Tuesday, 11 January 2011

မဲဆောက်တွင် တရားမဝင်အလုပ်သမား ၁၀၀ ကျော်အဖမ်းခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။ ဇန္နဝါရီလ ၁၀ ရက်၊ ၂၀၁၁ ခုနှစ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေသခံထိုင်း အာဏာပိုင်တို့က တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၀၀)ကျော်အား ဖမ်းဆီးခဲ့ရာ အမျိုးသမီးအများစု ပါဝင်ခဲ့သည်။

မဲဆောက်မြို့ ဌာနဆိုင်ရာ၊ အထူးရဲနှင့် လူဝင်မှုကြီးကြပ်ရေး(လဝက) အဖွဲ့များက ယမန်နေ့မှစ၍ မြို့ပေါ်ရှိ ကွမ်ရုံအထည်ချုပ် စက်ရုံတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မဲဆောက်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“
မဲဆောက်မှာ မနေ့က အလုပ်သမားတွေကို အလုပ်ရုံတွေမှာ ဝင်ဖမ်းတာ။ အများစုက အမျိုးသမီးတွေပဲ။ အဖမ်းခံရတာ။ ဘန်ကောက် ပုလိပ်တွေရယ်၊ တောမော လဝကတွေရယ် ဝင်ဖမ်းတယ်။ ကွမ်ရုံ စက်ချုပ်ရုံက လူ ၁၀၀ ကျော် လောက်ပါတယ်။ နောက်ပြီး တခြားစက်ရုံတွေကလည်း ပါတယ်။ မနေ့တုန်းက ဖမ်းတာပေါ့။ ဒီနေ့တော့ အလုပ်ရုံတွေ တချို့ပိတ်တယ်။ စက်ရုံအသေးတွေပေါ့ ပိတ်တယ်လေ။”

ယနေ့နံနက်ကလည်း ဖမ်းဆီမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး တရားမ၀င်အလုပ်သမားအများစုမှာ  မဲဆောက်မြို့ပြင်ရှိ လယ်ကွင်းများတွင် ပုန်းရှောင်နေကြပြီး အချို့မှာမြန်မာပြည် မြဝတီ ဘက်ခြမ်းသို့ ပြန်ကူးသွားကြကြောင်း မဲဆောက်မှ အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

“
ဒီမနက်လည်း ကမ်းနား အဲ့ဒီမယ်တော်ဘက်ကပေါ့လေ၊ အဲ့ဒီနားက စက်ရုံတွေ ဝင်ဖမ်းတယ်လို့ ထပ်ကြားတယ်။ ဖမ်းတာက စက်ရုံတွေအကုန်လုံးလိုက်ဖမ်းတာပဲ။ ဒီမနက်ဆိုရင် ဒီနွားရုံတို့ ဘာတို့ အားလုံးဝင်ဖမ်းနေတာလေ။ လက်မှတ်မရှိတဲ့ လူတွေအားလုံး ပုန်းနေရတာပေါ့။ မဲဆောက်မြို့ ပြင်က စက်ရုံကအလုပ်သမားတွေဆိုရင်တော့ လယ်ကွင်းတွေထဲမှာ ပုန်းနေကြတယ်တဲ့။ အဓိက ကတော့ လက်မှတ်မရှိတဲ့ လူတွေပေါ့။ လက်မှတ်မရှိတဲ့ လူတွေကိုဖမ်းတာ။ တချို့တော့ မြဝတီဖက် ကူးကုန်တယ်။ အဲ့ဒီဖက်မှာ သွားပုန်းနေကြတယ်။”

ဖမ်းဆီးခံရသောအလုပ်သမားများအား မဲဆောက်မြို့ စံလောအချုပ်တွင် ထားရှိပြီး ယနေ့နံနက်ပိုင်း တွင် မဲဆောက်တရားရုံး၌ အမှုစစ်ဆေးနေဆဲဟုသိရသည်။

ယခုလ (၇) ရက်နေ့က စ၍မဲဆောက်မြို့နယ်အတွင်းရှိ တရားမဝင်အလုပ်သမားများနှင့် လက်မှတ် သက်တမ်းထပ်မံမတိုးသော အလုပ်သမားများအား စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြန်မာ အလုပ်သမားများကွန်ယက် (Burmese Workers Network)မှ တာဝန်ခံ ကိုစိုးက ယခုလို ပြောသည်။

“
အခုဖမ်းတာက တစ်ခုက လက်မှတ်သက်တမ်းလည်းကုန်ပြီလေ။ သက်တမ်းတွေတိုးချိန်ဆိုတော့ အဲ့ဒါတွေကို စစ်ရင်းနဲ့ ဖမ်းတာပေါ့ဗျာ။ လက်မှတ်သက်တမ်းတိုးမတိုးပေါ့။ ပုံမှန်လိုပဲပေါ့ဗျာ၊ မဲဆောက်မှာကတော့ ဒီလိုနှစ်ဆန်းပိုင်း၊ တစ်လပိုင်း၊ နှစ်လပိုင်းဆိုရင် ဖမ်းတာပဲ။ လက်မှတ်သက်တမ်း တိုးမတိုး စစ်ပြီးဖမ်းတာပေါ့ဗျာ။”

မဲဆောက်မြို့တွင် စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားဦးရေ နှစ်သိန်းကျော်ရှိရာ လက်မှတ်ရှိသည့် အလုပ်သမားဦးရေမှာ (၂၀) ရာခိုင်နှုန်းပင်မရှိကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။

အတည်မပြုနိုင်သည့်သတင်းများအရ ယခုဖမ်းဆီးမှုနှင့်ပတ်သက်၍ မြ၀တီမြို့အထွက် တံတားကျိုး တွင်  သောကြာနေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးခိုလှုံလာ သူများနှင့် တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း အလုပ်သမားများက ခန့်မှန်းပြောဆိုသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=175&catid=5&Itemid=12

ယာယီပတ်စပို့စ်ကိုင်ဆောင်ခွင့်မရသည့်အတွက် အလုပ်သမားများအခက်အခဲဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ယာယီပတ်စ်ပို့ပြုလုပ်ပြီးသော်လည်း အလုပ်ရှင်က ထိန်းသိမ်းထားသည့်အတွက် အချို့သော အလုပ်သမားများ အခက်အခဲဖြစ် နေကြသည်။

ရပ်ခ်ျဘူရီခရိုင်အတွင်း ဘန့်ဖွန်းမြို့အနီးရှိ (Thai Better Foods Co;ltd) ကြာဆံနှင့် ခေါက်ဆွဲ စက်ရုံမှ  မြန်မာအလုပ်သမားများသည် အလုပ်ချိန်နှင့် လုပ်အားခမျှတစွာ မရသည့်အပြင် အစား အသောက်ကောင်းမွန်စွာ မရသည့်အတွက် လုပ်ငန်းပြောင်းရွှေ့လိုသော်လည်း ၎င်းတို့၏
ယာယီပတ်စပို့စ်များကို အလုပ်ရှင်က ထိန်းသိမ်းထားသောကြောင့် အခက်အခဲဖြစ်နေကြသည်ဟု စက်ရုံဝန်ထမ်းတစ်ဦးက ယခုလိုပြောသည်။

“
တကယ်ဆိုလို့ရှိရင် ငါးနာရီကျော်လို့ရှိရင် အိုတီဆိုတာရှိတယ်လေ။ ကျနော်တို့မှာ အိုတီအတွက် မရှိဘူး။ တခါတလေ ရှစ်နာရီကျော်သွားတယ်၊ ကိုးနာရီကျော်သွားတယ်။ အဲလိုမျိုးကျော်သွား တဲ့အခါ (၁၇၀) လောက်ပဲရတယ်။ တချို့ကျတော့ ပုတ်ပြတ်အနေနဲ့ မတန်သလောက်ဘဲဖြစ်တယ်။ တခါတလေကျရင် မနက်ရှစ်နာရီကနေ ညဆယ်နာရီအထိလုပ်ရတာ (၂၀၀) တောင် မပြည့်တဲ့ ဟာတွေရှိတယ်။”

ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ တနေ့အလုပ်ချိန် ရှစ်နာရီလျှင် အနိမ့်ဆုံးလုပ်အားခ ထိုင်းဘတ်ငွေ (၁၇၀) သတ်မှတ်ထားပြီး အချိန်ပိုလုပ်အားခအနေနှင့် လုပ်ငန်းအလိုက် တစ်နာရီ လျှင် ထိုင်းဘတ်(၂၅)မှ (၃၀)ခန့် သတ်မှတ်ထားသည်။

ထို့အပြင် အလုပ်သမားများ၏ ဆွေမျိုးမိဘများ နာမကျန်းဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ခေတ္တပြန်လိုသော်လည်း ပတ်စပို့စ်မထုတ်ပေးသည့်အတွက် အခက်ခဲဖြစ်နေကြသည်ဟု ဆက်ပြောသည်။
“
အခု အလုပ်ရုံမှာနေတဲ့သူငယ်ချင်းတွေက အဖေအမေဖျားလို့ အခွင့်အရေးတောင်းတယ်။ ပြန်ဆင်းဖို့ ပတ်စ်ပို့စ်တောင်းတာပေါ့။ အဖေအမေက အသက်ကြီးပြီလေ။ ဖျားတော့ ပြုစုမယ့်သူ မရှိလို့ အဖေအမေက သူ့ကိုဖုန်းထိုးပြီး ပြန်ခိုင်းတာပေါ့။ အဲတာ ပြန်လို့မရဘူးဖြစ်နေတယ်တဲ့။ သူဌေးက သူ့ကိုမပေးဘူးတဲ့။”

ပတ်စ်ပို့လုပ်စဉ်ကကုန်ကျစားရိတ်များအား အလုပ်ရှင်မှ စိုက်ထုတ်ပေးပြီး လုပ်အားခထဲမှ အပါတ်စဉ် ပြန်လည်နုတ်ယူခဲ့သည်။ သို့သော် ပတ်စပို့စ်ကြေးမကျေဘဲ အလုပ်မှထုတ်သွား သူများကို ပတ်စပို့စ်မိတ္တူကိုသာထုတ်ပေးခဲ့သည်ဟု မကြာသေးမီက စက်ရုံမှထွက်သွားသူ
အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“
ပတ်စ်ပို့စ်မပေးဘူးတဲ့၊ အတုပဲယူသွားတဲ့။ အပြင်မှာအလုပ်လုပ်လို့ ပိုက်ဆံရလာရင်ပေါ့လေ တစ်လပြည့်ရင်ဒီမှာ ပြန်လာယူတဲ့။ တကယ်လို့ အပြင်မှာအဆင်မပြေဘူးဆိုလည်း ဒီမှာ ပြန်လာလုပ်တဲ့။ သူပြောတယ် အတုနဲ့အခက်အခဲရှိရင် ဖုန်းဆက်တဲ့။ ဆက်လိုက်တော့လည်း
သူတို့ကမဟုတ်ဖူးငြင်းတယ်လေ။ အဲဒီအတုနဲ့ ပုလိပ်မိသွားလို့ရှိရင်လည်း ကိုယ်ဟာကိုယ် ပိုက်ဆံ စိုက်ပြီးတော့ပေးရတယ်။ တကယ်လို့တခုခုဖြစ်ရင်လည်း ကိုယ်ပဲခံပေါ့။”

စက်ရုံအတွင်း ယာယီပတ်စပို့စ်ပြုလုပ်ပြီးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၅၀) ကျော်အနက် ပင်ပန်းသည့်ဒဏ်မခံနိုင်၍ စက်ရုံမှထွက်ခွာသွားသူ (၁၀)ဦးကျော်ခန့်ရှိပြီး ယာယီပတ်စပို့စ်များအား အလုပ်ရှင်မှ ထိန်းသိမ်းထားခြင်းမဟုတ်ဘဲ စက်ရုံတာဝန်ခံက ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရ
သည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများ မကြာခဏခံနေရပြီး ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုင်းအလုပ်သမားရေးဌာန၏ ၂၀၁၀ ခုနှစ် စက်တင်ဘာလ တရားဝင်စာရင်းများအရ မြန်မာ ရွှေ့ပြောင်းအလုပ်သမား တစ်သန်းခန့်အနက် ယာယီပတ်စပို့စ် ပြုလုပ်ပြီးသူပေါင်း နှစ်သိန်းခန့်သာ ရှိသည်ဟု သိရသည်။

ရွှေ့ပြောင်းများထံ ငွေကောက်မည့် အစီအစဉ် တနှစ်ဆိုင်း

အောင်မြတ်စိုး | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်

(မဇ္ဈိမ) ။        ။ တရားမဝင် နိုင်ငံခြားသား လုပ်သားများ နေရပ်ပြန်ပို့ရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် ၃ နိုင်ငံမှ တရားဝင် ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ငွေကောက်မည့် အစီအစဉ်ကို ၂ဝ၁၂ မတ်လ ၁ ရက်ကျမှသာ စတင်ကောက်ခံရန် ထိုင်းအစိုးရက ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။

တဦးလျှင် ဘတ် ၄ဝဝ နှုန်းဖြင့် မြန်မာ၊ လာအို၊ ဘတ် ၃၅ဝ ဖြင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများထံ ယခုလ ၁ ရက်နေ့မှစ၍ ၆ လကြာ ငွေကောက်ရေးကို ရွှေ့ဆိုင်းရန် ယခုလ ၄ ရက်နေ့လုပ် ထိုင်းဝန်ကြီး အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ အင်တာနက် စာမျက်နှာများတွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။

“
၎ဝဝ သာ ပေးရတယ်ဆိုပေမယ့် သွားပေးမယ့် စရိတ်နဲ့၊ အလုပ်ပျက်ဦးမှာနဲ့၊ အလုပ်ရှင်က ညည်းညူမှာနဲ့၊ တချို့ဆို အလုပ်ရှင်ပွဲစားဆိုရင် သူတို့က လိုက်လုပ်ပေးမှာ မဟုတ်သလို သူတို့အကျိုးရှိမှ လုပ်ပေးမှာကိုး။ အနည်းဆုံး ၅ဝဝ လောက် ပေးရမယ်။ ဒီလိုဖြစ်သွားတာ အရမ်းပျော်ရွှင်မိတယ်” ဟု ဘန်ကောက်မြို့ရှိ တရားဝင် မြန်မာအလုပ်သမား ကိုကျော်ကိုကိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော နိုင်ငံခြားသား အလုပ်သမား ဥပဒေ အခန်း ၂၊ အပိုဒ်ခွဲ ၃ဝ နှင့် ၃၁ တွင် အဆိုပါ ရန်ပုံငွေကို လုပ်ငန်းရှင်များက မိမိလုပ်ငန်းခွင်ရှိ တရားဝင် နိုင်ငံခြားသား အလုပ်သမားများထံမှ ကောက်ရမည်ဖြစ်ကာ၊ ယင်းငွေကို တရားမဝင် အလုပ်သမားများ ပြန်ပို့ရာတွင် ယခင် အစိုးရဘတ်ဂျက်မှ အသုံးပြုနေသော ခရီးစရိတ်နှင့် နေထိုင်စားသောက်စရိတ်များ နေရာတွင် အစားထိုး အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်။

ယင်း ဥပဒေအရ ရန်ပုံငွေ ကောက်ခံရေး မူလအစီအစဉ်ကိုမူ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီး၊ မြန်မာနှင့် လာအိုများအတွက် တလ ဘတ် ၄ဝဝ နှုန်းဖြင့် ၆ လစာ ၂၄ဝဝ ဘတ်၊ ကမ္ဘောဒီးယား များအတွက် တလလျှင် ဘတ်ငွေ ၃၅ဝ နှုန်းဖြင့် ၂၁ဝဝ ကောက်ခံရမည်ဟု လျာထားခဲ့သည်။

သို့သော် ဥပဒေထဲတွင် တရားဝင်လုပ်သားများ နိုင်ငံရင်းသို့ အပြီးပြန်သောအခါ မည်သို့ပြန်ထုတ်ပေးမည်ကို တိကျစွာ ပြဋ္ဌာန်းမထားသဖြင့် အလုပ်သမားရေးရာအဖွဲ့များက တောင်းဆိုကန့်ကွက်ခဲ့သလို၊ တရားဝင်များထံမှ ကောက်ခံပြီး တရားမဝင်များ ပြန်ပို့ရာတွင် အသုံးပြုမည်ကို လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်လ ၁၈ ရက်၊ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားများနေ့တွင်လည်း အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် အလုပ်သမားဝန်ကြီး ခွန်နာယ်ချလမ်ချား စီအော်န်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ စက်မှုလုပ်ငန်းရှင်များ၊ ကူးသန်းရောင်းဝယ်ရေးအသင်းနှင့် အစည်းအဝေး၌ ယင်းဥပေဒနှင့်ပတ်သက်၍ ပြင်ဆင်စရာများ ရှိနေသဖြင့် စတင်ကောက်ခံမည့် ရက်ကို ရွှေ့ဆိုင်းမည်ဟု ပြောဆိုခဲ့ကြောင်း ထိုင်းသတင်း မသီချွန်က ဖော်ပြခဲ့သေးသည်။

ထိုင်းတွင် ယခု ၃ နိုင်ငံမှ တရားဝင် လုပ်သား တသန်းကျော်ရှိပြီး မြန်မာက ၈၁၂,၉၈၄ ဦးအထိ ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ IOM ၏ ပြီးခဲ့သည့် နိုဝင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရားဝင် မှတ်ပုံတင်ထားသော အလုပ်သမားများ အပါအဝင် တရားမဝင် လုပ်ကိုင်သူပေါင်း ၂ သန်းကျော်ရှိကြောင်း နယူးဇီလန်အခြေစိုက် ပင်လယ်ရပ်ခြား အလုပ်သမား ကူညီရေးအဖွဲ့ UnionAID ကလည်း ထုတ်ပြန်ထားသည်။

“
အလုပ်အဆင်ပြေတဲ့ လူတွေမှာတော့ အရေးမကြီးဘူးဆိုပေမယ့် တချို့အလုပ်သမားတွေအတွက်က တအားအခက်အခဲ ရှိတယ်လေ။ ဒီကြားထဲ မြန်မာပြည်က မိသားစုအတွက်က မပို့မဖြစ်တဲ့ အခြေအနေတွေက အများကြီးပါ။ ၂ဝ၁၂ ကို ပြောင်းလိုက်တယ်ဆိုရင်၊ သူတို့အတွက် တလ ၄ဝဝ ဆိုရင်ပဲ မိသားစုနည်းတဲ့ လူတွေအတွက် ထောက်ပံပေးလို့ ရပြီပေါ့” ဟု ထိုင်းတောင်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမ မမိုးသူဇာက မဇ္ဈိမကို ပြောသည်။

ရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်း၊

၂၀၁၁ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေး ရွှေ့ဆိုင်းလိုက်ခြင်း၊ အစိုးရ၀န်ကြီးအဖွဲ့ အစည်း အဝေး မှတ်တမ်း
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်

ဝန်ကြီးအဖွဲ့၏အစည်းအဝေးကို ယနေ့မနက်( ၉ )နာရီတွင် ၀န်ကြီးချုပ်ရုံး၏ဒုတိယထပ်ရှိ အစည်းအဝေး ခန်းမ၌ ၀န်ကြီးချုပ် အဘိဆစ် ဝေ့ချာချီဝမှ ဦးဆောင်ကျင်းပခဲ့သည်။ ထို့နောက် ၀န်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာလက်ထောက်အတွင်းရေးမှူး တွဲဘက်ပါမောက္ခ ပနိထန် ၀ပ်ထနာရာကွန်မှ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်၎င်း၊ နိုင်ဆူဖချိုင်း ကျိုင်စမွတ်၊ နိုင်ဝပ်ခ်ျရ ကန်နိကာ နှင့် နိုင်မာလွတ် ဖတ်စရ၀ါနစ် တို့မှ ၀န်ကြီးချုပ်ရုံး၏တွဲဖက်ပြောရေးဆိုခွင့် ရှိသူများအဖြစ်ဆောင်ရွက်ပြီး ၀န်ကြီးအဖွဲ့၏ အစည်းအဝေး ရလဒ်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲ၏အကျဉ်းချုပ်မှာ-

၇။   ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရွှေ့ဆိုင်းလိုက်ခြင်း။  
           
ဝန်ကြီးအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော ……………… ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
           
အလုပ်လုပ်ခွင့်သက်တမ်းတိုးလျက်ရှိသော မြန်မာ၊ လာအို၊ ကမ္ပောဒီးယား နိုင်ငံတို့မှအလုပ်သမားများ၏ လစာထဲမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေအား ဖြတ်တောက် ရယူခြင်းသည် ၎င်းတို့၏စားဝတ်နေရေးကိုအခက်အခဲ ဖြစ်စေပြီး အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းမပြုလုပ်တော့ပဲ တရားမ၀င်အလုပ်သမားများအဖြစ် ပြန်လည်နေထိုင်ကြသည်။ အလုပ်ရှင်ဘက်မှလည်း အလုပ်သမားလိုအပ်ချက် ပြဿနာများရှိကာ တရားမ၀င်အလုပ်သမား များကိုပြန်လည် အသုံးပြုနေရသည်။ ထို့ကြောင့်အစိုးရမှာ တရားမ၀င်အလုပ်သမား ပြဿနာများအားစီမံခန့်ခွဲရန်အတွက် သတင်းအချက် အလက်များမရရှိနိုင်ပါ။ ထို့အပြင်တရားမ၀င် နေထိုင်မှုကြောင့် အခြားပြဿနာများလည်းကြုံတွေ့နိုင်ပါသည်။ ထို့ပြင်အလုပ်သမားများမှာ ကျန်းမာရေး စစ်ဆေးမှုများမရရှိသောကြောင့် ကူးစက်ရောဂါများကျရောက်နိုင်ပါသည်။ ထိုတရားမ၀င်အလုပ်သမားများ ဒုစရိုက်မှုများကျူးလွန်ပါကလည်း ရှာဖွေစုံစမ်းရန်ခက်ခဲလှပါသည်။ ထို့ပြင်တရားမ၀င် အလုပ်သမား ကိုယ်တိုင်၌ကလည်း ဥပဒေကြောင်းအရအခွင့်အရေးများ ဆုံးရှုံးနိုင်ပါသည်။ အစိုးရ၏ တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်မှုပြဿနာများကိုဖြေရှင်းရာတွင် ရည်မှန်းထားသည့် အတိုင်းဖြေရှင်းနိုင်ရန် အခက်အခဲ ရှိနိုင်ပါသည်။ အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးလုပ်ငန်း များကိုလည်းထိခိုက် စေပါသည်။ 
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ် သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည် ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့် ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင်ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့်ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာသွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃(၁)(၂)၊ နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့် သူများမှလည်း အကြံအဥာဏ်ရယူသွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ဆိုင်းငံ့

အလုပ်သမားရှာဖွေရေးဌာန ဒု-ညွှန်ကြာရေးမှုးမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံရေးအား ဆိုင်းငံလိုက်ကြောင်း ထုက်ပြန်

အလုပ်သမားရှာဖွေရေးဌာနမှ နေရပ်ပြန်လည်ပို့ဆောင်ရေးရန်ပုံငွေ ကောက်ခံခြင်းအား တစ်နှစ်အထိ ရွှေ့ပြောင်း လိုက်ကြောင်းထုက်ပြန်ကြေညာခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အလုပ်သမားရှာဖွေရေးရုံး၏ (၁၀) လွှာရှိအစည်းအဝေးခန်းမ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အလုပ်သမားရှာဖွေရေးဌာနမှ ဒု-ညွှန်ကြားရေးမှုး နိုင်ပရ၀ိ ခယိန်းဖွန် မှပြောကြာရာတွင်  ၂၀၀၈ ခုနှစ် ရွှေ့ပြောင်းအလုပ်သမား ဥပဒေအရ ၂၀၁၀ ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ပို့ရေးရန်ပုံငွေကောက်ခံရန်ဥပဒေ သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်အတည်ပြုခဲ့ပြီး ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ အတွင်းကောက်ခံမည်ဖြစ်သည်။ ရန်ပုံငွေကို (၆) ကြိမ်ခွဲ၍ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာနှင့် လာအိုနိုင်ငံသားများသည်တစ်လလျှင်( ၄၀၀ ) ဘတ်ဖြင့် (၂၄၀၀)ဘတ် ၊ ကမ္ပောဒီးယားနိုင်ငံသားများအတွက်တစ်လလျှင် (၃၅၀) ဘတ်ဖြင့် (၂၁၀၀) ဘတ်ကိုပေးသွင်းရမည် ဖြစ်သည်။  လုပ်ငန်းခွင် နှင့် အိမ်များတွင်အလုပ်လုပ်လျှက်ရှိသော မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယားအလုပ်သမားများ၏ အလုပ်ရှင်များကတာဝန်ယူကာ ၎င်းတို့၏လုပ်အားခမှဖြတ်ကာ အလုပ်သမားဝန်ကြီးဌာနသို့ပေးဆောင်ရမည်ဖြစ်သည်။ သို့သော်ယခုအခါတွင် မြန်မာ၊ လာအို နှင့် ကမ္ပောဒီးယား နိုင်ငံတို့မှအစိုးရများသည် မိမိတို့နိုင်ငံသားများအား နိုင်ငံသားစိစစ်မှုများပြုလုပ်ကာ အလုပ်သမားများမှာ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ ရရှိပြီး တရားဝင်အလုပ်သမားများ အဖြစ်ရောက်ရှိလာခဲ့သဖြင့် အလုပ်ရှင်နှင့်အလုပ်သမားများသည် ဤရန်ပုံငွေကိုပေးသွင်းရန်မလိုတော့ပေ။ ထို့ပြင်ရန်ပုံငွေကောက်ခံချိန်နှင့် အလုပ်လုပ်ခွင့်သက်တမ်းတိုးချိန်တို့မှာ တိုက်ဆိုင်နေသောကြောင့် သက်တမ်းတိုးခြင်းကို ထိခိုက်စေပြီး နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံတော်လုံခြုံရေးကိုပါထိခိုက်နိုင်ပြီး ရွှေ့ပြောင်းအလုပ်သမားပြဿနာ ဖြေရှင်းရာတွင်လည်း ရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။
           
ထို့ကြောင့်ရွှေ့ပြောင်းအလုပ်သမားများအား စီမံခန့်ခွဲမှုထိရောက်စေရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ အခက်အခဲမရှိစေရန် ၂၀၁၀ ခုနှစ် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့မှစတင် ကောက်ခံရန် ရွှေ့ဆိုင်းလိုက်သည်။ ဤအချိန်ကာလအတွင်း အလုပ်သမားဝန်ကြီးဌာနမှ ရန်ပုံငွေနှင့် ပက်သက်သော စည်းမျဉ်းများ၊ ကောက်ခံရမည့်ငွေပမာဏ နှင့် နိုင်ငံများကို ထပ်မံလေ့လာ သွားမည်ဖြစ်သည်။ ဥပဒေပုဒ်မ ၉၊ ၁၁၊ ၁၃(၁)(၂)၊ နှင့် ၁၄ အရ အလုပ်လုပ်ခွင့်ရသူများသည် နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင်ရန်ပုံငွေနှင့် သက်ဆိုင်သည့် အလုပ်သမား ၀န်ကြီးဌာနလက်အောက်ခံ ၀န်ထမ်းများနှင့် အခြားသက်ဆိုင်သည့်သူများမှလည်း အကြံအဥာဏ်ရယူ သွားမည်ဖြစ်သည်။ ရန်ပုံငွေကောက်ခံရာ၌ အလုပ်ရှင်နှင့်အလုပ်သမားများအား အခက်အခဲမရှိစေရန် အရည်အချင်းပြည့်ဝစွာဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှတင်သွင်းလာသော  နေရပ်ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေ ကောက်ခံရေးစည်းမျဉ်းဥပဒေနှင့် ၎င်းဥပဒေနှင့်ဆက်စပ်လျက်ရှိသော ရန်ပုံငွေသို့ပေးဆောင်ရမည့်ငွေပမာဏ၊ ငွေပေးသွင်းနည်း၊ ငွေရပြေစာ၊ ထောက်ခံစာများထုက်ပေခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဥပဒေမူကြမ်းအား ဥပဒေပြုကောင်စီရုံး သို့စိစစ်ရန်တင်သွင်း လိုက်သည်။
(တရားဝင်ဘာသာပြန် မဟုတ်ပါ)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes