့်လိုက်တော့ ပြဿနာတွေနည်းသွားတယ်လို့ ပြောရ မယ်၊ မြ၀တီ ကနေ မဲဆောက် ကားစီးရုံပဲ၊ အရင်လို ကားတတန် လှေတတန် အလုပ်မရှုပ်တော့ဘူး၊ တရားဝင် ကုန်သွယ်ရေး ပြန် ဖွင့်လိုက်တဲ့ အတွက် ထိုင်းကုန်နဲ့ မြန်မာ ကုန်တွေကို အရင်လိုအောက်လမ်းကနေ ခိုးသယ်စရာမလိုတော့ဘူး၊ ထိုင်းနဲ့ကုန်သွယ်ရာ မှာလည်း မြန်မာကုန်သည်တွေ နစ်နာမှုမရှိတော့ဘူး”ဟု ပြောသည်။
ယင်း ချစ်ကြည်ရေးတံတားကို နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာအစိုးရက ယမန်နှစ် ဇူလိုင်လ ၁၈ ရက် နေ့က စတင်ပိတ်ခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
တံတား အရှည်မီတာ ၄၂၀ ရှိသည့် ထိုချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်သြဂုတ်လ ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး တံတား တည်ဆောက်မှုနှင့် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံဘက်မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင်ပင် မြ၀တီမြို့တွင်လည်း အထူးစီးပွားရေးဇုန် ဖွင့်ပွဲကျင်းပရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ တက်ရောက်လာသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ဦးဆောင်သည့်အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန၏ ၀န်ကြီးအကြံပေးပုဂ္ဂိုလ် Mr Phronphong Nopphalit ဦးဆောင်သည့်အဖွဲ့ဝင်များသည် အဆိုပါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲသို့တက်ရောက်ကြကြောင်း သိရသည်။


Ref: RFA

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes